Electric Vehicle(EV) ယာဉ်များနှင့် ပတ်သက်၍ ….
သိပ္ပံနည်းပညာအင်ဂျင်နီယာ(ထွန်း)
(၁၉၉၂ စက်မှုစီးပွားထူးချွန်)
နိုင်ငံတော်အစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်အဆင့်မြင့်အောင် ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် နိုင်ငံခြားမှ ဝယ်ယူတင်သွင်း အသုံးပြုနေရသည့် လောင်စာဆီများ လျော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ယခင်လောင်စာဆီစွမ်းအားဖြင့် လည်ပတ်နေသည့် Internal Combustion Engines(ICEs)များအစား လျှပ်စစ်စွမ်းအားသုံးယာဉ် (Electric Vehicle - EV) များကို အစားထိုးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။
ပြည်သူများ စိုးရိမ်ကြောင့်ကျနေသည့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှု အခက်အခဲကြောင့် Electric Vehicle(EV) များ စွမ်းအားပြန်လည်ဖြည့်သွင်းရန်အခက်အခဲကို ကျော်လွှား နိုင်ရန်အတွက်လည်း သဘာဝက အမြဲပေးစွမ်းနေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့် နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ ရေအားစွမ်းအင်များကို ဖော်ထုတ်ကာ လျှပ်စစ်ကားများ စွမ်းအားဖြည့်သွင်းရေး အခက်ခဲမရှိနိုင်စေရန်အပြင် လျှပ်စစ်စွမ်းအား မရရှိသေးသော နေရာဒေသအနှံ့၊ ကျေးရွာ၊ မြို့နယ်များမှာပါမကျန် အလျင်အမြန် လျှပ်စစ်စွမ်းအားရရှိနိုင်ရေးအတွက် နေရာဒေသ အလိုက် သက်ဆိုင်ရာ စီမံကွပ်ကဲအုပ်ချုပ်သူများနှင့် ပြည်သူများ၊ ပညာရှင်များ၏ စွမ်းအားဖြင့် ကြိုးပမ်း အကောင်အထည်ဖော်နေကြပြီ ဖြစ်သည်။
နေရောင်ခြည်စွမ်းအားသုံးစနစ်များ
EV ကားများ ပထမပိုင်း အရေအတွက်နည်းပါးစွာ စတင်သုံးနေသည့်ကာလတွင် အားပြန်သွင်း မှုမှပြန်ရမည့်ဝင်ငွေမှာ နည်းမည်ဖြစ်သည့်အတွက် 440V မဟာဓာတ်အားလိုင်းမှ သွယ်တန်း EV charg-ing system များဖြင့် အမြန်အားဖြည့်သွင်းစနစ်များ တည်ဆောက်မှု စောလွန်းခဲ့လျှင် ရင်းနှီးထားသည့် ငွေများ အိပ်နေမည်ဖြစ်၍ အစပထမပိုင်းတွင် တစ်စီးချင်း မိမိတို့အိမ်အသီးသီးမှာ အားဖြည့်သွင်း နိုင်သည့် အခြားနိုင်ငံများတွင် အသုံးပြုနေသော ကုန်ကျစရိတ်နည်းသည့် နေရောင်ခြည်စွမ်းအားသုံး စနစ်များကို အသုံးပြုခြင်းသည် ၄၄၀ ဗွီ မဟာ ဓာတ်အားလိုင်းမှ သွယ်တန်းအသုံးပြုခြင်းထက် ကုန်ကျစရိတ်များစွာ လျော့နည်းသည်ကို ဂရုပြုပြီးအကျိုးရှိစွာ စီမံအသုံးပြုနိုင်အောင် ဆောင်ရွက်ကြရန် လိုပါမည်။
EV တက်စီများ အားသွင်းရန်အတွက်လည်း Solar EV Charging Multi Stations System ဖြင့် စီမံနိုင်သည်။ ခရီးရှည်လမ်းကြောင်းများအတွက် ခရီးတစ်ထောက်ရပ်နားရာ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၌လည်း နေရောင်ခြည်စွမ်းအားဖြင့် EV များကို ပြန်ဖြည့်သွင်းစနစ်များ အသုံးပြုသင့်ကြ ပြီး EV သုံးစွဲမှု အရေအတွက်တိုးလာမှ နောက် တစ်ဆင့်တက်ကာ တန်ဖိုးမြင့်သော High Speed Charger (၄၄၀ ဗွီ မဟာဓာတ်အားလိုင်းမှ သွယ်တန်းခြင်း) များ ဖြည့်စွက်သင့်ကြောင်း သိပ္ပံနည်းပညာ အသိအရ အကြံပြုအပ်ပါသည်။
ခေါက်လိပ်နိုင်သော Solar Sheet များ
