မြန်မာ့ပဒေသရာဇ် ခေတ်နှောင်းကာလ နယ်ချဲ့ကိုလိုနီစနစ်အား တွန်းလှန်ရန် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်ရေး ကြိုးပမ်းခဲ့မှုများ
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီတည်နေရာ အနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် ဝေးကွာသော်လည်း ယနေ့လက်ရှိကာလတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ မိတ်ဆွေရင်း မက၊ ညီရင်းအစ်ကိုပမာ စိတ်ချင်း၊ နှလုံးသားချင်း ဆက်နွှယ်ရစ်ပတ်လျက် ရှိသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ သံတမန်ဆက်ဆံရေး စတင်ခဲ့ရာ ယခုနှစ်တွင် ၇၅ နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စိန်ရတုအချိန်ကာလနှင့် တိုက်ဆိုင်စွာပင် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းတစ်လျှောက် အထွန်းလင်းအတောက်ပဆုံး အချိန်ကာလပင်ဖြစ်သည်။ မူလရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် သိသာထင်ရှားစွာ တိုးတက် လာခဲ့ပေသည်။
နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ သမိုင်းကြောင်းအစဉ်အလာများစွာရှိခဲ့ ပါသည်။ ထို့ထက်ပို၍ပင် ဂေါတမမြတ်စွာဘုရားလက်ထက်က ဗျာဒိတ်တော်ရှိခဲ့ရာ ယခုဖြစ်ပေါ် တိုးတက်မှုသည် ကျမ်းဂန်လာ ဘုရားဟောနှင့်အညီ ဖြစ်သည့်အလျောက် ကျက်သရေမင်္ဂလာ အဖြာဖြာပြည့်ဝသော ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။
ဗျာဒိတ်တော် ကျမ်းဂန်လာစာကို တင်ပြရသော် “မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစောရေးသော ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိ-စာမျက်နှာ(၄၈)”တွင် ဖော်ပြထားသည်မှာ “ဗျာဒိတ်တော်လာ-မဟာ မိတ်” ဟု ခေါင်းစဉ်တပ်ထားပြီး အကျယ်မှာ “ထို့နောက် သောမကြွက်မင်းသည် မြေဆီမြေဥများကို တူးယူခဲ့၍ ထိုမြေဆီ မြေဥတို့ဖြင့် မြတ်စွာဘုရားအား ပူဇော် သက္ကာရပြုလေသည်။ ဤသို့ပူဇော်သည်ကို မြတ်စွာဘုရားခံယူတော်မူ၍၊ ပြုံးတော်မူသည်။ ပြုံးတော်မူသည့် အကြောင်းကို ညီတော်အာနန္ဒာက လျှောက်ကြားသော် - မြတ်စွာဘုရားက ချစ်သားအာနန္ဒာ - ဤသောမကြွက် မင်းသည် ငါဘုရား သာသနာတော်အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့တွင် ရုရှားလူမျိုးဖြစ်လတ္တံ့။ ထိုရုရှားလူမျိုး မင်းသည် လက်နက်စကြာအမျိုးမျိုးကို တတ်မြောက်၍ လက်နက်စကြာရှင်ဖြစ် လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှား မင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင် တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်ကြ လတ္တံ့” ဟူ၍ ဗျာဒိတ်စကား မြွက်ကြား တော်မူသည်။ ။ဤကား သာသနာ့သိုက်လာ ဒေသနာတော်အရဆိုသော အကြောင်းတည်း။” ဟု ဖြစ်သည်။ လွန်ခဲ့သော နှစ် ၂၅၀၀ ကျော်က ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်သည် ဒက်ထိကွက်တိ တိကျမှန်ကန်နေသည် ကို ယနေ့ကာလတွင် အံ့ဩဖွယ်ရာ တွေ့မြင်ရလေသည်။
