Skip to main content

ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ရှေ့သို့ ပြောင်းလဲဆောင်ရွက်ခြင်း

ကိုရဲ (စက်မှု)

သဘာဝတရား၏ လက်ဆောင်မွန်

လွန်ခဲ့သော (၁၉) ရာစုခေတ် သိပ္ပံစာရေးဆရာကြီး တစ်ဦးက အနာဂတ်တွင် အရှားပါးဆုံးနှင့် တန်ဖိုး အရှိဆုံးသော သဘာဝအရင်းအမြစ်သည် ရွှေလည်း မဟုတ်၊ ရေနံလည်း မဟုတ်၊ “ရေ” သာ ဖြစ်လာ မည်ဟု ကြိုတင်ဟောကိန်းထုတ်ခဲ့ဖူးသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီး၏ဟောကိန်းမှာ တစ်နေ့တခြား ပိုမိုမှန်ကန်လာကြောင်း တစ်စ တစ်စ တိုးတက်မြင့်မားလာသော ရေဆိုင်ရာလိုအပ်ချက်များအရ အထင်အရှားတွေ့မြင်နိုင်သည်။

“ရေ”ဆိုသည်မှာ မိမိတို့ သက်ရှိလောကအတွက် သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဟု ဆို၍ ရနိုင်သည်။ နံနက်မိုးသောက် အလင်းရောက် သည်နှင့်တစ်ပြိုင်နက် လူအပါအဝင် သက်ရှိသတ္တဝါ တိုင်း၏ စားသောက်နေထိုင် ပြုမူမှုများသည် ရေနှင့်ကင်းကွာ၍မရပေ။ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် နံနက် အိပ်ရာထသည်နှင့်တစ်ပြိုင်နက် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်သည်မှ အစပြု၍ “ရေ” ကို အသုံးပြုရသည်။ နံနက်စာ စားရာတွင်လည်း ချက်ပြုတ်ထားသော ထမင်း၊ ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ အစရှိသည်တို့တွင်လည်း “ရေ”မပါ၍ မရပေ။ ထိုသို့ စားသောက်နိုင်ရန်အတွက် ဆန်စပါးမှ အစပြု ၍ အမျိုးမျိုးသော အစားအသောက်ကုန်ကြမ်းများ စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း “ရေ”သည် အဓိက လိုအပ်ချက်ပင်ဖြစ်သည်။ ထို့ပြင် ယနေ့ခေတ်လူမှု ဘဝတွင် အရေးပါလှသော လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ရာတွင်လည်း “ ရေအား လျှပ်စစ်ထုတ်လုပ် ခြင်းကဏ္ဍ” သည် ကုန်ကျစရိတ်သက်သာစွာဖြင့် ပြန်လည်ရရှိနိုင်သော စွမ်းအင် (Renewable Energy) ဖြစ်သည့် အားလျော်စွာ ကမ္ဘာတစ်ဝန်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပေသည်။ သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍတွင်လည်း မြစ်ချောင်းများမှ အစပြု၍ ပင်လယ်သမုဒ္ဒရာများတွင်ပါ လှေ၊ သင်္ဘောများနှင့်ခရီးသွားလာကုန်သွယ်မှုများ ပြုလုပ်ကြသည်မှာ မြို့ပြယဉ်ကျေးမှုများ အစပြုသည့်ခေတ်မှစ၍ ယနေ့ခေတ်တိုင်အောင်ပင် ဖြစ်ပေသည်။

ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းခန့်ကို ပင်လယ်သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းလျက်ရှိသော် လည်း အဆိုပါ ရေထုမှာသောက်သုံး၍ မရသောဆားငန်ရေများသာဖြစ်ပြီး နှစ်ရာခိုင်နှုန်းမျှသော ကမ္ဘာ့ရေထုသည်သာ ရေချိုအဖြစ်တည်ရှိလျက်ရှိသည်။ အဆိုပါ နှစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၆ ရာခိုင်နှုန်း သည် ဝင်ရိုးစွန်းဒေသများတွင် ရေခဲတောင်များအဖြစ် တည်ရှိနေပြီး ၀ ဒသမ ၃၆ ရာခိုင်နှုန်းသော ရေကို မြေအောက်မှ တူးဖော်ရရှိနိုင်သည်။ ထို့ကြောင့် မိမိတို့မျက်မြင် မြစ်ချောင်း၊ အင်းအိုင်များ မှ တိုက်ရိုက်အသုံးပြု၍ရသောရေမှာ ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းပါးသော်လည်း ယနေ့ထက်တိုင် လုံလောက်စွာ အသုံးပြုနိုင်သေးသည်မှာ ကံကောင်းလှပေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် တစ်နေ့ထက် တစ်နေ့ များပြားတိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့်ရေဆိုင်ရာ လိုအပ်ချက်များအရ မိမိတို့အနေဖြင့် သဘာဝတရား၏ လက်ဆောင်မွန်ကို စည်းကမ်းနည်းလမ်းတကျ စီမံခန့်ခွဲအသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပေသည်။

မရှိမဖြစ်ရေ(Essential Water)

“ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်” ဟူသော ဆိုရိုးစကားသည် မိမိတို့ သက်ရှိများအတွက် အကြွင်းမဲ့မှန်ကန်ပေသည်။ သက်ရှိတို့အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ သောက်သုံးရေချိုဖြစ်ပေသည်။ အပင်များနှင့်လူအပါအဝင် သက်ရှိတိုင်းသည် အသက်ရှင်သန် နိုင်ရန်အတွက် အာဟာရဓာတ်များ ရရှိရန်ရေကို အားထားကြရသည်။ လူသားတို့၏ ခန္ဓာကိုယ်တွင် လည်း ရေဓာတ် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်။ လူအပါအဝင် သက်ရှိသတ္တဝါများသည် မိမိတို့ သောက်သုံးထားသောရေကို အရေပြားမှ တစ်ဆင့် ‘ချွေး’အဖြစ် စစ်ထုတ်ကာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးရသည်။ ရေ၏အကူအညီဖြင့် ‘သွေး’သည် အာဟာရဓာတ်များကို အစာအိမ်မှ တစ်ဆင့် အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင် ပေးရာတွင်လည်းကောင်း၊ အောက်ဆီဂျင်ဓာတ်ကို အဆုတ်မှတစ်ဆင့် ကိုယ်ခန္ဓာသို့ပို့ဆောင်ရာတွင်လည်းကောင်း ဆောင်ရွက်သည်။ ထို့ကြောင့် သက်ရှိတိုင်း သက်ရှိတိုင်းအတွက်ရေသည် မရှိမဖြစ်လိုအပ်သော သဘာဝအရင်းအမြစ်တစ်ခုဟု ဆိုနိုင်ပေသည်။

စိုက်ပျိုးရေး(Agriculture)

နေ့စဉ်လူမှုဘဝ စားသောက်မှုအတွက် ဆန်စပါးအပါအဝင် အခြားသော ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရာတွင်လည်းရေသည် မရှိမဖြစ်လိုအပ်ပေသည်။ ယဉ်ကျေးမှုများစွာ မထွန်းကားသေးမီ အချိန်များက စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် ဒေသအလိုက်၊ ရာသီဥတုအရ ရရှိနိုင်သော ရေပမာဏနှင့် ဖြစ်ထွန်းအောင်မြင်နိုင်သော သီးနှံ တို့ကိုသာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြရသည်။ ထို့ကြောင့် မြေဆီ၊ မြေသြဇာကောင်းမွန်ပါလျက် ရေလိုအပ်ချက်ကြောင့် အသုံးမဝင်ဖြစ်နေသော မိုးနည်းရေရှား ရပ်ဝန်းဒေသရှိ မြေလွတ်၊ မြေရိုင်းများကို စိုက်ပျိုးဆောင်ရွက်နိုင်ရန် တိုးတက်လာသော အသိဉာဏ်နှင့် နည်းပညာများကို အားပြု၍ ကြိုးပမ်းလာခဲ့ကြသည်။

ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက် ပြန်ပြောင်း ကြည့်ရလျှင် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ရေကို ငင်ယူကာ အနီးအနားရှိ စိုက်ခင်းများသို့ ရေသွင်း စိုက်ပျိုးခြင်းမှအစပြု၍ အိန္ဒိယနိုင်ငံတွင်မူ ဂါလန် ၃၀ ဝင် သားရေအိတ်ကြီးများဖြင့် ရေကို ကျွဲ၊ နွား အကူအညီဖြင့် သယ်ယူကာ မြောင်းများမှတစ်ဆင့် စိုက်ပျိုးရေသွင်းခြင်းအဆုံး နည်းမျိုးစုံဖြင့် ရေသွင်း စိုက်ပျိုးခြင်းနည်းလမ်းများကို ကြံဆခဲ့ကြသည်။ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်ကပင် အနော်ရထာမင်း၏ အစီအမံဖြင့် အထက်မြန်မာနိုင်ငံ၊ ကျောက်ဆည်ဒေသကို ‘ လယ်တွင်းကိုးခရိုင်’ ဟု သတ်မှတ်စေပြီး ဆည်မြောင်းကန်ချောင်းများ ဖောက်လုပ်ကာ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက် ကြိုးပမ်းအောင်မြင်ခဲ့ကြောင်း သမိုင်းတွင် အထင် အရှား တွေ့နိုင်ပေသည်။

ယနေ့ခေတ်တွင်လည်း မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ အစိုးရတို့သည် ဆည်မြောင်း၊ ကန်ချောင်းများတူးဖော်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ၍ စိုက်ပျိုးရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြသည်။ လူအပါအဝင် အခြားသော သက်ရှိသတ္တဝါ အားလုံး အတွက် သောက်သုံးရေကဏ္ဍပြီးနောက် အရေးအကြီးဆုံးမှာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေးပင် ဖြစ်ပေသည်။

စက်မှုလုပ်ငန်းသုံးရေ(Industrial Water)

လူသားနှင့် သက်ရှိကမ္ဘာအတွက်ရေသည် အသက်ရှင်ရန်မရှိမဖြစ် လိုအပ်သော အရင်းအမြစ် ဖြစ်ရုံသာမက စက်မှုလုပ်ငန်းများ အစပြုထွန်းကား လာသည့် (၁၈) ရာစုဝန်းကျင်မှစကာ စက်မှုလုပ်ငန်း များအတွက် ရေအသုံးချမှုနှင့် လိုအပ်ချက်များရှိလာခဲ့သည်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းခွင်များ၊ စက်မှု အလုပ်ရုံ၊ စက်ရုံများ၊ ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများ ထုတ်လုပ်ခြင်းများတွင် ရေသည်မပါ မဖြစ် အရင်းအမြစ်တစ်ခုဖြစ်လျက်ရှိသည်။ ဥပမာ အားဖြင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၊ (ရုပ်ကြွင်းနှင့် နျူကလီးယားစွမ်းအင်)အတွက် အအေးခံရန် ရေကိုထုတ်ယူခြင်းကဲ့သို့ ကိစ္စရပ်များ တွင် ရေကို အထူးအသုံးပြုရသည်။ စက်မှုလုပ်ငန်းသုံး ရေ(Industrial Water)သည် ပြန်လည် စွန့်ထုတ်ရာ တွင် သန့်စင်ခြင်းမရှိဘဲ ရေဆိုးအဖြစ်သာ ပြန်လည်စွန့်ထုတ်နိုင်သဖြင့် ဂေဟစနစ်အတွက် အထူးသတိပြုစရာ ရေအသုံးချမှုတစ်ခုဖြစ်ပေသည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ခြင်း (Hydropower Implementation)

