ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်မည့် အစပျိုးသော နှစ်တစ်နှစ်ဖြစ်ပါစေ
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်ပါရှိသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု ဖော်ပြထားသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်က စဉ်ဆက်မပြတ် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ နိုင်ငံတော်၏ လက်ရှိပကတိလိုအပ်ချက်အရလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးသာ ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထာဝရချုပ်ငြိမ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အထင်အရှားဖြစ်ပါသည်။
စစ်ပွဲများသည်အဖြေမဟုတ်၊ ငြိမ်းချမ်းရေး လိုချင်လွန်း၍သာ
ငြိမ်းချမ်းရေးက အရေးကြီး၍ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကို စိန်ရတုငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး အကျပ်အတည်း အခက်အခဲများကြားမှ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ဦးစားပေးကိစ္စရပ် များစွာအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ငြိမ်းချမ်းရေးကို လိုချင်လွန်း၍ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ကမ်းလှမ်း ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့သည်။
တစိုက်မတ်မတ် ရပ်တည်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် NCA လမ်းကြောင်း ပေါ်တွင် အခြေခံ၍ အဖွဲ့အားလုံး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြဆဲဖြစ် သည်။ နိုင်ငံတော်အစိုးရဘက်ကတော့ တွေ့ဆုံဆွေးနွေးရေးအဖြေ ရှိကိုရှိသည်၊ ငြိမ်းချမ်းရေးကို အရယူနိုင်ရမည်ဟု စိတ်ပိုင်းဖြတ်ပြီးဖြစ်ပုံရသည်။ အကောင်းမြင်သည် အပြုသဘောဆောင်ပါသည်။
ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသက်တမ်းကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ စစ်ပွဲ၊ တိုက်ပွဲများသည် အဖြေမဟုတ်၊ တွေ့ဆုံညှိနှိုင်းမှုလမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးစားပွဲပေါ်မှာ အစဉ်တစိုက် အဖြေရှာနိုင်ရေး တံခါးအားလုံးဖွင့်ထားဆဲဖြစ်သည်။ ဖြစ်ချင်သည့် မိမိဒေသ၊ မိမိအဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုကြီး အကျိုးစီးပွားဘက်ကသာ ရပ်တည်ပြီး စိတ်စေတနာကောင်းဖြင့် သဘောထားကြီးမှုကို ပြသကြရမည့် အချိန်အခါကောင်းတစ်ခု ဖြစ်ပါသည်။
ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြီးစွာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားပေးခဲ့သည်မှာ ယခုနှစ်နှင့် ဆိုလျှင် ငါးနှစ်တိုင်ခဲ့ပါပြီ။ မြန်မာပြည်ဖွား ပြည်သူတစ်ဦးအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး မိမိတို့နေထိုင်ရာဒေသများရှိ သွေးချင်းညီအစ်ကို မောင်နှမတိုင်းရင်းသားများ၏ ဘဝနှင့်အကျိုးစီးပွားကို ငဲ့ကွက်ပြီး ထည့်သွင်းစဉ်းစားဖို့ အချိန်တန်ပြီဟု တောင်းဆိုချင်ပါသည်။