ထိုသို့ ဘုရားဟောအစဉ်အလာနှင့်အညီ မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သူ ပဒေသရာဇ် ရှင်ဘုရင်များအနေဖြင့် ဗြိတိသျှတို့၏ ကိုလိုနီမဖြစ်မီကာလ အတွင်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးမြင့်အောင် ကြိုးပမ်းခဲ့ပုံများကို တင်ပြ လိုသည်။ မြန်မာနိုင်ငံ ကုန်းဘောင်မင်း ဆက်မှ ရေမြေ့အရှင်သခင် မင်းတုန်းမင်းတရားကြီးသည် ရုရှားနိုင်ငံနှင့်နှစ်ပြည့်တစ်ပြည် ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်ရေး ကြိုးစားခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရသည်။
ကင်းဝန်မင်းကြီး ပေးပို့သည့်စာတွေ့ရှိခဲ့သော အထောက်အထားမှာ အဂ္ဂမဟာသေနာပတိ အရေးပိုင် ဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန်ကင်းဝန်မင်းကြီး မင်းသတိုးမင်းကြီး မဟာမင်းလှစည်သူကျော်က ရုရှားနိုင်ငံယေရေဗန် (Yerevan) မြို့နေ အာမေးနီးယား သာသနာပိုင်ဘုန်းတော်ကြီး ဂျီဗို့ဂ် - ၄ (Gevorg-IV) ထံ ပေးပို့သည့်စာ ဖြစ်သည်။ ထိုယေရေဗန် (Yerevan) မြို့ သည် ယခုအခါ အာမေးနီးယားနိုင်ငံ၏ မြို့တော်ဖြစ်သော်လည်း ထိုအချိန်က ရုရှားအင်ပါယာ လက်အောက်ခံမြို့တော်တစ်ခုဖြစ်ပြီး အာမေးနီးယားသာသနာပိုင် ဘုန်းတော်ကြီး ဂျီဗို့ဂ် -၄ (Gevorg-IV) သည် ၁၈၆၅ ခုနှစ်မှ ၁၈၈၂ ခုနှစ်အတွင်း အာမေးနီးယား အော်သိုဒေါက်စ် ခရစ်ယာန် သာသနာပြုကျောင်းများ၏ သာသနာပိုင်ဘုန်းကြီးဖြစ်သည်။ ထိုကာလတွင် ရုရှားနိုင်ငံ၌ အော်သိုဒေါက်စ် ခရစ်ယာန် သာသနာပြုကျောင်းများ၏ သာသနာ ပိုင် ဘုန်းကြီးမရှိဘဲ လစ်လပ်နေချိန်ဖြစ် ပါသည်။ အဆိုပါစာကို သေနတ်ဝန် ကင်းဝန်မင်းကြီး မဟာမင်းလှစည်သူ ကျော်သည် မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် (ခရစ်နှစ် ၁၈၇၅) ခုနှစ်တွင် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထိုစာ၏ မူရင်းကိုပူးတွဲဖော်ပြအပ်ပြီး ထိုစာပါ အကြောင်းအရာမှာ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် နှစ်ပြည့်တစ်ပြည်မဟာမိတ်အဖြစ် ကောင်းမွန်စွာဆက်ဆံနိုင်မည့် အကြောင်းအရာများကို ကြံစည် မျှော်လင့်ခဲ့သည့်ကာလတွင် မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၇၃ ခုနှစ်) တန်ဆောင်မုန်းလတွင် ရုရှားနိုင်ငံမှ မစ္စတာအူပရင်ဆိုသူသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ထိုမစ္စတာအူပရင်ဆိုသူမှာ ခေတ်ပြိုင် စာရွက်စာတမ်းများအရ အာမေးနီးယား လူမျိုးသင်္ဘောပိုင်ရှင် ကုန်သည်မစ္စတာ အိုဗါနီးအာမီယာခန်း (Ovanes Amir-khan) ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရ သည်။
