Skip to main content

အတွေးမှား၊ အယူမှားပြီဆိုမှဖြင့်

ဘကြီးကောင်း

မောင်မြင့်အေးရေ ...

လောကီကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ နယ်ပယ်မှာပဲဖြစ်ဖြစ် အတွေးမှား၊ အယူမှားတွေ ဖြစ်တည်လာပြီဆိုမှဖြင့် လောကသားတွေအဖို့ ပစ္စုပ္ပန်၊ သံသရာနှစ်ရပ်စလုံး အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီးကုန်တော့တာပါပဲ။

အတွေးမှား၊ အယူမှားမှုတွေနဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ကြီးက

“မိစ္ဆာသင်္ကပ္ပ ဂေါစရာ - မှားယွင်းတဲ့အကြံ အစည်လျှင် ကျက်စားရာအာရုံရှိ၍ နေကြကုန်သော၊ ယေနရာ - အကြင်လူရော နတ်ပါသတ္တဝါတို့သည်၊ အသာရေစ - အနှစ်အစိုင် အခိုင်အမာမရှိတဲ့တရား၌ လည်းပဲ၊ သာရမတိနော- အနှစ်သာရရှိတယ်လို့ မှတ်ထင်ကြကုန်၏၊ သာရေစ - အနှစ်သာရရှိတဲ့ တရား၌ကား၊ အသာရဒဿိနော- အနှစ်သာရမရှိ ဘူးရယ်လို့မှတ်ထင်ကြကုန်၏။

တေ - ထိုအနှစ်ကို အကာထင်၊ အကာကိုအနှစ်လို့ ပြောင်းပြန်မြင်ကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့သည်၊ မိစ္ဆာသင်္ကပ္ပ ဂေါစရာ - မှားယွင်းတဲ့အကြံအစည်လျှင် ကျက်စားရာ အာရုံရှိကြကုန်သည်ဖြစ်၍၊ သာရံ- တကယ့်အနှစ်စစ် အနှစ်မှန်ဆိုတဲ့ တရားကို၊ နာဓိဂစ္ဆန္တိ - လက်ဆုပ်လက်ကိုင် ပိုင်ပိုင်မိမိမရရှိနိုင်ကြလေကုန်သတည်း။

မိစ္ဆာသင်္ကပ္ပ - အကြံမှားတာ၊ အတွေးမှားတာ၊ အတွေးမှား၊ အကြံမှားတာကို မိစ္ဆာသင်္ကပ္ပလို့ခေါ်ပါတယ်။ အတွေးအကြံမှားသွားရင် အယူအဆပါ မှားသွားတတ်တယ်။ မှားယွင်းသွားတဲ့ အယူအဆများကို မိစ္ဆာဒဿနလို့ခေါ်ရတယ်။

ဒါကြောင့် အတွေးအကြံမှားတဲ့ ပုဂ္ဂိုလ်များဟာ အယူအဆပါမှားတတ်တယ်။ အယူဝါဒပါ မှားသွား တတ်တယ်။ စာလိုပြောရင် မိစ္ဆာသင်္ကပ္ပကြောင့် မိစ္ဆာဒဿနဖြစ်တတ်တယ်လို့ သဘောကျပြီးတော့ ထားပါ” စသည်ဖြင့် “ဘဝတန်ဖိုး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ဟောကြားတော်မူခဲ့ပါ တယ်။ တရားနာပရိသတ်တွေ နှစ်သက်သဘော ကျလွန်းလို့ ဒီတရားတော်ကို စာအုပ်အဖြစ် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရပါတယ်။

ပစ္စုပ္ပန်၊ သံသရာ နှစ်ရပ်စလုံး

မှန်ပါတယ်။ လူ့ဘုံလောကမှာ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဒဿနဆိုတဲ့ အတွေးမှား၊ အကြံမှား၊ အယူအဆမှားတွေကြောင့် အနှစ်ကို အကာထင်၊ အကာကို အနှစ်လို့ပြောင်းပြန်မြင်ပြီး ပစ္စုပ္ပန်၊ သံသရာ နှစ်ရပ်စလုံး အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီး သွားကုန်ခဲ့ကြတဲ့ သာဓကတွေကလည်း အများအပြားပါပဲ။

