Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဘယ်လိုနေထိုင်သွားကြမလဲ

ယနေ့အချိန်အခါသမယသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှုန်း မြင့်တက် လာသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားနေသည့်အတွက် အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက အိမ်မှာနေခြင်း(Stay at Home)ဖြင့် ကပ်ရောဂါဆိုးကြီးအန္တရာယ်မှ ကာကွယ် ကြရန် ကြေညာစာ ထုတ်ပြန်ခြင်းဖြင့်တစ်မျိုး၊ ရုပ်သံထုတ်လွှင့်မှုဖြင့်တစ်ဖုံ တိုက်တွန်း နှိုးဆော်မှုများ အမျိုးမျိုးအဖုံဖုံ ပြုလုပ်ထား သော ကာလဖြစ်သည်။

▲  မိသားစုနှင့်နွေးထွေးစွာနေထိုင်ခြင်း

နွေးထွေးသည့်မေတ္တာဓာတ်ကို စစ်မှန်သောမိသားစုမှသာ ရရှိနိုင်မည် ဆိုသည့်အတိုင်း အားလပ်ချိန်ကို အကောင်းဆုံးအသုံးချနည်းမှာ မိမိတို့၏ မိသားစုများနှင့် နွေးထွေးစွာနေထိုင်ခြင်း ဖြစ်သည်။ ငွေကြေး ပြည့်စုံနေသော်လည်း မိမိတို့၏ လုပ်ငန်းကိစ္စများ အောင်မြင်စေရေး အတွက်သာရှေးရှု၍ သား၊ မယားကို အချိန်မပေးနိုင် သောကြောင့် မိသားစုဝင်များအကြား တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး အေးစက်စက် နိုင်လွန်း လှသည့် မိသားစုများ ဒုနဲ့ဒေး ရှိနေပါသည်။ အထူးသဖြင့် ပညာပေး ဇာတ်လမ်း တစ်ခုတွင် ဖော်ပြခဲ့သည့်အတိုင်း သားသမီးများက ဖခင်နှင့်နွေးထွေးသည့် ဆက်ဆံရေးရရှိရန် ဖခင် ဖြစ်သူ၏ အချိန်ကို ဝယ်ယူ ရလောက်သည် အထိ ဆက်ဆံရေးကင်းကွာနေသော မိသားစုများ ဖြစ်သည်။

အလားတူ ငွေကြေးအားဖြင့် မပြည့်စုံသော်လည်း ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုတစ်ခုကို တည်ထောင် ထားနိုင်သူများလည်း တွေ့မြင်ရသည်။ မည်သို့ ပင်ဆိုစေကာမူ ယခုလိုကာလမျိုးတွင် ဆက်ဆံရေး အေးစက်နေသော မိသားစုများအတွက်သာမက ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုဘဝတစ်ခုကို ပိုင်ဆိုင် ထားသူများအတွက်ပါ အားလပ်ချိန်များကို လက်မလွှတ်တမ်း အကျိုးရှိရှိ အသုံးချ၍ နွေးထွေးသည့် မိသားစုဘဝများ တည်ဆောက်သွားသင့်ပါသည်။

▲  စာအုပ်စာပေဖတ်ရှုခြင်း

စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာစာမှာရှိ စသည်ဖြင့် စာပေဖတ်ရှုလေ့လာခြင်းနှင့်ပတ်သက်သည့် မြန်မာဆိုရိုးစကားများ၊ စကားပုံများအတိုင်း လူကြီး၊ လူငယ်မရွေး စာဖတ်သည့် အလေ့အထ ကောင်းကို မွေးမြူ သင့်ပါသည်။ အကျိုးပြုစာအုပ်စာပေများသည် စိတ်ခွန်အားများ၊ တန်ဖိုးမဖြတ် နိုင်သော အသိပညာ ဗဟုသုတ များရရှိစေပြီး မိမိတို့ကြုံတွေ့လာရမည့် အခက်အခဲ ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးနှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် အောင်မြင်မှုဆွတ်ခူးနိုင်သည် အထိ အစွမ်းထက်လှပါသည်။