ထိုအချိန်တွင် ရုရှားနိုင်ငံ၏ ဘုရင်မှာအလက်ဇန်းဒါး-၂ (Alexander II) (နန်းစံ သက် ၁၈၅၅-၁၈၈၁) ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးမှာ အလက်ဇန်းဒါးဂေါ်ချာကော့ဖ် (Alexander Gorchakov) တာဝန် ထမ်းဆောင်သည့်ကာလ (၁၈၅၆- ၁၈၈၂) ဖြစ်ပါသည်။ ထိုသို့ မစ္စတာ အူပရင်လာရောက်သည်ကို မြန်မာပြည့်ရှင်မင်းတုန်းမင်းကြီးက အကြံအစည်များ အောင်မြင်ပြည့်မြောက်တော့မည်ဖြစ်ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာစွာ လက်ခံတွေ့ဆုံ၍ ကောင်းမွန်စွာ ဧည့်ခံခဲ့ပြီး မစ္စတာအူပရင်နှင့်အတူ စာလွှာပါးစေခဲ့ရာ စာပါအကြောင်းအရာမှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ဆောက်ရေးအစပြုရန် ရုရှားနိုင်ငံမှသင့်လျော်မည့် ဘုန်းတော်ကြီးတစ်ဦးကို မြန်မာနိုင်ငံသို့စေလွှတ် ပေးစေလိုကြောင်း ဖြစ်ပါသည်။
မင်းတုန်းမင်းကြီး ပါးလိုက်သည့်စာ အရ ရုရှားနိုင်ငံဘက်မှ ရုရှားအင်ပါယာ လက်အောက်ခံ အာမေးနီးယား၏ သာသနာပိုင်ဘုန်းတော်ကြီးက သင့်လျော် မည့် ဘုန်းတော်ကြီးတစ်ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းကို အာမေးနီးယန်းလူမျိုး မစ္စတာမြီနပ် ဆိုသူနှင့် စာလွှာပါးလိုက်ပြီး ထို ဘုန်းတော်ကြီး၏ ဓာတ်ပုံကိုပါ ထည့် ပေးလိုက်သည်။
မျက်နှာစုံညီ
ထိုပြန်စာရရှိ၍ မင်းတုန်းမင်းကြီးသည် အလွန်ဝမ်းမြောက်တော်မူခဲ့သည်။ ပြန်စာတွင် ပါရှိသည့်အတိုင်း အာမေး နီးယားဂိုဏ်းအုပ် ဘုန်းတော်ကြီး ဂရီဂိုရီ (Archbishop Gregory) သည် မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် (ခရစ်နှစ် ၁၈၇၈ ခုနှစ်) တပေါင်းလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘုန်းတော်ကြီးဂရီဂိုရီကို ချစ်ခင်ရင်းနှီးသော မဟာမိတ်အဖြစ် သဘော ထားကာ ကောင်းမွန်စွာ ဧည့်ခံပြုစုခဲ့ပြီး မျက်နှာစုံညီ တွေ့ဆုံခဲ့သည်။ ဘုန်းတော်ကြီးဂရီဂိုရီက မြန်မာနိုင်ငံ၏ ဘုရင်မင်းမြတ်နှင့် မှူးမတ်များကရုရှားနိုင်ငံနှင့် ချစ်ခင်ရင်းနှီးသော မဟာမိတ်အဖြစ် ဆက်ဆံရန် ဆန္ဒရှိကြသည်ကို ရုရှားနိုင်ငံ မှ ဇာဘုရင် အလက်ဇန်းဒါး-၂နှင့် နိုင်ငံခြားရေးဝန်ကြီး ဂေါ်ချာကော့ဖ်သိစေရန်ပြန်လည် ပြောကြားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ သဘောထားများကို မင်းတုန်းမင်းကြီးထံ စာပြန် သွားမည်ဖြစ်သည်ဟု စာတွင်ဖော်ပြ ထားခဲ့ပါသည်။
