လွတ်လပ်ရေးရရန် ဘဝသစ်သို့ ၃၅ မိနစ်အလိုတွင် ရေးခဲ့သော တော်လှန်ရေးတပ်သားကောင်းတစ်ဦး၏ ဥဒါန်း
ခင်မြတ်လေး
တပ်မတော်သားတစ်ဦး တိုင်းပြည်အတွက် လွတ်လပ်ရေးရရန် ကြိုးပမ်းမှု၊ ကြိုးပမ်းနေစဉ်အတွင်း ခံစားမှုနှင့် လွတ်လပ်ရေးရခါနီး ခံစားမှုများကို ရာဇဝင်သိရှိနိုင်စေရန် လွတ်လပ်ရေးရခါနီး ၃၅ မိနစ်အလိုတွင် ရေးသားခဲ့သည့် ဥဒါန်းတွင်သော စာတိုလေးတစ်စောင်ဖြစ်သည်။ နေ့စဉ်မှတ်တမ်း ရေးသားခဲ့ခြင်းကြောင့်သာ ဤကဲ့သို့တန်ဖိုးရှိသော မှတ်တမ်းမှတ်ရာများ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ငါ ကျွန်လူမျိုးဘဝကနေ - နောက်ဆုံးစခန်း
ယနေ့ ဗမာသက္ကရာဇ် ၁၃၀၉- ခု။ ပြာသိုလဆုတ် ၉ ရက်။ ခရစ်သက္ကရာဇ် ၁၉၄၈- ခု ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့။ အချိန်ကား သုံးနာရီ မိနစ် သုံးဆယ့်ငါး ရှိခဲ့ပြီ။ ငါတို့ဗမာတစ်မျိုးလုံး ကျွန်ဘဝသည် လာလတံ့သော မိနစ်(၃၅)အတွင်း။ ၄ နာရီ မိနစ် ၂၀ တွင် စခန်းသိမ်း၍ သခင်နိုင်ငံဟူသော ဗမာ့ခေတ်သစ်တွင် ဘဝသစ်သို့ ရောက်ကြကုန်တော့အံ့။
ဤသို့ ဘဝဟောင်းမှ ဘဝသစ်သို့ ကူးပြောင်း အံ့ဆဲအချိန်တွင် ရှေ့က ငါ့ကြောက်စိတ်၊ လန့်စိတ်၊ ကျွန်စိတ်၊ ကျေးစိတ်၊ နိမ့်ကျသော စိတ်ညစ်ဟူသမျှတို့သည် ပွင့်သစ်စပန်းကဲ့သို့ လန်းဆန်းစွင့်စွင့် ပွင့်ကြကုန်တော့အံ့။
ဤအချိန်လေးကနေ ငါ့တစ်သက်တာနှင့် မျှသော ဗမာ့ဘဝဇာတ်လမ်းလေးအတိုင်း၊ ဘဝများစွာ အနှစ် ၁၂၀ ကျော် မတိုင်မှီခင် ရာဇဝင်ခေတ်အတိုင်း။ ပြန်လှန်မေးငေါ့မိအခါ ရာဇဝင်တစ်လျှောက်တွင် ဂုဏ်မောက်စရာ ဘဝတာလမ်းတစ်ခွင်မှာ ပျော်ရွှင်အားရ ကြည်နူးနှစ်သိမ့်စရာတွေလည်း ရှိခဲ့။ သူ့ကျွန် လက်အောက်ရောက်ခဲ့သည့် အချိန်မှာလည်း ညိုးငယ်နွမ်းလျ ဗမာ့လောက အဆင်မပြေခဲ့တော့ပေ။ ငါ့တစ်ဘဝတာလေးကို ရာဇဝင်ရေးက လွတ်လပ်ရေးကြိုးပမ်းမှု အရေးတော်စခန်းတွေကား ကြောက်ခမန်း၊ လန့်ခမန်း လမ်းကြမ်းတွေ နှင်ခဲ့ရချည်သာများ...။
ယခုအချိန်သော် ငါနှင့်တကွသော ဗမာ့ဘဝဇာတ်လမ်းသည် ကျွန်လူမျိုးဟူသော နောက်ဆုံးစခန်းသို့ မိနစ်မျှလိုသောအချိန်သို့တိုင် ရောက်ခဲ့ရပြီတကား။ ကျွန်ဘဝနောက်ဆုံးစခန်းမှ ဤမှတ်တမ်းလေးကို ကဗျည်းတင် သားစဉ်မြေးဆက် ရာဇဝင်လေးထားခဲ့လေသည်။
