Skip to main content

လူငယ်နှင့် စာပေအနုပညာ

ရဿဝတီမေနန်း

ယနေ့လူငယ်များသည် အနာဂတ်တိုင်းပြည်၏ မျိုးဆက်သစ်ကလေးများဖြစ်ရာ အမိနိုင်ငံတော်အတွက် အရေးပါလှသော အဖိုးတန် လူ့အရင်းအမြစ်ကလေးများပင် ဖြစ်ပါသည်။ မိမိတို့ နိုင်ငံတော် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များသည် အဓိကအားဖြင့် စာပေတွင် မွေ့လျော်သင့်ပါသည်။

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်စကားအတိုင်း လူငယ်ကလေးများသည် စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာသင့်ပေသည်။ စာအုပ်စာပေများထဲမှ အကျိုးရှိသော အနှစ်သာရ များကို ကောက်နုတ်မှတ်သားပြီး မိမိအတွက်၊ တိုင်းပြည်အတွက် အသုံးချသင့်ပေသည်။ ယနေ့ခေတ်သည် IT နည်းပညာ ထွန်းကားသောခေတ်ဖြစ်သည်နှင့်အညီ လက်ကိုင်ဖုန်းနှင့် သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်လည်းကောင်း မိမိတို့သိလိုသော အကြောင်းအရာများကို E -book ဖြင့် လေ့လာဖတ်ရှု သင်ယူနိုင်ပေသည်။ စာအုပ်စာပေမှ လူငယ်တို့ တိုးတက်ရေး နည်းလမ်းကောင်းများ၊ အတွေးအမြင်သစ်များ ရရှိလာမည်ဖြစ်ပေသည်။

ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့် စကားနှင့်အညီ အမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်သောလူကြီးများ ပေါ်ထွန်းလာရေးသည် ငယ်စဉ် အခြေခံ ကျောင်းသားဘဝကပင် စတင်ရပေမည်။ ကျောင်းချိန်သည် ပုံမှန်အားဖြင့် ငါးရက်တစ်ပတ်လျှင် တစ်ချိန်အတွက် ၄၅ မိနစ် ဖြင့် စာသင်ချိန်စုစုပေါင်း ၃၅ ချိန် ရှိရပေသည်။ ထိုအချိန်များအနက် ကာယပညာချိန်၊ ဖွံ့ဖြိုးရေးချိန်၊ စာကြည့်တိုက်ချိန်နှင့် (ရသ) ချိန် နှစ်ချိန်ဟူ၍ ထားရှိ သင့်ကြောင်း အကြံပြုတင်ပြလိုပါသည်။

ရသ စာသင်ချိန်

လူငယ်စာပေနှင့်ပတ်သက်၍ ရသ စာသင်ချိန်ကို အဓိကထားပြီး တင်ပြလိုပါသည်။ ရသ ဘာသာတွင် စာပေ၊ ဂီတ၊ ပန်းချီ၊ အိမ်တွင်းမှု၊ စက်မှုဘာသာဟူ၍ ခွဲခြားထားပါသည်။ ဆရာအတတ်သင်ကောလိပ် (TTC) များတွင် အခန်းများ သီးသန့်ဖွဲ့ထားနိုင်သော်လည်း ကျောင်းများတွင် ယင်းသို့ သီးသန့်ခန်း မရှိနိုင်။ သို့ဖြစ်၍ ဤအချိန်မျိုးတွင် တစ်ကျောင်းလုံး လှုပ်ရှားရသည်ဖြစ်၍ ကျောင်းသားအနည်းအများပေါ်မူတည်ပြီး စာပေခန်း၊ ပန်းချီခန်း၊ ဂီတ ခန်းစသည်ဖြင့် အခန်းများခွဲ၍ သင်ကြားစေနိုင်သည်။