အဆိုပါစာနှင့် ပတ်သက်၍ Russia Review Journal (Vol.71, No.2 April 2012) ပါ ဆောင်းပါးရှင် K.A. snow ရေးသားသော “Russian as the ‘Western Other’ in Southeast Asia; Encounters of Russian Travelers in the Second Half of the Nineteenth Century” ဆောင်းပါးပါ အကြောင်း အရာများနှင့် ဆက်စပ်တင်ပြလိုပါသည်။
ထိုဆောင်းပါးတွင် မြန်မာဘုရင်မင်းတုန်းမင်းတရားကြီး၊ ထိုင်းဘုရင်မောင်းကွတ်နှင့် ထိုင်းဘုရင်ချူလာ လောင်ကွန်တို့သည် အာရှအရှေ့ဖျားနှင့် အရှေ့တောင် အာရှဒေသတွင် ရုရှား ရေတပ်၏ အင်အားကြီးထွားလာမှုကို ကောင်းစွာသတိပြုမိခဲ့ကြပြီး တရုတ်ပြည်ကို နယ်ချဲ့ရေးကြိုးပမ်းနေကြသည့် အခြားဥရောပ အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်လာမှုတို့ကိုပါ သတိထားမိခဲ့ ကြသည်။ ဗြိတိသျှနှင့်ပြင်သစ်တို့ကို တွန်းလှန်ရန်အတွက် အကူအညီပေး နိုင်မည့် အနောက်တိုင်းမှ ကွဲပြားခြားနားသော အခြားနိုင်ငံတစ်ခုအဖြစ်လည်း ရှုမြင်ခဲ့ကြသည်။ သို့သော် ရုရှား အင်ပါယာ၏ အရှေ့အာရှ ရည်မှန်းချက် များတွင် အရှေ့တောင်အာရှဒေသသည် ဗဟိုအာရှနှင့်တရုတ်နိုင်ငံတို့၏ နောက်တွင်သာရှိခဲ့သည်။ ၁၉ ရာစု အစောပိုင်းတွင် အရှေ့တောင်အာရှဒေသသို့ ဥရောပနိုင်ငံများ၏ ကိုလိုနီနယ်ချဲ့မှုများကို ရုရှားနိုင်ငံက သတိပြုမိခဲ့သော်လည်း ထိုဒေသရှိ နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ရန်အတွက်မူ အခြားဥရောပနယ်ချဲ့နိုင်ငံများနှင့် ထိပ်တိုက်တွေ့ဆုံခြင်းများ မဖြစ်လိုသဖြင့် သတိထား တုံ့ဆိုင်းနေခဲ့သည်။
၁၉ ရာစု အစ
၁၉ ရာစု အစပိုင်းတွင် ထိုအချိန်က ရုရှားလူထုသည် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) အကြောင်းကို ဂျာမန်နှင့် ပြင်သစ်ဘာသာမှ ပြန်ဆို ထားသော ဆောင်းပါးများမှတစ်ဆင့် သိရှိခဲ့ကြသည်။ ၁၈၂၀ ကျော်နှစ်များမှ စ၍ Russkii Invalid ၊ AziatskiiVestnik၊ Moskovskii Telegraf နှင့် Moskovskie Vedomosti စသည့် ဂျာနယ်များမှ တစ်ဆင့် မြန်မာနိုင်ငံသမိုင်းနှင့် နိုင်ငံ ဖွဲ့စည်းပုံ၊ ကုန်သွယ်ရေး၊ ဥပဒေများ၊ ကျောင်းများနှင့် ဘာသာရေးအကြောင်း တို့ကို လေ့လာနိုင်ခဲ့ကြသည်။ ၁၈၇၀ ပြည့်နှစ်များတွင်မူ ရုရှားခရီးသွားများက အာရှနှင့် အရှေ့တောင်အာရှဒေသမှ လူများ၏ကိုယ်တိုင်ပြောဆိုချက်များ၊ ထိုဒေသ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ထိုဒေသမှ လူများ၏ ရုရှားနိုင်ငံအပေါ်အမြင်များစသည်ဖြင့် ကိုယ်တွေ့ဖြစ်ရပ် များကို ပိုမိုစုံလင်သော