မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၄)
ထက်မြတ်
(ယမန်နေ့မှအဆက်)
ရခိုင်ပြည်နယ်အတွင်း ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းတစ်လိုင်း၊ ၆၆ ကေဗွီ ပို့လွှတ်ရေးဓာတ်အားလိုင်း ခြောက်လိုင်း၊ တာဝါတိုင်နဲ့ ကွန်ကရစ်တိုင် စုစုပေါင်း ၂၆၃၆ တိုင်ရှိပါတယ်။
အဲဒီထဲကမှ တာဝါတိုင် ၅၂ တိုင်နဲ့ ကွန်ကရစ်တိုင် ၄၂၈ တိုင်တို့ဟာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ရဲ့ ရိုက်ခတ် မှုအောက်မှာ ဝပ်ဆင်းသွားခဲ့ရတာပါ။
ဒါပေမဲ့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကိုရိုက်ချိုးဖို့ရာတော့ “မိုခါ” က မတတ်နိုင်ခဲ့ပါဘူး။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ စစ်တွေမြို့နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိမြို့တွေ လျှပ်စစ်ဓာတ်အား အမြန်ပြန်လည်ရရှိဖို့အတွက် မေလ ၁၈ ရက်နေ့ကစလို့ လူအင်အား၊ ယာဉ်/ ယန္တရားအင်အား တွေကိုစုဖွဲ့ပြီး ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
၂၃၀ ကေဗွီနဲ့ ၆၆ ကေဗွီ ဓာတ်အား လိုင်းတွေအတွက် ဝန်ထမ်း ၅၇၉ ဦး၊ ယာဉ်/ယန္တရားအစီး ၉၀၊ ပြင်ဆင်ရေး အဖွဲ့ ၁၆ ဖွဲ့နဲ့ လုပ်ငန်းဆောင်ရွက်နေသလို ၁၁ ကေဗွီ/ ၄၀၀ ဗို့ ဓာတ်အား လိုင်းတွေအတွက် ဝန်ထမ်း ၆၈၄ ဦး၊ ယာဉ်/ယန္တရား ၇၁ စီး၊ ပြင်ဆင်ရေးအဖွဲ့ ၁၄ ဖွဲ့၊ ပြင်ပကုမ္ပဏီတစ်ဖွဲ့တို့နဲ့ ပြည်သူတွေ လျှပ်စစ်မီးတွေ ပြန်လည် ရရှိဖို့အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလို ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မြို့တွင်းလျှပ်စစ်မီး ဖြန့်ဖြူးရေးလိုင်းတွေ ပြန်လည်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုက ဇွန်လ ၁၃ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်းရှိပြီး ဇွန်လ ၇ ရက်နေ့ ည ၈ နာရီ ၂၂ မိနစ်မှာ မြို့ပေါ် ၁၅ ရပ်ကွက် ရှိ လျှပ်စစ်မီးအသုံးပြုသူ ၁၃၀၁၀ အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
လျှပ်စစ်မီးမရခင် အတောအတွင်း မှာ ပြည်သူတွေ လျှပ်စစ်မီးအထိုက် အလျောက် ရရှိစေဖို့အတွက် ၅၀၀ ကေဗွီအေ မီးစက်ကြီးတွေနဲ့ လမ်းမီးထွန်းခြင်း လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
အထူးသဖြင့် လျှပ်စစ်မီးလုံးဝမရတဲ့ စစ်တွေမြို့အတွင်း လျှပ်စစ်မီးရရှိဖို့အတွက် အဓိကဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ စစ်တွေမြို့ မေယုလမ်း မီးစက်အဝိုင်းမှ ဆတ်ရိုးကျတံတားအထိ အလျား ၃ မိုင်အရှည်ရှိတဲ့ လမ်းမကြီးတစ်လျှောက်ကို မေလ ၂၅ ရက်နေ့ ကစပြီး ဇွန်လ ၇ ရက်နေ့အထိ ည ၇ နာရီမှ ၁၀ နာရီအတွင်း လမ်းမီးတွေကို တစ်တိုင်ခြား ထွန်းပေးခဲ့တာ တွေ့ရပါ တယ်။
တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေအတွက် စဉ်းစားတွေးတောပြီး ဖြည့်ဆည်းပေးမှုက ဒီနေရာမှာတင် မရပ် သွားပါဘူး။ ဒီကနေ့ခေတ်မှာ လူတိုင်းလိုလို လက်ကိုင်ဖုန်းတွေ ကိုင်ဆောင်လာ နိုင်ပြီဖြစ်တဲ့အတွက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်တောက်စေဖို့ အခမဲ့ဖုန်းအားသွင်းနိုင်တဲ့နေရာတွေကိုလည်း စီစဉ်ပေးခဲ့ပါသေးတယ်။
