Skip to main content

ပြောင်းလဲတိုးတက်နိုင်သူတို့အတွက် အချိန်တိုင်းသည် နှစ်သစ်

သိန်းထွန်း (IR)

ခရစ်နှစ်တစ်နှစ် ကုန်ဆုံးပြန်လေပြီ။ နှစ်သစ်ကို ပျော်ရွှင်ဖွယ် အခမ်းအနားများဖြင့် တခမ်းတနား ကြိုဆိုကြမည်။ နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များကို မျှော်လင့်ကြလေ့ရှိသည်။ နှစ်သစ်ဆုတောင်းစကားများလည်း ဆိုကြမည်။ မြန်မာနိုင်ငံတွင် မြန်မာပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ရှိသကဲ့သို့ အခြားလူမျိုးများနှင့် ယဉ်ကျေးမှုများတွင် နှစ်သစ်ကူးနေ့များ ရှိကြသည်။ ယနေ့ခေတ်တွင် အသုံးအများဆုံး ဂရီဂေါရီယန်ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့သည် ဇန်နဝါရီ ၁ ရက်ဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံး၍ ဇန်နဝါရီ ၁ ရက်တွင် နှစ်သစ်တစ်နှစ်ကို စတင်ခြင်းဖြစ်သည်။ ကုန်ဆုံးသွားသော အချိန်ကာလတို့သည် အတိတ်ကာလအဖြစ် ကျန်ရှိနေခဲ့ပြီး ပြန်လည်၍ မရနိုင်တော့။

ထိုအချိန် ကာလတို့နှင့်ယှဉ်တွဲ၍ ဖြတ်သန်းနေသည့် လူတစ်ဦးချင်းစီအလိုက် ဖြစ်စဉ်ဖြစ်ရပ်များ၊ လူ့အဖွဲ့အစည်းအလိုက် ဖြစ်စဉ်ဖြစ်ရပ်များမှာလည်း လူ့သမိုင်းအဖြစ် ကျန်ရှိနေခဲ့ပေလိမ့်မည်။ ထိုနှစ်ဟောင်းမှ အဖြစ်အပျက်၊ အကောင်း၊ အဆိုးများကို ငဲ့ကြည့်မိသည်လည်းရှိ၏။ မကြည့်မိသည်လည်းရှိကြ၏။ မည်သို့ပင်ဆိုစေ နှစ်ဟောင်းမှ အဖြစ်အပျက်တို့တွင် လာမည့်အနာဂတ်အပေါ် အကျိုးသက်ရောက်စေနိုင်သည့် အကြောင်းတရားများ ပါဝင်နေပေလိမ့်မည်။

နှစ်ဟောင်း ၂၀၂၂

၂၀၂၂ ခုနှစ်သည် ကမ္ဘာ့နိုင်ငံရေးတွင် ခေတ်ဟောင်းတစ်ခု၏ အဆုံးသတ်နှင့် ခေတ်သစ်တစ်ခု၏ အစကို ဖော်ညွှန်းနေသည့် အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ကြသည်များလည်း ရှိကြသည်။ ယခုနှစ်အတွင်း မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသော နှစ်တစ်နှစ်အဖြစ် ကုလသမဂ္ဂက ဆိုပါသည်။ လက်တွေ့တွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ အသီးသီး၏ နိုင်ငံတကာဆက်ဆံရေးကို ပုံဖော်ပေးသည့် အဓိကနိုင်ငံရေးဖြစ်ရပ်များကို မြင်တွေ့ရသည့် နှစ်လည်းဖြစ်သည်။ ယင်းဖြစ်ရပ်များစွာအနက် အဓိကဖြစ်ရပ်အချို့ကို အဝေးကြည့် ကြည့်မိသည်။

ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၂ ခုနှစ်အတွင်း အကြီးမားဆုံးဖြစ်ရပ်တစ်ခုမှာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်သည်။ ယင်းစစ်ပွဲသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး လက်နက်ကိုင်ပဋိပက္ခ ဖြစ်သည်။ ယင်းစစ်ပွဲကြောင့် နှစ်ဖက်သေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သည်သာမက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြစ်ပေါ်စေခဲ့ပြီး ယူကရိန်းနိုင်ငံ သား ၁၅ ဒသမ ၇ သန်း (ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူ ရှစ်သန်းနှင့် ဒုက္ခသည် ၇ ဒသမ ၇ သန်း) တို့ကို ရွှေ့ပြောင်းမှု ဖြစ်ပေါ်စေခဲ့ကြောင်း UNHCR က ဆိုပါသည်။

