Skip to main content

“မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ(၂) (လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)

မြင့်စိုး(နတလ)

စစ်တွေမြို့မီးလင်းပြီ

စစ်တွေမြို့မှာရောက်ရှိနေခိုက် မိမိတို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ဦးစီးဌာနများဖြစ်သော သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများသို့ သွားရောက်ကာ အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေကို ကြည်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုး စစ်တွေမြို့သို့ရောက်ရှိစဉ် မှာကြားခဲ့သည့်အတိုင်း ဝန်ထမ်းအိမ်ရာများ၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း၏ ကျောင်းသူအိပ်ဆောင်နှင့် စာသင်ဆောင်တို့ အမိုးများမိုးခြင်းကို ဦးစားပေးဆောင်ရွက်စေခဲ့သည်။ ရုံးတွေမှာ တပည့်များနှင့်တွေ့သောအခါ ရင်းနှီးမှု သဘောအရ၊ လောကဝတ်အရ နှုတ်ဆက်စကားဆိုဖြစ်သည်-

“သမီးတို့နေကောင်းကြလား။”

“အိမ်တွေထိခိုက်ပျက်စီးမှုအခြေအနေ ဘယ်လို ရှိလဲ။”

“ဘာအခက်အခဲတွေရှိကြလဲ။”

“ဒီနေ့ဘာဟင်းချက်လဲ။”

နောက်ဆုံးမေးခွန်းကို မေးလိုက်ချိန်မှာတော့ တချို့ကချက်ချင်းမဖြေ၊ ပြုံး၍ ကြည့်နေသည်၊ တချို့ကတော့ဖြေသည်၊ ခေါက်ဆွဲပြုတ်လာသည်၊ ဘဲဥကြော်လာသည်စသည်ဖြင့်…။ မေးလို့သာ မေးရသည်၊ မီးသွေးမီးဖို၊ ထင်းမီးဖိုများနှင့်အချိန်လု၍ ထမင်းဟင်းချက်နေရမှတော့ ဘယ်ကလာပြီး ဖွယ်ဖွယ်ရာရာချက်နိုင်ပါတော့မည်နည်း။ မကြာမီလျှပ်စစ်မီးတွေ ပြန်ရတော့မည်ဖြစ်ကြောင်း၊ တယ်လီဖုန်းလိုင်းများ ကောင်းအောင်လည်း အင်တိုက်အားတိုက် ပြုပြင်ပေးနေကြကြောင်း အားပေးစကားဆိုခဲ့သည်။ ဆိုခဲ့သည့်အတိုင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ် အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မေ ၁၄ ရက် မှစ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သော မြို့ရွာဒေသများ၌ အမြန်ဆုံး ပြန်လည်မီးလင်း စေရေး ကြိုးပမ်းဆောင်ရွက်နေပါသည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ကြီးသည်လည်းပဲ သစ်ပင်သစ်ကိုင်းများကျိုးကျ၊ လမ်းများပိတ်ဆို့၊ ဓာတ်မီးတိုင်များ အလဲလဲအကွဲကွဲဖြစ်နေသည့်အခြေအနေမှ မြို့တွင်းရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်ရင်းတစ်ဖက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ထမ်းများ၏ နေ့၊ ည ကြိုးပမ်းဆောင်ရွက်မှုများကြောင့် မေ ၂၅ ရက်မှစ၍ ၅၀၀ ကေဗွီအေမီးစက်ဖြင့် လမ်းမကြီးအချို့အား မီးပေးနိုင်သည့် အခြေအနေရောက်ရှိစေခဲ့သည်။ ညလုံးပေါက်မပေးနိုင်သည့်တိုင်၊ ရပ်ကွက်များသို့ မပေးနိုင်သေးသည့်တိုင် လောကာနန္ဒာဘုရားကြီးအတွင်း ရောင်တော်ဖွင့်မီးများကိုလည်းကောင်း၊ မြို့ကျက်သရေဆောင် နာရီစင်ကြီး နေရာအပါအဝင် မေယုလမ်းမကြီးတစ်လျှောက်၊ ကားကြီးဝင်းအနီး မီးစက်ကြီးအဝိုင်းမှ နာရီစင်ထိလည်းကောင်း၊ နာရီစင်မှ ဘီလူးမချောင်းတံတား၊ ဆတ်ရိုးကျ ချောင်းတံတားလမ်းထိလည်းကောင်း လမ်းမီးများလင်းစေခဲ့သည်။ တယ်လီဖုန်းအားသွင်းမှုအပါအဝင် အိမ်သုံးလျှပ်စစ်မီးအိမ်များ အားသွင်းနိုင်ရေးအတွက်လည်း Charging Point နေရာများအဖြစ် ကားကြီးဝင်း၊ မီးစက်ကြီးအဝိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမ တံတားထိပ်၊ လောကာနန္ဒာဘုရားရှေ့၊ လေယာဉ်ကွင်းလမ်းဆုံ၊ ကားကြီးဝင်းအနီး (ကျော်ဇံဆီဆိုင်ရှေ့)ဟူ၍ ရှစ်နေရာသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်ပေးထားကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ဓာတ်အားကွန်ရက်စနစ်