လျှပ်စစ်မီးလုံးဝမရတဲ့ စစ်တွေမြို့ အတွင်းမှာပဲ အခမဲ့ဖုန်းအားသွင်းနိုင်ဖို့ အတွက် နေရာရှစ်နေရာ ထားရှိ ပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ လက်ကိုင်ဖုန်းတွေသာမက အားသွင်း ဓာတ်မီးတွေနဲ့ တခြားအားသွင်းဖို့ လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေ လာရောက် အားသွင်းကြတာကိုလည်း တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် ညစဉ် မီးအားသွင်းသူ ၁၂၀၀ ဝန်းကျင်ရှိပါတယ်။
လျှပ်စစ်ဓာတ်အား ရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ နောက်ထပ် တင်ပြချင်တာကတော့ စက်သုံးဆီ စုပုံမှုအခြေအနေပါ။
ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၀၀၀၀၀ ကို ဇမ္ဗူတန်ဆောင်သင်္ဘောနဲ့လည်းကောင်း၊ 92 အောက်တိန်းဓာတ်ဆီ ဂါလန် ၂၀၀၀၀၀ ကို ခိုင်ခိုင်ဖြိုး-၃၄ သင်္ဘောနဲ့လည်းကောင်း၊ ဒီဇယ်ဆီ ဂါလန် ၂၅၀၀၀၀ ကို ခိုင်ခိုင်ဖြိုး-၃၃ သင်္ဘောနဲ့လည်းကောင်း ရခိုင်ပြည်နယ်ကို ပို့ဆောင်ထားပြီးတာ တွေ့ရပါတယ်။
ပရီမီယံ ဒီဇယ်ဆီတွေကိုတော့ စစ်တွေမြို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ထိန်းသိမ်းထားကာ 92 အောက်တိန်းဓာတ်ဆီနဲ့ ဒီဇယ်ဆီတို့ကိုတော့ သင်္ဘောပေါ်မှာပဲ တင်ထားပြီး ဖြန့်ဖြူးပေးလျက်ရှိပါတယ်။
ဝိသမလောဘသားတွေ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်တစ်ခုရှိပါတယ်။ အရေးအကြောင်း ကြုံလာပြီဆိုရင် အရေးကြီးလိုအပ်တဲ့ ပစ္စည်းတွေကို ဈေးတင်ရောင်းချတာပါပဲ။
ဒီနေရာမှာ စက်သုံးဆီဆိုတာ တကယ့်ကို အခြေခံကျတဲ့ လိုအပ်ချက်မို့ ပြတ်လပ်ပြီဆိုတာနဲ့ ဝိသမလောဘသားတွေရဲ့ မထင်ရင်မထင်သလို ဈေးတင်ရောင်းချတာခံရတဲ့ အခြေခံ ကုန်ပစ္စည်းတစ်မျိုးပါ။
အခုတော့ နိုင်ငံတော်အစိုးရက အမြော်အမြင်ရှိရှိနဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ စက်သုံးဆီတွေကို အလျှံပယ် စုပုံပေးလိုက်တာကြောင့် စက်သုံးဆီပြတ်လပ်လို့ ဈေးတင်ရောင်းချမှု မဖြစ်ပေါ်စေတဲ့အပြင် ရှာဖွေကယ်ဆယ် ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်သွားနိုင် တော့မှာပဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အဓိကကျတဲ့လုပ်ငန်း တစ်ခုဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍကို ဆက်လက်တင်ပြသွားပါမယ်။
နိုင်ငံတော်အစိုးရရဲ့ တာဝန်ပေးချက် အရ ကြိုတင်ဝယ်ယူထားတဲ့ သွပ်အချပ်ရေ ၁၀၀၀၀၀၊ မူလထိန်းသိမ်းထားတဲ့ သွပ်အချပ်ရေ ၁၆၉၆၇၅ ချပ်၊ အလှူရှင်တွေ လှူဒါန်းတဲ့ သွပ်အချပ်ရေ ၃၄၈၂၇ ချပ်အပါအဝင် စုစုပေါင်း သွပ်အချပ်ရေ ၃၀၄၅၀၂ ချပ်ကို စစ်တွေမြို့ကို ပို့ဆောင် ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရိုက်သံ ၂၄ တန်၊ သွပ်ရိုက်သံ ၁၃ တန်နဲ့ သစ်လုံး ၆၄ တန်၊ သစ်ခွဲသား ၁၈၃၈ တန်တို့ကို လည်း တည်ဆောက်ရေးလုပ်ငန်းတွေ အတွက် ပို့ဆောင်ခဲ့ပြီးပါပြီ။
ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအကြောင်းမပြောခင် အရင်ဆုံး သာသနိက အဆောက်အအုံတွေ ပျက်စီးမှုအခြေအနေကို တင်ပြချင်ပါသေးတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိကအဆောက်အအုံ အများအပြား ပျက်စီးသွားပါတယ်။
စာရင်း ကိန်းဂဏန်းအရဆိုရင် ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်းအဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးရှိပါတယ်။
