Skip to main content

ချဲ့ကားပြောကြား ဝါဒဖြန့်မှုများ

မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူများကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိနေရသည်။

ထိုကဲ့သို့ဝါဒဖြန့်မှုများသည် အကြမ်းဖက်မှုကို အားပေးရာရောက် ကြောင်း အချို့ပြည်သူများက မသိနားမလည်သည့်အတွက် ထပ်ဆင့်ဖြန့်ဝေမှုများကိုလည်း တွေ့မြင်ရပါသည်။ ဥပဒေဆိုသည်မှာ မသိ နားမလည်ဟုဆိုကာ ခွင့်လွှတ်ပေးမည့် အရာမဟုတ်သည်ကို ကျွန်ုပ်တို့ပြည်သူများ သိရှိထားရန်လိုပါသည်။ ထိုသို့ဖြန့်ဝေမှုများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက် ရေး ဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့်ပစ္စည်းများကိုပါ သိမ်းဆည်းခံရနိုင်ပါကြောင်း ဦးစွာသိရှိထားရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသည်ဟု ဆိုသော်ငြား အများသူငါထိခိုက်နစ်နာစေခြင်း မရှိရန်လိုကြောင်း သဘောပေါက် ထားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်ပနိုင်ငံကြီးများက မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် အခြေအနေများ အပေါ် အမှန်အမှားရောပြွမ်း ဖော်ပြလာမှုများ တွေ့မြင်နေရပြီး ၎င်းဖော်ပြမှုများအပေါ် အကျင့်ပျက် မီဒီယာအချို့က ဝမ်းသာအားရ ပုံကြီးချဲ့ဖော်ပြလာမှုများလည်း တွေ့မြင်နေရသည်။ နိုင်ငံများအနေဖြင့် ၎င်းတို့ နိုင်ငံသား များ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် အသိပေးချက်များ ထုတ်ပြန်သည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်များပင်ဖြစ်ပါသည်။ မကြာ သေးမီရက်ပိုင်းကပင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် မြန်မာနိုင်ငံသို့ ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ၏ အခြေအနေနှင့်ပတ်သက်၍ သွားလာရန်မသင့်သော နေရာဒေသများအဖြစ် ဖော်ပြမှုများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်။ ထိုသို့ ဖော်ပြမှုများသည် ၎င်းတို့ နိုင်ငံသားများအတွက် အကြံပြုချက်မျှသာ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏အခြေအနေအပေါ် ချဲ့ကားပြောဆိုမှုများ ပါရှိကြောင်း တွေ့မြင်ရသည်။

ယင်းသို့ဖော်ပြမှုကို စည်းဝါးကိုက်ထားသည့်အလား အချို့သော ပြည်တွင်းမီဒီယာများက အားရဝမ်းသာစွာဖြင့် မြန်မာပြည်သူများအကြား အကြောက်တရား ကြီးထွားလာစေရန်နှင့် အစိုးရယန္တရား မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း တွေ့မြင်လာရသည်။ ယင်းမှာ အကြမ်းဖက်အားပေးသော ဖြန့်ဝေမှုမျှသာ ဖြစ်သည်။ ထိုသို့သော ရည်ရွယ်ချက်ပါရှိသည့် ဝါဒဖြန့်ချိမှုများသည် ပြည်တွင်း၌ အလုပ်ကိစ္စဖြင့် သွားလာနေကြရသည့် ပြည်သူများအတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ မကြာမီကာလတွင်လည်း သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပြည်တွင်းနေရပ်ပြန်ခြင်းများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ် နေသူများအနေဖြင့်လည်း မိခင်နိုင်ငံထံ ပြန်လည်ဝင်ရောက်လာမှုများ ရှိလာတော့မည်ဖြစ်ရာ ထိုသို့သောဝါဒဖြန့်မှုများက ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေရန် ရည်ရွယ်သော လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ရက်များမှ တစ်ဆင့် လုပ်ဆောင်နေသူများကို နိုင်ငံတော်အစိုးရက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသလို သတင်းထုတ်ပြန် အသိပေးမှုများ လည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။ နိုင်ငံတွင်း ဖြစ်ပွားနေသော CRPH၊ NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍လည်း အစိုးရအနေဖြင့် ထိရောက်စွာနှိမ်နင်းလျက်ရှိရာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းရာတွင် ပြည်သူများအနေဖြင့်လည်း နောင်လာနောင်သားများအတွက် ရှေးရှု၍ ယခင်ကထက် ပိုမိုပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။