မြန်မာနိုင်ငံမှ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များ (Memory of the World)
အေမီဉာဏ်ဝင်း
ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ အစည်း(The United Nations Educational, Scientific and Cultural Organization-UNESCO)သည် ကမ္ဘာတစ်ဝန်းတွင်ရှိသော ယဉ်ကျေးမှုအမွေ အနှစ်များကို ဒေသတွင်းအဆင့်သာမက နိုင်ငံတကာကပါ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေရန် ရည်ရွယ်၍ ကမ္ဘာ့အမွေအနှစ်များကို သတ်မှတ်ပေးလျက်ရှိပါသည်။ ထိုသို့သတ်မှတ်ရာတွင် UNESCO အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံတွင်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အောက်ဖော်ပြပါအတိုင်း အပိုင်း သုံးပိုင်းခွဲခြား၍ သတ်မှတ်ပေးလျက်ရှိပါသည်-
(က) ကမ္ဘာ့အမွေအနှစ် (World Heritage)
- ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု)။
- ကမ္ဘာ့အမွေအနှစ်စာရင်း (သဘာဝ)။
- ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော)။
( ခ ) ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (World Intangible Cultural Heritage)။
( ဂ ) ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World)။
ကမ္ဘာ့အမွေအနှစ် (World Heritage) ဆိုသည် မှာ နောင်လာနောက်သားများ မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား ကာကွယ် စောင့်ရှောက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး ကြီးသောနေရာများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ထိုသို့သတ်မှတ်ရာတွင် ကမ္ဘာ့အမွေအနှစ်စာရင်း(ယဉ်ကျေးမှု) အတွက် စံသတ်မှတ်ချက် ခြောက်ခုရှိပြီး ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်နိုင်ရန်အတွက် စာရင်းတင်သွင်း ထားသောဒေသ သို့မဟုတ်နေရာသည် လူသားအားလုံးအသိအမှတ်ပြုနိုင်သော တန်ဖိုးရှိရန်လိုအပ် သကဲ့သို့ သတ်မှတ်ထားသော စံနှုန်းများနှင့်လည်း အနည်းဆုံး တစ်ချက်ကိုက်ညီရန် လိုအပ်ပါသည်။ တရုတ်နိုင်ငံရှိ Great Wall ၊ အိန္ဒိယနိုင်ငံရှိ Taj Mahal၊ မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်း သုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတို့ကဲ့သို့သော ကြီးမား သော အဆောက်အအုံများ၊ ကျယ်ဝန်းသော အမွေ အနှစ်နေရာဒေသများစသည်တို့ကို ကမ္ဘာ့အမွေ အနှစ်စာရင်း(ယဉ်ကျေးမှု)များအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ) အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် လေးခုရှိပြီး အနည်းဆုံး စံသတ်မှတ်ချက် တစ်ချက် နှင့် ကိုက်ညီရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံရှိ Kaeng Krachan Forest Complex ၊ ဗီယက်နမ်နိုင်ငံရှိ Ha Long Bay စသည်တို့ကဲ့သို့သော အမွေအနှစ်များမှာ ကမ္ဘာ့အမွေအနှစ်စာရင်း(သဘာဝ)များ ဖြစ်ကြ ပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝရောနှော အမွေအနှစ် (Mixed Heritage)အတွက် ကမ္ဘာ့ အမွေအနှစ်(ယဉ်ကျေးမှု)၏ စံနှုန်းသတ်မှတ်ချက် တစ်ချက်နှင့် ကမ္ဘာ့အမွေအနှစ် (သဘာဝ)၏ စံနှုန်း သတ်မှတ်ချက်တစ်ချက် စုစုပေါင်း နှစ်ချက်နှင့် ကိုက်ညီပါက ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှု နှင့် သဘာဝရောနှာ)ဟု သတ်မှတ်ပါသည်။ UNESCO အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကမ္ဘာ့ အမွေအနှစ်စာရင်း (ယဉ်ကျေးမှု) ၈၉၇ ခု၊ ကမ္ဘာ့အမွေ အနှစ်စာရင်း(သဘာဝ) ၂၁၈ ခုနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း (ယဉ်ကျေးမှုနှင့် သဘာဝရောနှော) ၃၉ ခု စုစုပေါင်း ကမ္ဘာ့အမွေအနှစ်စာရင်း ၁၁၅၄ ခုအထိ သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)ဆိုသည်မှာ အဖွဲ့အစည်းများ၊ အုပ်စုများနှင့် အချို့သောကိစ္စရပ်များတွင် တစ်ဦးချင်းစီအထိ ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပြီး ထုံးဓလေ့များ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတ စွမ်းရည်များသာမက ၎င်းတို့နှင့် ဆက်နွှယ်သည့် ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ဝတ္ထုပစ္စည်းများနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများကို ဆိုလိုခြင်းဖြစ် သည်။ ဒြပ်မဲ့ယဉ်ကျေးမှုတွင် လူသားတို့ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာစသည်တို့ ပေါင်းခြုံထားခြင်းပင် ဖြစ်ပါသည်။ UNESCO အနေဖြင့် ဂလိုဘယ် လိုက်ဇေးရှင်း၏ သက်ရောက်မှုကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ အလျင်အမြန် ပျက်စီးပျောက်ကွယ် လာသဖြင့် ကမ္ဘာ့သက်ရှိယဉ်ကျေးမှုအမွေအနှစ် များကို ကာကွယ်ရန်အတွက် လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အယူအဆကို ကျယ်ပြန့်စေရန်အတွက် လည်းကောင်း (၁) Representative List of the Intangible Cultural Heritage Humanity ၊ (၂) List of the Intangible Cultural Heritage in Need of Urgent Safeguarding နှင့် (၃) Register of Good Safeguarding Practices ဟူ၍ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း သုံးမျိုးကို နှစ်စဉ်သတ်မှတ် ထုတ်ပြန်လျက်ရှိရာ ၂၀၀၈ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ် အထိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၆၇၈ ခုကို သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World - MoW) ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင် သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ပါဝင်ပြီး မှတ်တမ်းများကို အဓိကထားသတ်မှတ်ခြင်းဖြစ်ပါသည်။
ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (The United Nations Educational, Scientific and Cultural Organization-UNESCO) သည် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်(MoW) အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အထိ မှတ်တမ်းအမွေ အနှစ်ပေါင်း ၅၂၇ ခုအား ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံ များဖြစ်သော ထိုင်းနိုင်ငံတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) ငါးခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် တစ်ခု၊ တရုတ်နိုင်ငံမှ ၁၃ ခုနှင့် အိန္ဒိယနိုင်ငံတွင် ကိုးခုကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်(MoW) အစီအစဉ်တွင် နိုင်ငံတကာအဆင့်၊ ဒေသတွင်းအဆင့်နှင့် အမျိုးသားအဆင့်ဟူ၍ သုံးမျိုးရှိပြီး မှတ်တမ်းအမွေအနှစ်၏ အရေးပါမှုအပေါ်မူတည်ပြီး သက်ဆိုင်ရာ အဆင့်များကို အမည်စာရင်း တင်သွင်းနိုင်ပါသည်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်(MoW) အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့နေရာဒေသအသီးသီးတွင် ရှိနေသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များကို ကာကွယ်စောင့်ရှောက် ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာဆိုင်ရာ အဆင့်များတွင် မှတ်တမ်းအမွေအနှစ်များအား သိမြင်အလေးထားမှုမြှင့်တင်ရန်နှင့် အပြန်အလှန် အလေးထားမှု ရှိစေရန်၊ အထူးသဖြင့် ပဋိပက္ခ သို့မဟုတ် သဘာဝ ဘေးဒဏ်သင့်ဒေသများ၌ ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် လွယ်ကူချောမွေ့စေရန်၊ လူအများကြားတွင် မှတ်တမ်းအမွေအနှစ်များ၏ အရေးပါသော အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလာစေရန်နှင့် ၎င်းတို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကူအညီအထောက်အပံ့ပေးရေးတို့ကို ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ဖြစ်ရန်အတွက် သတ်မှတ်ထားသော စံသတ်မှတ်ချက် (Criteria) သုံးချက်ရှိပြီး အဆိုပါစံသတ်မှတ်ချက် (Criteria) သုံးချက်ထဲမှ တစ်ချက်နှင့် ကိုက်ညီလျှင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ပါသည်။ ၎င်းစံသတ်မှတ်ချက် သုံးချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် -