စာပေဖတ်ရှုခြင်းဖြင့် စိတ်ခွန်အားကြီးမားလာမှုနှင့် အတွေးအခေါ် ဗဟုသုတများ ရင့်သန်လာမှု တို့ကြောင့် အကျိုး၊ အကြောင်း၊ အဆိုး၊ အကောင်းနှင့် အမှား၊ အမှန်တို့ကို ဝေဖန်ပိုင်းခြား သိမြင်လာ မည်ဖြစ်ပါသည်။ စာမဖတ်သူနှင့် စာဖတ်သူ ကွာခြားသွားသည့်အချက်မှာ စာဖတ်သူများသည် ယေဘုယျအားဖြင့် အသိပညာဗဟုသုတမြင့်မားပြီး ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးပိုင်းတွင် စာမဖတ်သူများထက် အစဉ်အမြဲ သာလွန်နေမည်သာ ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် ပုံနှိပ်ထုတ်ဝေသည့် မီဒီယာများဖြစ်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ အပြင် အွန်လိုင်းမီဒီယာများပါ အမြောက် အမြား ပေါ်ထွက်လာလျက်ရှိမှုကြောင့် လူတိုင်းကိုယ်စီ မိမိတို့ကျင်လည် နေရသော လုပ်ငန်းနယ်ပယ်အလိုက် စာကောင်းပေမွန်များကို ရွေးချယ် ဖတ်ရှုနိုင် သည့် အခွင့်အလမ်းကြီးမားလာကြပြီဖြစ်သည်။ စာရေးသူဆိုလျှင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ယူ ထားသည့် စစ်မှုထမ်းတစ်ဦးဖြစ်သည်နှင့်အညီ ယခု အားလပ်ချိန်ကာလအတွင်း စစ်ဘက် ခေါင်းဆောင်မှုနှင့်ပတ်သက်သော စာအုပ်စာပေများ၊ စစ်ရေးသတင်းများအပြင် အခြားပြည်တွင်းရေး နှင့် နိုင်ငံတကာရေးရာ စာပေများကို အများဆုံး ရွေးချယ်ဖတ်ရှု၍ ဝမ်းစာဖြည့်ရင်းဖြင့် အချိန်ကုန် လျက်ရှိသည်။ အလားတူ ယခုအားလပ်ချိန် ကာလအတွင်း လူတိုင်းကိုယ်စီ အပြုသဘော ဆောင်သော စာပေများ၊ စိတ်ခွန်အားဖြစ်စေမည့် စာပေများကို ရွေးချယ်ဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချသွား သင့်ပါသည်။

▲  တရားဓမ္မများဖြင့် မွေ့လျော်ခြင်း

တရားဓမ္မဟုဆိုရာတွင် အဓိကအားဖြင့် တရားထိုင်ခြင်းကို များများ ပြုလုပ်ပေးစေလိုပါသည်။ တရားထိုင်ခြင်းဖြင့် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ် ကျဆင်းမှုနှင့် စိတ်ဖိစီးမှုတို့ကို လျော့ကျစေမည့်အပြင် အာရုံစိုက်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းများကိုလည်း ထက်မြက်တိုးတက်လာစေမည်ဖြစ်ပါသည်။ အချိန် ကြာမြင့်စွာ တရားထိုင်သော အလေ့အထသည် နာ့ဗ်ကြောဆက်များကို လှုံ့ဆော်ပေးသည့်အပြင် ကာလရှည်စိတ်ဖိစီးမှု ကြောင့် ဖြစ်ပေါ်နေသော ကိုယ်ခံအားကျဆင်းမှုများကို လျှော့ချပေးသည့်အတွက် ထုံထိုင်းပြီး အကြံတုံး ဉာဏ်တုံးဖြစ်နေခြင်းကိုလည်း လျော့ပါးသက်သာစေမည်ဖြစ်သည်။

ဒါတင်မကသေးဘဲ တရားထိုင်ခြင်းဖြင့် အာရုံစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်များကို ကောင်းမွန်စေနိုင် သည့်အပြင် မျိုးရိုးဗီဇအရ ဖြစ်တည်နေသော မကောင်းသည့် စိတ်နေစိတ်ထားများကိုလည်း သိသိသာသာ ပြောင်းလဲစေပြီး စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။ ထို့ကြောင့် ယခုလို အားလပ်ချိန်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရား၏ အဆုံးအမ ဖြစ်သော တရားဓမ္မများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချ သွားသင့်ပါသည်။