အထက်ဖော်ပြပါစာလေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ၃၅ မိနစ်အလိုတွင်ရေးခဲ့သော၊ ဥဒါန်းကျူးခဲ့သော ဖြစ်ရပ်မှန်စာလေးဖြစ်သည်။ ရေးခဲ့သောသူမှာလည်း တိုင်းပြည်လွတ်လပ်ရေးရရန်အတွက် ဘဝကိုရင်း၍ အသက်ကိုပေးလှူပြီး ပြည်သူကို သူကျွန်ဘဝမှ လွတ်မြောက်စေခဲ့သော စွန့်လွှတ်စွန့်စားတော်လှန်ရေး တပ်သားကောင်း၊ တပ်မတော်သားတစ်ဦး ဖြစ်သည်။
မြန်မာလူမျိုးတို့ကို သူ့ကျွန်ဘဝမှ လွတ်မြောက်စေရန် စတင်ကြိုးစားသန္ဓေတည်ခဲ့သည့် မြေအောက်တော်လှန်ရေးမှအစပြု၍ လွတ်လပ်ရေးရသည်အထိ ဆယ်စုနှစ်နီးပါး မိဘပစ်၊ မိသားစုပစ်၊ အသက်ကို အရင်လှူ၍ ကိုယ်တိုင်ပါဝင်ခဲ့သူခံစားချက်ကို မိမိလည်းခံစားမိသည်။
မြေအောက်တော်လှန်ရေး ကာလအတွင်း အသက်ကိုလုရန် ရတာလေးနှင့်မြိန်ယှက်စွာ စားသောက်ကြရင်း အနေဆင်းရဲခြင်းကိုပင် ဂုဏ်သရေရှိညစာစားပွဲကို မင်္ဂလာတဲကုတ်လေး အတွင်းဝယ်ဟု တင်စား၍၊ အားတင်း၍၊ အနေပျော်အောင် နေခဲ့ကြပုံများကို ၄-၁-၂၀၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ၁၉၄၃ ခုနှစ်ကရေးခဲ့သည့် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်သော နှစ် ၈၀ ကြာ စာလေး တစ်စောင်၌ ဆောင်းပါးဖော်ပြခဲ့ပြီးဖြစ်သည်။
ဝမ်းသာပီတိများဖြင့်
ယခုစာလေးကမူ လွတ်လပ်ရေးရရန် မိနစ်ပိုင်းလေးမျှအလိုတွင် ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့သူ တပ်မတော်သား၊ တော်လှန်ရေးတပ်သားကောင်း တစ်ယောက်က မျှော်လင့်ခဲ့သည်ကို ရရှိတော့မည့် အသိဖြင့် ခံစားနေရသော ဝမ်းသာပီတိများဖြင့် မှတ်တမ်းတင်ရေးသားခဲ့သော စာလေးဖြစ်သည်။
မြန်မာတို့ဘဝ အနှစ် ၁၂၀ မကျော်ခင် ရာဇဝင်ခေတ်တွေမှာ သမိုင်းတစ်လျှောက် ဂုဏ်မောက်စွာဖြင့် နေနိုင်ခဲ့ကြသည်မှာလည်း ကြည်နူးစရာများရှိခဲ့သလို သူ့ကျွန်လက်အောက် ကျရောက်နေချိန်မှာ တစ်မျိုးသားလုံး ညှိုးငယ်ခဲ့ရပုံနှင့် သူ့ဘဝတာလေးကို ရာဇဝင်ပြန်လည်ရေးခဲ့လျှင် လွတ်လပ်ရေးရရှိရန် တောစခန်းမှာ ကြိုးစားခဲ့ရသော အခြေအနေများသည် ကြောက်ခမန်း၊ လန့်ခမန်း၊ လမ်းကြမ်းများဟု စာဖွဲ့ထားခြင်းဖြင့် ထိုတိုက်ပွဲဝင်ကာလသည် မည်မျှကြမ်းတမ်းခဲ့ကြောင်း ခံစားတင်ပြထားသည်။
သူ့မှတ်တမ်းရာဇဝင်လေးကို ကမ္ပည်းတင်ထားခြင်းဖြင့် ခေတ်အဆက်ဆက် သားစဉ်မြေးဆက်တို့သည် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် ကြိုးစားခဲ့ရကြောင်းများကို သိရှိပြီး မိမိတို့နိုင်ငံကို အပွန်းအပဲ့မခံဘဲ ဆက်လက်ထိန်းသိမ်းရန် အသိပေးသွေးစည်းထားကြောင်းကို လှပစွာတင်ပြထားသည်။
ထိုကဲ့သို့ ကြမ်းတမ်းသောခရီးများတွင် တစ်ခါတစ်ရံ မိသားစုဝင်များပင် ပါဝင်အသက်စွန့် လှုပ်ရှားမှုများရှိခဲ့သည်။