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)သည် ယနေ့ခေတ်လူမှုဘဝတွင် ပိုမို၍ အရေးပါလျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ပေသည်။ နေစွမ်းအင် (Solar Power)၊ လေစွမ်းအင် (Wind Power)၊ ရေစွမ်းအင်(Hydro Power)ဟူ၍ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးမျိုးရှိရာတွင် ရေစွမ်းအင်(Hydro Power)သည် နေ့စဉ်လူမှုဘဝအတွက် လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား များထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက် ခြင်း(Economic)၊ ထုတ်လုပ်ရာတွင် အခက်အခဲ နည်း၍ အခြားသောစွမ်းအင်တို့ထက် ပမာဏများများ ထုတ်လုပ်နိုင်ခြင်း၊ တစ်နည်းအားဖြင့် Reliable Energy ဖြစ်ခြင်းနှင့် ဒေသအတော်များများတွင် အရင်းအမြစ်များ ပေါကြွယ်ဝခြင်း (Rich Resource) တို့ကြောင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ဖြင့် ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရာတွင် နိုင်ငံတွင်းရှိပြီးဖြစ်သည့် ရေ၊ နေနှင့် လေ စသည့် သန့်ရှင်းသောစွမ်းအင် အရင်းအမြစ်များကို အခြေခံ သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိပြီး လူမှုစီးပွားဖွံ့ဖြိုးမှု အထောက်အကူဖြစ်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့’ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)ဟု ဆိုရာတွင် အားလုံး ခြုံငုံပါဝင်သော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရေစွမ်းအင် (Hydro Power)ကို အသုံးပြုခြင်းသည် အခြားစွမ်းအင်ထုတ်လုပ်မှုများထက် ကုန်ကျစရိတ်နည်း၍ ပိုမိုအကျိုး ဖြစ်ထွန်းစေသည်။ ရေစွမ်းအင်သည် တစ်နည်းအားဖြင့် သန့်ရှင်းသော စွမ်းအင်(Clean Energy)ဖြစ်ပြီး မိမိတို့နိုင်ငံတွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ကြရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝတို့ အပေါ် သက်ရောက်နိုင်သည့် အခြေအနေ (Environ-mental/ Social Impact Assement Result)၊ ဖွံ့ဖြိုးတိုးတက်မှု (Development) နှင့် စီးပွားရေး အရ တွက်ခြေကိုက်မှု(Economic)ဟူသည့် အချက်သုံးချက်အပေါ်တွင် အခြေခံ၍ ဘက်စုံလေ့လာပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင်ရှိသော ရေအရင်းအမြစ် အချက်အလက်များအရ အမှန်တကယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ (100000MW)ခန့်အထိ ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်း၍ရပြီး စူးစမ်းလေ့လာဆဲ ရေအရင်းအမြစ်များမှ ထုတ်လုပ်နိုင်မှုမှာ (45000 MW) ခန့်ဟု တွက်ချက်ခန့်မှန်းနိုင်သည်။ တည်ဆောက်ဆဲစီမံကိန်းများမှ (MW1800)ကျော် ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ လက်ရှိတွင် (3340.924MW)ကို ရေအား(Hydropower)ဖြင့် ထုတ်လုပ်သုံးစွဲလျက်ရှိသည်။ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရေစွမ်းအင်အသုံးပြု ခြင်း(Hydro Power)ကဏ္ဍမှာ အထူးပင်အရေးကြီးလှပြီး နောင်အနာဂတ်တွင်လည်း မိမိတို့နိုင်ငံ အပါအဝင် နိုင်ငံအတော်များများ၌ လူမှုဘဝလိုအပ်ချက်များအရ ဆက်လက်အကောင်အထည် ဖော်ကြရဦးမည်သာဖြစ်သည်။ ရေစွမ်းအင်(Hydro power)ဖြင့် စွမ်းအင်ထုတ်လုပ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်ပြီး ဂေဟစနစ်အပေါ် သက်ရောက်မှုနည်းပါးသော်လည်း နေ့စဉ်မြင့်တက်လာနေသော ကမ္ဘာ့လူဦးရေနှင့် အခြားသောကဏ္ဍများရှိ ရေဆိုင်ရာလိုအပ်ချက်များ အရ ပိုမို၍ ကောင်းမွန်သော စည်းကမ်းနည်းလမ်းတကျ စီမံခန့်ခွဲမှုများဖြင့် အသုံးပြုထုတ်လုပ်ကြ ရမည်ဖြစ်ကြောင်းလည်း သတိပြုရပေမည်။

ရေဆိုင်ရာလိုအပ်ချက်များ မြင့်မားလာခြင်း

‘ရေသည် ကုန်ပစ္စည်းမဟုတ်၊ တစ်လောကလုံး၏ အမှတ်သင်္ကေတ၊ အသက်နှင့် ကျန်းမာရေး၏ အရင်းအမြစ်ဖြစ်သည်’ ဟု ဆိုရိုးစကားရှိသည်။ အထက်တွင်ဖော် ပြခဲ့သော ရည်ရွယ်ချက်များအတိုင်း လူသားနှင့်သက်ရှိကမ္ဘာသည် ရေအရင်းအမြစ်များကို ထုတ်ယူသုံးစွဲလျက်ရှိကြသည်မှာ တစ်နှစ်လျှင် လေးထရီလီယံကုဗမီတာ(4 Trillion 3 m )ထိပင် ရှိလာနေပြီဖြစ်သည်။ တွက်ချက်မှုများအရ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ယခုလက်ရှိရေလိုအပ်ချက်ထက် ပိုမို၍ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