အမြင်ရှုထောင့်များဖြင့် ရေးသားပြောပြလာနိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံ၏ပထဝီဝင်အနေအထား၊ နိုင်ငံဖွဲ့စည်းပုံနှင့် ကုန်သွယ်မှုများအကြောင်း အခြေခံအချက်အလက်များသည် ကျောင်းသုံးစာအုပ်များတွင် ပါရှိခဲ့သဖြင့် ကလေးလူငယ်များပါ လေ့လာနိုင်ခဲ့သည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂ ခုနှစ်) နှင့် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၈၅) ခုနှစ်များအကြောင်း ဆောင်းပါးများကြောင့်လည်း မြန်မာနိုင်ငံအတွင်း ဗြိတိသျှ၏ နယ်ချဲ့မှုအကြောင်းကို ရုရှား လူထုက သိရှိခဲ့ကြသည်။
၁၉ ရာစုနှောင်းပိုင်းတွင် အရှေ့တောင် အာရှဒေသအတွင်း ရုရှားနိုင်ငံ၏ အလား အလာရှိသော အခန်းကဏ္ဍကို ပထမဆုံးအာရုံစိုက်ခဲ့သော နိုင်ငံများတွင်မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ မင်းတုန်းမင်းသည် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂-၁၈၅၃) အပြီးတွင် မြန်မာနိုင်ငံ အနေဖြင့် ဗြိတိသျှတို့၏ ကျူးကျော် သိမ်းပိုက်မှုကို အောင်မြင်စွာ တွန်းလှန် နိုင်ရန်အတွက် အနောက်တိုင်း ခေတ်မီနည်းပညာနှင့် ပညာရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရုံသာမက အခြားဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်ရေး၊ သံတမန်ရေး၊ စစ်ရေး ဆက်ဆံမှုများကို ထူထောင်နိုင်မှဖြစ်မည်ဟု ယုံကြည်ခဲ့သည်။ မင်းတုန်းမင်းသည် လိမ္မာပါးနပ်၍ အမြော်အမြင်ကြီးမားသော ဘုရင်တစ်ပါးဖြစ်သောကြောင့် ပြင်သစ်၊ အီတလီတို့နှင့်သာမက ရုရှားအပါအဝင် အခြားသောဥရောပ နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးထူထောင်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
မင်းတုန်းမင်းကြီး၏ သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွင် အဓိကကျသောပုဂ္ဂိုလ်မှာ ကင်းဝန်မင်းကြီးဦးကောင်း (၁၈၂၂-၁၉၀၈) ဖြစ်သည်။ ဦးကောင်းသည် မင်းတုန်းမင်းလက်ထက်တွင် အစိုးရနှင့်သံတမန်ရေးရာ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ပြီး ဘွဲ့များစွာရရှိခဲ့သည်။ အဆင့်မြင့်ပညာတတ်အရာရှိကြီး တစ်ယောက်ဖြစ်ပြီး အနောက်နိုင်ငံများနှင့် ကောင်းစွာသိကျွမ်းသောသူဖြစ်သည်။ မြန်မာနန်းတွင်းတွင် ဝန်ကြီးချုပ်ရာထူးမရှိသော်လည်း ဥရောပသံတမန်များက ၎င်းကိုဝန်ကြီးချုပ်အဖြစ် သိကြသည်။ ကင်းဝန်မင်းကြီးဦးကောင်းသည် ဘုရင်၏ညာလက်ရုံး တစ်ဦးအနေဖြင့် ၁၈၇၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသွား မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ သည်။
အမြော်အမြင်အရှိဆုံးဝန်ကြီး
