Skip to main content

မိုခါ (MOCHA) ပေးတဲ့ မြန်မာ့စွမ်းအား

ကျော်ရဲအောင်

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပွားနိုင်ပါတယ်။ လူသားတို့ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာပေါ်မှာ သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပါတယ်။ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးများ ကျရောက်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်းတို့ ဖြစ်ပါတယ်။

အာရှတိုက်တွင် ပါဝင်တဲ့ အရှေ့တောင်အာရှ ဒေသဟာ အနောက်တောင် မုတ်သုံရာသီနဲ့ အရှေ့မြောက် မုတ်သုံရာသီကို ရရှိခံစားရပါတယ်။ အဆိုပါ မုတ်သုံရာသီတို့ကြောင့် မိုးရေ ကောင်းစွာရရှိပြီး စိုက်ပျိုးရေးကို များစွာအထောက်အကူပြုပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ မျက်နှာမူထားတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အနောက်တောင် မုတ်သုံရာသီကို ​ကောင်းစွာ ရရှိခံစားရပါတယ်။

ကုန်းတွင်းပိုင်းသို့ဝင်ရောက် တိုက်ခတ်အားပျော့ပျက်ပြယ်

ပူပြင်း ခြောက်သွေ့သော နွေရာသီတွင် အပူချိန်မြင့်မား လာမှုနဲ့အတူ ဘင်္ဂလားပင်လယ် အော်အတွင်း ပင်လယ်ရေမျက်နှာ ပြင် အပူချိန်မြင့်တက်လာခြင်း၊ လေထုမငြိမ်မသက် ဖြစ်ခြင်းတို့ နဲ့အတူ လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းငယ်များ၊ဆိုင်ကလုန်း မုန်တိုင်းကြီးများ အစပျိုးဖြစ်ပေါ် ပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ် အားပျော့ပျက်ပြယ်လေ့ ရှိပါတယ်။ ဒါ့ကြောင့် ဘင်္ဂလားပင်လယ်အော်ဟာ ဆိုင်ကလုန်းမုန်တိုင်းများ အစပျိုးရာ၊ ဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ မုတ်သုံရာသီစတင်ရာ ပင်လယ်ပြင်အဖြစ် ထင်ရှားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ စတင်တဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးများဟာ အနောက်၊အနောက်မြောက်သို့ စတင်ရွေ့လျားပြီးမြောက်၊ အရှေ့မြောက်သို့ ရွေ့လျားကာ တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခတ် လေ့ရှိကြောင်း တွေ့ရှိရပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ် ခံရပါကပျက်စီးဆုံးရှုံးမှုများပြား

မိမိတို့နိုင်ငံတွင် ရခိုင်ရိုးမ တောင်တန်းကြီးက ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှ ဖြစ်ပေါ်လာသော ဆိုင်ကလုန်းမုန်တိုင်းကြီးများကို တားဆီးကာကွယ်ပေးထားသဖြင့် နိုင်ငံအတွင်းပိုင်းကို မုန်တိုင်းသက်ရောက်မှု နည်းပါးကြောင်း တွေ့ရှိရပါတယ်။ သို့သော် မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းရှိ မြေနိမ့်လွင်ပြင်ဒေသများမှာ ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ် ခံရပါက ပျက်စီးဆုံးရှုံးမှုများပြား ကြောင်းတွေ့ရှိရပါတယ်။

ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင်ရာအရပ်ဌာန

စစ်တွေမြို့ဟာ ကျွန်တော့်ရဲ့ မွေးဖွားရာ ဇာတိမြို့လေးဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ပင်မသွေးကြော လည်းဖြစ်သလို မြန်မာနိုင်ငံ စတင် တည်ထောင်ခဲ့စဉ်မှစ၍ ရခိုင်ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးစည်ပင် ရာ အရပ်ဌာနလည်း ဖြစ်ပါတယ်။ အရှေ့ဘက်တွင် ကစ္ဆပနဒီ (ကုလားတန်မြစ်) ရဲ့ မြစ်ဝပိုင်း လက်ဝဲဘက်ကမ်းမှာ တည်ရှိပြီး မြို့ရဲ့တောင်ဘက်မှာ ဘင်္ဂလား ပင်လယ်အော်၊ အနောက်ဘက် မှာ မေယုမြစ်ဝ၊ မြောက်ဘက်မှာ မြစ်ဝနှစ်ခုကို ဆက်သွယ်ပေး သော ချောင်းများနဲ့ ရခိုင်ကမ်းခြေ တွင် တောင်ကုန်း တောင်တန်း မရှိသော၊ သောင်ပြင်ကျယ် များရှိသော တစ်ခုတည်းသော မြို့လေးတစ်မြို့ ဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြီးမိုခါ (MOCHA) နှင့် ကြုံတွေ့ရင်ဆိုင်

ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ ကျွန်တော်တို့မြို့လေးဟာ မိုးသက်မုန်တိုင်းအန္တရာယ်၊ ဒီရေ လှိုင်းမြင့်တက်ခြင်း အန္တရာယ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း (ကိုမန်)၊ (မာလာ)၊ (ဂီရိ) နှင့် (နာဂစ်)ကဲ့သို့ မုန်တိုင်းအန္တရာယ်များကို တွေ့ကြုံခဲ့ရတဲ့အနက် ၂၀၀၈ခုနှစ် တွင် ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ အပြင်းထန်ဆုံးဖြစ် ခဲ့ပြီး ပြည်သူပေါင်း တစ်သိန်း သုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂.၉ ဘီလီယံကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မှတ်သားခဲ့ရပါတယ်။ ယခု တစ်ကြိမ်ကတော့ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါ (MOCHA) နဲ့ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းခဲ့ရ ခြင်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်

၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းများပေါ်ထွက်လာခဲ့ပါတယ်။ သတင်းများ ပေါ်ထွက်စဉ် တစ်ချိန်တည်းမှာပဲ တောင်တရုတ် ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လျက်ရှိကာ ၎င်းလေဖိအားနည်းရပ်ဝန်းနှစ်ခု အပြန်အလှန် အထောက်အပံ့ပြုခြင်း Fujiwhara Effect ဖြစ်ပေါ်လာပါက ပျက်စီးမှုပိုမိုများပြားနိုင်ကြောင်း ကြားသိခဲ့ရပါတယ်။ အလွန် ကံကောင်းစွာနဲ့ပဲ ၎င်း တောင်တရုတ် ပင်လယ်ပြင်ရှိ လေဖိအားနည်း ရပ်ဝန်းဟာ မေလ ၁၀ ရက်နေ့မှာ ပျက်ပြယ်သွားခဲ့ပါတယ်။

ယခုတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းသတင်းကို မေလ ၄ ရက်နေ့မှာ စတင်ကြားသိခဲ့ရပြီး ချက်ချင်းဆိုသလို မေလ ၆ ရက် ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ အမိန့်အရ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးစီးပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ အစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကလည်း Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးမှာ "မုန်တိုင်းနှင့် ပတ်သက် ၍ အပိုင်း (၃) ပိုင်းဖြင့် ရင်ဆိုင် ဖြေရှင်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ပထမပိုင်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ ဒုတိယပိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တတိယပိုင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း၊ ကာကွယ်တားဆီးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနဲ့ ပြန်လည် ထူထောင်ခြင်းတို့ဟာ အရေးကြီးသကဲ့သို့ ပြည်သူလူထုများအနေနဲ့လည်း သဘာဝဘေးအန္တရာယ်ကို ကြိုတင်မျှော်တွေး ပြင်ဆင်ပြီး ကာကွယ်မှုနဲ့ အနိုင်ယူသွားကြရန် လိုအပ်ကြောင်း" အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုကို မြဝတီသတင်းမှာ ကြည့်ရှုခဲ့ရပါတယ်။

မုန်တိုင်းမဖြစ်ပေါ်မီ စနစ်တကျစီစဉ်နိုင်ခဲ့

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများအား မေလ ၆ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီသတင်းမှ ထုတ်ပြန်ပြီးနောက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်နယ်အစိုးရ အဖွဲ့များနဲ့ သက်ဆိုင်ရာဌာန အသီးသီးတို့မှ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ၊ ကယ်ဆယ်ရေး ပစ္စည်းများနဲ့ အထောက်အကူ ပြုပစ္စည်းများ အသင့်ပြင်ဆင်ခြင်း စတဲ့လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်တာများကို မုန်တိုင်းမဖြစ်ပေါ်မီ ကိုးရက်ကြိုတင်၍ စနစ်တကျ အသေးစိတ် စီစဉ်နိုင်ခဲ့ ကြောင်း တွေ့ခဲ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မေလ ၉ ရက်မှာ သက်ဆိုင်ရာဌာနအသီးသီး ကိုယ်စားလှယ်များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (Disaster Manage-ment Centre - DMC) အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မုန်တိုင်းအန္တရာယ် အတွက် ကြိုတင်ပြင်ဆင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ နိုင်ငံနဲ့ပြည်သူအတွက် ကျရောက် လာမည့် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ဖို့ အချိန်မဆိုင်း စီမံဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ နိုင်ငံတော်အကြီးအကဲရဲ့စိတ်စေတနာ၊ မေတ္တာတရားတွေကိုလည်း စိတ်ထဲက တွေးမြင်ခံစားမိခဲ့ရပါတယ်။

မေလ ၆ ရက်နေ့မှစပြီး မုန်တိုင်းသတင်းကို ရုပ်မြင်သံကြားက နေ့စဉ်ဖော်ပြခဲ့သလို နီးကပ်လာတဲ့ မေလ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တွေမှာလည်း သတိပေးချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ မေလ ၁၁ ရက်မှာတော့ မုန်တိုင်းဒီရေ အထူးသတိ ပေးချက်ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးနိုင်မယ့်နေရာတွေကို တိကျစွာ ဖော်ပြပေးခဲ့တာ တွေ့ခဲ့ရပါတယ်။ အဲဒီနေရာတွေက လူတွေကိုအချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့တာကြောင့် မုန်တိုင်းတိုက်ခတ်မှု ခံခဲ့ရချိန်မှာ မတော်တဆမှုကြောင့်သာ အနည်းငယ်သေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ၂၄ နာရီပတ်လုံး စောင့်ကြည့်

နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်အရ မေလ ၁၂ ရက်နေ့ ည ၈ နာရီမှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မာန်အောင်၊ မြေပုံ၊ ပေါက်တောမြို့နယ် ၇ ခုအား Red Alert ထုတ်ပြန်ခဲ့တာတွေ့ခဲ့ရပြီး ရုပ်မြင်သံကြားများ မှလည်း Breaking News များ အဆက်မပြတ် ထုတ်လွှင့်၍သတိ ပေးခဲ့တာ တွေ့ရပါတယ်။ ဖွဲ့စည်းထားတဲ့ Disaster Manage-ment Centre - DMC မှလည်း ဆိုင်ကလုန်းမုန်တိုင်း အခြေ အနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ပြီး ခန့်မှန်းမုန်တိုင်း လမ်းကြောင်းအရ သက်ရောက်နိုင်တဲ့မြို့တွေဖြစ်တဲ့ စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ ဂွ၊ ဟိုင်းကြီး ဒေသများမှာ မုန်တိုင်းဒီရေ ၁၀ ပေမှ ၁၄ ပေခန့်အထိမြင့်တက်နိုင်မှုအခြေအနေအား အသေးစိတ် သတိပေးခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများက ပြည်သူလူထုထံသို့ နောက်ဆုံးရသတင်းများကို တိုက်ရိုက်ရောက်ရှိစေဖို့ အသံ ချဲ့စက်တွေ၊ Hand Held Speaker တွေ အသုံးပြုပြီး ထပ်ဆင့်ချပြ သတိပေးခဲ့တဲ့အတွက် အများ ပြည်သူအားလုံးကို မုန်တိုင်းသတိ၊ မုန်တိုင်းအသိများ ဖြန့်ဝေပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိပြုမိတာ တစ်ခုကတော့ မုန်တိုင်းသတင်း စတင်ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ တစ်စိတ်တည်း၊ အာရုံတစ်ခုတည်း၊ သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက် ရပါတယ်။

မြို့နယ် ၇ ခုကို မုန်တိုင်းဝင်နိုင်တဲ့ အနီရောင်အဆင့်ဒေသထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့ အပါအဝင် မြို့နယ် ၇ ခုကို မုန်တိုင်းဝင်ရောက်နိုင်တဲ့ အနီရောင်အဆင့်ဒေသ Red Alert အဖြစ် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအစိုးရ၊ တာဝန်ရှိ သူများနဲ့ တပ်မတော်မှပူးပေါင်းပြီး ပြည်သူများအား စတင်ရွှေ့ပြောင်းရန် Red Alert ကြေညာပြီး တစ်နာရီအတွင်း ဆော်ဩခဲ့ပါတယ်။ ပြည်သူလူထုအား သတ်မှတ်ထားတဲ့ မုန်တိုင်းခိုလှုံမည့် Shelter နေရာများသို့ မြို့နယ်အလိုက် ဖွဲ့စည်းထားရှိသော မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့များ အကူအညီဖြင့် ပြောင်းရွှေ့ပေးခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ မြို့နယ်အလိုက် ဖွဲ့စည်းထားရှိပြီး သော အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များဟာ ဦးစားပေးအနေနဲ့ မြစ်ကမ်းဘေးတွင် နေထိုင်ကြတဲ့ သက်ကြီးရွယ်အို၊ ကျန်းမာရေး မကောင်းသောသူများနဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်များကို Shelter များသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။ Shelter များမှာလည်း ကယ်ဆယ်ရေးအဖွဲ့၊ ချက်ပြုတ်ရေးအဖွဲ့နဲ့ ကျန်းမာ ရေးအဖွဲ့များဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး ကူညီဆောင်ရွက် ပေးခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လည်း မုန်တိုင်း ကြိုတင်သတိ ပေးချက်ရရှိသည့် အချိန်မှစ၍ ရေမျောပါ ပျက်စီးနိုင်သည့် ပစ္စည်း များအား ချည်နှောင်ထုပ်ပိုးခြင်း၊ ရွှေ့ပြောင်းခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ ရွှေ့ပြောင်းခြင်း၊ တန်ဖိုးရှိ ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများအား ထုပ်ပိုးသယ်ဆောင်ခြင်းတို့ကို တာဝန်သိစိတ် ဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ပြည်သူလူထု၏ ရွှေ့ပြောင်း လုပ်ဆောင်မှုတွေကို တပ်မတော်မှတပ်မတော်သား ကယ်ဆယ်ရေး တပ်ဖွဲ့များနဲ့ ကူညီဆောင်ရွက် ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ လူမှုကူညီရေးအသင်းများနဲ့ ပြည်သူများ အတူတကွ တွဲလက်ညီညီ ရွှေ့ပြောင်းလုပ်ဆောင်မှုများကြောင့် အချိန်တိုအတွင်း ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပြီးစီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ရောက်ရှိ