လွန်ခဲ့တဲ့ ၁၆ ရာစု၊ ၁၇ ရာစုဝန်းကျင်က အိန္ဒိယ ပြည် ဆောဂါးကျွန်းမှာ လူအများဟာ နတ်ကွန်းရှေ့ မှာ ဆိုင်းသံဗုံသံတွေနဲ့အတူ ဘုရားအာရုံယူပြီး ပင်လယ်ထဲကို အစုလိုက်၊ အပြုံလိုက်ခုန်ချကာ ငမန်းအစားခံကြသတဲ့။ ငမန်းတွေက မစားနိုင်တော့လို့ နှုတ်သီးနဲ့ထိုးလွှတ်တဲ့အခါ ဘုရားသခင်က ငါ့ကိုခေါ်တော်မမူဆိုပြီး ဝမ်းနည်းပက်လက် ငိုကြွေးကြသတဲ့။

တစ်ခါဩရိဿနယ်မှာလည်း အိမ်လောက်မက ကြီးမားတဲ့ “ဂျဂါနာ့သ်” နတ်ကွန်းယာဉ်ကြီးကို လူပေါင်းရာချီ တွန်းဆွဲလာစဉ် ဘီးရှေ့မှာ အလျား မှောက်အသေခံခြင်း၊ သံဆူးချိတ်ကြီးတွေနဲ့ လည်ပတ်လျက်ရှိတဲ့ ဘီးကြီးကို ကျောနဲ့ပြေးကပ် အစူးခံပြီး သွေးသံရဲရဲနဲ့ ချာလပတ်ရမ်း လည်ကျ အောင် အသေခံခြင်းဖြင့် ဘုရားသခင်ထံသွားသူတွေ အကြောင်းကို ပေါ်တူဂီဘုန်းကြီး ဆီဘာရှိုမန်ရစ် ဆိုသူက ရေးခဲ့ဖူးတယ်။

အိန္ဒိယပြည် ကောသမ္ဗီနယ်မှာလည်း ၁၇ ရာစု က ကောင်းကင်ဘုံ (ထာဝရ၊ ဗြဟ္မာ့ပြည်) သို့ တက်သော သစ်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးသတဲ့။ လူအများဟာ Tree of Death ဆိုတဲ့ သေမင်းတမန် သစ်ပင်ကြီးပေါ်ကို ကြိတ်ကြိတ်တိုးမျှ တက်ကြပြီး ခုန်ချကြသတဲ့။ ကောင်းကင်ဘုံသွားသူတို့ရဲ့ အရိုးတွေ သစ်ပင်ကြီးအောက်မှာ စုပုံနေကြောင်း တရုတ်ရဟန်းတော်ဟီယွန်ဆင်က ကိုယ်တွေ့မျက်မြင် ရေးသားခဲ့ပါတယ်။

မှားယွင်းတဲ့အတွေးအခေါ်၊ အယူအဆတွေက အလွန်ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ အသိဉာဏ်ပညာ အတွေးအခေါ် အယူအဆတွေ၊ ယဉ်ကျေးမှုတွေ တိုးတက်လာပြီဆိုတဲ့ ဒီဘက်ခေတ် ကာလတွေမှာလည်း ဒါမျိုးကိစ္စတွေက ရှိနေဆဲ၊ ဖြစ်ပျက်နေဆဲပါ။

ဂျင်မ်ဂျုံးဂိုဏ်းဝင်ပေါင်း ၉၀၀ ခန့်

၁၉၇၈ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့က ဂျင်မ်ဂျုံးဂိုဏ်း ဝင်ပေါင်း ၉၀၀ ခန့်ဟာ တစ်ပြိုင်နက် အဆိပ်သောက် သေကြသတဲ့။ သူတို့က ကမ္ဘာကြီးပျက်တော့မယ် ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားကြသူတွေပါ။

၁၉၈၅ ခုနှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း တောင်ပေါ်ကျေးရွာမှာ ဒေသခံမျိုးစု အကြီးအကဲ တစ်ဦးက ဘုရားသခင်ကို တွေ့မြင်ရမယ်ဆိုတဲ့ အာမခံချက်အရ တိုင်းရင်းသားလူမျိုးစုထဲက လူ ၇၀ ခန့်ဟာ အစုလိုက် အပြုံလိုက်သေပွဲဝင်ခဲ့ ကြတယ်။

သေပွဲဝင်ကြသူများဟာ ဒါဗိုပြည်နယ်ရှိ တောတောင်များမှာနေထိုင်ကြတဲ့ အာတာလူမျိုးစုအဖွဲ့ဝင်များ ဖြစ်ကြပါတယ်။ ဘုရားသခင်နဲ့တွေ့ကို တွေ့ရမယ်ဆိုတဲ့ အာမခံချက်နဲ့ လူမျိုးစုခေါင်းဆောင်နဲ့ ဘာသာရေးအကြီးအကဲဖြစ်သူက ပိုးသတ်ဆေးခတ်ထားတဲ့ ယာဂုကို တိုက်ကျွေးရာက အဲဒီလို အစုလိုက်အပြုံလိုက် အတုံးအရုံးသေဆုံးခဲ့ကြခြင်း ဖြစ်ပါတယ်။ လူမျိုးစုအကြီးအကဲလည်း သေပွဲဝင်သူ တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