ဆင်းရဲမှုအပေါင်း ဒုက္ခများစွာကြားမှ စစ်ဘေးသင့်နေကြသည့် ကိုယ့်လူမျိုး၏အကျိုးကို သတ္တိရှိရှိ ဖော်ဆောင်ပေးကြစေလိုပါသည်။ သေနတ်သံများကြားတွင် အစာရေစာ ငတ်မွတ်နေသည့် သနားစရာ ဘဝများစွာရှိနေသည်။ ပညာငတ်နေသည့် ပညာမဲ့ ကလေးသူငယ်များစွာ ရှိနေသည်။ မငြိမ်းချမ်းမှု နွံအတွင်းတွင် အနာဂတ်မျိုးဆက်သစ် လူငယ်လေးများအတွက် ငြိမ်းချမ်းရေးအမွေကို ပေးစွမ်းဖို့ အချိန်တန်ပြီဟု မျှော်လင့်ချက်ရောင်ခြည်နှင့် ယူဆပါသည်။
ငြိမ်းချမ်းရေးအတွက် ငါးနှစ်ဆိုသောအချိန်သည် အချိုးအကွေ့များလှသော်လည်း စိတ်စေတနာ ကောင်း၊ ဆင်ခြင်တုံတရား၊ ပညာဉာဏ် အမြော်အမြင်နှင့် စတင်သော ခရီးလမ်းမှန်သမျှ ဖြောင့်ဖြူးသည်သာ ဖြစ်သည်။ ကိုင်ထားသောလက်နက်များ ဘေးချပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းမှ ရရှိလာသော ရလဒ်မှန်သမျှကို တိုင်းရင်းသားပြည်သူအပေါင်းက မျှော်လင့်တကြီးရှိနေကြသည်။ ဖြစ်နိုင်လျှင် လက်နက်ကို အပြီးအပိုင်စွန့်စေချင်ကြသည်။ လူသတ်လက်နက်နှင့် သွေးညှီနံ့ ဖုံးလွှမ်းနေသော ယမ်းခိုးများကို တိုင်းရင်းသားများ ရွံ့မုန်းနေကြပါပြီ၊ မငြိမ်းချမ်းမှုကို ငြီးငွေ့နေကြပြီ ဖြစ်ပါသည်။
ဒီနေ့တိုက်ပွဲရပ် ဒီနေ့အကျိုးရှိသည်သာ
ပြီးခဲ့သည့်နှစ်က စိန်ရတုငြိမ်းချမ်းရေးနှစ်၊ ယခုနှစ်ကား စိန်ရတုလွတ်လပ်ရေးနှစ်၊ နှစ်ပေါင်း ၁၀၀ ကျော် တိုင်းရင်းသားပြည်သူအပေါင်းတို့ အသက်ပေါင်းများစွာ၊ သွေးစက်၊ ချွေးစက်ပေါင်းများစွာ စတေးပြီးမှ လွတ်လပ်ရေးကို ရရှိခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပါလာသည့် နယ်ချဲ့ဆိုးမွေ ပြည်တွင်း ရောင်စုံလက်နက်ကိုင်ပဋိပက္ခတို့ကား မပြီးစီးနိုင်သေးပါ။ သို့သော် နိုင်ငံတော်၊ ပြည်သူနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် အလားအလာကောင်းသော သဘောတူညီချက်များ ရရှိပြီးဖြစ်သည်ဟု ကြားသိရ၍ တိုင်းရင်းသား ပြည်သူများအနေဖြင့်မူ ဝမ်းမြောက်ဝမ်းသာ ရှိကြမည်သာဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ပွဲများကား ဒီနေ့ရပ်စဲ၊ ဒီနေ့အကျိုးရှိသည်ဖြစ်၍ ငြိမ်းချမ်းရေးအရသာ အပြည့်အဝခံစားရဖို့ဆိုလျှင် လက်နက်ကိုင်အဖွဲ့အားလုံး စေတနာ၊ မေတ္တာရှေ့ထား၍ အလျင်အမြန်လက်တွဲပါဝင်ဖို့သာ လိုအပ်ပါသည်။
ကိုယ့်အကျိုးစီးပွားအရေးသည်လည်း ပြည်ထောင်စုအရေးပင်ဖြစ်
ယခုအချိန်ကား တကယ့်ရင်ထဲမှလာသော စေတနာမှန်၊ မေတ္တာအစစ်အမှန်ဖြင့် မိမိတို့ တိုင်းရင်းသားအကျိုးကို မိမိတို့က အမှန်တကယ်လိုလားကြောင်း ပြသရမည့် အချိန်အခါကောင်း လည်းဖြစ်သည်။ ကိုယ့်ဒေသ၊ ကိုယ့်အရေးသည်လည်း ပြည်ထောင်စုအရေးဟု ခံယူထားသင့်သည်။ အသေးစိတ်ကျသော စကားလုံးများ၊ ထုံမွမ်းထားသော စကားလုံးအယူဝါဒများဖြင့် ပိမနေဘဲ လက်တွေ့ကျသော ထိရောက်သည့် တွေ့ဆုံညှိနှိုင်းမှုအနုပညာဖြင့် ငြိမ်းချမ်းရေးရုပ်လုံး ပေါ်လာအောင် ကြိုးစားကြရမည့်ကာလလည်း ဖြစ်သည်။
