ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ခရီးဆက်နေသော နှစ်ပြည်ထောင်မိတ်ဖက်ဆက်ဆံရေး
မိုးကေနိုင်
ကမ္ဘာမှာ တည်ငြိမ်အေးချမ်းမှုပြယုဂ်တစ်ခုကို ပြပါ ဆိုရင် မိတ်ဆွေပေါများခြင်းဆိုတဲ့ အမှတ်လက္ခဏာ တစ်ခုကို ချန်ရစ်ထားလို့ မရပါဘူး။ လက်ရှိကမ္ဘာကြီး ဟာ ငြီးငွေ့စရာအတိ၊ စိုးရိမ်မှုတွေနဲ့ ပြည့်လို့နေပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး အသွင်မတူမှုတွေ၊ ကွဲပြားမှုတွေကြားမှာ ပဋိပက္ခတွေ နေရာအနှံ့တွေ့နေရပါတယ်။
ကမ္ဘာနဲ့ချီပြီး ငြိမ်းချမ်းရေး တိုးတက်တည်ဆောက်ဖို့ဝေးစွ။ မူလကတည်းက မတည့်ရန် စောင်နေသူတွေကြားမှာ ပိုပြီးတင်းမာလာနေတာ တွေ့နေရတယ်။ တည်ငြိမ်မှုနဲ့ပိုပြီး အလှမ်းဝေးလာ နေတယ်။ မူလကမိတ်ဆွေတွေဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာ ရန်သူသဖွယ် အဆိုးဘက် ဦးတည်လာနေကြပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးသားရေး အကျိုးစီးပွားဦးစားပေး အခြေခံစဉ်းစားလာကြတဲ့အခါ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူမရှိ ဆိုတဲ့မှတ်ချက်က ရေပန်းစားလာပါတယ်။
မိတ်ဆွေကောင်းတစ်ဦးနှင့် မိတ်ဆွေဖြစ်ရခြင်း အကျိုးရလဒ်ကား
ယနေ့ကမ္ဘာ့မျက်မှောက်အခြေအနေအရတော့ မိတ်ဆွေရှားလာပါပြီ။ မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ရှားသည်ထက် ရှားလာပါပြီ။ တစ်ချိန်လုံး ကိုယ့်နိုင်ငံကို ဘယ်တော့မှ အကောင်းမမြင်၊ ဒုက္ခပေးမယ် ဆိုတာချည်းပဲဆိုတဲ့ နိုင်ငံတွေကြား၊ ကိုယ့်အကျိုးစီးပွားကိုသာ အဓိကထား ဦးထိပ်ထားသူတွေကြားမှာ မိတ်ဆွေအစစ်အမှန်ရှိဖို့၊ ရဖို့ဆိုတာ မလွယ်လှပါဘူး။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရား၊ နားလည်မှုနဲ့ စာနာစိတ်တွေဟာ မိတ်ဆွေကောင်းတစ်ဦးရဲ့ အခြေခံအမှတ်အသားတွေပါပဲ။
မိတ်ဆွေကောင်းတို့မည်သည် ကိုယ့်အတွက် သာမကကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း အရေးပါသူတစ်ဦးဖြစ်ဖို့ လိုအပ်သလို နိုင်ငံတစ်နိုင်ငံအနေနဲ့ဆိုရင်လည်း တကယ့်မိတ်ဆွေ နိုင်ငံကောင်းတစ်နိုင်ငံနဲ့ မိတ်ဆွေဖြစ်မိတဲ့အတွက် ကိုယ့်နိုင်ငံအတွက်သာမက ကိုယ့်ဘေးဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကိုယ့်ဒေသအကျိုးအတွက်ပါ၊ နောက်ဆုံးကမ္ဘာကြီးအတွက်ပါ အကျိုးဖြစ်ထွန်းမှုရလဒ်ကောင်းများစွာ သယ်ဆောင်ပေး နိုင်သူဖြစ်ရပါလိမ့်မယ်။ ထိုနိုင်ငံနဲ့ မိတ်ဆွေဖြစ်ခြင်းရဲ့အကျိုးက မိမိနိုင်ငံဟာ မိမိတည်ရှိရာ ဒေသကြီးအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆုံချက် တစ်ခုဖြစ်လာနေတာဆိုရင် အလွန်ပင် ဝမ်းမြောက် ဝမ်းသာဖြစ်ရပါလိမ့်မယ်။
တည်ငြိမ်အေးချမ်းရေးကွက်လပ်တစ်ခု ဖြည့်ဆည်းပေးလျက်ရှိ
ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံ အကြား တကယ့်မိတ်ဆွေအရင်းအချာ ညီရင်းအစ်ကိုများအဖြစ် ကြိုးပမ်းတည်ဆောက်နိုင်မှုဟာ အထက်ပါသာဓကရလဒ်ရဲ့ ပြယုဂ်တစ်ခုအဖြစ် မြင်မယ်ဆိုပါက မြင်လို့ရပါပြီ။ နှစ်နိုင်ငံကြား တုနှိုင်းလို့မရတဲ့ ချစ်ကြည်ရင်းနှီးမှုဟာ မိမိနိုင်ငံအတွက် သာမကမိမိဒေသကြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ပေါင်းကူးတံတားတစ်ခု ဖြစ်လာနေပါတယ်။
ဒေသတွင်းပဋိပက္ခတွေနဲ့ ကမ္ဘာစစ်နှုတ်ခမ်းဝ နီးလာနေတဲ့ ဒီကမ္ဘာကြီးမှာ တာဝန်မဲ့စွာ မနေသင့်ဘဲ ဒေသဆိုင်ရာဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ဖို့ ကိုယ်စီတာဝန်ရှိကြတယ်လို့ မြင်မိပါတယ်။ ဒီကွက်လပ်ကို ရုရှား- မြန်မာ ချစ်ကြည်ရေးက ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုကို အဟန့်အတားလုပ်နေကြခြင်းကသာ တာဝန်မဲ့ခြင်း ဖြစ်နေပါတယ်။
ကမ္ဘာ့နေရာအတော်များများမှာ တရားမျှတမှု ကင်းမဲ့နေခြင်းနဲ့ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ် ပပျောက်ရေးအတွက်ဆိုရင် ခိုင်မာတဲ့ ယုံကြည်မှုတွေ နဲ့သာ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ရုရှား- မြန်မာချစ်ကြည်ရေးနဲ့ ရေရှည်မဟာမိတ်တွေအဖြစ် တိုးတက်ဖြစ်ထွန်းမှုက ယနေ့ကမ္ဘာကြီးမှာ အရေး တကြီးလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းမှုအတွက် တွန်းအားတစ်ခု သက်ရောက်မှုတစ်ခု ဖြစ်လေမလား၊ နှစ်နိုင်ငံ ပြည်သူတွေက စောင့်ကြည့်နေကြမှာ ဖြစ်သလို ငြိမ်းချမ်းမှုလိုလားတဲ့ ကမ္ဘာ့ပြည်သူတွေ ကလည်း စောင့်ကြည့်မျှော်လင့်နေကြမှာ မလွဲပါဘူး။ မြန်မာနိုင်ငံ ပြည်သူတစ်ယောက်အနေနဲ့တော့ ရုရှား-မြန်မာချစ်ကြည်ရေးကို ယုံကြည်မှုအပြည့်၊လေးစားမှုအပြည့်နဲ့ အကောင်းမြင် အပြုသဘော မျှော်လင့်ထားပြီး ဖြစ်ပါတယ်။
ဖိအားအကျပ်အတည်းများစွာအတွက် ဖြေဆေးများရှိလာနေပါပြီ
ကမ္ဘာ့နေရာတစ်ခုက အခက်အခဲ အကျပ်အတည်း တစ်ခုဟာ ကမ္ဘာ့အခြားနေရာများစွာအပေါ် အနည်း နဲ့အများ သက်ရောက်မှု ရှိတတ်ပါတယ်။ တစ်နိုင်ငံရဲ့ အခက်အခဲဟာ အခြားနိုင်ငံတွေနဲ့လည်း သက်ဆိုင် ပါတယ်။ ရုရှား- မြန်မာ ချစ်ကြည်ရေးပုံစံကို ကြည့်ရင် ဖိအားအပြည့်နဲ့ နိုင်ငံတွေအတွက်တော့ နမူနာယူစရာ မိတ်ဖက်ပုံစံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံအတော်များများဟာ ကိုဗစ်- ၁၉ ကပ်ကြီးနဲ့ အတူ စီးပွားရေး တုံ့ဆိုင်းကျဆင်းမှု၊ လောင်စာ စားနပ်ရိက္ခာမလုံလောက်မှုစတဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေဆိုးတွေကနေ ကျော်လွှားလွန်မြောက် လိုကြပါတယ်။ အခုလို အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ၊ ရနိုင်တဲ့ အဖြေတစ်ခုက ယုံကြည်ရပြီး ခိုင်မာအားကောင်းတဲ့ မိတ်ဆွေအစစ်အမှန်ကို ရှာဖွေပိုင်ဆိုင်နိုင်ကြဖို့နဲ့ စစ်မှန်တဲ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တစ်ခုမှာ ပါဝင်နိုင်ကြဖို့ပါပဲ။