ထို့ပြင် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာ့အင်အား ကြီးနိုင်ငံများအကြား အပြန်အလှန် အရေးယူပိတ်ဆို့မှုများ၏ အကျိုးဆက်ကြောင့် ကျန်ကမ္ဘာ့နိုင်ငံများတွင် ကုန်စျေးနှုန်း မြင့်တက်မှုများ၊ ထောက်ပံ့ရေး ပြတ်တောက်မှုများနှင့် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ရုရှား-ယူကရိန်း စစ်ပွဲသည် နှစ်နိုင်ငံအကြားဖြစ်ပွားသည့် စစ်ပွဲတစ်ခု ထက် ပိုပါသည်။ ယင်းစစ်ပွဲနှင့် အကျိုးဆက်များသည် ကမ္ဘာ့နယ်ပယ်အသီးသီးအပေါ် အကျိုးသက်ရောက် စေလျက်ရှိပြီး ၎င်းတို့ကို ၂၀၂၃ အထိ ဆက်လက် မြင်တွေ့နေရဦးမည် ဖြစ်သည်။

အမေရိကန်- တရုတ် တင်းမာမှု

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ အတွင်းက ၎င်း၏အရှေ့အာရှခရီးစဉ်တွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့သည်။ ထိုင်ဝမ်သို့ နန်စီပလိုစီ ရောက်သည်နှင့် ချက်ချင်းပင် တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စစ်ရေးအင်အားပြခြင်း အပါအဝင် ပြင်းထန်သော တုံ့ပြန်မှုများလည်း လုပ်ဆောင်ခဲ့သည်။ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာလာမှုကို မီးမောင်းထိုးပြခဲ့သည်။

ထို့ပြင် အမေရိကန်သည် တရုတ်နိုင်ငံ၏ တိုးတက်မှုကို ကန့်သတ်သည့် ခြေလှမ်းတစ်ရပ် အဖြစ် အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းချစ်ပ်များနှင့် နည်းပညာများရယူနိုင်သည့် အခွင့်အလမ်းများကို အောက်တိုဘာလတွင် ပိတ်ပင်ခဲ့သည်။ ဆက်လက်၍ တရုတ်နိုင်ငံအပေါ် အလားတူ ပိတ်ပင်မှုများပြုလုပ်ရန် အမေရိကန်က သူ၏မဟာမိတ်များကို တိုက်တွန်းခဲ့သည်။ နိုဝင်ဘာလလယ်တွင် ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ G-20 ထိပ်သီး အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်တင်းမာမှုများ လျှော့ချရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ပြည်သူ့ကျန်းမာရေးကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ မည်သို့ပင်ဆိုစေ တရုတ်နှင့် အမေရိကန်အကြား အပြန်အလှန် သံသယရှိမှုနှင့် ရန်လိုမှုတို့သည် လာမည့်နှစ်များအတွင်း အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆက်လက်လွှမ်းမိုး နိုင်ဖွယ်ရှိနေပါသည်။

ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း

အနာဂတ်အတွက် ပြဿနာတစ်ခု ဖြစ်နိုင်ခြေရှိသော ရာသီဥတုကပ်ဆိုးနှင့်ပတ်သက်၍ လွန်ခဲ့ သော အနှစ် ၄၀ ကပင် သိပ္ပံပညာရှင်များက ပထမဆုံး သတိပေးခဲ့ဖူးပါသည်။ ယင်းသို့ သတိပေးခဲ့သော အန္တရာယ်ရှိသည့် အနာဂတ်ကို ၂၀၂၂ ခုနှစ်အတွင်း ရင်ဆိုင်နေကြရပြီဖြစ်သည်။ မကြုံစဖူး ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုများသည် ကမ္ဘာ့ဒေသများတွင် ဖြစ်ပွားနေပါသည်။

ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် နောက်ပြန်လှည့်၍ မရနိုင်တော့သည့် အခြေအနေသို့ မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ IPCC အဖွဲ့က ဧပြီလတွင် သတိပေးခဲ့ပါသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံအချို့က လိုက်နာ အကောင်အထည်ဖော်လျက် ရှိကြသော်လည်း အများအားဖြင့် အစိုးရများ၏ လုပ်ဆောင်မှုများသည် နှေးကွေးလျက်ရှိကြပါသည်။

အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သော COP27 အစည်းအဝေးသည် မူသဘောအရ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာခဲ့ရသော ဆင်းရဲသောနိုင်ငံများသို့ ချမ်းသာသောနိုင်ငံများက ငွေကြေးပေးရမည့် ဆုံးရှုံးမှုနှင့် ပျက်စီးမှုဆိုင်ရာ သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့ပါသည်။ အစည်းအဝေးတွင် အဓိကကျသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ သဘောတူညီမှု မရရှိခဲ့ချေ။ ၂၀၂၂ ခုနှစ်အတွင်း လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏသည် ဆက်လက်မြင့်တက်နေပါသည်။

