Skip to main content

ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးခြင်းသည်အင်အား

ခင်မြတ်လေး

ဤအပင်ကိုစိုက်လျှင် ဤအပင်မှအသီးကိုစားရမည်၊ ဤအပင်ကိုစိုက်လျှင် ဤအပင်မှအပွင့်ကိုပန်ရမည်ဟူသောအသိဖြင့် အသီးစားလိုသူက သီးပင်စိုက်သလို အပွင့်ပန်လိုသူက ပန်းပင်စိုက်ကြသည်။ မသီးမပွင့်သော်လည်း ကြီးမားသောအရိပ်၊ အေးမြသောအရိပ်ကိုပေးသည့် အပင်ကို အရိပ်ခိုလိုသူတို့ စိုက်ကြသည်။

ထိုနည်းတူစွာ တိုင်းပြည်အခြေအနေအရပ်ရပ်အတွက် အမြော်အမြင်ကြီးစွာဖြင့် ပြည်သူပြည်သားတို့ အရိပ်လည်းခိုစေ၊ အသီးလည်းစားစေ၊ အပွင့်လည်းပန်နိုင်စေရန် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားကိုစုစည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟူသည် အပင်ကြီးကို စိုက်ခဲ့ခြင်းဖြစ်ပါသည်။

မမြတ်လေး

၉-၂-၂၀၀၆

(စာရေးဆရာမကြီးမမြတ်လေး ၂၀၀၆ ခုနှစ်တွင် ရေးခဲ့သော စာစုလေးအား မူရင်းအတိုင်း ဝေမျှဖော်ပြလိုက်ပါသည်။)

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဆိုရိုးစကားအတိုင်း မောင်နှမ လေးယောက် ဆင့်ကဲဆင့်ကဲရိုသေခြင်း၊ ညှာတာခြင်းတို့ကြောင့် ယခုအသက်အရွယ် ၇၀ ကျော်များရှိနေပြီဖြစ်ကြသည့်တိုင် တစ်အိမ်တည်းနေ တစ်ရေတည်းသောက် ကျောချင်းကပ်၊ ရင်ချင်းအပ် စည်းစည်းလုံးလုံး ချစ်ခင်စွာနေနိုင်ကြသည်မှာ မိဘများ၏ဆုံးမသွန်သင်ခဲ့သော ကျေးဇူးကြောင့်ဖြစ်ပါသည်။

မိသားစုအတွင်းမှာ ချစ်ချစ်ခင်ခင်ရှိနေကြရသလို ဆွေမျိုးမိတ်သင်္ဂဟပတ်ဝန်းကျင်နှင့်လည်း မေတ္တာဖြင့် ချစ်ခင်စွာနေကြဖို့အမြဲအသိပေးခဲ့ပါသည်။ မိခင်ကြီးကွယ်လွန်ခါနီးမှာ စကားတစ်ခွန်းတည်းပြောခဲ့ပါသည်။

“ကျန်းမာအောင်နေပါချစ်ချစ်ခင်ခင်နေပါ” ဟူ၍ ဖြစ်ပါသည်၊

သူတော်ကောင်းစိတ်ဓာတ်

သူတော်ကောင်းစိတ်ကိုမွေးပြီး မိမိသည် သူတော်ကောင်းစည်းဝိုင်းထဲမှမထွက်မိစေရန် ဖခင်ကြီးနှင့်မိခင်ကြီးတို့က သားသမီးများကို လမ်းပြညွှန်ကြားခဲ့သဖြင့် မုဒိတာပွားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ပေးခြင်းများကို မောင်နှမတစ်တွေ နှလုံးသွင်းခဲ့ကြပါသည်။

“မေမေ... ဒီနေ့ဘယ်သူကဘယ်လို” စသည်ဖြင့် ကျောင်းကပြန်လာသည့်အခါ မိခင်ကြီးကို ရင်ဖွင့်လျှင် “သမီးရယ်လူတစ်ယောက်ကိုသူ့မှာ ဘာအကြောင်းအချက်ရှိနေလို့ ဒီလိုပြောတာလဲ ဆိုတဲ့ သူ့မှာရှိတဲ့အားနည်းချက်လေးကို စဉ်းစားကြည့်ပေးပြီး ခွင့်လွှတ်ပေးပါ” ဆိုတဲ့ မေမေဆုံးမ စကားလေးကြောင့် ဘဝမှာနေတတ်ခံစားတတ်ခဲ့ပါသည်။