မနီလာမြို့ အရှေ့တောင်ဘက် မိုင် ၆၀၀ ခန့် အကွာ ဒါဗိုပြည်နယ်ရှိ အခင်းဖြစ်ပွားရာ ဝုမီတန် ကျေးရွာဟာ တောအထပ်ထပ်၊ တောင်အထပ်ထပ်နဲ့ လမ်းပန်းဆက်သွယ်မှု ခက်ခဲတာကြောင့် မသေဘဲ ကျန်ရှိနေတဲ့ လူအချို့ကို ဆေးကုသရေးအဖွဲ့က တပ်မတော်ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကုသ ပေးခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်ကလည်း ဂျပန်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်သူတို့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ ပြည်သူအချို့ အတုံးအရုံး သေဆုံးခဲ့ကြရပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အစွန်းရောက်သူတွေဟာ သူတို့ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာမျိုး မဟုတ်ဘဲ တိုကျိုမြေအောက်ရထားမှာ Sarin Gas အဆိပ်ငွေ့တွေကို ထီးအချွန်နဲ့ထိုးဖောက်ခွဲခဲ့လို့ အပြစ်မဲ့ပြည်သူအချို့ အဆိပ်သင့်သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

မြန်မာတွေကတော့ အဆိုပါ ဘာသာရေး အစွန်း ရောက်ဂိုဏ်းကို ဥုံဂိုဏ်းလို့ ခေါ်ခဲ့ကြပါတယ်။ အပြည့်အစုံကတော့ Aum Shinrikyo (ဥုံရှရိန်ကျို)ဂိုဏ်းလို့ခေါ်ပြီး အဖွဲ့ခေါင်းဆောင်က ရှိုလိုအာဆာ ဟာရာ ဆိုသူဖြစ်ပါတယ်။ သူ့အယူဝါဒကလည်း အမေရိကန်က ဂျင်မ်ဂျုံးဂိုဏ်းလိုပဲ ကမ္ဘာကြီးပျက် တော့မယ်ပေါ့။ ကမ္ဘာကြီးပျက်ရင် သူတို့ ဥုံဂိုဏ်းဝင် လူကောင်းတွေပဲ ရှင်သန်ကျန်ရစ်မယ်ပေါ့။

မောင်မြင့်အေးရေ ...

မြတ်ဗုဒ္ဓနဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို နှစ်နှစ်ကာကာ ကိုးကွယ်ယုံကြည်ကြတဲ့ တို့ဗုဒ္ဓ ဘာသာဝင်တွေအဖို့ကတော့ ကံကောင်းတယ်လို့ ဆိုရမယ်။ အမျိုးမျိုးအဖုံဖုံသော အယူအစွဲတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဗြဟ္မဇာလသုတ်နဲ့ ကာလာမသုတ်တွေကို သံဃာတော်အရှင်သူမြတ်များ ကျေးဇူးကြောင့် နာယူခွင့်ရခဲ့ကြတယ်။

ဟုတ်တိုင်းမှန်စွာသိမြင်နိုင်သော

သမ္မာဒိဋ္ဌိမဂ္ဂင်

ဗြဟ္မဇာလသုတ်မှာ “အကျယ်အားဖြင့် ၆၂ ပါး တိတိရှိတဲ့ မိစ္ဆာဒိဋ္ဌိတို့ကို တစ်ပြုံလုံး အမြစ်ပြုတ်အောင် ပယ်သတ်နိုင်သောတရားကား ဟုတ်တိုင်းမှန်စွာ သိမြင်နိုင်သော သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်တယ်။

အမျိုးမျိုးအဖုံဖုံ ယူကြစွဲကြလေသမျှဟာ အတ္တဟူသော အယူအစွဲအပေါ်မှာ အခြေခံသည် ချည်းဖြစ်တယ်။ သည်မိစ္ဆာဒိဋ္ဌိဟာ ‘ငါ’ ဟူ၍ လည်းကောင်း၊ ‘ငါ့ဟာ’ဟူ၍ လည်းကောင်းတွေးကြံ ဖန်တီးတတ်တယ်။ ဆရာကောင်းထံ နည်းမခံခြင်း၊ အလွဲအမှားတရား ကြားနာမှတ်သားရခြင်းစတဲ့ အကြောင်းတရားတွေကြောင့်သာ ဖြစ်ပေါ်လာရ၏” စသည်ဖြင့် နာယူမှတ်သားရပါတယ်။