ငွေကြေးဖောင်းပွမှုများ

ကိုဗစ်-၁၉ သည် စီးပွားရေးတိုးတက်မှုကို ဆက်လက် အကျိုးသက်ရောက်လျက်ရှိသည့်အပြင် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို သိသိသာသာ ထိခိုက်စေပြီး မြင့်မားသောငွေကြေး ဖောင်းပွမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ ကမ္ဘာ့ စီးပွားရေးဖိုရမ်၏ Chief Economists Outlook စစ်တမ်းအရ ငွေကြေးဖောင်းပွမှုနှုန်း အလွန်မြင့်မား နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု အလားအလာ နည်းပါးမှုအတွက် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း တွေ့ရပါသည်။ ယင်းစစ်တမ်းအရ အမေရိကန်နှင့် ဥရောပတွင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနေမည်ဟု မျှော်မှန်းထားပြီး တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိဒေသတို့မှလွဲ၍ ကမ္ဘာ့နေရာအများစုတွင် “ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားသည်” ဟု ဖော်ပြထားပါသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး လုပ်ခများ ကျဆင်းလာမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လူနေမှုစရိတ်အကျပ်အတည်းသည် လူ့အဖွဲ့အစည်းကို ဆိုးရွားစွာ ထိခိုက်စေလျက်ရှိကြောင်း ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ မန်နေးဂျင်း ဒါရိုက်တာ Saadia Zahidi က ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုအပေါ် စိုးရိမ်မှု

ကမ္ဘာ့စီးပွားရေးအလားအလာသည် “မှောင်မိုက်” နေပြီး ကမ္ဘာကြီးသည် “သိသာထင်ရှားသော စီးပွားရေးအန္တရာယ်” ကျရောက်နေကြောင်း World Economic Forum ၏ Chief Economists Outlook စစ်တမ်းအရ သိရသည်။ ၂၀၂၂ ခုနှစ်သည် ကမ္ဘာ့ဆင်းရဲ မွဲတေမှု အဆိုးရွားဆုံး နှစ်များထဲမှ တစ်နှစ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းချက်ကို ကိုးကား၍ အစီရင်ခံစာက ဖော်ပြခဲ့သည်။ ယူကရိန်းစစ်ပွဲ၊ မြင့်မားသော ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ဥရောပတွင် တိုးတက်မှုအားနည်းမည် သို့မဟုတ် အလွန်အားနည်းမည်ဟု ခန့်မှန်းခဲ့ကြသည်။ ထို့ပြင် ဥရောပတစ်ဝန်း ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များသည် လာမည့်နှစ်တွင် ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုကို တုံ့ပြန်ရန်အတွက် အတိုးနှုန်းကို တစ်ပြိုင်နက်မြှင့်တင်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာကြီးသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည်သွားနိုင်သည့်အပြင် ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်ထိခိုက်နိုင်သည့် ငွေကြေးအကျပ်အတည်းများဆီသို့ ဦးတည်သွား နိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ လေ့လာမှုအသစ်များက ဆိုပါသည်။ ကမ္ဘာ့စီးပွားရေးသည် သိသိသာသာ နှေးကွေးနေပြီး စီးပွားပျက်ကပ်ရင်ဆိုင်နေရသည့် နိုင်ငံများ ပိုမိုများပြားလာသည့်အတွက် ထပ်မံနှေးကွေးသွားနိုင်ကြောင်း၊ ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူထုအတွက် ဆိုးရွားသောရေရှည်အကျိုး ဆက်များနှင့်အတူ ယခုကဲ့သို့ ဖြစ်ပွားမှုများ ကာလရှည်ကြာဖြစ်ပွားမည်ကို များစွာစိုးရိမ်မိကြောင်း ကမ္ဘာ့ဘဏ်အုပ်စုဥက္ကဋ္ဌ David Malpass က ပြောကြားခဲ့သည်။

စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးအန္တရာယ်

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံကျော်၌ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှု ငါးရာခိုင်နှုန်းကျော် ရင်ဆိုင်ခဲ့ရပါသည်။ ယင်းသို့ ကြုံတွေ့ရသည့် နိုင်ငံများတွင် ဝင်ငွေနည်းသော နိုင်ငံနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံ ၉၀ ရာခိုင်နှုန်းနှင့် ဝင်ငွေမြင့်နိုင်ငံ ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ပါသည်။ ကမ္ဘာ့စားနပ် ရိက္ခာဖူလုံမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေပြီး လာမည့်သုံးနှစ်အတွင်း ကမ္ဘာ့နေရာအနှံ့အပြားတွင် စိန်ခေါ်မှုများရှိလာ နိုင်ပါသည်။

