Skip to main content

ဘောလုံးအားကစားတိုးတက်အောင်မြင်စေရန်အတွက် အခြေခံလိုအပ်ချက်များ

ဘောလုံးသုတေသီတစ်ဦး

မျက်မှောက်ကာလ၌ ကမ္ဘာပေါ်တွင် ဘောလုံးအားကစားအောင်မြင်လျှင် အားကစားအဆင့် တိုးတက်နေပြီဟုပင် ထင်မြင်ယူဆလာကြသည်။ ဘောလုံး အားကစားသည်လူသားတို့၏ အပန်းဖြေမှုကို အကောင်းဆုံးကျေနပ်စေသည်ဟု ကမ္ဘာ့လူသားအများစုက လက်ခံယုံကြည်ကြခြင်းဖြစ်သည်။ ထို့ပြင် ဘောလုံးအားကစားသည် ကစားသမားများအတွက် ဝင်ငွေအကောင်းဆုံးအဖြစ် ရေပန်းစားလျက်ရှိသည်။

မြန်မာနိုင်ငံသားများကမူ အခြားအားကစား နည်းများတွင် အောင်မြင်မှုမရရှိလျှင်ပင် ဘောလုံး ပြိုင်ပွဲတွင် အောင်မြင်ဗိုလ်စွဲခဲ့ပါက အားရကျေနပ်ဝမ်းမြောက်ပီတိဖြစ်ကြသည်။ ဘောလုံးအသင်း ရှုံးနိမ့်သွားလျှင် အမျိုးသားရေးထိခိုက်သည်ဟု ခံယူလျက် ကရုဏာဒေါသောဖြင့် ပေါက်ကွဲဆဲဆိုလေ့ ရှိသည်ကိုလည်း မကြာခဏဆိုသလို ကြုံတွေ့ရတတ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အဓိကလိုအင်ဆန္ဒမှာ ဘောလုံးအားကစားတွင် မြန်မာတို့ရွှေခေတ်ပြန်ရောက်စေလိုသော ဆန္ဒသည် အပြင်းပြဆုံးဖြစ်သည်ဟု ထင်မြင်ပါသည်။

မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း ရွှေခေတ်သို့ ပြန်လည်တက်လှမ်းနိုင်ရေးအတွက် ဆန္ဒပြင်းပြလျက်ရှိသည့် စာရေးသူမိမိအနေဖြင့် အားကစားလုပ်ငန်းအတွေ့အကြုံများနှင့် လေ့လာ ဆည်းပူးမှုများအရ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်လိုသော ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားမျှဝေရခြင်းဖြစ်ပါသည်။ ဘောလုံးအားကစား တိုးတက်အောင်မြင်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအကြောင်းရင်းများမှာ အောက်ပါ အချက်များဖြစ်သည်-

(က) ဘောလုံးကန်နည်းအခြေခံကျွမ်းကျင်မှု (Basic Skills)

(ခ)     ဘောလုံးပိုင်ဆိုင်မှုစွမ်းရည် (Ball Posse-ssion)

(ဂ)     အသင်း၏ စည်းလုံးညီညွတ်မှု (Team Unity)

(ဃ) ဂိုးသွင်းမှုစွမ်းရည် ( Ability of Goal Score)

ဘောလုံးကန်နည်းအခြေခံကျွမ်းကျင်မှု

ဘောလုံးကစားနည်းအခြေခံကျွမ်းကျင်မှုတွင် ဘောလုံးကန်ချက်နှင့်ထိချက်များ မှန်ကန်စေရန် လိုအပ်သည်။ ဘောလုံးကစားရာတွင် အသုံးပြုသည့် ခြေခွင်ဖြင့်တွန်းခြင်း၊ ခြေဖမိုးတည့်ဖြင့်ကန်ခြင်း၊ ခြေဖမိုးအတွင်း စောင်းဖြင့်ကန်ခြင်း၊ ခြေဖမိုးအပြင် စောင်းဖြင့်ကန်ခြင်း၊ ခြေဦးဖြင့်ထိုးခြင်း၊ ခေါင်းဖြင့်တိုက်ထုတ်ခြင်း၊ ဒူးဖြင့်တိုက်ခြင်း စသည်တို့ကို မှန်မှန်ကန်ကန်၊ ထိထိရောက်ရောက် အသုံးပြုနိုင်ရန်အတွက် အဖန်တစ်လဲလဲလေ့ကျင့်ရန် လိုအပ်သည်။ ဘောလုံးကန်ရာတွင် ထိချက်မှန်ကန်ရန် လိုအပ်သကဲ့သို့ ဘောလုံးထိန်းနည်းလည်း မှန်ကန် ကျွမ်းကျင်ရန်လိုအပ်သည်။