၁၈၇၂ ခုနှစ်တွင် အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်စေလွှတ်သော ချစ်ကြည်ရေးအဖွဲ့ကိုလည်း ဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် စည်းမျဉ်းခံဘုရင် စနစ်ကို ထူထောင်ရန်ပင် စိတ်ကူးရှိခဲ့ သော၊ လစ်ဘရယ်ဆန်သော ခေါင်းဆောင်တစ်ဦးအဖြစ် ဦးကောင်းကိုရည်ညွှန်းကြသည်။
အမြော်အမြင်အရှိဆုံးဝန်ကြီးတစ်ပါးဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးကို ထိန်းသိမ်းရန် သန္နိဋ္ဌာန်ရှိသော၊ အင်္ဂလိပ်နှင့်ပြင်သစ် ဘာသာစကားကိုပါ ကျွမ်းကျင်စွာ ပြောဆိုတတ်သည့် ဦးကောင်းသည် ရုရှားခရီးသွားများနှင့် အဆက်အသွယ်ရရှိရေးကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရုရှားကတစ်ဖက်၊ အော်တိုမန်အင်ပါယာ၊ ဗြိတိန်နှင့်ပြင်သစ်တို့က တစ်ဖက် ဖြစ်ပွားခဲ့ သော ခရိုင်းမီးယားစစ်ပွဲ (၁၈၅၃-၁၈၅၆) ကာလတွင် ရုရှားနိုင်ငံကို အလား အလာရှိသော မဟာမိတ်အသစ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ဗြိတိန်နှင့်ရုရှားနိုင်ငံတို့အကြား ကြီးမားသော အားပြိုင်မှုများ ကို တွေ့မြင်ခဲ့ကြပြီး ရုရှားနိုင်ငံကို မြန်မာ နိုင်ငံ၏ သံတမန်ရေး မဟာမိတ် (သို့မဟုတ်) ဗြိတိသျှကျူးကျော်မှုမှ ကာကွယ်သူအဖြစ်ပါ လုပ်ဆောင် ပေးနိုင်ရန် မျှော်လင့်စိတ်ကူးခဲ့ကြသည်။ မြန်မာဘုရင်နှင့်မှူးမတ်များသည် ဗဟိုအာရှဒေသနှင့် ပစိဖိတ်သမုဒ္ဒရာဒေသများသို့ ရုရှားနိုင်ငံ၏ အာရုံစိုက်မှု တိုးလာသည်ကို ဘာသာပြန်သတင်းစာ များမှတစ်ဆင့် သိရှိခဲ့ကြသည်။
ရုရှားအင်ပါယာလက်အောက်ရှိ အာမေးနီးယားဒေသမှ အာမေးနီးယားလူမျိုးများသည် အော်သိုဒေါက်စ် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြကာ ရုရှားနိုင်ငံကို ၎င်းတို့၏ကာကွယ် စောင့်ရှောက်သူအဖြစ် သဘောထားခဲ့ ကြပြီး ၁၈၃၆ ခုနှစ်တွင် ဂရီဂိုရီယန် သာသနာပြု ဘုရားကျောင်း (Gregorian Church) အသင်းတော်ကို ရုရှားအင်ပါယာ လက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသင်းတော်အဖြစ် ထူထောင်ခဲ့သည်။ မြန်မာနန်းတွင်းမှ အာဏာပိုင်များသည် နန်းတွင်းသို့အဝင်အထွက်ရှိသူ အာမေးနီးယားလူမျိုးကုန်သည်၊ ကုန်သင်္ဘောများပိုင်ရှင် မစ္စတာအိုဗါနီးအာမီယာခန်း (Ovanes Amirkham) (မစ္စတာအူပရင် ဟု ယူဆရသူ) ကို စည်းရုံးပြီး ၎င်းအသင်းတော်၏ ဘုန်းတော်ကြီးမှတစ်ဆင့် မြန်မာ-ရုရှားဆက်ဆံရေး တိုးတက်ရေး အတွက် အကူအညီရရှိရန် ကြိုးပမ်းခဲ့ ကြသည်။