နိုင်ငံတော်မှဖြန့်ဝေပေးနေသော ဓာတ်အားစနစ်သည် ရခိုင်ပြည်နယ်အတွင်းသို့ အောက်ဖော်ပြပါလမ်းကြောင်းများအတိုင်း ဝင်ရောက်သွယ်တန်းဖြန့်ဝေပေးခဲ့သည်။

(က) ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းများ မင်းဘူး(မန်း)-အမ်း-မြောက်ဦး-ပုဏ္ဏား ကျွန်းလိုင်း အမ်း - မအီ - ကျောက်ဖြူလိုင်း ဥသျှစ်ပင်- တောင်ကုတ် - မအီလိုင်း အသုတ် - ဂွလိုင်း

(ခ) ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ဖြန့်ဝေပေးပို့ခဲ့ သည်။

(ဂ) ကျောက်ဖြူပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ကျောက်ဖြူ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ (မဒေးကျွန်း)၊ ရမ်းဗြဲ၊ ဇင်ချောင်းသို့ ဖြန့်ဝေပေးပို့ခဲ့သည်။

(ဃ)    တောင်ကုတ်ပင်မဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် တောင်ကုတ်၊ မအီ၊ သံတွဲ၊ သူဋ္ဌေး၊ ကျောက်ကြီးမြို့များသို့ ဖြန့်ဝေပါသည်။ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် မြေပုံ၊ ပေါက်တော၊ တပ်တောင်၊ ကမ်းထောင့်ကြီးမြို့များသို့ ဖြန့်ဝေပေးပို့ခဲ့သည်။

တာဝါတိုင်များ လဲပြို၊ လျှပ်စစ်ဓာတ်အားပြတ်တောက်

မေ ၁၄ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းတစ်လျှောက်၌ မြစ်ကျော်တိုင်များအပါအဝင် တာဝါတိုင်များ ကျိုးပြတ်လဲပြိုကာ ဓာတ်အားပြတ်တောက်ခဲ့သည်။ ယင်းလိုင်းနှင့်ဆက်စပ်နေသော စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား-မြေပုံ-ပေါက်တောမြို့များသည်လည်းကောင်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသည်လည်းကောင်း ဓာတ်အားပြတ်တောက်သွားခဲ့သည်။ အလားတူ ၆၆ ကေဗွီဓာတ်အားခွဲရုံ များ၊ ၆၆ ကေဗွီဓာတ်အားလိုင်းများသည်လည်းပဲ မြစ်ကျော်တိုင်များအပါအဝင် ချွတ်ယွင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ချွတ်ယွင်းပြတ်တောက်သွားခဲ့သည်။