နေရောင်ခြည်စွမ်းအား(Solar Power) ဖမ်းယူမှုအတွက် ယခင်မူလအသုံးပြုနေကြသည့် လေးလံကြီးမားသော Solar Silicon Plate များထက် ပေါ့ပါးဈေးသက်သာပြီး ခေါက်လိပ်နိုင်ကာ လိုအပ်သည့် နေရာအပေါ်တွင် ကော်နှင့်ပင်ကပ်ထားနိုင်သည့် မိုးရေစိုဒဏ်ခံနိုင်သော အသစ်ပေါ်ပေါက်အသုံးပြု နေကြသည့် Flexible Solar Power Sheet များကို သုံးစွဲခြင်းဖြင့် ယခင် Solar Silicon Plate များထက် နေရောင်ခြည် စုပ်ယူစွမ်းအား နှစ်ဆရှိပြီး ဈေးလည်းသက်သာ၊ နေရာယူမှုလည်း နည်းလွန်းသည့်အတွက် ပြောင်းလဲသုံးသင့်သည်။
စျေးနှုန်းသင့်သောယာယဉ်များတင်သွင်းနိုင်ရေး
ယခုလောလောဆယ် တင်သွင်းဖြန့်ဖြူးရောင်းချနေသော ငွေကျပ်သိန်းတစ်ထောင်နှင့်အထက် ကားများကို ဝယ်ယူအသုံးပြုနိုင်သူ ရှားလွန်းသည့်အလျောက် လောင်စာဆီ ဝယ်ယူတင်သွင်းရမှု လျှော့ချရေးကို သိသာစွာမဆောင်ရွက်နိုင်သလို ဝယ်သူသုံးစွဲနိုင်သူများမှာလည်း ငွေအပိုရှိသော လူနည်းစုသာ ဖြစ်နေဦးမည်။
အများပြည်သူလည်း သုံးနိုင်၊ လုပ်ငန်းစုံ၊ နေရာအနှံ့ လှုပ်ရှားသွားလာနိုင်ရေး ကျယ်ပြန့် ထိရောက် ရန်နှင့် မြို့ကြီးများတွင် ယာဉ်ကြောကျပ် ပိတ်ဆို့မှုများ လျော့ကျစေပြီး၊ ရပ်နားရာတွင်လည်း နေရာယူမှုနည်းလွန်းကာ လောင်စာဆီ သုံးစွဲမှုကိုလည်း ထိရောက်စွာ လျှော့ချနိုင်စေရန်အတွက် တက်စီလုပ်ငန်းနှင့် ဝန်ထမ်းများ၊ ငွေပမာဏ အသင့်အတင့်ပိုင်ဆိုင်သူများ သုံးနိုင်စေရန် ကျပ်သိန်း နှစ်ရာ/ သုံးရာတန် တံခါးပေါက် သုံးပေါက်ပါ၊ လူလေးယောက်စီး (Mini -Van 3-door,4-seater) များ ဦးစားပေးတင်သွင်း ရောင်းချနိုင်ပေးနိုင်ရေး စီမံပေးကြရန် လိုအပ်မည်။
ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းနှင့် အစိုးရဝန်ထမ်းများအားလုံး၊ ကုမ္ပဏီဝန်ထမ်းများ အပါအဝင် ဝယ်ယူစီးနိုင်အောင်လည်း အပိုင်းလိုက်ပေးချေဝယ်ယူနိုင်စေခြင်းဖြင့် EV ယာဉ်အရေအတွက်များ ကျယ်ပြန့်ထိရောက်စွာ အသုံးချနိုင်သည့်အတွက် ICE ယာဉ်များအတွက် လောင်စာဆီဝယ်ယူရ၊ တင်သွင်းနေရမှုကိုလည်း တစ်မုဟုတ်ချင်း ကျဆင်းစေမည်ကို အလေးထားကြရန်လိုအပ်သည်။
ကဏ္ဍအလိုက်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အကျိုးသက်ရောက်မှုရှိစေရန် ရေသွင်းစိုက်ပျိုးရေး အတွက် Solar Power Water Pump ရေစုပ်စက်များ၊ လယ်ယာလုပ်ငန်းအတွက် Solar Power သုံး လယ်ယာသုံး စက်ပစ္စည်းကိရိယာများကိုလည်း ဖြည့်ဆည်းပေးသင့်သလို နေရောင်ခြည်စွမ်းအား၊ လေစွမ်းအား၊ ရေအားလျှပ်စစ်စွမ်းအားများဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)လုပ်ငန်းမျိုးစုံလင်စွာ အထွေထွေလုပ်ငန်းများ အားလုံးအတွက် စွမ်းအားများရရှိစေပြီး ကုန်ထုတ်လုပ်မှု လျင်မြန်တိုးတက်စေအောင် စီမံအကောင် အထည်ဖော်ရန်အတွက်လည်း သက်ဆိုင်ရာနယ်မြေ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် နေထိုင်ကြသော ပြည်သူများ၏ စွမ်းပကားဖြင့် အလျင်အမြန်ဖော်ဆောင်ကြရန် လိုအပ်မည်။
လျှပ်စစ်ဓာတ်အားကို မြန်မာပြည်အနှံ့ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးစီမံစွမ်းဆောင်နေရာတွင် အဓိက အာရုံစိုက်ကြပြီး ပြည်သူများအားလုံးကလည်း မိမိတို့နေရာ ဒေသအသီးသီးအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ ဖော်ထုတ်အသုံးပြုကာ ဒေသအားလုံး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် အစိုးရနှင့် ပြည်သူလက်တွဲညီစွာ စုပေါင်းစွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။