သို့မှသာ နိုင်ငံတော်အစိုးရက လုပ်ဆောင်ပေးနေသည့် တိုင်းရင်းသားဒေသများရှိ ဧကန်အကျိုးရှိ မည့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ဌာနေတိုင်းရင်းသားတို့ကိုယ်တိုင် အမိအရ ရယူခံစား နိုင်မည်ဖြစ်ပါသည်။ မိမိတို့ဘဝများ လုံခြုံမှုရှိပြီး သာယာစိုပြည်မှ ကိုယ်စိတ်နှလုံးငြိမ်းချမ်းမည်ဆို သောအချက်သည် ငြိမ်းချမ်းခြင်း၏ တကယ့်အရသာလည်းဖြစ်သည်။ အေးချမ်းသာယာမှု အာမခံချက်ရှိမှလည်း တစ်ဖက်က တိုင်းရင်းသားများ လိုချင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးများ ရရှိလာမည်ဟု ယုံကြည်ပါသည်။
ဆိုလိုသည်က လက်နက်ကိုင်တိုက်ပွဲများဖြင့် ငြိမ်းချမ်းမှုမရှိသည့်ဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ပြုလုပ်ရန် အခက်အခဲများရှိနိုင်ပါသည်။ မအေးချမ်းလျှင် တိုင်းရင်းသားညီအစ်ကိုများ လိုချင်သည့် ဒီမိုကရေစီအခွင့်အရေး၊ အကြားအလပ်မရှိ ရွေးကောက်ပွဲများ ပြုလုပ်ပေးချင်သည့် နိုင်ငံတော်အစိုးရ၏ စေတနာ သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မည်။ ဖန်တီးပေးထားသော အခွင့်အလမ်း၊ ရယူဆုပ်ကိုင်ရမည့် အခွင့်အရေးများနှင့်အတူ သမိုင်းကောင်း တစ်ခုဖြစ်ပေါ်နိုင်ရန် ပို၍သတိထားပြီး သတိအပေါ်တွင် အသိယှဉ်၍ ဝီရိယစိုက် စေတနာရှေ့ထားကာ အားလုံးအတူတကွ လက်တွဲပါဝင်စေချင်ပါသည်။
လောကပါလတရားနှင့် ငြိမ်းချမ်းရေး
အထူးသဖြင့် ယခုလိုကာလမျိုးသည် မေတ္တာတရားအခြေခံ၍ ငြိမ်းချမ်းမှုကို အထူးအာရုံစိုက်ရ မည့်ကာလတစ်ခုဖြစ်ပါသည်။ ကရုဏာတရားအလေးထား၍ စာနာမှုကိုပြရမည့် အချိန်လည်း ဖြစ်သည်။ မုဒိတာတရား ရင်ဝယ်ထား၍ အေးချမ်းမှုကို ရှာရမည့် ကာလလည်းဖြစ်သည်။ မေတ္တာတရား ငတ်နေသူများ အများအပြားရှိနေသည်။ ကရုဏာလိုချင်သူများ တွေ့နေရသည်။ အချို့ဒေသများတွင် ငြိမ်းချမ်းမှုအကျိုးကြောင့် မိမိတို့ဒေသထက် ပို၍တိုးတက်ဖွံ့ဖြိုးနေသည်ကို မြင်ရလျှင် မုဒိတာပွား၍ ကိုယ့်ဒေသကိုလည်း ငြိမ်းချမ်းအောင်၊ ပို၍ ချမ်းသာသုခဖြစ်အောင် ကြိုးစားနိုင်စွမ်းရှိရမည်ဖြစ်သည်။
ဒီလို လောကပါလအခြေခံတရားမျိုးများသည် ငြိမ်းချမ်းရေး၏ အခြေခံဖြစ်၍ အဖွဲ့အစည်းတစ်ခု တည်းကချည်း ရှေးရှုဦးဆောင်နေ၍လည်းမရ၊ အဖွဲ့အားလုံးပါမှရပေမည်၊ တိုင်းရင်းသားပြည်သူ အားလုံး ပါရပါမည်။ ပြည့်အင်အားသည် မိမိပြည်တွင်းမှာသာ ရှိသည်။ ကိုယ့်အမျိုးသားများ ညီညွတ်ဖို့၊ စည်းလုံးဖို့ ကိုယ့်ပြည်တွင်းအားကိုသာ အားကိုးအားထားပြုရမည် ဖြစ်သည်။ ပြင်ပ မည်သည့်အဖွဲ့အစည်းမျိုးကမျှ မိမိပြည်တွင်းအရေး ဝင်ရောက်ဖြေရှင်းရန် လုံးဝမလိုအပ်သည်ကို နားလည်သိရှိထားကြရန်လိုပါသည်။ မိမိပြည်တွင်းအင်အားသည်သာ မိမိတို့၏ အင်အားအစစ် အမှန်ဟု ခံယူထားသင့်ပါသည်။
ငြိမ်းချမ်းခြင်း၏ ဆန့်ကျင်ဘက်များ ဖယ်ရှား ပြည်ထောင်စုစိတ်ဓာတ်ထွန်းကား
