မြန်မာနိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ထက်ထက်အောင်
ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား နည်းပညာယှဉ်ပြိုင်မှုများ၊ စစ်လက်နက်အင်အားဖြည့်တင်းမှုများနှင့် ကမ္ဘာ့စီးပွားရေး ဈေးကွက်နယ်ပယ်ချဲ့ထွင်မှုများနှင့်အတူ ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် မမျှော်မှန်းနိုင်သော အပြောင်းအလဲများနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်ကို အစဉ်တစိုက်ဦးတည်ဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် စိန်ခေါ်မှုများ ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်ခိုင်မြဲသော ဆက်ဆံရေးကို တည်ဆောက်ရသည်ဖြစ်ရာ နိုင်ငံများအကြားဆက်သွယ်ဆောင်ရွက်မှုသည် ကမ္ဘာ့သမိုင်းမှတ်တမ်းတစ်လျှောက်တွင် အရေးပါသောအခန်းကဏ္ဍတစ်ရပ်အဖြစ် အစဉ်အမြဲ ပါဝင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများ (International Laws)၊ ပဋိညာဉ်စာချုပ်များ (Charters)၊ သဘောတူစာချုပ်များ (Treaties) နှင့် နားလည်မှုစာချွန်လွှာများ (Memorandum of Understanding) တွင် ပါဝင်သော ပြဋ္ဌာန်းချက်များ၊ ဖော်ပြချက်များနှင့်အညီ ဆောင်ရွက်လေ့ရှိကြသည်။ ယေဘုယျအားဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု (Bilateralism) နှင့် နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှု (Multilateralism) ဟူ၍ ပူးပေါင်း ဆောင်ရွက်မှုနည်းလမ်း နှစ်မျိုးရှိပြီး သီးခြား ဆွေးနွေးမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် Bilateralism နည်းလမ်းဖြင့်လည်းကောင်း၊ သုံးနိုင်ငံနှင့်အထက် နိုင်ငံများအကြားဆွေးနွေးမှုများနှင့် အကျိုးတူပူးပေါင်းမှုများတွင် Multilateralism နည်းလမ်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများ၏ အခန်းကဏ္ဍ
ကမ္ဘာ့နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက်ပူးပေါင်းမှုများ ဆောင်ရွက်ရာတွင် နိုင်ငံများ၏တည်နေရာနှင့် ရေနှင့်ကုန်းမြေနယ်နိမိတ်ထိစပ်မှုတို့သည်လည်း အရေးပါသော အခန်းကဏ္ဍမှပါဝင် လျက်ရှိသည်။ ပထဝီရေမြေဒေသ ဆက်စပ်တည်ရှိနေသော ဒေသတွင်းနိုင်ငံများသည် ပိုမိုနီးစပ်သောလူနေမှုဘဝနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်နှင့် ဂေဟစနစ်များကိုမျှဝေဖြစ်တည် သုံးစွဲလျက်ရှိကြသည်ဖြစ်ရာ ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဆက်ဆံရေး ထူထောင်ခြင်းဖြင့် ကောင်းမွန်သည့်ဆက်နွှယ်မှုကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ထိုကဲ့သို့ ဒေသတွင်းနိုင်ငံများအကြား ရှိနှင့်ပြီးဖြစ်သည့် ရင်းနှီးသောဆက်ဆံရေးအပေါ်တွင်အခြေပြု၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားများတည်ထောင်ကာ ဒေသတွင်းပေါင်းစည်းမှုစွမ်းအားဖြင့် ကြုံတွေ့လာနိုင်သောဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ရန် ကြိုးပမ်းလျက်ရှိကြသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်နားလည်မှု၊ လေးစားယုံကြည်မှုများ တိုးပွားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနှင့်ကဏ္ဍပေါင်းစုံတွင် ယှဉ်ပြိုင်နိုင်စွမ်းပိုမိုမြင့်မားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအကြား ချိတ်ဆက်ဆောင်ရွက်မှု များ ပိုမိုတိုးမြင့်လာသဖြင့် ရင်းနှီးဆက်နွှယ်မှုများ ပိုမိုတိုးပွားလာစေခြင်း၊ နည်းပညာ၊ ဗဟုသုတနှင့် အကျိုးစီးပွားများ ပိုမိုမျှဝေနိုင်ခြင်းစသောအကျိုး ကျေးဇူးများရရှိအောင် ပုံဖော်လာနိုင်ကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ၏ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Coo-peration-MLC) သည် သိသာထင်ရှားသော ရလဒ်များနှင့် အရှိန်အဟုန်မြှင့် လက်တွေ့ကျကျလည်ပတ် နေသည်ကို မျက်ဝါးထင်ထင် တွေ့ရှိရမည်ဖြစ်သည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် မဲခေါင်မြစ်ဟု ခေါ်တွင်ပြီး တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟု ခေါ်တွင်သည့် မဲခေါင်- လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး၊ ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ် ဖြစ်သည်နှင့်အညီ ရှည်လျားသောသမိုင်းကြောင်းဖြစ်တည်မှုနှင့် ယင်းဖြတ်သန်းစီးဆင်းရာ မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံအသီးသီးနှင့်ဒေသအသီးသီးတွင် မှီတင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝများကို များစွာအထောက်အကူပြုလျက်ရှိသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံကမဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကိုလျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံကျင်းဟုန်မြို့၌ကျင်းပခဲ့ပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊ စီးပွားရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင် (Economic and Sustainable Develo-pment) နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် ( Social, Cultural and People-to-People Exch-anges) စသည့် မဏ္ဍိုင် သုံးရပ်ဖြင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ပထမအကြိမ် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံဆန်းယမြို့၌ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ထုတ်ပြန်ကြေညာကာ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့သည်။ ဆန်းယကြေညာစာတမ်းအရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများသည် ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Water Resources) နှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (Agricultural and Poverty Reduction) ဟူသည့် ဦးစားပေးနယ်ပယ် ငါးရပ် တွင် အဓိကထား ပူးပေါင်းဆောင်ရွက်လိုကြသည်။ ထို့ကြောင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်သုံးရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ငါးခုတို့ကို ပေါင်းစပ်ကာ 