ကင်းထောက်စိတ်ဓာတ်

တစ်လောက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ကြီး၏ ဖိတ်ကြားချက်အရ ကျွန်မတို့ကင်းထောက်မောင်နှမသုံးယောက်သည် “ကင်းထောက်နှင့်အသိအတတ်ပညာ” ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူလေးများကို သွားရောက်ရှင်းလင်းပြောပြခဲ့ကြသည်။

ကင်းထောက်အဖွဲ့ဝင်များအတွက် ကတိသုံးချက်နှင့် ကျင့်ဝတ်ဆယ်ပါးရှိသည်။ ကင်းထောက်ဖြစ်ရန် အခြေခံသင်တန်းတက်ခြင်းနှင့် စာမေးပွဲဖြေဆိုခြင်းပြီးဆုံးလျှင် ကတိသုံးချက်ကို ရွတ်ဆိုပြီးမှ ကင်းထောက်အဖြစ် အသိအမှတ်ပြုတံဆိပ်ပေးအပ်ခြင်းခံရသည်။

ကင်းထောက်သင်္ကေတကိုပြုလုပ်ရန် လက်ယာဘက်လက်သန်း၏ လက်သည်းခွံကိုလက်မဖြင့်အုပ်ကာ ကျန်လက်သုံးချောင်းကိုထောင်ထားရမည်။ လက်သုံးချောင်းသည် ကတိသုံးပါးကို သတိရစေရန်ဖြစ်သည်။

လက်သန်းကိုဖိထားသောလက်မသည် အားနည်းသူကို အားကောင်းသူက ကာကွယ်စောင့်ရှောက်သည့် သင်္ကေတဖြစ်သည်။ လက်မနှင့်လက်သန်းသည် ကမ္ဘာတစ်ဝန်းမှ ကင်းထောက်များ ညီညွတ်သည့်စည်းလုံးမှုကို ကိုယ်စားပြုသည်။

ကတိသုံးချက်ရွတ်ဆိုသည့်အခါတွင်လည်းကောင်း၊ ကင်းထောက်များ အချင်းချင်းတစ်ဦးကို တစ်ဦးအလေးပြုနှုတ်ဆက်ခြင်းများကိုလည်းကောင်း၊ ၎င်းသင်္ကေတဖြင့် တစ်ကမ္ဘာလုံးရှိ ကင်းထောက်များအားလုံး တူညီစွာလုပ်ဆောင်ကြပါသည်။ ကင်းထောက်ကတိသုံးပါး -

၁။ ကျွန်ုပ်သည် မိမိကိုးကွယ်သောဘာသာနှင့် တိုင်းပြည်အတွက် အကောင်းဆုံးအလုပ်လုပ်ပါမည်။

၂။ ကျွန်ုပ်သည် သူတစ်ပါးအား အချိန်မရွေးကူညီပါမည်။

၃။ ကျွန်ုပ်သည် ကင်းထောက်ကျင့်ဝတ်ဆယ်ပါးကို အမြဲလိုက်နာထိန်းသိမ်းရန် စွမ်းအားရှိသမျှဆောင်ရွက်ပါမည်ဟု ကျွန်ုပ်၏ဂုဏ်သိက္ခာကိုပဋ္ဌာနပြု၍ ကတိပြုပါသည်။

၎င်းကျင့်ဝတ်ဆယ်ပါးတွင်လည်း တစ်ပါးဖြစ်သော “ကင်းထောက်သည်အခက်အခဲကို ပြုံးရွှင်စွာရင်ဆိုင်သည်” ဟူသည်မှာ အများနှင့်ဆက်ဆံသည့်အခါမိမိသဘောနှင့်မတိုက်ဆိုင်လျှင်လည်း ပြုံးရွှင်စွာနားထောင်ပေးခြင်း၊ မိမိစိတ်ဒုက္ခရှိနေလျှင်လည်း အတတ်နိုင်ဆုံး ရွှင်ရွှင်ပြုံးပြုံးနေတတ်ခြင်းဖြင့် ညည်းတွားမြည်တွန်၍ ဒေါသကိုမပြဘဲ အခြားသောစိတ်မချမ်းသာသူများကိုလည်း ပျော်ရွှင်အောင်ဖန်တီးပေးခြင်းများသည် ကင်းထောက်ကျင့်ဝတ်တစ်ခုဖြစ်ပါသည်။