စာပေခန်းကို အထူးပြင်ဆင်စရာမလို။ စာကြည့်တိုက်ခန်း၌ သင်ကြားနိုင်သည်။ ကျောင်းသား လူငယ်လေးများအား စာစီစာကုံး၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး စသည်တို့ကို ရေးသားနည်းများ မသင်ကြားမီ စာကြည့်တိုက်အတွင်းရှိ မိမိဝါသနာပါရာ စာအုပ်တစ်အုပ်စီကို ရှာဖွေဖတ်ရှုစေရပါ မည်။ ဖတ်ပြီးလျှင် စာကြည့်ခန်းအတွင်း၌ဖြစ်စေ၊ အိမ်စာဖြစ်စေ မိမိ ဖတ်ထားသော စာအုပ်မှ ရရှိသော ဗဟုသုတနှင့် သင်ခန်းစာ ဟု ခေါင်းစဉ်ပေးပြီး စီကုံးရေးခိုင်းပါက ကလေးများ စာဖတ်လိုစိတ်နှင့် စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်များ တိုးတက်လာပေမည်။ ကျောင်းသား လူငယ်၊ လူကြီးမရွေး စာဖတ်ခြင်းသည် ဗဟုသုတရရှိသည့်အပြင် အတွေးအခေါ် ကောင်းမွန် လာခြင်း၊ ဦးနှောက်ဆဲလ်စွမ်းရည် ရှင်သန်လာခြင်းများ ဖြစ်ပေါ်စေပါသည်။ စာဖတ်သူသည် စာမဖတ်သူထက် အတွေးအခေါ် မြင့်မားပါ သည်။ သို့ပါ၍ စာပေခန်း၌ ကျောင်းသားကလေးများ အား စာရေးနည်း၊ ကဗျာစပ်နည်း၊ ဝတ္ထု၊ ဆောင်းပါး ရေးနည်းများကို သင်ကြားပေးပြီး ကျောင်းတွင်းစာပေပြိုင်ပွဲများ ကျင်းပပေးသင့်ပါသည်။ အပြောစွမ်းရည်တိုးတက်အောင် ကျပန်း စကားပြိုင်ပွဲ၊ စကားရည်လုပွဲများကိုလည်း အလျဉ်းသင့်သလို ကျင်းပပေးရပေမည်။

ကလေးလူငယ် စာပေပွဲတော်များ

နိုင်ငံတော်က ကြီးမှူးကျင်းပသော ကလေးလူငယ်စာပေပွဲတော်များကိုလည်း ကျောင်းသား ကျောင်းသူများအား သွားရောက်ပြသလေ့လာစေရပါမည်။ ဤပွဲကြီးများ၌ ရေးသားထားသော စာပေ၊ ဗဟုသုတများကို ဖတ်မှတ်လေ့လာစေခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တိုးပွား လာပေမည်။ ကျောင်းတွင် ရသပန်းချီပညာသည်လည်း မရှိမဖြစ် လိုအပ်ပေသည်။ ပန်းချီ ချိန်တွင် ကလေးများအား ပန်းချီဆွဲသားနည်း အဆင့်ဆင့်ဖြစ်သော မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းကောက်မှအစပြု၍ ပန်းချီအခြေခံ ဆွဲသားနည်းကို ခဲတံဖြင့် စတင်ရေးဆွဲစေရပေမည်။ ပြီးလျှင် ရောင်စုံခဲတံဖြင့် ဆွဲစေခြင်း၊ ဖယောင်းရောင်စုံဖြင့် ဆွဲသားစေခြင်း ပြုလုပ်ရပေမည်။ နောက်ဆုံးအဆင့်အနေနှင့် ရေဆေးပန်းချီ (water colour)ဖြင့် ရေးဆွဲနည်းကို အဆင့်ဆင့် သင်ကြားရပေမည်။ ကျောင်းသားလူငယ်များအား ပန်းချီပြိုင်ပွဲများကို ကျင်းပပေးရပေမည်။ သို့မှသာ ပန်းချီလက်ရာ တက်လာပေမည်။ ကျောင်းအဆင့်ပြိုင်ပွဲမှတစ်ဆင့် မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ထူးချွန်သော လူငယ် ပန်းချီဆရာလေးများ ဖြစ်လာပေမည်။