3+5 မူဘောင် (3+5 Frame-work) ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပခဲ့သည့် ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ (MLC Five-Year Plan of Action 2018-2022) ကို အတည်ပြုထုတ်ပြန် ခဲ့သည်။ အဆိုပါ လုပ်ငန်းအစီအစဉ်အရ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ အကောက်ခွန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ ဘဏ္ဍာရေး၊ လျှပ်စစ်နှင့်စွမ်းအင်နှင့် သတင်းမီဒီယာစသည့် ဦးစားပေးနယ်ပယ် ၁၀ ခုကို ယခင် 3+5 မူဘောင်တွင် ထပ်မံထည့်သွင်းခဲ့ပြီးနောက် 3+5+X မူဘောင် (3+5+X Framework) အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဆန်းယကြေညာစာတမ်းပါ အခြေခံမူ (၇) ချက် ဖြစ်သည့် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန် အကြံပြုဆွေးနွေးမှုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှု (Mutual Consul-tation and Coordination)၊ မိမိဆန္ဒအလျောက် ပါဝင်မှု (Voluntarism)၊ အားလုံးမှ ပါဝင်ပူးပေါင်း ထည့်ဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုးအမြတ်မျှဝေခံစားမှု (Shared Benefits) နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု (Respects for UN Charter and International Laws) တို့အပေါ် အခြေခံ၍ 3+5+X မူဘောင်နှင့်အညီ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ဖော်ဆောင်လျက်ရှိသည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေနှင့် စီမံကိန်းများ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား အောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက ရန်ပုံငွေအမျိုးအစားလေးမျိုးဖြစ်သည့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်လည်းကောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေ (Concessional Loan) ကို ယွမ် ဘီလီယံ ၁၀ ဖြင့်လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီး မတည် ထူထောင်ပေးထားသည်။
မြန်မာနိုင်ငံအနေဖြင့် အထူးရန်ပုံငွေတစ်မျိုးတည်းတွင်သာ မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အဆိုပြုလျက်ရှိပြီး တရုတ်နိုင်ငံဘက်က ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၉၂ ခုကို ပေးအပ် ခဲ့ပြီးဖြစ်သည်။
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှီတင်းနေထိုင်သော ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့အကျိုးကျေးဇူးရရှိရေးတို့ကို ဦးတည်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ သိသာထင်ရှားသောပူးပေါင်းဆောင်ရွက်မှု ရလဒ်များရရှိခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှုများကို ရရှိခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်- လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ် ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍစသည့် ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းများမှလည်း သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိလျက် ရှိသည်။
ထိုကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုဘဝ သာယာလှပ ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရေးနှင့် အလုံးစုံ ပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက်ခဲ့သော မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ယခုအခါ ခုနစ်နှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အမြဲတမ်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင်တစ်ကြိမ်လွှဲပြောင်း လက်ခံဆောင်ရွက်ကြသည်။ မြန်မာ နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၄ ရက်တွင်ကျင်းပခဲ့သော တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်နှစ် တာကာလအတွက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း (၆) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ပူးတွဲထုတ်ပြန်ချက်သုံးခုဖြစ်သည့် ဒေသဆိုင်ရာ အစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍနှင့်တိုင်းရင်းဆေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ထုတ်ပြန်နိုင်ခဲ့သည်။
ထို့ပြင် (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်တွင် ပုဂံမြို့၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပ နိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပူးတွဲ ကြေညာချက်နှင့်အတူ အကောက်ခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လူ့အဖွဲ့ အစည်းများအကြား အပြန်အလှန်သင်ယူမှုနှင့် အမြင်ချင်းဖလှယ်မှုတိုးမြှင့်ရေး စသည့်သီးခြား ထုတ်ပြန်ချက် လေးခုကိုလည်း အတည်ပြုထုတ်ပြန် နိုင်ခဲ့သည်။
လာမည့် (၄) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကိုလည်း ပူးတွဲဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိပြီး အဆိုပါအစည်းအဝေးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်လည်းကောင်း၊ လက်ရှိပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် အဖွဲ့ဝင်နိုင်င များနှင့် အပြန်အလှန်နားလည်မှု၊ လေးစားမှုနှင့် မဲခေါင်-လန်ချန်း မိသားစုစိတ်ဓာတ်ကိုအခြေခံကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူ အချင်းချင်း အပြန်အလှန်ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး/ ပူးပေါင်းညှိနှိုင်းရေးရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမူဝါဒတစ်ရပ်အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ပေါင်းစည်းဆက်နွှယ်မှု ပြယုဂ်တစ်ခု အဖြစ် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာရပ်တည် နိုင်ရန် စုပေါင်းအင်အားဖြင့် ကြိုးပမ်းသွားမည်ဖြစ် ကြောင်းတင်ပြရင်း လာမည့် ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်တွင် ကျရောက်မည့် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုအပ်သည်။ ။