▲  လေ့ကျင့်ခန်းပြုလုပ်ခြင်း

ရက်သတ္တပတ်လျှင် လေးကြိမ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သူများသည် လေ့ကျင့်ခန်း လုံးဝ မလုပ်သူ သို့မဟုတ် တစ်ပတ်လျှင် တစ်ခါလောက်သာ လေ့ကျင့်ခန်းလုပ်သူများထက်စာလျှင် ဦးနှောက်ထိခိုက် ဒဏ်ရာရမှုအန္တရာယ် ထက်ဝက်ခန့် လျော့ကျကြောင်း သုတေသနစာတမ်းများတွင် ဖော်ပြထားပါသည်။ ထို့အပြင် မည်သည့်အသက်အရွယ်ပင်ဖြစ်စေ လေ့ကျင့်ခန်းလုပ်သူများသည် မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် အခြားအသိဉာဏ်ဆိုင်ရာ လုပ်ငန်းစဉ်များကို တိုးတက်စေသည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်အတွက် အံ့အားသင့်ဖွယ်ရာကောင်း ကျိုးများကို ရရှိစေပြီး အမျိုးမျိုးသော ရောဂါဘယများကို ကင်းဝေးစေသည့် အပြင် ဆုံးဖြတ်ချက်ချမှတ်သည့် စွမ်းရည်ကို တိုးတက်စေကြောင်းလည်း သုတေသနပညာရှင်အချို့က ပြောကြားထားသည်။ ပုံမှန်ကာလများတွင် လူတိုင်းကိုယ်စီ နိစ္စဓူဝလုပ်ငန်းများ ဆောင်ရွက်နေရခြင်းကြောင့် လေ့ကျင့်ခန်းမဆိုထားနှင့် လမ်းလျှောက်သည့် အလေ့အကျင့်ပင် မပြုလုပ်နိုင်ကြပေ။

ထို့ကြောင့် ယခုလို ကပ်ရောဂါဖြစ်ပွား၍ အိမ်၌သာနေရသည့်ကာလမျိုးတွင် နေအိမ်အတွင်းမှာ နေထိုင်ရင်းပင် လုပ်နိုင်မည့် ကျန်းမာရေးအထောက်အကူပြု ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ဖြင့် ရောဂါဘယ ကင်းဝေး အောင် နေထိုင်သွားသင့်ပါသည်။

▲  အကြံပြုတိုက်တွန်းချက်

သတိမမူ ဂူမမြင်ဆိုသလို မိဘပြည်သူများအနေဖြင့် မိမိတို့၏ စိတ်အတွေးတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုဖြစ်စဉ်များနှင့် သေဆုံးမှုဖြစ်စဉ်များ ကို တွေ့နေမြင်နေရ ခြင်းဖြင့် စိတ်ပင်ပန်းနေကြသောကြောင့် မိမိတို့ အကောင်းဆုံးလုပ်ဆောင်နိုင် သည့် အချက်လေးများကို သတိမေ့ပြီး လမ်းပျောက် နေတတ်ပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ယခုဆောင်းပါး ကို ရေးသားခြင်းဖြင့် မိဘပြည်သူများ၏ မေ့ပျောက်နေသော အသိနှင့်သတိ တရားများ ပြန်လည်အမှတ် ရစေရေးအတွက် အသိပေးမှုပြုလုပ်ရခြင်း ဖြစ်ပါသည်။

မိဘပြည်သူများသည် မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းများရပ်ဆိုင်း၍ အိမ်မှာနေခြင်း (Stay at Home) ဖြင့် နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊ မိမိတို့ တစ်မျိုးသားလုံး၏ အသက်ဘေးအန္တရာယ် မကျရောက်စေရေး စိတ်ဆန္ဒများကို အကောင်အထည်ဖော်နေရမည့်အတူတူ အဆိုးထဲမှ အကောင်းကို ရွေးထုတ်၍ မိမိတို့အတွက် အကျိုးရှိစေမည့် အထက်ဖော်ပြပါအချက်များကို လိုက်ပါဆောင်ရွက်ကြ ခြင်းဖြင့် အားလပ်ချိန်များကို အကောင်းဆုံး အသုံးချသွားကြစေလိုကြောင်း အကြံပြုရေးသားလိုက် ရပါသည်။ ။

ဝင်းသူအောင်(သုတေသန)