၂၀၂၂ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေမှာ ကျင်းပပြီးစီးခဲ့ကြတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကြီး East Economic Forum နဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO)တွေကို အကဲဖြတ်ကြည့်ရင် သိနိုင်ပါတယ်။ ယနေ့ကမ္ဘာ့ပြည်သူတွေ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာက ပြည်သူတွေအတွက် အဆိုပါ EEFနဲ့ SCO ယုံကြည်မှု ပလက်ဖောင်းတွေကို ဖြေဆေးတစ်ခုနှယ် မြင်ယောင်မိပါတယ်။ ရုရှားနဲ့တရုတ်နိုင်ငံတို့ ဦးဆောင်လာနိုင်တဲ့ ပထဝီနိုင်ငံရေး၊ စီးပွားရေးဆုံချက် ပြောင်းလဲလာနေတဲ့အနေအထားတွေကို သတိပြုမိဖို့လိုပါမယ်။ မေတ္တာတရားခေါင်းပါးပြီး လောဘဇောတိုက်နေတဲ့ ယခုလိုကမ္ဘာကြီးရဲ့ အနေအထားတစ်ခုမှာ မိမိအားကိုးရမယ့်သူဟာ နောက်ကျောဓားနဲ့ထိုးမယ့်သူလား၊ ကမ္ဘာမီးလောင် သားကောင်ချနင်း၊ မြေနိမ့်ရာ လှံစိုက်မယ့်သူလား မျှော်တွေးရှာဖွေ ချဉ်းကပ်နိုင်ရပါမယ်။ မိမိတို့ရဲ့ မိတ်ဆွေဖြစ်မယ့်သူဟာ မျှမျှတတနဲ့ အပြန်အလှန်မျှဝေနိုင်စွမ်းအား ကြီးသူ၊ အကူအညီလိုအပ်တဲ့အချိန် ကူညီဖေးမနိုင် စွမ်းရှိသူသာ ဖြစ်သင့်သလို ဒုက္ခပေးမယ့်သူ မဖြစ်သင့်၊ ဒုက္ခရောက်နေစဉ် ရှောင်ပြေးသူမဖြစ်သင့်ဘူးလို့ဘဲ ယူဆမိပါတယ်၊၊
သင်ခန်းစာယူသင့်တာကိုယူပြီး လက်တွဲဆောင်ရွက်ကြမယ်
ကမ္ဘာ့နေရာအချို့မှာ စစ်မှန်တဲ့ မဟာမိတ်ဖြစ်မှုဟာ အရေးကြီးသွေးနီးတယ်ဆိုတဲ့ သာဓကတွေ အများကြီး ရှိနေပါတယ်။ ကိုယ့်လုပ်ရပ်ကြောင့် စီးပွားရေးပိတ်ဆို့မှု တစ်ခုခုကြောင့်ပဲ ဆိုပါတော့။ ကိုယ့်ရဲ့ ရန်ဘက်နိုင်ငံတစ်နိုင်ငံကို စီးပွားရေးဒဏ်ခတ်လိုက်လို့ ကိုယ့်ရဲ့လက်တွဲဖော် မဟာမိတ် နိုင်ငံတွေ ဘယ်လိုဘယ်ပုံ ထိခိုက်သွားကြသလဲ.။ စွက်ဖက်တုန်းက ဝင်ရောက်စွက်ဖက်ခဲ့ပြီးမှ ကိုယ့်အကျိုးစီးပွားနဲ့ ဆန့်ကျင်လာတဲ့အခါ ကိုယ့်ရဲ့မဟာမိတ်နိုင်ငံတစ်နိုင်ငံအပေါ် ဖြစ်ချင်ရာဖြစ်ထား၊ ကိုယ်လွတ်ရုန်းသွားတဲ့ နိုင်ငံတစ်နိုင်ငံအပေါ် ဘယ်လိုအခြေအနေမျိုးမှာမှ ယုံကြည်မှုထားလို့ မရတဲ့အပေါ်မှာ သင်ခန်းစာယူနိုင်ဖို့ လိုပါတယ်။
ကိုယ့်ရဲ့ မဆင်မခြင်လုပ်ရပ်တစ်ခုကြောင့် ကိုယ့်မိတ်ဆွေတွေ ဒုက္ခရောက်မယ့်အရေး မဆန်းစစ်နိုင် လောက်အောင် အတ္တကြီးသူတွေကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုတာကို မြင်တတ်ဖို့လိုပါတယ်။ ဒါဟာ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတု ခြားနားချက်တွေထဲက တစ်ခုပါပဲ။ မြန်မာနဲ့ရုရှား ဆက်ဆံရေးမှာတော့ အခုလိုကမ္ဘာ့သမိုင်းဖြစ်ရပ်တွေအပေါ်မှာ သုံးသပ်ဆင်ခြင်ပြီး အမြော်အမြင်ရှိရှိနဲ့ သင်ခန်းစာယူသင့်တာကိုယူ၊ နားလည်မှုရှိရှိ ဆက်လက်လက်တွဲ ဆောင်ရွက် ကြမယ့် အနေအထားတစ်ခု ထင်ထင်ရှားရှား တွေ့ရပါတယ်။