မျှော်လင့်ထားတဲ့အတိုင်း အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး မိုခါ(MOCHA)ဟာ မေလ ၇ ရက် ၁၈၀၀ နာရီခန့်မှာ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း၊ နီကိုးဘားကျွန်း၏ အနောက်တောင်ဘက်မှာလေစိုင်ခဲ (Tro-pical Disturbances) အဖြစ် စတင်ဖြစ်ပေါ်ခဲ့ပြီး မေလ ၈ ရက် ၀၀၃၀ နာရီခန့်တွင် လေဖိအား နည်းရပ်ဝန်း (Low Pressure Area) အဖြစ် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရဲ့ တောင်ဘက် ၃၄၀ မိုင်ခန့်အကွာတွင်လည်းကောင်း၊ မေလ ၉ ရက် ၂၁၃၀ နာရီခန့်တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ မေလ ၁၀ ရက် ၁၀၃၀ နာရီခန့်တွင် အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ မေလ ၁၁ ရက် ၀၆၃၀ နာရီခန့်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်း ကောင်း၊ မေလ ၁၂ ရက် ၀၉၃၀ နာရီခန့်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ်သို့ လည်းကောင်း၊ မေလ ၁၃ ရက်နေ့နံနက် ၀၃၃၀ အချိန် ခန့်တွင် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်း မုန်တိုင်း ကြီး (Extremely Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ၍ မေလ ၁၄ ရက် ၁၂၃၀ နာရီခန့်တွင် ကမ်းရိုးတန်းနှင့် စတင်ထိတွေ့ခဲ့ကာ စစ်တွေမြို့၏ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် အရှေ့မြောက်ဘက်သို့ ဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။

ကျွန်တော်တို့ စစ်တွေမြို့ဟာ မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းရဲ့ ယာဘက် "အန္တရာယ်ရှိသော စက်ဝိုင်းခြမ်း" (Dangerous Semicir-cle) အတွင်း ကျရောက်နေတဲ့အတွက် မုန်တိုင်းဒဏ်ကို ပိုမိုခံစားခဲ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းရဲ့ First Track အဖြစ် လေတိုက်နှုန်း မိုင် ၆၀ မှ စတင်ကာ မိုင် ၁၀၀ နှုန်းအထိ တစ်နာရီကြာ တိုက်ခတ်ခဲ့ပါတယ်။ အဲဒီနောက် မိုင် ၁၃၀ နှုန်းရှိတဲ့ဆောင့်တိုက်လေ (Gust Wind)တိုက်ခတ်မှုကို ခံခဲ့ရပါတယ်။ မုန်တိုင်းဖြတ်သန်း တိုက်ခတ်ချိန်ဟာ ရေသေရက် ရေကျချိန်ဖြစ်တာကြောင့် မုန်တိုင်းဒီရေအမြင့်ဟာ ၃ ပေမှ ၄ ပေအထိသာ မြင့်တက်ခဲ့တာ တွေ့ရှိရပါတယ်။ မုန်တိုင်းကျရောက်ချိန်မှာ နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊ ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ ညီညွတ်စွာ ကြိုတင်ပြင်ဆင်နိုင် ခဲ့တဲ့အပြင် ကျွန်တော်တို့အတွက် ကံကောင်းစေတဲ့ အချက် ၃ ချက် ရှိခဲ့ပါတယ်။ ပထမအချက်ကတော့ ကျွန်တော်တို့ ပြည်သူအများစုမှာ မုန်တိုင်းခိုလှုံမည့် Shelter များသို့ ရောက်ရှိနေခဲ့ခြင်း၊ ဒုတိယအချက်ကတော့ ရေသေရက် ရေကျချိန်ဖြစ်ခြင်း၊ တတိယအချက်ကတော့ မုန်တိုင်း ကမ်းသို့ဝင်ရောက်ချိန်မှာ ရေစစ်ချိန်ဖြစ်တဲ့အတွက် မုန်တိုင်းဒီရေ တက်ရောက်မှု (Storm Surge) လျော့ကျစေခြင်း စတဲ့အချက်တွေကြောင့် ကျွန်တော်တို့အားလုံး ထိခိုက်မှု ဒဏ်သက်သာစေခဲ့တာပဲ ဖြစ်ပါတယ်။ မုန်တိုင်းဒီရေများဟာ ညနေပိုင်းမှာ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားတာ တွေ့ခဲ့ရပါတယ်။

