အကျိုးစီးပွား ပဋိပက္ခနှင့် အဂတိလိုက်စားမှု
လင်းလက်နေခြည်
အကျိုးစီးပွားပဋိပက္ခဆိုင်ရာ ဖော်ညွှန်းချက်
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International-TI) က “အစိုးရ ယန္တရား၊ စီးပွားရေးလုပ်ငန်းများ၊ သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရသည့် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခု အနေဖြင့် လုပ်ငန်းတာဝန်အရ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် ကိုယ်ကျိုးစီးပွားတို့ အကြားရွေးချယ်ရန် ဒွိဟဖြစ်စေသည့် အခြေအနေတွင် အကျိုးစီးပွားများပဋိပက္ခဖြစ်ပေါ်သည်” ဟု ဖော်ပြထားသည်။ အောက်စ်ဖို့ဒ် အဘိဓာန်ကမူ “ရာထူးတာဝန်အရပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းတို့တွင် “ကိုယ်ကျိုးစီးပွား” ကို ဦးတည်သော ပြုမူဆောင်ရွက်မှုများသည် အကျိုးစီးပွားပဋိပက္ခ အခြေအနေပင်ဖြစ်သည်” ဟု ဖွင့်ဆိုထားသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိအားပေးအပ်ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို အများပြည်သူအကျိုးစီးပွားအတွက် ဦးတည်ဆောင်ရွက်ရမည့်အစား ရင်းနှီးသည့် မိတ်ဆွေများနှင့် ဆွေမျိုးများအတွက် မျက်နှာသာပေး ဆောင်ရွက်ခြင်းနှင့် အဖွဲ့အစည်းနှင့် အများပြည်သူအကျိုးထက် မိမိအကျိုးစီးပွားတိုးတက်ရေးကို ဦးတည်ဆောင်ရွက် ခြင်းတို့သည် အကျိုးစီးပွား ပဋိပက္ခများကို ဦးတည်သည့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေသည်။
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အကျိုးစီးပွား ပဋိပက္ခထိန်းချုပ်နိုင်မှု
မြန်မာနိုင်ငံတွင်လည်း အကျိုးစီးပွားပဋိပက္ခ ဖြစ်မှုများနှင့် အဂတိလိုက်စားမှုများကို သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကျိုးစီးပွားပဋိပက္ခနှင့် အဂတိလိုက်စားမှုများကို ကျူးလွန်ခြင်းမရှိစေရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်တို့တွင် အကျိုးစီးပွားပဋိပက္ခဖြစ်မှုများကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းထားသည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၀ (ည) တွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် “တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုခြင်းမှရှောင်ကြဉ်ရန်” နှင့် ပုဒ်မ ၁၀ (ဋ) တွင် “လာဘ်ပေးလာဘ်ယူပြုခြင်းမှ ရှောင်ကြဉ်ရန်” တားမြစ်ထားပြီးဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၀ (ဂ) တွင်လည်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို အထူးအလေးထားဆောင်ရွက်ရန်” သတ်မှတ် ပြဋ္ဌာန်းထားသည်။
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် ပုဒ်မ ၇ (ဌ) တွင်လည်း ဝန်ထမ်းများအနေဖြင့် “လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း သို့မဟုတ် တံစိုးလက်ဆောင်ယူခြင်း” တို့ကို မပြုလုပ်ရန်တားမြစ်ထားပြီး ပုဒ်မ ၇ (ဍ) တွင် “တာဝန်အရ ဆောင်ရွက်ရန်ရှိသည့် အလုပ် သို့မဟုတ် ပြုလုပ်ပေးခဲ့ရသည့် လုပ်ငန်းအတွက် ငွေကြေးအပါအဝင် အကျိုးခံစားခွင့်တစ်ခုခုကို တောင်းခံခြင်း၊ ရယူခြင်း၊ လက်ခံရန်သဘောတူခြင်း” တို့ကို မပြုလုပ်ရန် တားမြစ်ထားသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများသည် တာဝန်အရအပ်နှင်းထားသည့် အများပြည်သူ အကျိုးစီးပွားအတွက် လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြင့် အကျိုး စီးပွားပဋိပက္ခ အခြေအနေများနှင့် အဂတိလိုက်စားမှုများကို မဖြစ်ပေါ်စေရန် တားမြစ်ချက်များ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ အခန်း (၆)၊ ပုဒ်မ ၁၁ (စ) တွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် “ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်” ဟု ပြဋ္ဌာန်းထားသည်။ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် နယ်ပယ်ရှိ လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့နှင့် အကျိုးစီးပွားဆက်နွှယ်သည့် သူများအမည်ဖြင့် စီးပွားရေးလုပ်ငန်းအသွင် လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် ၎င်းတို့နှင့် အကျိုးစီးပွားဆက်နွှယ်သည့် ပုဂ္ဂိုလ်များက အဆိုပါ လုပ်ငန်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်၍ လွယ်လင့်တကူ ကျူးလွန် ဆောင်ရွက်ခြင်းမရှိစေရန် သတိပြုရမည် ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ပေါင်းကူးတံတားများဖြစ်သကဲ့သို့ နိုင်ငံတော်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုခိုင်မာစေရေးနှင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရေး အဓိကအရေးကြီးသည့် နယ်ပယ်တစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သင့်သည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် ပြဋ္ဌာန်း ထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကဲ့သို့သော ပြစ်မှုဆိုင်ရာ ဥပဒေများတွင် အကျိုးစီးပွား ပဋိပက္ခ ဖြစ်မှုများကို တားမြစ်ထိန်းချုပ်ထားသည့် ပုဒ်မများ ပါဝင်ရန်နှင့် ဥပဒေအာဏာ သက်ရောက်စေရေးတို့ကို စီမံဆောင်ရွက်လျက်ရှိသည်။ အကျိုးစီးပွား ပဋိပက္ခသည် နိုင်ငံ့ဝန်ထမ်းများ အဓိကပါဝင် ပတ်သက်သည့် အများပြည်သူဆိုင်ရာကဏ္ဍတွင် သာမက ပုဂ္ဂလိက ကဏ္ဍတွင်ပါ ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရသည့်အတွက် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်း များတွင် ကျင့်ဝတ်စည်းကမ်းများ သတ်မှတ်ရန်လိုအပ်မည် ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ကော်မရှင်ကျင့်ဝတ်