ဒီလိုပျက်စီးသွားတဲ့ သာသနိက အဆောက်အအုံတွေအတွက် ပထမအကြိမ်အဖြစ် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းကို သွပ်အချပ် ၁၀၀၀ နဲ့ ကျန်သာသနိက အဆောက်အအုံတွေ အတွက် သွပ်အချပ် ၈၅၀၀၊ သွပ်ရိုက်သံ ၂၂၅ ပိဿာနဲ့ သစ် ၅၁ တန်တို့ကို ထောက်ပံ့ပေးထားပါတယ်။
ဒါ့အပြင် ပျက်စီးသွားတဲ့ သာသနိက အဆောက်အအုံတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တပ်မတော်သားတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရာ ယခုအခါ အတော် များများပြီးစီးသွားပြီဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ဗုဒ္ဓပြတိုက်နဲ့ယဉ်ကျေးမှုပြတိုက်တို့ကို အမိုးဒိုင်းပြုပြင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာနကလည်း တောင်ကုတ်-မအီ-ကျောက်ဖြူလမ်းရှိ ပင်လယ်လှိုင်းကာ ပေ ၂၁၀ ပျက်စီးခြင်းကို ဆောင်ရွက်လျက်ရှိရာ လက်ရှိ အချိန်အထိ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးပါပြီ။
ဒီလိုဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အရေးကြီးလိုအပ်ချက်တစ်ခုဖြစ်တဲ့ သစ်ခွဲသားတွေ ပို့ဆောင်မှုအခြေအနေကတော့ ဇွန်လ ၁၄ ရက်နေ့အထိ စစ်တွေမြို့ကို ကျွန်း/ပျဉ်းကတိုး ပင်ကျပ်တိုင် ၂၀၃၇ လုံး အပါအဝင် သစ်ခွဲသားတန်ချိန် ၁၇၅၆ ဒသမ ၅ တန်ကို ပို့ဆောင်ထားပြီးပါပြီ။
ဆက်လက်ပြီးတော့လည်း ပို့ဆောင်သွားမယ့် သစ်ခွဲသားတွေ၊ ကျွန်း/ပျဉ်းကတိုး ပင်ကျပ်တိုင် တွေကိုလည်း အသင့်စုဖွဲ့ထားကာ သင့်ရာနည်းနဲ့ ပို့ဆောင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါ သေးတယ်။
ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မှုကဏ္ဍ
မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့မှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အဓိကကျလာသလို သယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ စွမ်းစွမ်းတမံဆောင်ရွက်မှု ကလည်း မရှိမဖြစ် အရေးကြီးပါတယ်။
ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့မှုကိုတော့ မုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၅ ရက်နေ့ ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။
အဲဒီအချိန်ကနေစပြီး ဇွန်လ ၁၃ ရက်နေ့အထိ တပ်မတော်လေယာဉ်နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့မှု အခြေအနေကို ဦးစွာတင်ပြသွားပါမယ်။
တပ်မတော်က Y-8 အမျိုးအစား လေယာဉ်ဟာ ပျံသန်းမှုအခေါက်ရေ စုစုပေါင်း ၄၃ ခေါက်နဲ့ ကုန်ပစ္စည်း တန်ချိန် ၁၉၆ ဒသမ ၀၄၈ တန်ကို လည်းကောင်း၊ ATR အမျိုးအစား လေယာဉ်က အခေါက်ရေ ၈၆ ခေါက်ပျံသန်းပြီး ကုန်ပစ္စည်းတန်ချိန် ၂၉၈ ဒသမ ၂၀၇ တန်ကိုလည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ရေယာဉ်တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေးနိုင်မှုအခြေအနေကတော့ တပ်မတော်ရေယာဉ် ၂၂ စင်းနဲ့ ကုန်ချိန် ၄၂၃၂ ဒသမ ၈ တန်ကို လည်းကောင်း၊ ပုဂ္ဂလိကပိုင် ကုန်တင် ရေယာဉ် ၁၀ စင်းနဲ့ ကုန်ချိန် ၁၅၁၀၁ ဒသမ ၆၂၄ တန် ကိုလည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
