Skip to main content

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ(၃) (ပညာရေးဝန်ကြီးဌာန)

မြင့်စိုး(နတလ)

မင်္ဂလာရှိသောနေ့

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းတွေဖွင့်ပြီ။

စစ်တွေမြို့၏ နံနက်ခင်းရာသီဥတုကလည်း သာသာယာယာလေးဖြစ်လို့နေသည်။ ထိုမြင်ကွင်းအလှကို အားဖြည့်ပေးလိုက်သည်က ကျောင်းဝတ်စုံအဖြူအစိမ်းလေးများနှင့် သားငယ် သမီးငယ်လေးများ၏ သန့်စင်သောအပြုံး၊ သွက်လက်သောခြေလှမ်း၊ ဟန်ဆောင်မှုကင်းသည့် အမူအရာလေးများပဲဖြစ်၏။ သူတို့၏ ခြေလှမ်းတိုင်းတွင် ယုံကြည်ချက်ရှိသည်၊ အနာဂတ်ရှိသည်။ ထိုခြေလှမ်းလေးများ အားလုံးသည် စာသင်ကျောင်းများဆီသို့ ဖြောင့်ဖြောင့် တန်းတန်း ရောက်ရှိလာကြသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများပါပေ။

စစ်တွေမြို့တွင်ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ လိုက်ပါလျက် ယနေ့ဖွင့်လှစ်နေပြီဖြစ်သော အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အားပေးကြည့်ရှုခဲ့ကြသည်။ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူလေးများအား ကျောင်းလွယ်အိတ်နှင့် ဗလာစာအုပ်များပေးအပ်ခဲ့သည်။ ကျောင်းဝင်းအတွင်း ထပ်မံပြုပြင်တည်ဆောက်ပေးရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို မှာကြားသည်။

ယနေ့ သွားရောက်ကြည့်ရှုခဲ့သော အခြေခံပညာကျောင်းများမှာ အထက (၁)၊ အထက(၄)၊ အမှတ် (၁၅) မူလွန်၊ ကျောင်းတက်လမ်းရပ်ကွက် မူလွန်၊ အထက(၂)၊ အထက (၆) ကျောင်းများ ဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌ မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်က စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ယင်းသို့ ရှိပင်ရှိခဲ့သော်ငြားလည်း ကျောင်းဖွင့်ရာသီ၌အခြားပြည်နယ်၊ တိုင်းဒေသကြီးများနည်းတူ ကျောင်းအားလုံးဖွင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပြီးဖြစ်သည်။ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ အခြေခံပညာကျောင်းအားလုံး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ အခြေခံပညာမူလတန်း၊ မူလွန်၊ အလကကျောင်းများကို တာဝန်ယူပြုပြင် တည်ဆောက်ပေးခဲ့သည်။ ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့်လည်းဖော်ပြပါ ရှစ်မြို့နယ်အတွင်းရှိ အထကကျောင်းများနှင့် အထက(ခွဲ)ကျောင်းများကို ကူညီပြင်ဆင်ပေးခဲ့သည်။ ထိုသို့ ပြင်ဆင်နေစဉ်ကာလမှာလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကလည်း လိုအပ်သည့်လမ်းညွှန်မှု၊ ကူညီစောင့်ရှောက်မှုများပေးခဲ့သည်။ သည့်အတွက်လည်း ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းများအားလုံး အဆင်ပြေပြေ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ မြို့ရွာဒေသများအတွက် မင်္ဂလာရှိသော နေ့ရက်တစ်ရက်ဖြစ်လာခဲ့ပေပြီ။