(က) သမိုင်းကြောင်းဆိုင်ရာ အရေးပါမှု (Historic Significance)။
( ခ ) အနုသုခုမဆိုင်ရာ အရေးပါမှု(Aesthetic Significance)။
( ဂ ) လူမှုအသိုက်အဝန်းဆိုင်ရာ အရေးပါမှု (Community Significance)။
UNESCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမည် စာရင်း တင်သွင်းရာတွင် နှစ်နှစ်လျှင် တစ်ကြိမ် မှတ်တမ်းအမွေအနှစ် နှစ်ခုအထိ တင်သွင်းနိုင်ပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီသော မှတ်တမ်း အမွေအနှစ်များကို တင်သွင်းသည့်အခါတွင်လည်း သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ပြီး ကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် အောက်ဖော်ပြပါ အတိုင်း သတ်မှတ်ပါသည် -
(က) ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် ခြင်း (INSCRIPTION)။
( ခ ) အကိုးအကားများဖြင့် ပြန်လည်တင်ပြရန် (REFER AND RESUBMIT)။
( ဂ ) ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် ယာယီသတ်မှတ်ခြင်း (PROVISIONAL INSCRIPTION)။
(ဃ) ငြင်းပယ်ခြင်း(REJECTION)။
၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ ခဲ့သည့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်း အမွေအနှစ် ခြောက်ခုကို ကနဦး အဆိုပြုစာရင်း (Tentative List) အဖြစ် တင်သွင်းခဲ့ပါသည်။ ယင်းတို့မှာ -
(က) မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ် တော်ကျောက်စာ။
(ခ) မြစေတီကျောက်စာ သို့မဟုတ် ရာဇကုမာရ် ကျောက်စာ။
(ဂ) ဟန်လင်းပျူကျောက်စာ။
(ဃ) ပြည်ရွှေဆံတော်ဘုရားကျောက်စာ။
(င) သထုံမွန်ကျောက်စာ။
(စ) ဓမ္မစေတီမင်း မွန်ကျောက်စာ။
ကနဦးအဆိုပြုစာရင်း (Tentative List ခြောက်ခုအနက်မှ မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ်တော်ကျောက်စာ၊ မြစေတီကျောက်စာ အပြင် ရွှေပေလွှာနှင့် ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာတို့မှာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါသည်။ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် ၅၂၇ ခုထဲတွင် အောက်ပါ မြန်မာနိုင်ငံရှိ မှတ်တမ်းအမွေအနှစ် လေးခုကို ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် (MoW) အဖြစ် မှတ်တမ်းတင် ထားရှိခံရပြီး ဖြစ်ပါသည် -
(က) မဟာလောကမာရဇိန် သို့မဟုတ် ကုသိုလ် တော်ကျောက်စာ (၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ပြုလုပ်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်)။
(ခ) မြန်မာဘုရင် အလောင်းဘုရားမှ ဗြိတိသျှ ဘုရင် ဂျော့ချ်ဘုရင် (၂) ထံသို့ ပေးပို့သော ရွှေပေလွှာ (၂၀၁၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီနိုင်ငံ၌ ကျင်းပသည့် (၁၂) ကြိမ်မြောက်အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် ခဲ့သည်။ ဤရွှေပေလွှာကို မြန်မာနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဗြိတိန်တို့ ပူးတွဲတင်သွင်း ခဲ့ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wihelm Leibniz စာကြည့်တိုက် တွင် ထိန်းသိမ်းထားရှိပါသည်)။
(ဂ) မြစေတီ (ရာဇကုမာရ်) ကျောက်စာ (၂၀၁၅ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီနိုင်ငံ၌ ကျင်းပသည့် (၁၂) ကြိမ် မြောက်အစည်းအဝေးတွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်)။
(ဃ) ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်း စာ (၂၀၁၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပ ခဲ့သည့် သတ္တမအကြိမ်မြောက် အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးတွင် ဒေသ တွင်းမှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ကျင်းပသည့် (၁၃) ကြိမ်မြောက်အစည်းအဝေးတွင် ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်)။