ကျောင်းတွင်းနံရံကပ်စာစောင်

ဆရာဆရာမများဦးဆောင်၍ ကျောင်းတွင်း စာပေသင်တန်းသားများနှင့် ပန်းချီသင်တန်းသား များ ပူးပေါင်းကာ ကျောင်းတွင်းနံရံကပ်စာစောင် ဖြစ်လာစေရန် ဖန်တီးပေးကြရပေမည်။ ယခုခေတ်တွင် IT နည်းပညာများ ထွန်းကားနေသော်လည်း ကျောင်းတွင်း နံရံကပ်စာစောင်ကိုမူ ကျောင်းသား လူငယ်လေးများ၏ လက်ရာစစ်စစ်ဖြင့် ဖန်တီးစေသင့်သည်။ လူငယ်စာပေ ပွဲတော်သို့ သွားဖူးသူကလေးများက ဤနေရာ၌ အရေးအသား တစ်ပန်းသာနေသည်ကို တွေ့ရ ပေမည်။ ပန်းချီဆွဲမည့် ကလေးများကို ဆရာကလမ်းညွှန်၍ စာမူနှင့်ပတ်သက်သော ရုပ်ပုံပန်းချီ ပုံအသေးကို ရေးဆွဲစေရပါမည်။ တစ်ခါတစ်ရံ စာရွက်ကြီးပေါ်တွင် ချဆွဲမခိုင်းဘဲ သူတို့ ဆွဲထားသောပုံကို ဖြတ်ညှပ်ကပ်ခိုင်းရပေမည်။ မကပ်မီကတည်းက ဆရာများက စာမူ၏ စာလုံး ပေါင်းသတ်ပုံများကို သေချာစွာ စစ်ဆေးပြင်ဆင်ရပေမည်။ ကျောင်းတွင်းစာပေအဖွဲ့နှင့် ပန်းချီအဖွဲ့ တို့ ပူးပေါင်းတင်ဆက်သည့် နံရံကပ်စာစောင်ရေးဆွဲပြီးဖြစ်ပါ၍ ကျောင်းအုပ်ကြီးက ဦးဆောင်ဖွင့်လှစ် နိုင်ပြီဖြစ်သည်။ ကျောင်းသားများ၏လက်နှင့် ရေးဆွဲအားထုတ်ထားသော နံရံကပ်စာစောင်ဖြစ်၍ သူငယ်ချင်းများအားပေးရာမှ စာရေးသူတို့ရင်ဝယ် ပီတိဖြစ်ကြရ ပေသည်။ နံရံကပ်စာစောင်မှ အစပြု ၍စာရေးလိုသောစိတ်များ တဖွားဖွားပေါ်ပေါက်လာပေပြီ။ ဤကလေးများ၏ စာပေချစ်မြတ်နိုးသည့်စိတ်ကို နှိုးဆွပေးလိုက်ခြင်းပင်ဖြစ်ပေသည်။

မူရင်းလက်ရေးဖြင့် ရေးသောစာမူဖြစ်သော်လည်း ပန်းချီရောင်စုံနှင့် မွမ်းမံလိုက်သောအခါ လှပသောနံရံကပ်စာစောင်ဖြစ်ခဲ့ရပေကာ စာမူ၏ မူရင်းကို နံရံကပ်ဖော်ပြခွင့်ရသဖြင့် ဝမ်းသာ ကြည်နူးမဆုံး ဖြစ်ခဲ့ရသည်။ စာမူရှင်ကျောင်းသားလေး၏ သူငယ်ချင်းများကလည်း အားကျ အတုယူပြီး စာပေလိုက်စားလာနိုင်ပါသည်။ ရှေးရိုးနည်းဖြစ်သော်လည်း ကလေးများအား ဤနည်းလမ်းဖြင့် ဆွဲဆောင်ခြင်းသည် စာပေဖွံ့ဖြိုးလာရေး နည်းလမ်းကောင်း တစ်ရပ်ပင် ဖြစ်ပေသည်။ ကျောင်းနံရံကပ်စာစောင်ကို သန္ဓေတည်၍ မျိုးဆက်သစ်လူငယ် စာရေးဆရာများ ထွန်းကားလာနိုင်ပေသည်။