စတင် သတင်းရရှိချိန်မှ မုန်တိုင်းပြီးဆုံးပျက်ပြယ်သည့်အချိန်ထိ မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနဲ့ တပ်မတော် (ရေ) တို့မှ ကျွမ်းကျင်ပညာရှင်များက သတင်း (News)၊ သတိပေးချက် (Warning) များအား ထုတ်ပြန်ပေးခဲ့တာကြောင့် ပြည်သူများရဲ့ အသိစိတ်ကို ပိုမို နိုးကြားစေခဲ့ပြီး ထိခိုက်ပျက်စီးမှုကို လျော့ပါးစေခဲ့ခြင်း ဖြစ်ပါ တယ်။ မုန်တိုင်း စတင်ဖြစ်ပွားသည်နှင့် မုန်တိုင်းလားရာဟာ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်မည့် အခြေအနေရှိသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ် အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါတယ်။ မုန်တိုင်းဖြစ်ပြီး နောက်တစ်ရက်မှာ နိုင်ငံတော်အကြီးအကဲရဲ့ ပထမဆုံးအမိန့်ဟာ လေယာဉ်ကွင်းတွေကို အရင်ဆုံးရှင်းလင်းပြီး လေယာဉ်ဆင်းနိုင်အောင် ဆောင်ရွက်ဖို့ မှာကြားခဲ့ပြီးနောက် ၂ နာရီအကြာ မေလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ တွင် တပ်မတော် (လေ) မှ Y-8 လေယာဉ်များ စစ်တွေလေယာဉ် ကွင်းကို စတင်ဆင်းသက်ခဲ့ပါ တယ်။ ထိုနေ့မှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့အဖွဲ့ စီးနင်းလိုက်ပါတဲ့လေယာဉ် ဆင်းသက်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်သည့် လေယာဉ်များ၊ စီမံခန့်ခွဲ ရေး လုပ်ငန်းဆောင်ရွက်မည့် လေယာဉ်များ အဆက်မပြတ် ရောက်ရှိလာသည်ကို စိတ်အား တက်ကြွဖွယ် မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ စစ်တွေမြို့သို့ ရောက်ရှိစဉ် “နိုင်ငံသူ နိုင်ငံသား အားလုံး မည်သူ တစ်ဦး တစ်ယောက်မျှ ကျန်ရှိမှုမရှိစေဘဲ ကယ်ဆယ်ကူညီဆောင်ရွက် ပေးသွားရန်” လမ်းညွှန်မှာကြားခဲ့တဲ့အတွက် စိုးရိမ်ပူပန်မှုများနဲ့ ဗျာများနေကြတဲ့ ကျွန်တော်တို့ ပြည်သူတွေအဖို့ ခွန်အားသစ်များ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပါတယ်။

မည်သည့်နိုင်ငံ၊ မည်သည့် နေရာဒေသမှာမဆို ယခုလို အလွန့်အလွန် အားကောင်းသော မုန်တိုင်း မိုင် ၁၀၀ ကျော် တိုက်ခတ်မည်ဆိုပါက မိုးကြီးခြင်း၊ ဒီရေတက်ခြင်း၊ လေတိုက်နှုန်း မြင့်မားခြင်းတို့ကြောင့် အဆောက်အဦများ အမိုးလန် ပျက်စီးခြင်း၊ ရေဝင်နစ်မြုပ် ပျက်စီးခြင်း၊ ခိုင်ခံ့မှု မရှိသော အဆောက်အဦများ ပြိုလဲပျက်စီးခြင်းတို့ဟာ မုန်တိုင်းကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ အခြေအနေများ ဖြစ်ပါတယ်။ ယခုလို မိုခါမုန်တိုင်း အန္တရာယ်ကြုံတွေ့ရချိန်မှာ နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူလူထုတို့ ဟန်ချက်ညီညီ ကြိုတင်စုပေါင်းပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ တာကြောင့် မုန်တိုင်းတိုက်ခတ်မှု ပြင်းထန်သော်လည်း တန်ဖိုးရှိ သော လူ့အသက်များစွာ ထိခိုက် သေဆုံးမှုများ မဖြစ်ပေါ်စေခဲ့ဘဲ မတော်တဆမှုကြောင့်သာ အနည်းငယ် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုများသာ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ အဆောက်အဦ ပစ္စည်းများသာ ဆုံးရှုံးခဲ့ပြီး တန်ဖိုးရှိသော လူ့အသက်များ ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ယခုလို မုန်တိုင်းအန္တရာယ် ထိထိရောက်ရောက် ကာကွယ်နိုင်ခဲ့ခြင်းဟာ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ အစိုးရဝန်ထမ်းများနဲ့ ပြည်သူလူထုအားလုံးရဲ့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက် နိုင်ခဲ့တဲ့ရလဒ် ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခု ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း မုန်တိုင်းဖြတ်သန်း တိုက်ခတ်ရာတွင် သက်ရောက်နိုင်သည့် ကိုကိုးကျွန်းအပါအဝင် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒေသများအား မုန်တိုင်းမဖြတ်သန်းမီ၊ ဖြတ်သန်းချိန်နှင့် ဖြတ်သန်းပြီးချိန်တို့၌ ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ တပ်ဆင်ပေးခြင်း၊ ရွေ့လျားဆက်သွယ်မှုစနစ်များ စီစဉ်ပေးခြင်းနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ် သည်များအား ဌာနဆိုင်ရာများသို့ ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့တာကို တွေ့ရှိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သတင်းနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် သတင်းသက်သက် ထုတ်ပြန်ခြင်းမျိုးမဟုတ်ဘဲ သတိပေးချက် (Warning) အဖြစ်ပါ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး မုန်တိုင်းသတိပေးချက်များအား မြို့/ရွာများအလိုက် တိတိကျကျ အသေးစိတ်ထုတ်ပြန်ပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။ သတိ ပေးချက်များကိုလည်း လိမ္မော်ရောင် (မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်လာနေခြင်း)၊ အနီရောင် (မြန်မာ့ကမ်းရိုးတန်းသို့ ရွေ့လျား လာပြီး မုန်တိုင်းမဖြတ်ကျော်မီ ၁၂ နာရီအလို) စသည်ဖြင့် အဆင့်ဆင့်ခွဲခြား သတ်မှတ်ထုတ်ပြန်ပေးခဲ့တာကို တွေ့ရှိရပါတယ်။ မေလ ၁၃ ရက် ၁၂၃၀ နာရီတွင် DMC မှလည်း ဆိုင်ကလုန်းမုန်တိုင်း ကျရောက်နိုင်သည့် မြန်မာ့ပင်လယ်ပြင်သို့ မည်သည့် ရေယာဉ်မှမထွက်ခွာရန် တင်းကျပ်စွာ သတိပေးထုတ်ပြန် ခဲ့တဲ့အတွက် အဆိုပါအမိန့်ရဲ့ တည်မြဲမှုအရ ပြည်သူလူထု၊ ရေလုပ်သားများနဲ့ ရေယာဉ်များ ကလည်း Awareness ရှိစွာ လိုက်ပါ ကြိုတင်ပြင်ဆင် လုပ်ဆောင်နိုင်ခဲ့မှုများကြောင့် လူ၊ ရေယာဉ် ထိခိုက်ပျက်စီး နစ်မြုပ်မှုမရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