စုဖွဲ့ပြင်ဆင်စေလွှတ်/ လုပ်ငန်းများဆောင်ရွက်

အဆိုပါပျက်စီးချွတ်ယွင်းမှုများကို အမြန်ဆုံးပြင်ဆင်ပြီး လျှပ်စစ်ဓာတ်အား ပုံမှန်ပို့လွှတ်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အစားထိုးရန်လိုအပ်သော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံဆက်စပ်ပစ္စည်းများ၊ ကရိန်းယာဉ်၊ အုပ်ချုပ်မှုယာဉ်များအပါအဝင် ယာဉ်ယန္တရားများ၊ အုပ်ချုပ်သူများ၊ ဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ စုဖွဲ့ပြင်ဆင်စေလွှတ် ပေးခဲ့သည်။ ထိုသို့စေလွှတ်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှ ဝန်ထမ်းများ နေရာစုံ ဒေသစုံပါဝင်လာကြောင်း တွေ့ရသည်။ ဒေသခံ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူမှ လျှပ်စစ်ဝန်ထမ်းများ၊ နေပြည်တော်တိုင်းရုံး၊ ပဲခူးအရှေ့အနောက်၊ ရှမ်းမြောက်/ ရှမ်းတောင်၊ ရန်ကုန်နှင့် မန္တလေး၊ မကွေး၊ ဧရာဝတီ၊ မွန်၊ ကရင်စသည်ဖြင့် …။ စက်ယာဉ်ယန္တရား ၆၂ စီး၊ လူအင်အား ၅၆၇ ဦး ပါဝင်သော အဖွဲ့ ၁၆ ဖွဲ့သည် မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့များတွင် အခြေပြု၍လည်းကောင်း၊ ကရိန်းယာဉ် ၃၀၊ အုပ်ချုပ်မှုယာဉ် ၂၅ စီးနှင့် လူအင်အား ၅၉၁ ဦးပါဝင်သော အဖွဲ့ ၁၄ ဖွဲ့သည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော် မြို့များ၌ အခြေပြု၍လည်းကောင်း အင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ကျန်ဒေသများဖြစ်သည့် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောမြို့များ၌လည်း သက်ဆိုင်ရာမြို့နယ်ရုံးနှင့် ဓာတ်အားခွဲရုံအဖွဲ့များက ပါဝင်ဆောင်ရွက်နေသည်။

ဆောင်ရွက်ရသော လုပ်ငန်းပမာဏကလည်း ကြီးမားများပြားသည်။ အချို့နေရာများတွင် မြစ်ကျော်တာဝါတိုင်များကို ခဲရာခဲဆစ်ပြန်လည် စိုက်ထူရသကဲ့သို့ အချို့ရေလွှမ်းနေသောနေရာ များမှ ဓာတ်အားလိုင်းတိုင်များအား ပြန်လည် အစားထိုးတည်ဆောက်ရသည်မှာ မလွယ်ကူပါ၊၊ မြို့နယ်အလိုက် မြို့အလိုက် ၂၃၀ ကေဗွီလိုင်းများ၊ ၆၆ ကေဗွီလိုင်းများ၊ မြို့တွင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့လိုင်းများပြန်လည်ကောင်းမွန်ရေးအတွက် ကျိုးပဲ့သွားသောတိုင်များကို အစားထိုးလဲလှယ်ခြင်း၊ လိုင်းတိုင်နှင့်ကြိုးများရှင်းလင်းခြင်း၊ ခွဲရုံများအလိုက် ပျက်စီးမှုများ ပြန်လည်အစားထိုးပြုပြင်ခြင်း၊ ထရန်စဖော်မာများစစ်ဆေးခြင်း၊ မီတာများ စစ်ဆေးခြင်းကအစ လမ်းများ၊ ရပ်ကွက်များအထိ အသေးစိတ်ပြန်လည်စစ်ဆေးဆောင်ရွက်ပေးကြရသည်။ တစ်အိမ်ချင်းစီအလိုက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကိုလည်း အထူးအလေးထား လုပ်ဆောင်ရပါသည်။

ဓာတ်အားလိုင်းပစ္စည်းများ သယ်ယူ

ပို့လွှတ်ရေးဓာတ်အားလိုင်းနှင့် ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများအတွက် လိုအပ်သောပစ္စည်းများကို စစ်ရေယာဉ်မုတ္တမနှင့် ပုဂ္ဂလိကရေယာဉ်ကြီးများ၊ တပ်မတော်ရေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ တာဝါတိုင်များ၊ တာဝါသံပေါင်များ၊ ၁၀ မီတာ၊ ၁၂ မီတာ၊ ၁၅ မီတာ၊ ၁၈ မီတာကွန်ကရစ်တိုင်များ၊ ထရန်စဖော်မာများ၊ ကြွေသီးနှင့်ဆက်စပ်ပစ္စည်းများ စသည်တို့အပါအဝင် ယာဉ်/ယန္တရားများကအစ သယ်ယူခဲ့ကြသည်။ ပြင်ပယာဉ်များဖြင့်လည်း ငှားရမ်းသယ်ဆောင်ခဲ့သည်။ ရေယာဉ်ဖြင့်သယ်ယူရသော ကွန်ကရစ်တိုင်များဆိုလျှင် ထောင်နှင့်ချီ၍ များပြား လှသည်။