၁၈၇၃ ခုနှစ် မတ်လတွင် ရတနာပုံနေပြည်တော်၌ မြန်မာဘာသာကိုလေ့လာနိုင်မည့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်ထောင်ပြီး သင်းအုပ်ဘုန်းတော်ကြီးတစ်ပါး ထားရှိရေးကိစ္စ အတွက် အာမေးနီးယား သာသနာပိုင် ဘုန်းတော်ကြီး ဂျီဗို့ဂ် - ၄ (Gevork-IV) ၏ ကိုယ်စားလှယ်ဖြစ်သော ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂရီဂိုရီ (Archbishop Gregory) သည် မြန်မာနိုင်ငံကို လာရောက်ခဲ့သည်။ ထိုဘုန်းတော်ကြီး မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ထိုဘုန်းတော်ကြီးမှတစ်ဆင့် ရုရှားသာသနာပြု ဘုရားကျောင်းတော် (Russian Church) ၏ သာသနာပိုင် ထံသို့ စာတစ်စောင်ရေးသားပြီး မြန်မာ- ရုရှား ဆက်ဆံရေး ထူထောင်ရန်အတွက် အကူအညီပေးရန် တောင်းဆိုခဲ့ သည်။
ထိုနှစ်ထဲမှာပင် မြန်မာမှူးမတ်များက မြန်မာနိုင်ငံသို့ရောက်ရှိလာသော မစ္စတာ အူရှာရော့ဗ် (Usharov) အမည်ရှိ မထင်မရှား ရုရှားဧည့်သည်တစ်ဦးအား မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရေး အကူအညီပေးရန် ရုရှားဘုရားကျောင်းတော် (Russian Church) သို့ အလားတူ စာတစ်စောင် ပေးပို့စေခဲ့သည်။ ထိုစာကို ရုရှားဘုရား ကျောင်းတော်ကလက်ခံရရှိခဲ့ပြီး ရုရှားအစိုးရထံသို့ ဆက်လက်ပေးပို့ခဲ့ရာ ရုရှားအစိုးရက ရင်းနှီးဖော်ရွေစွာ တုံ့ပြန်ခဲ့သော်လည်း တရားဝင်သံတမန်ဆက်ဆံရေးအတွက်မူ မယုတ်မလွန်သာ ပြန်ကြားခဲ့သည်။
အဆိုပါ လမ်းကြောင်းများမှ အောင်မြင်မှုအနည်းငယ်သာရရှိခဲ့သည့်အတွက် မင်းတုန်းမင်းသည် အခြားသွယ်ဝိုက်သော လမ်းကြောင်းများကို ထပ်မံရှာဖွေခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ဘုံဘေမြို့မှ ပါရှားကောင်စစ်ဝန်သည် မန္တလေးသို့ လာရောက်လည်ပတ်စဉ် မြန်မာဝန်ကြီးက ပါရှားနိုင်ငံမှ ရုရှားသံတမန် မစ္စတာအေအက်ဖ်ဘာဂါ (Mr. A.F Berger) မှတစ်ဆင့် ရုရှားနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ရေး အတွက် အကူအညီတောင်းခံခဲ့သည်။ သို့သော်လည်း ရုရှားပြည့်ရှင် ဇာဘုရင် အလက်ဇန်းဒါး-၂ (Alexander II) က မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ နိုင်ငံရေး နှင့် ကုန်သွယ်ရေး အကျိုးစီးပွားနယ်ပယ် ၏ ပြင်ပတွင်ရှိနေသောကြောင့် ဆက်ဆံ ရေးထူထောင်လိုခြင်း မရှိသေးကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဖြေကြားချက်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် တစ်ဖက်က သံတမန် ဆက်ဆံရေးထူထောင်လိုသကဲ့သို့ တစ်ဖက်ကလည်း ဗြိတိသျှရန်မှရုရှားနိုင်ငံ၏ အကာအကွယ်ပေးမှုအား လိုလားသည်ကို ရုရှားနိုင်ငံကရိပ်စားမိသဖြင့် ဗြိတိသျှတို့နှင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာစေမည့်ကိစ္စရပ်ကို ရုရှားနိုင်ငံအနေဖြင့် စွန့်စားလုပ်ဆောင်မှု မပြုလိုခြင်း ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)