စာဖတ်ရန် ဆွေးနွေးဟောပြော

ကျောင်းတွင် စာဖတ်ချိန်ကို စာကြည့်ခန်းသွားချိန်သာမကပဲ နံနက် ကျောင်းမတက်မီ ၄၅ မိနစ်နှင့် နေ့လယ်ထမင်းစားချိန်ကိုပါ စာကြည့်တိုက်တာဝန်ကျ Duty ဆရာ ဆရာမများအား ခွဲဝေစောင့်ကြပ်စေပြီး ဖွင့်ပေးသင့်ပါသည်။ ကလေးများအား စည်းကမ်းရှိစွာ စာဖတ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်အတွင်း အစာမစားရန်၊ စကားတိုးတိုးပြောရန် ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားရပေမည်။ စာဖတ်ခြင်းသည် မိမိအတွက်သာမက တိုင်းပြည်တိုးတက်ဖို့ အခြေခံ ဖြစ်ကြောင်းနိုင်ငံရပ်ခြားတွင်ကလေးများ၊ လူငယ်၊ လူကြီးများပါမကျန် စာဖတ်ကြသဖြင့် တိုင်းပြည်တိုးတက်ကြောင်း ကို ဆရာ ဆရာမများက ကျောင်းသားများအား ဆွေးနွေး ဟောပြောထားရပေမည်။ သူတို့နိုင်ငံတွင် ထိုင်မနေဘဲ အားလျှင် စာဖတ်ကြောင်း၊ ရထားစောင့် လျက်သော်လည်းကောင်း၊ ဘတ်စ်ကား စီးရင်းသော်လည်းကောင်း၊ လူတိုင်း၏ လက်ထဲ၌ စာအုပ်ကိုယ်စီဖတ်၍ နေကြကြောင်း။

ဤအခြင်းအရာကြောင့် သူတို့နိုင်ငံ တိုးတက်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဗဟုသုတရသည့်အပြင် အဆိုးအကောင်း၊ အကျိုးအကြောင်း စုံလင်စွာသိရှိရ၍ ရှောင်သင့် ဆောင်သင့်သည်များကို ရှောင်နိုင် ဆောင်နိုင်ကြောင်း ဆရာများက မိမိတို့၏တပည့်များကို နားလည်အောင် ရှင်းလင်း ပြသထားရပေမည်။

အခြားရသပညာများ

ကျောင်းသားလူငယ်များအား စာပေနှင့်ပန်းချီတို့တွင် စိတ်အာရုံကို နှစ်မြှုပ်စေခြင်းသည် အာရုံကို အခြားတစ်ပါးမသွား‌စေဘဲ စိတ်အာရုံလွင့်ပျံခြင်း အလျဉ်းမရှိ။ စိတ်ကြည်နူးမှု ရရှိစေသည်။ ကျောင်းတွင်းနံရံကပ်စာစောင်ကိုလည်း တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ပြုလုပ် ပေးသင့်သည်။ တစ်ဖန် အခြားရသပညာများဖြစ်သော ဂီတ၊ အိမ်တွင်းမှု၊ စက်မှုပညာ တို့တွင်လည်း (ဆို၊ က၊ ရေး၊ တီး) ပညာနှင့် (အချုပ်အလုပ်ချက်ပြုတ် ဇာထိုးပန်းထိုးပညာ) တို့ကိုလည်းကောင်း၊ စက်မှု၊ လက်မှုပညာတို့ကိုလည်းကောင်း၊ လျှပ်စစ်သွယ်တန်းနည်းနှင့် IT နည်းပညာဖြင့် ကွန်ပျူတာအသုံးပြုပုံများကို ကျောင်းများတွင် ပညာစုံ၊ ရသစုံ သင်ကြားပေး ရပေမည်။ သို့မှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မည့် အခြေခံပညာများကို ရရှိသွားမည် ဖြစ်ပေသည်။