လျှပ်စစ်မီးရရှိရေး ကြိုးပမ်းဆောင်ရွက်မှု

၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်းလိုင်း တွင် ဓာတ်အားလိုင်းတိုင် ၄၄၈ တိုင်အနက် ၁၄ တိုင် ပျက်စီးမှုကို ပြင်ဆင်လျက်ရှိရာ ဇွန်လပထမပတ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ထို့အတူ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း -စစ်တွေလိုင်းသည် ၇၁၉ တိုင်အနက် ၂၂၂ တိုင်ပျက်စီးခဲ့ရာ ဇွန်လပထမပတ်တွင် ပြီးစီးပါမည်။ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ကျောက်တော် လိုင်းမှ ၅၉၁ တိုင်တွင် ၅၆ တိုင်ပျက်စီးမှုသည် ဇွန်လတတိယပတ်တွင် ပြင်ဆင်ပြီးစီးပါမည်။ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦးလိုင်းမှ ၆၂၁ တိုင်တွင် ၅၄ တိုင်ပျက်စီး၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင်လိုင်းမှ ၁၀၅ တိုင်တွင် ခုနစ်တိုင် ပျက်စီးမှုတို့ကို ပြန်လည်ပြုပြင်လျက်ရှိရာ ဇွန်လစတုတ္ထပတ်တွင် ပြီးစီးမည်ဟု ခန့်မှန်းပါသည်။ ၆၆ ကေဗွီ ရသေ့တောင်- ဘူးသီးတောင်လိုင်းတွင် ၁၅၂ တိုင်အနက် ၂၇ တိုင် ပျက်စီးခဲ့ရာ ဇူလိုင်လ ပထမပတ်တွင် ပြင်ဆင်ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ဆိုရသော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ကြီးကို ဇွန်လပထမပတ်အတွင်း မီးလင်းရေးကြိုးပမ်း နေသကဲ့သို့ ဒေသတစ်ခုလုံးကိုလည်း ဇူလိုင်လပထမပတ်ထက် နောက်မကျဘဲ မီးလင်းစေရေး ရည်မှန်းချက်ကို ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဖြစ်လာစေရေးအတွက်လည်း မြို့တွင်း ဖြန့်ဖြူးရေးဓာတ်အားလိုင်း ၁၁ ကေဗွီနှင့် ၄၀၀ ဗို့အားလိုင်းများကိုပါ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များအလိုက် ပြင်ဆင်လျက်ရှိရာ မြို့နယ်အားလုံး၏ ပျမ်းမျှပြီးစီးမှုရာခိုင်နှုန်းမှာ မေ ၃၁ ရက် အထိ ၈၀ ဒသမ ၉ ရာခိုင်နှုန်းအထိ ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။

ဂုဏ်ယူပါသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လာရောက်ကူညီဆောင်ရွက်ကြသူများအနက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများသည် ဒုတိယလူဦးရေ အများဆုံးဖြစ်သည်။ ၁၁၉၄ ဦး ရှိသည်။ ကရိန်းယာဉ်တွေပေါ်မှာ၊ လမ်းမီးတိုင်တွေပေါ်မှာ၊ သစ်ပင် တွေပေါ်မှာ၊ လမ်းတွေပေါ်မှာ၊ အိမ်တွေရှေ့မှာ၊ ဘုန်းကြီးကျောင်းများနှင့် သာသနိက အဆောက် အအုံတွေထဲမှာ၊ ဘုရားစေတီဝင်းတွေထဲမှာ လျှပ်စစ်ဝန်ထမ်းများကို မြင်တွေ့နေရသည်။ နေ့/ ညထမ်းဆောင်နေကြသည်။ ပင်ပန်းကြီးစွာ၊ စေတနာသဒ္ဓါထက်သန်စွာ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေကြသောသူတို့၏ မွန်မြတ်သော စိတ်ဓာတ်နှင့် စွမ်းအားကိုလည်း လေးစားမိပါ သည်။ ရခိုင်ပြည်နယ်သူ ပြည်နယ်သားများကလည်း ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် အမြဲတမ်း အမှတ်တရရှိနေကြပါလိမ့်မည်။ ဂုဏ်ယူပါသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန …။ ။

(ဆက်လက်ဖော်ပြပါမည်)