စေတနာရှင် ဒေါက်တာကျော့သာစိန်

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကျွန်တော်တို့အဖွဲ့ စစ်တွေမြို့ အထက (၁)သို့ နံနက် ၉ နာရီစွန်းစွန်းခန့်မှာ ရောက်ရှိသွားချိန်ကျောင်းဝင်းထဲမှာ ရုပ်ရည်အားဖြင့် သန့်ပြန့်ချောမောသော အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရသည်။ ဒုတိယဝန်ကြီးချုပ်အား အကြောင်းကိစ္စ တချို့ရှင်းပြနေသည်ကို ခပ်လှမ်းလှမ်းမှမြင်နေရ၏။ အစကတော့ မြို့မိမြို့ဖလား၊ ကျောင်းအုပ်ကြီးဟောင်းလားလို့ တွေးမိသေး၏။ နားစွန်နားဖျား ကြားနေရသည်က ပရဟိတပညာရေးလုပ်ငန်းများအကြောင်းဆိုတော့ကာ ပရဟိတကျောင်းသားဖြစ်ခဲ့ဖူးသော ကျွန်တော်သည်လည်းပဲ အစ်မကြီးကို စိတ်ဝင်စားမိသည်။ ထို့ကြောင့် ကျောင်းကပြန်အထွက်မှာ နှုတ်ဆက်စကားဆို၍ သူ၏ ပရဟိတလုပ်ငန်းများအကြောင်းကို စေ့ငုလိုက်မိသည်။

ကျွန်မက ဒေါက်တာကျော့သာစိန်၊ အသက် ၇၀ ရှိပြီ ငယ်ငယ်တုန်းက ၁၀ တန်း နှစ်ခါကျဖူးတယ်၊ ညကျောင်း တက်ပြီး ပြန်ကြိုးစားဖြေတော့ ဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်၊ ၁၀ တန်း ကျတဲ့ ကလေးတွေကို ကိုယ်ချင်းစာစိတ်နဲ့ အောင်စေချင်တယ်၊ ဒါကြောင့် ၂၀၁၅ ကနေ ၂၀၁၉ ထိ ဒီအထက(၁)မှာ ညပိုင်း အချိန်ယူဖွင့်လှစ်ပြီး ကျွန်မတို့သင်ခဲ့တယ်။ ဒီလုပ်ငန်းအတွက် ကျွန်မကားတွေ၊ အိမ်တွေကိုတောင် ရောင်းခဲ့တာ၊ အခုကျွန်မတို့သင်ပေးတဲ့ တပည့်တွေထဲမှာ ဆရာဝန် ၂၃ ယောက်ဖြစ်ခဲ့ပြီ၊ ၄၃ ယောက်က ဆေးတက္ကသိုလ်တက် နေဆဲ၊ တချို့ကကျွန်မတို့ရဲ့ပညာဒါနအတွက် အလှူငွေကျပ်သိန်း ၁၀၀၊ သိန်း ၂၀၀ လှူချင်ကြတယ်၊ ကျွန်မလက်မခံပါဘူး၊ လှူချင်ရင်လက်ရှိ ဆေးတက္ကသိုလ်တက်နေတဲ့ကလေးတွေကို လစဉ် ကျပ် တစ်သိန်း၊ ဒါမှမဟုတ် နှစ်သိန်းထောက်ပံ့တာမျိုးပဲ လုပ်စေခဲ့ပါတယ်၊ ဒီလိုပညာဒါန ပရဟိတလုပ်ငန်းတွေလုပ်ခဲ့လို့ အမျိုးသမီးစွမ်းဆောင်ရှင်ဆု လည်းရခဲ့ပြီ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့က ချီးမြှင့်တဲ့ ရခိုင့်တံခွန်ဆုတံဆိပ်လည်းရခဲ့ပြီ

အစ်မကြီး ဒေါက်တာကျော့သာစိန် ပြောသွားသည့်အထဲမှာ ၂၀၂၁ - ၂၀၂၂ စာသင်နှစ်တုန်းက ၁၀ တန်းဝင်ဖြေသည့်အထဲမှာ ကိုးနှစ်၊ ၁၀ နှစ်လောက်ကျခဲ့သူ နှစ်ဦးတောင် အောင်သွားသည့် အကြောင်းပါလာသဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အထကခေါင်လန်ဖူးကျောင်းကို ပြေး၍ မြင်ယောင်မိ၏။ အထက ခေါင်လန်ဖူး၊ အထကဇန်ယော့၊ အထကရှိန်းခေါင်ကျောင်းများ ၁၀ တန်းမအောင်တာ ၁၀ နှစ်ခန့်ရှိပြီဖြစ်၍ ဘဲဥကွဲအောင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီခဲ့ဖူးသည်။ နှစ်ယောက်စအောင်သည်၊ ပြီးခဲ့သည့်နှစ်က ခြောက်ယောက်အောင်သည်။ ဒေါက်တာကျော့သာစိန်နှင့် စကားပြောရင်းစိတ်ကခေါင်လန်ဖူးအထိ ရောက်သွားရသော စစ်တွေအထက(၂)မှ အတွေးစများ။

အထက(၄)သို့ ရောက်ခဲ့သည်

အထက (၁) မှ အထက (၄) သို့ သွားရောက်ခဲ့ကြသည်။ အထက(၄) သုံးထပ်စာသင်ဆောင်ကြီးမှာ Grade-12 STEAMS-2 မှာ အတန်းဝင်နေသည့် ဒေါက်တာခိုင်မျိုးသူ၏ သင်ကြားမှုကို လေ့လာကြည့်ရှုဖြစ်ခဲ့သည်။ အထက(၄)ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုရင်း သတိထားမိသည်ကတော့ ၁၈၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော နှစ်ထပ် စာသင်ဆောင်တစ်ဆောင်ကို တွေ့ခဲ့ခြင်းပင်။ အင်္ဂလိပ်ခေတ်ကကျောင်းဖြစ်ပြီး ကျောင်းတိုင်ကြီးများ ကြီးမားထည်ဝါသည်။ နှစ်ပေါင်း ၁၃၃ နှစ်ရှိ ကျောင်း ဆောင်တစ်ဆောင်မို့ ငေးမောကြည့်ရှုဖြစ်ခဲ့သည်။

ထူးထူးခြားခြားတွေ့ခဲ့ရသည်များ

အထက(၄)မှ အမှတ်(၁၅)မူလွန် ကျောင်း၊ ယင်းနောက် ကျောင်းတက်လမ်းရပ်ကွက်ရှိ မူလွန်ကျောင်းများသို့လည်း ဝင်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ထိုမှ အထက(၂) စစ်တွေကျောင်းသို့ရောက်ခဲ့ကြ၏။ အထက(၂)အဝင် ဆိုင်းဘုတ်ကို မြင်လိုက်ကတည်းက စိတ်ဝင်စားစရာစ၍တွေ့ရသည်။ ကျောင်းဆိုင်းဘုတ်အလှူရှင်သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ခြောက်ဘာသာဂုဏ်ထူးရှင် မစောယုနွယ်နီဟုရေးထိုးထားခြင်းဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း စာတော်သော အစ်ကိုများ၊ အစ်မများကို အားကျဖူး၏။ လူရည် ချွန်ဖြစ်ခဲ့သူများကိုအားကျခဲ့ဖူး၏။ မောင်ငယ်ညီမငယ်များအတွက် စောယုနွယ်နီသည် စံပြဖြစ်နေပါလိမ့်မည်။ ကျောင်းအဝင်ဝမှာလည်း မာတာပိတု ဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တောဟု ရေးသားထားသေးသည်။ မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကြီးမားပုံကို အမြဲအောက်မေ့သတိရစေရန် ဖြစ်ပေလိမ့်မည်။ အထက(၂)ကျောင်းဝင်းထဲမှာပဲ နောက်ထပ်ထူးထူးခြားခြားတစ်ခုကို တွေ့မြင်ခဲ့ရသေး၏။ အခြားမဟုတ်ပါ။ နှစ်ပေါင်းများစွာ အိုမင်းနေပြီဖြစ်သော ကျောင်းဆောင်ဟောင်းတစ်ဆောင်တွင် ဆေးလည်းမသုတ်၊ ပြင်ဆင်ခြင်းလည်း ပြုမထားသည့် အခန်းငယ်တစ်ခုရှိနေခြင်းပင်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးတစ်ဦး နေထိုင်ကွယ်လွန်ခဲ့သောရုံးခန်းဖြစ်သည်ဆို၏။ အထက(၂) ကျောင်းရှေ့တန်းစီကွင်း နေရာသည် ညီညာပြန့်ပြူးမှုမရှိ၊ မြေထိုးမြေညှိပြုလုပ်ပြီး ကွန်ကရစ်ခင်းတန်းစီကွင်းဖြစ်လာစေရန် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျောင်းများ ဆက်လက်ပြင်ဆင်တည်ဆောက်ပေးမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းများဖွင့်လှစ်ချိန်တွင် အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော အမိုးအကာများကို ပြန်လည်ပြုပြင်ကြသည်။ ကျောင်းဆိုင်းဘုတ်၊ အလံတိုင်များကအစ ကျောင်းခြံစည်းရိုးပြိုကျမှုများအပါအဝင် ရက်ပိုင်းအတွင်း ပြုပြင်နိုင်သမျှကိုအချိန်လု၍ ပြင်ဆင်ခဲ့ကြသည်။ အဆောင်လိုက်ပြိုကျ ပျက်စီးမှုများကိုမူ ရန်ပုံငွေလျာထားဆောင်ရွက်ရမည်။ ထို့အတွက် ကျောင်းဆောင် အခက်အခဲရှိလျှင် အချိန်ခွဲ၍ သင်ကြားပေးခြင်း၊ ယာယီဖွင့်လှစ်သင်ကြားနိုင်မည့် နေရာများဖြစ်သည့် ကျေးရွာစာကြည့်တိုက်၊ စုဝေးခန်းမ စသည်တို့၌ သင်ကြားပေးခြင်းတို့ကို ကြိုတင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ ယာယီစာသင်ဆောင်အတွက် မြောက်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ပေးထားသော မြစိမ်းရောင်စီမံကိန်း စုဝေးခန်းမဆောင်တစ်ခုပါဝင်နေကြောင်း တွေ့ရသည်။

အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပြုပြင်ဆဲနှင့်ပြုပြင်ရန် ကျန်အခြေအနေမှာ အထကကျောင်း ၄၈၇ ကျောင်းရှိသည့်အနက် ၂၈၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ၄၉ ကျောင်း ပြုပြင် ပြီး ၂၃၅ ကျောင်း ပြုပြင်ဆဲဖြစ်သည်။ အလကကျောင်း ၁၁၇၁ ကျောင်းရှိသည့် အနက် ၅၉၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ၄၇ ကျောင်း ပြုပြင်ပြီး ၄၆၁ ကျောင်း ပြုပြင်ဆဲဖြစ်သည်။ ပြုပြင်ရန် ကျန် ၈၅ ကျောင်းဖြစ်သည်။ မူလတန်းကျောင်း ၁၅၃၅ ကျောင်းရှိသည့်အနက် ၅၀၇ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ပြီး ၆၀၊ ပြုပြင်ဆဲ ၃၄၇ ကျောင်း၊ ပြုပြင်ရန်ကျန် ၁၀၀ ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း အခြေခံကျောင်းအားလုံးကို ခြုံငုံကြည့်ပါက ကျောင်းပေါင်း ၃၁၉၃ ကျောင်း၊ ထိခိုက်ပျက်စီးသည့် ကျောင်း ၁၃၈၄ ကျောင်း၊ ပြုပြင်ပြီး ၁၅၆ ကျောင်း၊ ပြုပြင်ဆဲ ၁၀၄၃ ကျောင်း၊ပြုပြင်ရန်ကျန် ၁၈၅ ကျောင်းဖြစ်သည်။

ကျောင်းအပ်နှံပြီးစီးမှုအခြေအနေ

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်၌ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံပြီးစီးမှု အခြေအနေမှာ အထက်တန်း ၄၇၇၈၃ ဦး၊ အလယ်တန်း ၉၄၉၇၄ ဦး၊ မူလတန်း ၂၉၄၄၉၆ ဦး စုစုပေါင်း ၄၃၇၂၅၃ ဦးဖြစ် သည်။ ပြီးခဲ့သည့်နှစ်တွင် ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၄၇ ရာခိုင်နှုန်းဖြင့် အောင်မြင်မှုသရဖူဆောင်ခဲ့ကြောင်း သိရသည်။ ယခုများမကြာမီအချိန်၌လည်း သားငယ်သမီးငယ်များ၏ အောင်မြင်မှုသတင်းကောင်းများကို ကြားရလိမ့်မည်ဟုယုံကြည်သည်။ ဝတီလေးရပ်လုံးလည်း အေးချမ်းသာယာရှိကြပါစေ။ ။