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိသည်။ စုံစမ်း စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် “(က) စွပ်စွဲတိုင်တန်းသည့် အကြောင်းအရာတွင် အကျိုးသက်ဆိုင်သူ (ခ) စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူအပေါ် မလိုမုန်းတီးသူ (ဂ) စွပ်စွဲ တိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် ဆွေမျိုးတော်စပ်သူ (ဃ) စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်နေသူ” တို့ကို စုံစမ်းစစ်ဆေး အဖွဲ့တွင် ပါဝင်ဖွဲ့စည်းခြင်းမပြုရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၂၄) တွင် ပြဋ္ဌာန်းထားသည်။ ဥပဒေအရ စုံစမ်းစစ်ဆေးမှုကို အကျိုးစီးပွားပဋိပက္ခ ပါဝင်ခြင်းမရှိဘဲ ဆောင်ရွက် နိုင်ရန် ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။
အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရသည့် ဝန်ကြီးဌာန/ အဖွဲ့ အစည်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝချင်း ကွဲပြားသဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပြင် သက်ဆိုင်ရာဌာနအလိုက် ကျင့်ဝတ်များ ရေးဆွဲထုတ်ပြန်ထားနိုင်မည်ဆိုပါက အကျိုးစီးပွားပဋိပက္ခ အခြေအနေများကို ပိုမိုထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ကျင့်ဝတ်တွင် ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် “အစိုးရပိုင်မော်တော်ယာဉ်၊ အိမ်ရာ၊ ရုံးပစ္စည်း ကိရိယာများနှင့် ဘဏ္ဍာငွေများကို အစိုးရလုပ်ငန်း တာဝန်နှင့် မသက်ဆိုင်သောနေရာများတွင် ပုဂ္ဂလိကအကျိုးအမြတ်ရရှိရန်အတွက် အသုံးပြု ခြင်းကို ရှောင်ကြဉ်ရမည်” ဟု အကျိုးစီးပွားပဋိပက္ခကို ထိန်းချုပ်နိုင်မည့် ပြဋ္ဌာန်းချက်ကို ထည့်သွင်းပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ဌာန၏ လုပ်ငန်းသဘောသဘာဝနှင့် ကိုက်ညီသော အကျိုး စီးပွားပဋိပက္ခကို ထိန်းချုပ်နိုင်မည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းထားသည့် ကျင့်ဝတ်များ ရေးဆွဲဆောင်ရွက်သင့်သည်။
လူအများစုအနေဖြင့် အဂတိလိုက်စားမှုဆိုသည့် အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိမှု နည်းသကဲ့သို့ တံစိုးလက်ဆောင် လက်ခံရယူခြင်းကဲ့သို့သော လာဘ်ပေးလာဘ်ယူမှု ပြုလုပ်မှသာ အဂတိလိုက်စားမှုမြောက်သည်ဆိုသည့် ယေဘုယျဆန်ဆန် နားလည်ထားကြရာ မိမိတို့ပြုမူ လုပ်ဆောင်သည့် လုပ်ဆောင်မှုသည် အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်နေခြင်း ရှိ/မရှိ နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အဂတိ လိုက်စားမှု မြောက်/မမြောက် ဆိုသည့် အချက်ကိုမူ သတိမမူမိကြဘဲ အဂတိလိုက်စားမှုများကို ကျူးလွန်မိမှန်းမသိ ကျူးလွန်နေတတ်ကြသည်။ ရာထူးတာဝန်အရ အပ်နှင်းထားခြင်းခံရသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ မိမိကိုယ်ကျိုး စီးပွားအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေ၊ အချိန်နှင့် ပစ္စည်းကိရိယာများကို အသုံးပြုကာ မိမိ၏ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင် ဆောင်ရွက်မှုများကဲ့သို့သော အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်စေသည့် အဂတိလိုက်စားမှုများကို သတိမမူဘဲ ကျူးလွန်နေတတ်ကြသည်။
သတိပြုဆင်ခြင်စေလို
သို့ဖြစ်ရာ အချို့သော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ကို ရောထွေးဆောင်ရွက်ကြခြင်းဖြင့် အဂတိလိုက်စားမှုများကို သတိမမူဘဲ ကျူးလွန်နေတတ်ကြသဖြင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ အကျိုးစီးပွားပဋိပက္ခကို ဖြစ်ပေါ်စေသော ပြုမူဆောင်ရွက်မှုများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်တို့အရ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရလည်းကောင်း အရေးယူခံရနိုင် သဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် အများအကျိုးနှင့် ကိုယ်ကျိုးစီးပွားကို ရောထွေးဆောင်ရွက်ကြခြင်းကို သတိပြုဆင်ခြင်သင့်ပါကြောင်း အသိပေးရေးသားလိုက်ရ ပေသည်။ ။
ရည်ညွှန်းကိုးကားသည့် စာအုပ်စာစောင်များစာရင်း
- နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊
- ကော်မရှင်ကျင့်ဝတ်၊
- Preventing and Managing Conflicts of Interest in the Public Sector, Good Practices Guide (World Bank, OECD, UNODC)
- အခြားအချက်အလက်များ