ဒေသတွင်းသဟဇာတဖြစ်ဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာနိုင်
မြန်မာနဲ့ရုရှား ဆက်ဆံရေးမှာ နောက်ခံအကြောင်းတရားတွေကို ပြန်ကြည့်ရင် အနိမ့်အမြင့် ပေါင်းစုံနဲ့ တူတာတွေရှိသလို မတူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံလုံးမှာ ရင်ဆိုင်နေရတာချင်း တူတယ်။ ဘုံအကျိုးစီးပွားချင်း တူတယ်။ ထို့ကြောင့် ရပ်တည်ချက်ချင်းလည်း တူကြပါတယ်။ အကျိုးစီးပွားချင်းတူရင် နားလည်မှုလွဲတာ၊ တစ်ဦးနဲ့တစ်ဦး သံသယဝင်တာ ရှိနိုင်ပါတော့မလားဆိုတာ တွက်ဆမိတယ်။
အကျိုးစီးပွားမတူလို့ ရပ်တည်ချက် မတူညီ ခြင်းတွေ မိမိပတ်ဝန်းကျင်မှာကို တွေ့မြင်နေရတာ အများကြီးပါ။ အကျိုးစီးပွား ဘက်ပြိုင်မှုတွေနဲ့ လွှမ်းမိုးလိုမှုတွေကြောင့် ပဋိညာဉ်စာတမ်းတွေနဲ့ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ နိုင်ငံတကာ မိတ်ဆွေဖြစ်မှုတွေ၊ညီညွတ်မှုတွေဟာ တဖြည်းဖြည်း အားလျော့ဆုတ်ယုတ်လာနေတယ်လို့ပဲ သုံးသပ်မိပါတယ်။ လိုရာဆွဲဝင်ရောက်စွက်ဖက်မှုတွေ ကြားကနေ အစည်းပြေသလိုဖြစ်လာနေတဲ့၊ လိုအပ်နေတဲ့ဒေသတွင်း ညီညွတ်မှုသဟဇာတတစ်ခုဆီ မြန်မာ-ရုရှား ဆက်ဆံရေးကပဲ ပြန်လည်တည်ထောင်ပေးနိုင်မလားဆိုတဲ့ အကူအညီတစ်ခု ကိုတော့ အကောင်းမြင်မှု များစွာနဲ့ အားကိုးတကြီး မျှော်လင့်နေမိပါတော့တယ်။
နိုင်ငံတကာဆက်ဆံရေးမှာ နမူနာကောင်းတစ်ခုအဖြစ်ပြသနေ
ယနေ့ကမ္ဘာ့ပြည်သူတွေ လိုလားနေတာကလုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးမှုမှတစ်ဆင့် စိတ်အေးချမ်းသာမှုနဲ့ ပျော်ရွှင်မှုပါ။ ထိုအချက်တွေ ပေးစွမ်းနိုင်ပြီး အတ္တမကြီးဘဲ စာနာထောက်ထားမှု ပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို အပြန်အလှန်ယုံကြည်မှု ပေးနိုင်ပါတယ်။ သူ့အကျိုး၊ ကိုယ့်အကျိုး နီးစပ် အောင်ပြုနိုင်တဲ့ မည်သူ့ကိုမဆို အပြန်အလှန် နားလည်မှုတွေ ပေးနိုင်ကြပါတယ်။ အဖျက် သဘောဆောင်ပြီး ပဋိပက္ခမီး စတင်ဖန်တီးသူ၊ မီးရှို့သူ၊ ရန်လိုနိုင်ထက် အနိုင်ကျင့်သူ မည်သည့်နိုင်ငံ မည်သူ့ကိုမှ မလိုလားကြပါဘူး။ ဒီအချက်တွေကို ရုရှားနိုင်ငံဘက်မှာရော မြန်မာနိုင်ငံဘက်မှာပါ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း ရုရှား-မြန်မာဆက်ဆံရေးကို နိုင်ငံတကာဆက်ဆံရေးမှာ နမူနာယူစရာတစ်ခုအဖြစ် ညွှန်းဆိုခဲ့ခြင်း ဖြစ်ဟန် တူပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ သမာသမတ်ကျမှုဟာ အခြေခံအချက်တစ်ခုအနေနဲ့ ပါဝင်တဲ့အလျောက် ဒီလိုဆက်ဆံရေးမျိုးကို ထိန်းထား နိုင်ခြင်းကိုက ကျန်နိုင်ငံတွေအားလုံးအတွက် အားကျစရာ အတုယူစရာ ဖြစ်လာနေပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဖိတ်ခေါ်ခြင်းခံရဖို့၊ ပါဝင်လက်တွဲလာမှုမှာ ကြိုဆိုခြင်းခံရဖို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အခြေအနေ ကောင်းတွေ ဖန်တီးပေးသလို ဖြစ်လာနေတဲ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အလားအလာ ကောင်းများစွာနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကိုလည်း မြင်တွေ့နေရပြီလို့ ခံစားရပါတယ်။
ယနေ့မျက်မှောက်ကမ္ဘာကြီးမှာ အရေးကြီးဆုံးလိုအပ်နေတဲ့အရာက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးပဲဆိုတာငြင်းလို့ မရတဲ့အချက်ဖြစ်ပြီး ထောက်တိုင်တွေအလား တစ်ခုနဲ့တစ်ခု အညမည အားပြုနေကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး ခိုင်မာအားကောင်းမှုမရှိဘဲနဲ့တော့ ကမ္ဘာ့ပြည်သူလူထုအတွက် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်စုံမှာ ဘယ်လိုတိုးတက်မှုမျိုးကိုမှ မျှော်လင့်လို့မရပါဘူး။ ဒီအချက်က အရေးကြီးပါတယ်။ နိုင်ငံအဆင့်မှာသာမက နိုင်ငံသားတစ်ဦး ချင်းအတွက်ပါ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အချို့ကဏ္ဍတွေဟာ မလုပ်မဖြစ်လုပ်ရမယ့် အရာတွေဖြစ်နေလို့ပါပဲ။ ဥပမာ- နျူကလီးယားစွမ်းအင် ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ခြင်းမျိုး ဖြစ်ပါတယ်။
အမှန်တော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့ဟာ ကာလရှည် မိတ်ဖက်ဖြစ်မှုနဲ့အတူ နှစ်နိုင်ငံပြည်သူတွေအတွက် သာမက ကမ္ဘာ့ပြည်သူတွေအတွက်ပါ တည်ငြိမ်ဖွံ့ဖြိုးရေး ရှေးရှုပြီး ရှေ့ဆက်ခရီးဆက်ကြရဦးမှာ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်အားထားရတဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့အလျောက် နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရှိန် အဟုန်ကောင်းကောင်းနဲ့ ခိုင်မာအားကောင်းနေ မှာဖြစ်သလို တစ်ဦးပေါ်တစ်ဦး ကျေးဇူးပြုနေကြဦး မှာလည်း ဖြစ်ပါတယ်။
မိတ်ဆွေပီသသူများရဲ့ တန်ဖိုးဟာ မြင့်မားလာ နေတာနဲ့အမျှ မိတ်ဆွေအစစ်အမှန် ရှားပါးလွန်းနေတဲ့ ယနေ့ကမ္ဘာကြီး ဆက်လက်ရှင်သန် ရပ်တည်ဖို့လည်း အာမခံချက်ပေးနိုင်ပါတယ်။ ကမ္ဘာ့လက်ရှိ အနေအထားအရတော့ လိုအပ်နေတာက တစ်ဦးနဲ့တစ်ဦး ယုံကြည်အားထားရလောက်တဲ့ ကာလရှည် မိတ်ဖက်နိုင်ငံတွေ တိုးပွားလာဖို့သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
နှစ်နိုင်ငံပြည်သူတွေနဲ့ ကမ္ဘာကြီးအတွက် “ရုရှား-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် ခိုင်မြဲပါစေ” ဟူ၍သာ။ ။