အလားတူ ကုန်းကြောင်းမှလည်း တပ်ပိုင်ယာဉ်တွေ၊ အရပ်ဘက်ပိုင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် များစွာကို ပို့ဆောင်ပေးခဲ့ပါသေးတယ်။
အဲဒီလိုပို့ဆောင်ပေးတဲ့ပစ္စည်းတွေထဲမှာ ဆန်နဲ့စားသောက်ဖွယ်ရာတွေ ပါဝင်တဲ့ စားရေရိက္ခာတွေ၊ ကျန်းမာရေး ပစ္စည်းတွေ၊ တည်ဆောက်ရေးပစ္စည်းတွေ အဓိကပါဝင်တာကို တွေ့ရပါတယ်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တာနဲ့အညီ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် အရေးပေါ်တုံ့ပြန်မှုနဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (ERAT) ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ မြန်မာနိုင်ငံအတွင်းသို့ လာရောက်သတင်းရယူမယ့် ခရီးစဉ်ကို ခွင့်ပြုပေးတဲ့အပြင် မုန်တိုင်းသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရရှိစေဖို့အတွက် တပ်မတော်လေယာဉ်/ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပြီး ဒေသခံတွေ၊ ဒေသအခြေအနေတွေအပေါ် မျက်မြင်လေ့လာခွင့်တို့ကို အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ ပါတယ်။
ဒါ့အပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး သတင်းတွေကို အချိန်မီထုတ်ပြန် နိုင်စေဖို့ကိုလည်း ကူညီပေးခဲ့ပါတယ်။
အလားတူ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) ရဲ့ လုပ်ငန်းတွေအတွက် အစိုးရထံ တင်ပြလာမှုတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်း ကော်မတီအနေနဲ့ လုပ်ဆောင်မှုတွေက ပြည်ပနိုင်ငံတွေက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ AHA Centre၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ စေတနာ ရှင်တွေရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းမှု၊ အလှူငွေတွေလှူဒါန်းမှုတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့အတူ AHA Centre နဲ့ ထိုင်းနိုင်ငံတို့က မုန်တိုင်းသင့်ဒေသတွေကို လှူဒါန်းတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင် လာတဲ့စုစုပေါင်း လေယာဉ်ခုနစ်ခေါက်ကို မြန်မာနိုင်ငံအပေါ်မှ ဖြတ်ကျော်ပျံသန်းခွင့်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ရပ်နားခွင့်တွေ တောင်းခံလာမှုအပေါ် ခွင့်ပြုချက်တွေ အချိန်မီ ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ AHA Centre အနေနဲ့ မူလကထောက်ပံ့ပစ္စည်း တွေကို လေယာဉ် ၁၉ ခေါက်ပို့ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် လေယာဉ်နဲ့ခုနစ်ခေါက်ပဲ ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ပစ္စည်းတွေကို တော့ မလေးရှားနိုင်ငံက ရေကြောင်းနဲ့ ဆက်လက်ပို့ဆောင်ရေး ညှိနှိုင်းထားတာလည်း ရှိပါတယ်။
နိုင်ငံတကာကူညီမှုတွေ အနေနဲ့ကတော့ အိန္ဒိယနိုင်ငံက မေလ ၁၈ ရက်နေ့ နဲ့၊ ၁၉ ရက်နေ့တို့မှာ ထောက်ပံ့ရေးပစ္စည်းနဲ့ စားသောက်ဖွယ်ရာ တန်ချိန် ၂၅ တန်ကို စစ်ရေယာဉ်တွေနဲ့လည်းကောင်း၊ တရုတ်နိုင်ငံအနေနဲ့ ယူနန်ချစ်ကြည်ရေးအသင်းက မေလ ၂၀ ရက်နေ့မှာ ကျပ်သိန်း ၃၀၀ နဲ့ညီမျှတဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို ရွှေလီ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော် ယာဉ်တွေနဲ့လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေလ ၂၂ ရက်နေ့မှာ ကျပ် ၂၇၂ ဒသမ ၂၃ သိန်းနဲ့ညီမျှတဲ့ ကူညီထောက်ပံ့ရေးပစ္စည်း မျိုးစုံကိုလည်းကောင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ The Fund RC- Investments ကလည်း မေလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံသံရုံး (မော်စကို)ကို ရူဘယ် ၁ ဒသမ ၅ သိန်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံအနေနဲ့ မေလ ၂၃ ရက်နေ့မှာ အစားအစာနဲ့ လူသုံးကုန်ပစ္စည်း တန် ၂၀ ခန့်ကို လေယာဉ်နဲ့လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးက မေလ ၂၉ ရက်နေ့မှာ ဆန် ၁၄ တန်နဲ့ စားသောက်ဖွယ်ရာ မျိုးစုံကိုလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ကူညီကယ်ဆယ်ရေး ပစ္စည်းနဲ့ စားသောက်ဖွယ်ရာတန်ချိန် ၁၂၀ ခန့်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ အစိုးရက ဇွန်လ ၁၂ ရက်နေ့မှာ ထောက်ပံ့ ရေးပစ္စည်း ပထမအကြိမ်ကိုလည်းကောင်း ပေးပို့ကူညီခြင်းဖြင့် လူသားချင်းစာနာမှု အကူအညီတွေပေးခဲ့ကြပါတယ်။
သာဓုအကြိမ်ကြိမ် ခေါ်ရမယ့် ပြည်သူလူထုရဲ့အလှူ
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ သဒ္ဓါတရားကြီးမားကြသူတွေ ဖြစ်တဲ့အလျောက် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်သွားချိန်မှာ မုန်တိုင်း ဒဏ်သင့်ဒေသတွေအတွက် အလှူငွေ တွေကို သဒ္ဓါတရားထက်သန်စွာ ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။
အခုလို လှူဒါန်းမှုတွေကလည်း ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အဓမ္မခိုင်းစေမှုမျှမပါဝင်ဘဲ ကိုယ်တိုင် ကိုယ့်စိတ်သဘောကျ လှူဒါန်းကြသူတွေ ဖြစ်နေတာကလည်း မြန်မာပြည်သူတို့ရဲ့ သဒ္ဓါတရားမနည်းတဲ့ စိတ်ဓာတ်ကို အထင်းသား ပေါ်လွင်စေပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်နေ့မှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကိုယ်တိုင်ကိုယ်ကျ လက်ရောက် လှူဒါန်းမှုက ငွေကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း (၁၃ ဒသမ ၁၈၁ ဘီလီယံကျပ်) ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကနဦးလှူဒါန်းမှုဖြစ်ပါတယ်။ အဲဒီထဲကမှ ကျပ်သိန်းပေါင်း ၇၀၀၀၀ (၇ ဘီလီယံ ကျပ်) ကို ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ပေးအပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီက ပြည်တွင်းက အလှူရှင်တွေသာမက ပြည်ပကအလှူရှင်တွေပါ မုန်တိုင်းဒဏ်သင့် ဒေသတွေအတွက် အလှူငွေတွေ လှူဒါန်းမှုပြုနိုင်စေဖို့ မြန်မာငွေစာရင်းအမှတ်နဲ့ နိုင်ငံခြား ငွေစာရင်းအမှတ်တွေကို မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
ဒါ့အပြင် အလှူရှင်တွေအနေနဲ့ အခြားသော နည်းလမ်းအမျိုးမျိုးနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နိုင်စေဖို့ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်၊ မိုဘိုင်းငွေပေးချေမှု စနစ်တို့အတွက် မေလ ၁၇ ရက်နေ့မှာ အကောင့်တွေ ဖွင့်လှစ်ပြီး ပြည်သူတွေဆီကို အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုမျိုးတွေ ဆောင်ရွက်နိုင်မှုကြောင့် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ DMC ရုံးအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေ၊ တိုင်းစစ်ဌာနချုပ်တွေ၊ ဘဏ်တိုက်ရိုက်အလှူရှင်တွေဆီကနေ ပေးပို့လာတဲ့စာရင်းတွေအရ မြန်မာ ငွေကျပ် ၂၆၉၃၆၉၃၈၅၀၇ (၂၆ ဒသမ ၉၃၆ ဘီလီယံကျပ်)၊ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၅၁၆၁၇၇ ဒသမ ၉၆ ဒေါ်လာအထိ အလှူငွေလက်ခံရရှိခဲ့ တာကို တွေ့ရပါတယ်။