အထက်ပါတင်ပြခဲ့သလို လောကပါလတရားများသာ သက်ဆိုင်သူအားလုံးတွင် ကိန်းအောင်း သွားလျှင် ငြိမ်းချမ်းရေး၏ဆန့်ကျင်ဘက် လောဘ၊ ဒေါသ၊ မောဟများ နည်းပါးသွားမည်သာ ဖြစ်သည်။ အမုန်းများကင်းဝေးပြီး အာဃာတအငြိုးအတေးများကိုလည်း ဖယ်ရှားသွားနိုင်မည်ဟု ယုံကြည် သည်။ တစ်ဖွဲ့အပေါ်တစ်ဖွဲ့ အထင်သေးခြင်း၊ မထေမဲ့မြင်ပြုခြင်း၊ ပုတ်ခတ်စော်ကားခြင်း၊ ချုပ်ချယ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ရန်လိုခြင်း၊ တိုက်ခိုက်သတ်ဖြတ်ခြင်းများ မှလည်း ကင်းဝေးမည်မှာ အမှန်ဖြစ်သည်။ သံသယများခြင်း၊ မလိုအပ်သောအတ္တမာန်မာနများ၊ စိုးရိမ်သောကများသည် ငြိမ်းချမ်းရေး၏ ဆူးငြောင့်ခလုတ်များသာ ဖြစ်သည်ကို သတိထားရမည် ဖြစ်သည်။ ယင်းအချက်များက အေးအတူပူအမျှ ယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန် အသိအမှတ်ပြု လေးစားခြင်း၊ တန်းတူရည်တူရှိခြင်း စသည့်ပြည်ထောင်စု စိတ်ဓာတ်များကို လျော့ပါးသွားစေနိုင်ပြီး စည်းလုံးညီညွတ်မှုကို အကြီးအကျယ် ထိခိုက်စေနိုင်သလို ငြိမ်းချမ်းခြင်း၏ အရသာကို ခံစားရဖို့လည်း ဝေးကွာ သွားနိုင်ပါသည်။ နောက်ဆုံး .. အကာအကွယ်မဲ့ မြေစာပင် တိုင်းရင်းသားပြည်သူအပေါင်းသာ နှလုံးစိတ်ဝမ်းမအေးချမ်း ဆင်းရဲဒုက္ခများကြရသည်။ ထို့ကြောင့်လည်း မငြိမ်းချမ်းမှုဒဏ်ကို လက်တွေ့ ခါးစည်းခံနေရသူအပေါင်းက ငြိမ်းချမ်း ရေးအိပ်မက်ကို နှစ်ပေါင်းများစွာ မက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုလို သမိုင်းအချိုးအကွေ့တစ်ခု ကြုံတွေ့ခိုက်မှာလည်း စိန်ခေါ်မှုများစွာ ရှိနေသည့်ကြား မှပင် သူတို့၏မျှော်လင့်ချက်ကို မလျှော့ဘဲ ဆက်လက် မျှော်လင့်နေကြဆဲဖြစ်သည်ကို တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို အလေးအနက်ထားသော၊ တိုင်းရင်းသားများအား ကိုယ်စားပြုသည်ဆိုသော တိုင်းရင်းသားခေါင်းဆောင်များ သိစေချင်သည်။
ဘာပဲပြောပြော ငြိမ်းချမ်းရေးခရီးမှာ စိတ်ရှည်လက်ရှည် သည်းခံစိတ်အပြည့်ဖြင့် လက်တွဲပါဝင် ကြိုးပမ်းအားထုတ်ခဲ့ကြသူတိုင်းကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကျေးဇူးတင် ရှိနေကြပါသည်။ ပြည်ထောင်စုသစ္စာတည်၍ ပြည်ထောင်စုရင်ခွင် အောက်တွင် မခွဲမခွာပါဝင်ခဲ့သူတိုင်း၏ သမိုင်းမှတ်တမ်းကောင်းများကား အမှတ်တရ ထာဝရတည်ရှိနေမည် ဖြစ်သည်။
သမိုင်းအတွေ့အကြုံကောင်းများစွာ ရရှိခဲ့ပြီးဖြစ်သလို အတိတ်သင်ခန်းစာယူစရာများလည်း ရယူခဲ့ပြီးဖြစ်၍ အားနည်းချက်များမှ အားသာချက်များကို ဖော်ထုတ်နိုင်စွမ်းဖြင့် အဖြေရှာနိုင်သည်။ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထား ချက်များနှင့် NCA ဆိုသော အခွင့်အလမ်းတို့ကို အမိအရဆုပ်ကိုင်နိုင်ရန် လိုအပ်ပါမည်။ ကိုလိုနီ လက်သစ် ပြည်ပစွက်ဖက်မှုများနှင့်တကွ အတ္တ အကျိုးစီးပွားအချို့ကတော့ စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်။ ပြည်ထောင်စုအရေး ခွဲခြမ်း စိတ်ဖြာ၍ စိတ်ကူးစိတ်သန်း အသစ်များဖြင့် ပြည်ထောင်စုအကျိုးစီးပွားဘက်က ရပ်တည်နေသမျှ အရာအားလုံး ကျော်လွှားနိုင်မည်သာဖြစ်သည်။ သို့မှသာ ငြိမ်းချမ်းရေးပန်းတိုင်အရောက် လှမ်းပြီး မျှော်လင့်တမ်းတ ပြည်သူ့ဆန္ဒကို အလေးအနက်ထား ဖြည့်ဆည်းရာရောက်မည် ဖြစ်ပါကြောင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ ။
ဒေါက်တာမြတ်မိုး