အာဖရိက ဆာဟာရအောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတို့သည် များစွာထိခိုက် လွယ်သည့် ဒေသများဖြစ်ကြပြီး တောင်အာရှနှင့် ဗဟိုအာရှဒေသများတွင်လည်း စားနပ်ရိက္ခာဖူလုံရေး ပြဿနာဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၅၃ နိုင်ငံရှိ လူဦးရေ ၁၉၃ သန်းခန့်မှာ ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ၂၀၂၂ နှစ်ကုန်တွင် စားနပ်ရိက္ခာ မလုံလောက်သည့် လူဦးရေ ၂၀၅ သန်းကျော်အထိ တိုးမြင့်လာမည်ဟု ခန့်မှန်းခဲ့ပါသည်။

စွမ်းအင်လုံခြုံရေးနှင့်ပတ်သက်၍ သဘာဝ ဓာတ်ငွေ့စျေးနှုန်းများသည် ၂၀၂၂ ခုနှစ် သြဂုတ်လ တွင် စံချိန်တင်မြင့်တက်လာခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း သည် ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝန်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဈေးကွက်များတွင် ဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြတ်တောက်မှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ စွမ်းအင်အကျပ်အတည်းသည် အမျိုးမျိုးသော စီးပွားရေးအကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်လာပြီး ရုရှား-ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေခဲ့သည်။

သဘာဝဓာတ်ငွေ့ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာခဲ့ပြီး အချို့သောဈေးကွက်များတွင် လျှပ်စစ်ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ မြင့်မားသော စွမ်းအင်ဈေးနှုန်းများသည် မိသားစုများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့ပြီး အချို့သောစက်ရုံများက ထုတ်လုပ်မှု လျှော့ချခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုကို နှေးကွေးစေခဲ့သည်။ စွမ်းအင်ထောက်ပံ့မှုနှင့်ပတ်သက်၍ ဥရောပသည် ရုရှားအပေါ် များစွာမှီခိုနေရမှုကြောင့် ၂၀၂၂-၂၀၂၃ ဆောင်းရာသီအတွင်း ဓာတ်ငွေ့အခက်အခဲကြုံတွေ့ရပြီး ထွန်းသစ်စ စီးပွားရေးလုပ်ငန်းများ သည် စွမ်းအင်အတွက် ကုန်ကျစရိတ် ပိုမိုမြင့်မားလာမှုနှင့် လောင်စာဆီ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရပါသည်။

နှစ်သစ် ၂၀၂၃

အကောင်း၊ အဆိုး မည်သို့ပင်ရှိစေကာမူ နှစ်ဟောင်း ၂၀၂၂ ခုနှစ်မှာ မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။ အချိန်ကာလ ပြောင်းလဲသွားသော်လည်း မပြောင်းလဲဘဲ နှစ်သစ် ၂၀၂၃ သို့ ယူဆောင် လာမည့် အဖြစ်အပျက်များနှင့် ၎င်းတို့၏အကျိုးဆက်များကတော့ အသင့်စောင့်ကြိုနေပါသည်။ ထိုအဖြစ်အပျက်များတွင် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည်များလည်း ပါဝင်၏၊ ခက်ခဲသည်များလည်း ပါဝင်၏။ ဘယ်သူမပြု မိမိမှုပင် ဖြစ်ပါသည်။ မိမိတို့ကောင်းကျိုး၊ ဆိုးကျိုး ခံစားရသည်မှာ မိမိပြုခဲ့သောကောင်းမှု၊ မကောင်းမှုကြောင့်ဟု ဆိုရပါမည်။ အချိန်ကာလနှင့် နှစ်များ ပြောင်းလဲသွားသော်လည်း မိမိတို့၏ ကိုယ်ဖြင့်ပြုလုပ်မှု ကာယကံ၊ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊ စိတ်ဖြင့် ကြံစည်မှု မနောကံတို့ကြောင့် အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံနှင့် အကျိုးစီးပွားမဲ့ကို ဖြစ်စေသော အကုသိုလ်ကံတို့ကို ရရှိမည်ဖြစ်သည်။

နှစ်သစ် ၂၀၂၃ တွင် မည်သို့မျှော်လင့်ကြမည်နည်း။ လူတိုင်းကတော့ အကောင်းဆုံးကို မျှော်လင့် ကြမည်သာဖြစ်သည်။ ထို့အထဲတွင် မိမိကိုယ်ကိုမိမိ ပြောင်းလဲတိုးတက်နိုင်သူတို့အတွက် အချိန်တိုင်းသည် မျှော်လင့်ချက်များပြည့်နေသည့် နှစ်သစ်ဖြစ်နေမည် ဖြစ်ပါသည်။ ။

ကိုးကား -

၁။      Significant World Events Of 2022, December 18, 2022, https://www.ndtv.com/ feature/in-pics-significant-world-events-of-2022-3617086

၂။                The world is at a point of significant eco-nomic danger, say experts, Sep 28, 2022, World Economic Forum

၃။      Risk of Global Recession in 2023 Rises Amid Simultaneous Rate Hikes, september 15, 2022, The World Bank