ထို့ပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ် သောင်းပုထိုးတော်ကြီးတွင်ရှိသော အေဒီ ၇၂၉ ခု ရခိုင်ဝေသာလီမင်းရေးထိုးခဲ့သည့် အာနန္ဒစန္ဒြမင်း ကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့မှာလည်း ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ တောင်ကိုရီးယား နိုင်ငံ ဂွမ်ဂျူးမြို့၌ ပြုလုပ်ကျင်းပခဲ့သည့် (၈) ကြိမ် မြောက် မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးတွင် ဒေသတွင်း မှတ်တမ်းအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (MoW) စာရင်းဝင် လေးခုနှင့် အာရှ-ပစိဖိတ် ဒေသ တွင်းမှတ်တမ်းအမွေအနှစ်ဖြစ်သော အာနန္ဒစန္ဒြမင်း ကျောက်စာအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက UNESCO သို့ အဆိုပြုအမည်စာရင်း တင်သွင်းခြင်းဖြစ်ပြီး မြဂနိုင်ရုပ်ရှင်မှာမူ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Save Myanmar Flim တို့ ပူးပေါင်း၍တင်သွင်းခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် (MoW) နှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံအနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော်လည်း အခြားသောအဖွဲ့အစည်းများ ကသော်လည်းကောင်း၊ ပုဂ္ဂလိကကသော်လည်းကောင်း အဆိုပြုအမည်စာရင်းကို တင်သွင်း၍ မိမိတို့မြန်မာနိုင်ငံရှိ မှတ်တမ်းအမွေအနှစ်များကို ကမ္ဘာကသိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် နိုင်ပါသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံရှိများပြားပြီး ထူးခြားအနှစ်သာရရှိသည့် မှတ်တမ်းအမွေအနှစ်များကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဖြစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့အမွေအနှစ်များကို ကမ္ဘာကသိရှိနိုင်ရေးနှင့် ဒေသတွင်းနိုင်ငံများနှင့် တန်းတူဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရန်လိုအပ်ပါသည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ယဉ်ကျေး မှုဆိုင်ရာ မှတ်တမ်းအမွေအနှစ်များကို ယူနက်စကို (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (MoW) သို့ တင်သွင်း၍ မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းအမွေအနှစ်များ ရေရှည်တည်တံ့စေရန်နှင့် တိုးတက်စေရန်အတွက် အဆိုပြုစီမံကိန်း (Project Proposal) များ တင်သွင်းပြီး အထောက်အပံ့ (Funding) ကို ယူနက်စကို (UNESCO) အဖွဲ့သို့ လျှောက်ထားနိုင်ပါသည်။ ၎င်းအထောက်အပံ့ဖြင့် မှတ်တမ်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းများ ဆောင်ရွက်နိုင်မည့်အပြင် စာရင်းဝင်ဖြစ်လာပါကလည်း ကမ္ဘာ့အလယ်တွင် မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုဂုဏ်သိက္ခာကို မြှင့်တင် နိုင်သည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံရှိ ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင် သောစာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီ ကားများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ စာရွက်စာတမ်း အထောက်အထားများ စသည့် မှတ်တမ်းအမွေအနှစ်များကို နောင်မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်ရန်အတွက် မြန်မာ့မှတ်တမ်း အမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် စာရင်းဝင်ပါက မိမိတို့ နိုင်ငံ၏ မှတ်တမ်းအမွေအနှစ်များကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရှင်များ၏ ပူးပေါင်း စောင့်ရှောက်မှုကို ရရှိစေမည့်အပြင် UNESCO နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်း၊ UNESCO အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ် ပါသဖြင့် မိမိတို့နိုင်ငံ၏ မြောက်မြားလှစွာသော အမျိုးသားမှတ်တမ်းအမွေအနှစ်များကို သက်ဆိုင် ရာဌာနများနှင့်အတူ မြန်မာနိုင်ငံသားအားလုံးက ပူးပေါင်းပါဝင်ကာ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြပါရန် နှိုးဆော်တင်ပြလိုက်ရပါသည်။ ။