မုန်တိုင်းမဖြစ်မီ တစ်ရက်အလို မေလ ၁၃ ရက်နေ့မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူ ပူဇော်ခြင်း၊ ရွှေထီးတော်တင်ပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင် မဟာမင်္ဂလာအခမ်းအနား ဧည့်သည်တော် မှတ်တမ်းတွင် နိုင်ငံတော်အကြီးအကဲက “ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး ထာဝရထွန်းလင်း တောက်ပတည်တံ့ခိုင်မြဲပါစေ… မြန်မာ နိုင်ငံတော်ကြီး အေးချမ်းပါစေ… သာယာဝပြောပါစေ… စားရေရိက္ခာပေါများပါစေ… နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ကြပါစေ…” လို့ ရေးသားခဲ့တာဟာ မြန်မာနိုင်ငံတော်ရဲ့ ရှေ့ပြေးနိမိတ်ဆုတောင်း လို့တောင် ဆိုနိုင်ပါတယ်။ နိုင်ငံ တော်ရဲ့ ပြုသမျှကုသိုလ်တိုင်းဟာ တိုင်းပြည်နဲ့ ပြည်သူလူထု အတွက်ဖြစ်နေကြောင်း အထင်အရှားတွေ့ရပါတယ်။ အဲဒီလိုကောင်းမှုကုသိုလ်တွေနဲ့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအနည်းဆုံးနဲ့ ပျက်စီးဆုံးရှုံးမှုကို လျော့ပါး စေခဲ့တယ်လို့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ခံယူယုံကြည်မိ ပါတယ်။

နိုင်ငံတော် ဝန်ကြီးချုပ်က မိုခါ (MOCHA) မုန်တိုင်းရဲ့တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်ပန်းမန်များနဲ့ ပတ်သက်၍ “ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ပြောကြားခဲ့တဲ့ အတွက် စနစ်တကျ ပြန်လည်တည်ဆောက်ပြီးဖြစ်မည့် လမ်းများ၊ တံတားများ၊ သစ်ပင်ပန်းမန် များ၊ အဆောက်အဦများဟာ စစ်တွေမြို့ရဲ့ကျက်သရေဆောင် လောကာနန္ဒာ စေတီတော်မြတ် ကြီးနဲ့အတူ တင့်တယ်လှပနေမယ့် အနာဂတ်စစ်တွေမြို့ရဲ့မြင်ကွင်းကို စိတ်ကူးပုံဖော် ကြည့်မိပါတယ်။ အခုလို မုန်တိုင်း မိုင် ၁၃၀ ကျော်အထိ တိုက်ခတ်ခဲ့ ပေမယ့် လောကာနန္ဒာစေတီ တော်ကြီး မထိခိုက်ခဲ့တဲ့အတွက် ကြည်နူးမိသလို ဘေးဒုက္ခရောက် နေစဉ်အတွင်းမှာ ညစဉ်ဖူးမြော် ဆုတောင်းခွင့် ရရှိနေခြင်းဟာလည်း ကြီးမားတဲ့စိတ်ခွန်အားကို ရရှိစေခဲ့ပါတယ်။

တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်

ယခုကြုံတွေ့ခဲ့ရတဲ့ Extre-mely Severe Cyclonic Strom မိုခါမုန်တိုင်းရဲ့ ပြင်းအားကြောင့် ထိခိုက်ပျက်စီးနိုင်မှုဟာ Global Disaster Alert and Coordina-tion System-GDACS ၏ ထုတ်ပြန်ခန့်မှန်းချက်အရ လူဦး ရေ ၁.၇၅ သန်းခန့်အား ဘေး အန္တရာယ် ကျရောက်နိုင်ကြောင်း ထုတ်ပြန်ထားပြီး အချို့သော ပြည်ပမီဒီယာများကလည်းပြည်သူ လူထုသန်းပေါင်းများစွာ ဘေးအန္တရာယ် ကျရောက်လိမ့်မယ်ဆိုပြီး သတင်းများ ထုတ်ပြန်ခဲ့ကြပါတယ်။ တကယ်တမ်း မုန်တိုင်းနဲ့ပတ်သက်ပြီး မတိုင်မီကြိုတင် ပြင်ဆင်မှုများ၊ ဖြစ်ပွားချိန် ကူညီပေးမှုများနဲ့ မုန်တိုင်းပြီး ချိန် ပြန်လည်ထူထောင်မှုများကို လက်တွေ့ဆောင်ရွက်ပေးခဲ့သူများမှာ ကျွန်တော်တို့အစိုးရနဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့ “တိုင်းပြည်၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့စကားဟာ ထာဝရအမှန်တရားဖြစ်ကြောင်း ကျွန်တော်တို့ အပြည့်အဝ ထောက်ခံပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမှုအခြေ အနေများနဲ့ လိုအပ်ချက်များကို သုံးသပ်တွက်ချက်ပြီး အသင့်ပြင်ဆင် စီမံထားတဲ့အတိုင်း အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်မှ စစ်ရေယာဉ်များ၊ လေယာဉ်များနဲ့ ပို့ဆောင်ပေးခြင်း၊ ဒေသအလိုက် ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေး တပ်ဖွဲ့များနဲ့ အပျက်အစီးများ ဖယ်ရှားခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များကို နှောင့်နှေးခြင်းမရှိ အချိန် မဆိုင်းဘဲ ချက်ချင်းလုပ်ဆောင် ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါ့ပြင် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ မုန်တိုင်းဒဏ်သင့်ခဲ့ကြတဲ့ ပြည်သူများကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နံနက် ၉ နာရီတွင် အလှူငွေများ လက်ခံမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပြီး နံနက် ၁၁ နာရီ တွင် အလှူငွေလက်ခံပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။ တိုတောင်းတဲ့အချိန် နှစ်နာရီအတွင်း စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၁၈၁၀ သိန်း လာရောက်လှူဒါန်းခဲ့တာကို အံ့ဩဖွယ်တွေ့ရှိခဲ့ရပြီး ဒါဟာဆိုရင် အချက်နှစ်ချက်ကို ပြသလျက်ရှိပါတယ်။ ပထမအချက် အနေနဲ့ ၂၀၂၁ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကုန်ထုတ်လုပ်မှုများ ထိခိုက်ပြီး စီးပွားရေးကျဆင်းခဲ့ရတဲ့ အခြေအနေရှိခဲ့ရာမှ ယခုအချိန်မှာတော့ ကြိုးစား အားထုတ်မှုများကြောင့် စီးပွားရေးနာလန်ထ ဦးမော့လာတာကို ပြသတဲ့အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ မြန်မာလူမျိုးများ ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ စေတနာ သဒ္ဓါတရား ထက်သန်ခြင်းကို ဖော်ညွှန်းနေတာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ “အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ စကားပုံအတိုင်း တစ်မြေတည်းနေတစ်ရေ တည်းသောက်တဲ့ ကျွန်တော်တို့ ပြည်သူတွေကပဲ ဒုက္ခခံစားနေရတဲ့ ညီအစ်ကိုတွေကို စေတနာအပြည့်နဲ့ ကူညီပေးခဲ့တာ အထင်အရှား တွေ့မြင်ရမှာဖြစ်ပါတယ်။ တိုတောင်းလှတဲ့ အချိန်ကာလ အတွင်းမှာ သဒ္ဓါတရားအပြည့်နဲ့ အများဆုံးလှူဒါန်းခဲ့တဲ့ သမိုင်းဝင် အလှူပွဲတစ်ခုလို့လဲ ဆိုနိုင်ပါတယ်။ ယနေ့အချိန်ထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အလှူငွေများနဲ့ ထူထောင်ရေး ပစ္စည်းများ ဆက်လက်လှူဒါန်း နေတာကို ဝမ်းသာကြည်နူးဖွယ် တွေ့မြင် ကြားသိနေရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်တဲ့ စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်များ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်း ပြင်ဆင်ရေးပစ္စည်းများ၊ စက်သုံးဆီ စတဲ့ကူညီထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော် စစ်ရေယာဉ်၊ လေယာဉ်များနဲ့ ပို့ဆောင်လျက်ရှိတာကို တွေ့နေရပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာ အလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များ၊ ထောက်ပံ့ ရေးအဖွဲ့များလည်းရောက်ရှိပြီး ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက် အရ သက်ဆိုင်ရာဝန်ကြီးဌာန များက ဒုတိယဝန်ကြီးချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင်ရောက်ရှိနေပြီး ရခိုင် ပြည်နယ်တစ်လွှား ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင် နေတာကိုလည်း အားတက်ဖွယ်တွေ့မြင်နေရပါတယ်။ ဒါတွေဟာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ အမြော်အမြင်ကြီးမားမှု၊ ကြိုတင်မျှော်တွေးပြင်ဆင်နိုင်မှု၊ ကြီးကြပ် ကွပ်ကဲမှုတို့နဲ့ စိတ်စေတနာ မှန်ကန်မှုတို့ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး ဒီလိုမုန်တိုင်းဖြတ်ကျော်ခဲ့တဲ့ စိတ်ဓာတ်မျိုးနဲ့သာ ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအန္တရာယ်မျိုးကိုမဆို ကြံ့ကြံ့ခံတွန်းလှန် ကျော်လွှားနိုင်မှာ ဖြစ်တယ်လို့လည်း အပြည့်အဝယုံကြည်မိပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်တွေမြို့နေ ပြည်သူများအား မိဘသဖွယ်၊ တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်းဖြင့် ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပြည်သူလူထုများ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု လျော့ပါးခဲ့ရပြီးအားဖြစ်စေခဲ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း နေ့စဉ် ၂၄ နာရီ ပတ်လုံး မုန်တိုင်းလားရာများအား အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ခဲ့ခြင်း၊ ယခုမုန်တိုင်းပြီးဆုံးချိန်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိပြီး မေလ ၁၅ ရက်နေ့မှစ၍ နေ့စဉ်တပ်မတော်ကစစ်ရေယာဉ်၊ လေယာဉ်များဖြင့်လူးလား ခေါက်ပြန် ဆောင်ရွက်နေခြင်း၊ တာဝန်ရှိသူတွေရဲ့ စေတနာ၊ ဝီရိယရှိမှုနဲ့ ပြည်သူလူထုအပေါ် အလေးထားခြင်းတို့ဟာ အလွန်ပဲ အသိအမှတ်ပြု ချီးကျူးမှတ်တမ်း တင်ဖွယ်ရာများ ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရာတွင် အဓိကအင်အားမှာ စွမ်းအားရှိသော လူသားများပင် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြည်သူလူထုအပေါ် မိဘသဖွယ်စိတ် ထားရှိပြီး တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုမှလည်း တစ်စိတ်တစ်ဝမ်း၊ တညီတညွတ်တည်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုင် ၁၃၀ ကျော် တိုက်ခတ်သည့် မိုခါမုန်တိုင်းအန္တရာယ်ကို ကိုယ့်အင်ကိုယ့်အားနဲ့ ရင်ဆိုင်နိုင်ခဲ့ကြောင်း သက်သေပြခဲ့ကြပြီးဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍ မရဘဲ ရင်ဆိုင်သွားကြရမှာဖြစ်ပြီး ရင်ဆိုင်ချိန်မှ ရရှိလိုက်တဲ့ စိတ်ဓာတ်နဲ့ အတွေ့အကြုံများဟာ လွန်စွာအရေးကြီးလှပါတယ်။ မြို့၊ ရွာ၊ ပိုင်ဆိုင်မှုပစ္စည်းများဟာ လူသားများက ဖန်တီးထားတဲ့ သက်မဲ့အရာများဖြစ်ပြီး ၎င်းတို့ကို စီမံခန့်ခွဲရတဲ့ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ရဲ့ စိတ်ဓာတ်များမှာ လွန်စွာအရေး ကြီးလှပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်က “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိကြောင်း” မကြာခဏ ဆိုသလို လမ်းညွှန်ခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။ အနာဂတ်ကာလတွေမှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်ပြန်လည် ထူထောင်ရေးအတွက် အရေး ကြီးသော ကိစ္စရပ်များ၊ ဘေးအန္တရာယ် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အန္တရာယ်ကျရောက်ချိန် “Unity is strength, when there is team work and collaboration, wonderful things can be achieved” ဆိုတဲ့အတိုင်း မည်သည့်အန္တရာယ်ကိုမဆို ညီညွတ်သော စုပေါင်းအင်အားဖြင့် တွန်းလှန်ကျော်လွှားနိုင်ကြောင်းကို မျက်ဝါးထင်ထင် ကိုယ်တိုင် တွေ့မြင်ခံစားသိရှိခဲ့ ရတဲ့အပြင် မိုခါ (MOCHA) က ပေးလိုက်တဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေခဲ့တဲ့ မြန်မာ့စွမ်းအား နဲ့ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အရှိန်အဟုန်ဖြင့် အစွမ်းကုန်ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းဂုဏ်ပြု ရေးသားလိုက်ရပါတယ်။ ။