တပ်စခန်းတစ်နေရာတွင် ညတွင်းချင်း တပ်ဖျောက်နိုင်ရန်၊ ဂျပန်များကို အငြိမ့်ကပြ ဖျော်ဖြေဟန်ပြထားခြင်းဖြင့် လည်းကောင်း၊ ခရာမှုတ်ရန် တာဝန်ကျသည့် ရဲဘော်သည်ခရာကို တပ်ရှိနေသည့်အလား အဆက်မပြတ် မှုတ်ပြနေခြင်းဖြင့်လည်းကောင်း စသည်တို့ဖြင့် ဂျပန်တို့ မရိပ်မိစေရန် အကာအကွယ်များ ပြုလုပ်ခဲ့ရခြင်းများ ရှိခဲ့သည်။
အသက်စွန့်ခါနီးအချိန်
ရဲဘော်တစ်ယောက် အသက်စွန့်ခါနီးအချိန်ပင် “ဆရာကျွန်တော်တို့ လွတ်လပ်ရေးရခါနီးပြီနော်” ဟူသော စကားကိုသာပြောခဲ့နိုင်သည့် အဖြစ်တို့ကြောင့် တပ်မတော်နေ့ရောက်တိုင်း တော်လှန်ရေးမှာ ကျဆုံးခဲ့ရသည့် ရဲဘော်များကို မမေ့နိုင်စေခြင်းများ ဖြစ်စေသည်။
ဤသို့ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြရာတွင် မိမိတို့သည် အသက်မသေ၍ ကျန်ခဲ့ကြသော်လည်း အတူတကွ အသက်ပေးစွန့်သွားခဲ့ကြသည့် တော်လှန်ရေးရဲဘော်များလည်း များစွာရှိခဲ့သည်။
သေအတူ၊ ရှင်မကွာ ကြိုးပမ်းခဲ့ကြရာတွင် အသက်မသေသော်လည်း အချို့တွင် သေရာပါဒဏ်ရာများ ရရှိခဲ့ကြခြင်းများလည်း ရှိကြသည်။ အားမလျှော့၊ ဇွဲရှိသောသူများဖြစ်၍ ထိုအခြေအနေများနှင့်ပင် မိမိတို့နိုင်သည့်နေရာမှ တိုင်းပြည်တာဝန်များကို အသက်ထက်ဆုံး ဆက်လက် ထမ်းဆောင်သွားခဲ့ကြသည်။
အထက်အောက် ရိုသေခြင်း၊ အချင်းချင်းလေးစား ချစ်ခင်ရိုင်းပင်းခြင်းများ ရှိကြခြင်းကိုလည်း သိရှိမြင်တွေ့ရသည်။
စွန့်လွှတ်စွန့်စား
ဤကဲ့သို့ စွန့်လွှတ်စွန့်စားကြိုးစားပြီးမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် တိုင်းပြည်ကို ငြိမ်းချမ်းအောင်၊ တည်တံ့အောင်၊ တိုးတက်ကြီးပွား အောင် ဆက်လက်ဆောင်ရွက်ကြရသည်။
သူ့ကျွန်ဘဝမှ သခင်ဘဝသို့ တက်လှမ်းနိုင်ရန် ဖန်တီးခဲ့သည့်ရာဇဝင်ကို ဆက်လက် ပုံဖော်ကြရာ တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ အလေးထားခြင်းဖြင့် ရာဇဝင်ကောင်းများ ကို ဆက်လက်ဖန်တီးနိုင်ကြမည် ဖြစ်သည်။
ကာကွယ်ခြင်းတစ်မျိုး၊ ပျိုးထောင်ခြင်းတစ်ဖုံ၊ ထောင့်မျိုးစုံမှ လိုအပ်သည့်နေရာတွင် ဖြည့်ဆည်း ဆောင်ရွက်နေသော တပ်မတော်ကြီးကို (၇၈)နှစ်မြောက် တပ်မတော်နေ့အတွက် လွတ်လပ်ရေးရခါနီး ၃၅ မိနစ်အလိုလေးတွင် ခံစားရေးသားခဲ့သော မှတ်တမ်းတင် ရာဇဝင်လေးကို လက်ဆင့်ကမ်း ဖော်ပြခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။ ။