ယခုကဲ့သို့ လူငယ် စာပေအနုပညာပြပွဲ ၌ ကျောင်းသား ကျောင်းသူများ သင်ကြားထားသော ရသပညာများကို အစွမ်းကုန်၊ ပညာကုန် ထုတ်သုံးနိုင်ပြီဖြစ်သည်။ ဥပမာအားဖြင့် - လူငယ်စာပေ ဖွင့်ပွဲအခမ်းအနားတွင် (၁) ကျောင်းပေါင်းစုံ အတီး၊ အမှုတ်၊ အက၊ အခုန်ဖြင့် အလှည့်ကျ ကြိုဆိုတီးမှုတ် ဧည့်ခံကပြခြင်း၊ (၂) ကျောင်းသားလူငယ်လေးများ၏ လက်ရာ ဖြစ်သော နံရံကပ်စာစောင်များ၊ ပန်းချီကားများ ချိတ်ဆွဲပြသထားခြင်း၊ (၃) ကျောင်းပေါင်းစုံ ကျောင်းသူလေးများ၏လက်ရာ ဇာထိုးပန်းထိုး လက်ကိုင်ပဝါ၊ မီးဖိုချောင်သုံး ရင်ပတ်ကာ အဝတ်၊ ‌ခေါင်းအုံးစွပ်များ၊ ချည်ထည်လက်သုတ်ပဝါ ပန်းထိုးလေးများကိုလည်းကောင်း ကျောင်းအိမ်တွင်းမှုအဖွဲ့က ရောင်းချခြင်းဖြင့် ကျောင်းရန်ပုံငွေ ရှာနိုင်ပေသည်။ ထို့ပြင် ကျောင်းပေါင်းစုံ အစားအစာရောင်းချပွဲကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချစေပါက ကျောင်းရန်ပုံငွေလည်းရ၊ နိုင်ငံတော်အစိုးရကလည်း ကျွေးမွေးဧည့်ခံကုန်ကျစရိတ် သက်သာ ပေမည်။ ထို့ကြောင့် လူငယ်စာပေပွဲတော်သည် လူငယ်များ တစ်ဦးနှင့်တစ်ဦး၊ ကျောင်းပေါင်းစုံ ကျောင်းသားများလည်း တွေ့ဆုံခွင့်၊ ချစ်ကြည်ရင်းနှီး ခွင့်ရသည့်ပွဲလည်း ဖြစ်ပေသည်။ ဤကဲ့သို့ လူငယ်စာပေပွဲတော်ကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် လူငယ်များအတွက် စာပေဗဟုသုတများ တိုးပွားနိုင်သည့်အပြင် အနာဂတ်နိုင်ငံတော်ကြီးအတွက် စာပေလမ်းစများ ပွင့်လန်းလာပြီဖြစ်၍ အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်တော့မည်မှာ မလွဲဧကန်ပင်ဖြစ်ပေတော့သည်။ လူငယ် မောင်မယ်လေးများ စာပေဗဟုသုတ၊ စာပေအသိ၊ စာပေချစ်မြတ်နိုးစိတ်များ တိုးပွားနိုင်ကြပါစေကြောင်း ဤဆောင်းပါးဖြင့် တင်ပြလိုက်ရပေသည်။ ။