ရေဆိုင်ရာလိုအပ်ချက်များ မြင့်မားလာနေခြင်းမှာ တစ်စ တစ်စ တိုးတက်လာသော ကမ္ဘာ့လူဦးရေ အခြေအနေ၊ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ကာဗွန်ထုတ်လုပ်သုံးစွဲမှုမြင့်မားလာပြီး ရာသီဥတု များ ပြောင်းလဲကာ ရေသံသရာလည်ခြင်းကဲ့သို့ ​ဂေဟစနစ်များ ထိခိုက်စေခြင်း၊ ရေအရင်းအမြစ်များ ကို စည်းကမ်းနည်းလမ်းတကျစီမံခန့်ခွဲ သုံးစွဲနိုင်မှု အားနည်းခြင်းတို့ကြောင့်ပင်ဖြစ်ပေသည်။

လိုအပ်ချက်များ ဖြည့်ဆည်းရန် ပြောင်းလဲဆောင်ရွက်ခြင်း

ရေဆိုင်ရာလိုအပ်ချက်များ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်နှင့်အမျှ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် နေ့စဉ်လူမှုဘဝရေသုံးစွဲမှုနှင့် ရေအရင်းအမြစ်များကို စည်းကမ်းနည်းလမ်း တကျခွဲဝေကြရာတွင် အရှိန်အဟုန်မြှင့် ရှေ့သို့ပြောင်းလဲဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီ ဖြစ်ကြောင်းကို ယခုနှစ်ကမ္ဘာ့ရေနေ့(World Water Day) အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “အရှိန် အဟုန်မြှင့် ရှေ့သို့ကြိုးပမ်းပြောင်းလဲ ဆောင်ရွက်ခြင်း (Accelcration Charges)” ဟူသည့် ဆောင်ပုဒ်က မီးမောင်းထိုးပြလျက်ရှိပေသည်။

အဆိုပါ ကမ္ဘာ့ရေနေ့ကို မတ် ၂၂ ရက်တိုင်း ၁၉၉၃ ခုနှစ်မှစတင်၍ ရေနှင့်ဆက်စပ်သော အကြောင်းအရာ ပြဿနာများကို မတူကွဲပြားသည့် နည်းလမ်းများဖြင့် ဖြေရှင်းကြရန်၊ ရေဆိုင်ရာ လိုအပ်ချက်များ၊ ရေအရင်းအမြစ်များ ထိန်းသိမ်း ရန် လိုအပ်ချက်များ သတိပြုမိကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင်လည်း မိမိတို့၏နေ့စဉ်လူမှုဘဝတွင် ရေကိုအသုံးပြု သောက်သုံးခြင်းနှင့်စီမံခန့်ခွဲသည့် နည်းလမ်းများကို ပြောင်းလဲလုပ်ဆောင်ရာ “Be the change you want see in the world” ဟူ၍ တိုက်တွန်းနှိုးဆော်ထားသည်။

မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ် မှစ၍ ကိုဗစ်-၁၉ ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်အထိ (၆) ကြိမ်တိုင်အောင် နှစ်စဉ်ကျင်းပခဲ့ပြီး ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ” (National Water Resources Committee)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြန်လည်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်များ စီမံဆောင်ရွက်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိပေသည်။ မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်လျက် စီမံအုပ်ချုပ်လုပ်ကိုင်မှု ဆိုင်ရာ ဥပဒေများ စိစစ်ခြင်း၊ မူလအစိုးရဌာန အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းခြင်းတို့ကို အဆိုပါ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ဦးဆောင်၍ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