တစ်နည်းဆိုသော် “ကင်းထောက်စိတ်ဓာတ်” ပင်ဖြစ်ပါသည်။ ထို့ကြောင့် ကင်းထောက်စိတ်ဓာတ်နှင့် သူတော်ကောင်းစိတ်ဓာတ်များ မကွာခြားပါ။

ကင်းထောက်၏ကြွေးကြော်သံသည် “ ကောင်းမှုတစ်ခုနေ့စဉ်ပြု” ဖြစ်ပါသည်။

ကင်းထောက်ဆောင်ပုဒ်သည် “အစဉ်အသင့်” ဖြစ်ပါသည်။ သူတစ်ပါးအား အချိန်မရွေးကူညီရန် အဆင်သင့်ဖြစ်နေရပါမည်။

ပြည်ထောင်စုစိတ်ဓာတ်

ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အယူဝါဒကိုမျှ အခြေခံသည့် စိတ်ဓာတ်မဟုတ်ဘဲ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြစ်ပါသည်။

တစ်နည်းဆိုရသော် ပြည်ထောင်စုတိုင်းရင်းသားအားလုံး စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ မေတ္တာတူ မျှထားခြင်းသာဖြစ်ပါသည်။

ပြည်ထောင်စုတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးပေါင်း ၁၀၀ ကျော်ပါဝင်သည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းစည်းလုံးလုံးနေထိုင်နေကြပါ သည်။

“တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအားနှင့်ယူသော်ရ၏” ဆိုသကဲ့သို့ စည်းလုံးညီညွတ်ပါက အရာရာကိုအောင်မြင်နိုင်သောသဘောကို ဆောင်ပါသည်။

ပြည်သူတို့ စည်းလုံးညီညွတ်မှုကြောင့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ တည်ထောင်နိုင်ခဲ့ပါသည်။

သို့သော် စည်းလုံးညီညွတ်မျှပြိုကွဲခြင်းကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တို့ အနိုင်ယူစိုးမိုးအုပ်ချုပ်မှုကို ခံခဲ့ရပါသည်။

သို့သော် နိုင်ငံတော်လွတ်လပ်ရေး ပြန်လည်ရရှိခြင်းသည်လည်း တိုင်းရင်းသားတို့၏ သွေးစည်းညီညွတ်မှုကြောင့်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ်တွင်ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးသည် တိုင်းရင်းသားပြည်သူအပေါင်း၏ “ပြည်ထောင်စုစိတ်ဓာတ်” ကို ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။

ဒီလိုအခက်အခဲများကိုကျော်လွှားပြီး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် ရယူခဲ့ရသည့် ပြည်ထောင်စုလွတ်လပ်ရေးကြီး အဓွန့်ရှည်ခိုင်မြဲစေရန် တာဝန်မှာ တိုင်းရင်းသားအားလုံး၏ တာဝန်ဖြစ်ပါသည်။

ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သော

ပြည်ထောင်စုမပြိုကွဲရေး၊

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် အမျိုးသားရေးတာဝန်ကိုလိုက်နာရန် အရေးကြီးပါသည်။

ဒီလိုမျိုး လိုက်နာဆောင်ရွက်နိုင်ရန်အတွက်ကလည်း တစ်မျိုးသားလုံးစည်းလုံးညီညွတ်ခြင်း၏ အခြေခံဖြစ်သည့် “ပြည်ထောင်စုစိတ်ဓာတ်” ထာဝစဉ်ရှင်သန်ရေးသည် ပို၍လိုအပ်ပါသည်။

ဥမကွဲသိုက်မပျက်နေထိုင်ပြီး ကျောချင်းကပ်၊ ရင်ချင်းအပ် လက်တွဲမဖြုတ် တစ်စိတ်တစ်ဝမ်းတည်း ရှိကြရပါမည်။

ပြည်ထောင်စုတိုင်းရင်းသားတိုင်း တက်ကြွသောအားမာန် နိုးကြားသောသတိများ ထာဝစဉ်ရှိနေကြမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် နိုင်ငံတကာအလယ်တွင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည်စုံပါလိမ့်မည် ဖြစ်ပါသည်၊

ထို့ကြောင့် တစ်မျိုးသားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကမ္ဘာတည်သရွေ့ချစ်ခင်စွာစည်းလုံးကြပါစေကြောင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ဆုတောင်းမေတ္တာပို့သလျက်.........။   ။