ကာလာမ သို့မဟုတ် ကေသမုတ္တိသုတ်မှာ လည်း မြတ်စွာဘုရားရှင်က ကာလာမ အမျိုးသား တွေကို အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းကလုပ်လာတဲ့ Tradition ဆိုတဲ့ အစဉ်အလာနဲ့လည်း မရှာနဲ့။ လူပြောသူပြော ဒီလိုတဲ့ဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ စာထဲမှာပါ တယ် ဆိုတာနဲ့လည်း မရှာနဲ့၊ မဆုံးဖြတ်နဲ့။ အကြောင်းအကျိုးဆီလျော်အောင် တွေးတော ဆင်ခြင်မှုဆိုတဲ့ တက္ကဗေဒ Logic နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ အနုမာန အတွေးအခေါ်မျိုးနဲ့လည်း မဆုံးဖြတ်နဲ့။ ကြောင်းကျိုးဆင်ခြင်တဲ့ နည်းနဲ့လည်း မဆုံးဖြတ်နဲ့။ ငါ့အယူဝါဒနဲ့ ကိုက်ညီတယ်ဆိုတာနဲ့ လည်း မဆုံးဖြတ်နဲ့။ ဖြစ်နိုင်တယ်ဆိုတာနဲ့လည်း မဆုံးဖြတ် နဲ့။ တို့ဆရာ ပြောတဲ့စကားဆိုတာနဲ့လည်း မဆုံးဖြတ်နဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့ သိပြီးတော့ ဆုံးဖြတ် ပါလို့ ဟောဖော်ညွှန်ပြဆိုဆုံးမခဲ့ပါတယ်။

ဘယ်သူမှားလို့ ဘယ်သူမှန်

ကာလာမသုတ္တန် စတင်ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းရင်းကလည်း စိတ်ဝင်စားစရာ ကောင်းသလို နှောင်းလူတို့အတွက်လည်း အကျိုးရှိ ပါတယ်။ ကေသမုတ္တမှာနေတဲ့ ကာလာမ အမျိုးသား တွေဟာ မြတ်စွာဘုရားရှင်နဲ့ တွေ့တဲ့အခါမှာ “အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေ ရောက်ရောက်လာကြတယ်ဘုရား။ လာသမျှ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒကောင်း ကြောင်းပြောပြီး သူများဝါဒကိုရှုတ်ချပြောဆို သွားကြတာချည်းပဲ။ နောက်တစ်စုကလာပြန်လည်း ဒီလိုပဲ။ ကိုယ့်ဝါဒ အကောင်းပြော ကိုယ့်ဟာအမှန်ပြောပြီး သူများဝါဒကို ရှုတ်ချပစ်ပယ်သွားကြတယ်။ အဲဒီတော့ ဘယ်သူမှားလို့ ဘယ်သူမှန်တယ် ဆိုတာ တပည့်တော်တို့မဝေခွဲနိုင်ဘူး ဘုရား” လို့ လျှောက်တင်ကြရာက အစပြုဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

မောင်မြင့်အေးရေ ...

တို့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအနေနဲ့ လည်း လောကီ၊ လောကုတ္တရာအရေး ကိစ္စတွေမှာ အတွေးမှား၊ အယူမှားတွေ၊ ဝေခွဲမရ သံသယတွေ ကင်းစင်လွင့်ပျောက်ဖို့ဆိုရင် ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူခဲ့တဲ့ ကာလာမသုတ် အနှစ်ချုပ် တရားတော်လာ ဆုံးမဩဝါဒအတိုင်း မိမိတို့ဘဝမှာ တကယ်ဆင်ခြင်စဉ်းစားရမှာက အပြစ်ရှိတဲ့အရာ လား၊ အပြစ်မရှိတဲ့ အရာလား၊ အကုသိုလ်လား၊ ကုသိုလ်လား၊ ပညာရှိတွေ ကဲ့ရဲ့တဲ့အရာလား၊ ချီးမွမ်းတဲ့အရာလား၊ လက်တွေ့ကျင့်သုံးလို့ရှိရင်  ကောင်းကျိုးချမ်းသာကို ပေးတတ်သလား၊ ဆင်းရဲဒုက္ခကို ပေးတတ်သလား ဆိုတာတွေကို ဒီအတိုင်းအတာတွေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ကာ လက်တွေ့လိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်။

သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိပါစေ။ ။

ကျမ်းကိုး - ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ “ကာလာမသုတ် အနှစ်ချုပ်” ။

          - ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ “ဓမ္မဒူတ”။