အလားတူကာလအတွင်း မြန်မာ့ စီးပွားရေးဘဏ်မှပေးပို့တဲ့ ဘဏ်စာရင်းတွေအရ အဲဒီဘဏ်မှာ အလှူငွေဝင်ရောက်မှု စုစုပေါင်းမှာ မြန်မာငွေကျပ် ၃၀၀၂၁၃၀၈၉၉၀ ဒသမ ၁၀ (၃၀ ဒသမ ၀၂၁ ဘီလီယံကျပ်) ဖြစ်ပါတယ်။ KBZ Pay၊ Wave Money၊ AYA Pay၊ OK$၊ CB Pay၊ UAB Pay Account တွေကနေ အလှူငွေအဖြစ် မြန်မာငွေ ၁၈၁၄၂၂၄၀ ဒသမ ၃၁ ကျပ်ကို ရရှိထားပါတယ်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း၊ ပြည်ပကလှူဒါန်းတဲ့အလှူငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကို မုန်တိုင်းဒဏ်သင့်ဒေသတွေက ပြည်သူတစ်ဦးတစ်ယောက်မှမကျန် ရှိစေရေး ပြန်လည်ပေးအပ်ပြီးကူညီ ဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဖော်ပြခဲ့တဲ့အလှူငွေတွေက ငွေသားသက်သက်သာဖြစ်ပြီး ပစ္စည်းလှူဒါန်းမှု တန်ဖိုးမပါသေးပါဘူး။ ဒါ့အပြင် အစိုးရထံက ခွင့်ပြုချက်ရယူပြီး လုပ်ဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ရက်ပေါင်းများစွာကြာ စတုဒိသာ ကျွေးမွေးမှုတွေလည်း မပါသေးပါဘူး။ ဒါတွေကိုသာ ထည့်တွက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ သဒ္ဓါတရားက သာဓုအကြိမ်ကြိမ် ခေါ်ဆိုထိုက်လောက်ပါပေတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ နိဂုံးချုပ်ရရင် DMC ရဲ့ ဦးဆောင်မှုအောက်မှာ ဆောင်ရွက်ခဲ့တဲ့ ရှာဖွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အောင်မြင်မှု ရှိ၊ မရှိ ဆိုတာ မုန်တိုင်းဒဏ်သင့်ဒေသအားလုံးကို ယခင်ခန့်မှန်းထားတာထက် ပိုစောပြီး အမိုးအကာအောက် ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် တွေ့နိုင်ပါတယ်။
အလားတူပညာရေးမှာ ကျောင်းသား ကျောင်းသူတွေအတွက် စာသင်ကျောင်းတွေကို ရာနှုန်းပြည့် ဖွင့်လှစ်ပေးနိုင်ခဲ့မှု၊ ကျောင်းသား ကျောင်းသူဦးရေ လေးသိန်းကျော် စာသင်ယူနိုင်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ဆက်သွယ်ရေးကွန်ရက်တွေ အမြန်ဆုံးချိတ်ဆက်နိုင်မှုအခြေအနေ၊ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မှုအခြေအနေအစရှိတဲ့ အခြေအနေအရပ်ရပ်တို့ကို ကြည့်ခြင်း အားဖြင့်လည်း တွေ့မြင်နိုင်ပါတယ်။
ဒါ့အပြင် “တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့အတိုင်း ကိုယ့်ပြည်သူတွေ အမှန်တကယ် ဒုက္ခရောက်နေချိန်မှာ အဆင်ပြေတဲ့ ပြည်သူတွေက တစ်ယောက်တစ်လက် ညီညာအားဖြင့် ပေါင်းစုစည်းရုံးကာ လှူဒါန်းပေးမှုတွေ၊ ကာယအားနဲ့ ကူညီပေးမှုတွေ၊ အနုပညာအားနဲ့ ကူညီပေးမှုတွေဟာ ကမ္ဘာတည်သရွေ့ သမိုင်းမှတ်တမ်းဝင်နေဦးမှာဖြစ်ကြောင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်သူတွေအားလုံးကို “မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့” ဆိုတဲ့ ဆောင်းပါးနဲ့ ဂုဏ်ယူလေးစားကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။ ။