အဆိုပါကော်မတီမှပင် ရေကိုအခြေပြု၍ တရားမျှတသော ရေခွဲဝေမှုစနစ်၊ ပွင့်လင်းမြင်သာမှု ရှိသည့် ဘက်စုံရေစီမံခန့်ခွဲမှုစနစ်တို့ မြန်မာနိုင်ငံ၌ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သော ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ ရေအရင်းအမြစ်ကို ကဏ္ဍစုံတွင် အကျိုးထိရောက်စွာ သုံးစွဲနိုင်ရေး၊ ရေညစ်ညမ်းမှု ကာကွယ်​လျော့ပါးစေရေးနှင့် လေလွင့်ဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းပါးစေရေးတို့ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်။ ရေသယံဇာတနှင့် ဆက်စပ်သောမူလ အစိုးရဌာန အဖွဲ့အစည်းများမှလည်း အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ မထိခိုက်စေရန် ရည်ရွယ်လျက် ပူးပေါင်းကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။

ရေဓာတ်ပြည့်ဝသော အနာဂတ်ကမ္ဘာသစ်ဆီသို့

“Never Waste even a drop of water no water, no life and no blue, no green” ဟု ဆိုရိုး အတိုင်း ရေတစ်စက်၊ ရေတစ်ပေါက်မျှပင် အကျိုးမဲ့ ဆုံးရှုံးမခံသင့်ပေ။ ရေမရှိလျှင် သက်ရှိတို့ အသက်ရှင် နေထိုင်ရန် မဖြစ်နိုင်သလို ကမ္ဘာမြေပေါ်တွင် အေးချမ်းသော အပြာရောင်နှင့် စိမ်းလန်းလတ်ဆတ် သော အစိမ်းရောင်များ မြင်တွေ့နိုင်ရန် မဖြစ်နိုင်ပေ။

သဘာဝတရား၏ အကောင်းဆုံးလက်ဆောင်မွန်ဟု ဆိုရမည့် “ရေအရင်းအမြစ်” သည် ရှေးနှစ်ပေါင်း များစွာ ကမ္ဘာတည်သည့်အချိန်မှစ၍ ယနေ့တိုင်အောင် လူသားနှင့်သက်ရှိကမ္ဘာကို အကျိုးပြုခဲ့၊ အကျိုးပြုဆဲ၊ အကျိုးပြုနေဦးမည်သာဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများထဲတွင် အသိဉာဏ် ပညာနှင့် မြော်မြင်ဆင်ခြင်တုံတရား အမြင့်မားဆုံး ဖြစ်သည့် မိမိတို့လူသားများသည် ရေအရင်းအမြစ်ကို ပိုမိုတန်ဖိုးထားလေးစား၍ စည်းကမ်းနည်းလမ်း တကျသုံးစွဲသင့်ပေသည်။ မိမိတို့လူသားအချို့၏ အမြော်အမြင်နည်းပါးစွာဖြင့် စည်းကမ်းနည်းလမ်းမဲ့စွာ သုံးစွဲမှုတို့ကြောင့်လည်းကောင်း၊ စွန့်ပစ်ပစ္စည်း များနှင့် ခေတ်မီတိုးတက်လာသော လူ့အဖွဲ့အစည်း၏ ကာဗွန်နှင့်အခြား မလိုလားအပ်သော ဓာတ်ငွေ့ ထုတ်လုပ်မှုများကြောင့်လည်းကောင်း၊ ကမ္ဘာ့ရေထုကို ညစ်ညမ်းစေပြီး ရေဆိုင်ရာလိုအပ်ချက်များ ပိုမိုမြင့်တက်စေကာ ရေသံသရာကဲ့သို့ ဂေဟစနစ်များကိုလည်း များစွာထိခိုက်စေခဲ့ပြီး ဖြစ်သည်။ ရှေ့ဆက်၍ မိမိတို့အနေဖြင့် ရေဆိုင်ရာလိုအပ်ချက်များ မြင့်တက်လာမှု လျော့ကျစေရန်နှင့် မဖြစ်မနေ ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်းပေးရမည့် ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အရှိန်အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့တစ်ဦးချင်းစီ၏ လူမှုဘဝနေထိုင်မှုပုံစံများနှင့် ရေသုံးစွဲမှုပမာဏများကိုလည်း ဂရုပြုစီမံခန့်ခွဲကြစေလိုကြောင်း တိုက်တွန်း နှိုးဆော်ရင်း ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့ (World Water Day)ကို ဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပါသည်။     ။