ဘောလုံးထိန်းရာတွင် ခြေခွင်ဖြင့်ထိန်းခြင်း၊ ခြေဖမိုးဖြင့်ထိန်းခြင်း၊ ခြေဖဝါးဖြင့်ထိန်းခြင်း၊ ခြေဖျားဖြင့်ထိန်းခြင်း၊ ဒူးဖြင့်ထိန်းခြင်း၊ ပေါင်ဖြင့်ထိန်းခြင်း၊ ရင်ဘတ်ဖြင့်ထိန်းခြင်း၊ ခေါင်းဖြင့် ထိန်းခြင်းစသည်တို့ကို ကျွမ်းကျင်တတ်မြောက်ရန်အတွက် အဖန်တစ်လဲလဲ လေ့ကျင့်ရန် လိုအပ်သည်။

ဘောလုံးကစားရာတွင် မိမိ၏ကစားဖော်ထံသို့ မြေလှိမ့်ဘောပေးပို့ခြင်း၊ အဝေးသို့ အမြှောက်ဘောပေးပို့ခြင်း စသည့်ကန်ပို့နည်းများ အသုံးပြုရသည်။ မိမိ၏ကစားဖော်ထံသို့ အကောင်းဆုံးရောက်ရှိ သွားစေရန်ကန်တင်ပေးပို့ရာတွင် အချိန်အဆ မှန်ကန်တိကျရန် လိုအပ်သည်။ ဂိုးပေါက်ထဲသို့ ဘောလုံးကန်သွင်းရာတွင် အထက်တွင် ဖော်ပြခဲ့သည့် ကန်နည်းများကို လျှပ်တပြက်အသုံးပြုပြီး ကန်သွင်းနိုင်ရန်အတွက် အဖန်တစ်လဲလဲ လေ့ကျင့် ခြင်းအားဖြင့် ကျွမ်းကျင်တတ်မြောက်နိုင်သည်။

ထူးချွန်သည့် ဘောလုံးကစားသမားတစ်ဦး ဖြစ်ရန်အတွက် သက်ငယ်တန်းအရွယ်တွင် ဘောလုံးကစားနည်း အခြေခံကျွမ်းကျင်မှုများကို တတ်မြောက်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်သည်။ သက်ငယ်တန်းအရွယ်သည် စာသင်ကျောင်းများတွင် ပညာသင်ကြားသည့်ကာလဖြစ်၍ ပညာရေးရာဌာနတွင် တာဝန်ရှိသည်ဟု ထင်မြင်ယူဆတတ်ကြသည်။ လက်တွေ့အခြေအနေအရ မဖြစ်နိုင်ပေ။ ပညာရေးဌာနတွင် ခန့်အပ်ထားသည့် ကာယပညာဆရာဆရာမများသည် ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လှုပ်ရှားလေ့ကျင့်ပေးရန် ရည်ရွယ်ခြင်းဖြစ်၍ တစ်ပတ်လျှင် သင်ကြားလေ့ကျင့်ချိန်မိနစ် ၄၀ သာ အချိန်သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ ကာယပညာဆရာ ဆရာမများ အားလုံးသည် ဘောလုံးကစားနည်း အခြေခံကျွမ်းကျင်သူများ မဖြစ်ကြသည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ပညာရေးဝန်ကြီးဌာနနှင့် နှိုင်းဆလျှင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနက ဆောင်ရွက်လျှင် ပို၍အဆင်ပြေလိမ့်မည်ဟု ထင်မြင်ယူဆနိုင်သော်လည်း ထိရောက်သော အကျိုးရလဒ်ကိုတော့ ရရှိနိုင်မည်မဟုတ်ပေ။ ပညာရေးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့သည် ယှဉ်ပြိုင်ရေးကို ဆောင်ရွက် နိုင်သည့်အခြေအနေ ဖြစ်ပါသည်။

ဘောလုံးကစားနည်း အခြေခံကျွမ်းကျင်မှု လေ့ကျင့်သင်ကြားရေးကို ဘောလုံးအဖွဲ့ချုပ် စီမံဆောင်ရွက်လျှင် ပိုမိုထိရောက်အောင်မြင်မည်ဟု ယူဆပါသည်။ ဘောလုံးအဖွဲ့ချုပ်များကို မြို့နယ်တိုင်းတွင် ဖွဲ့စည်းလျက် မြို့နယ်ဘောလုံးအဖွဲ့ချုပ် အောက်တွင် ဘောလုံးကလပ်အသင်းများ လွတ်လပ်စွာဖွဲ့စည်းပါဝင်ခွင့်ပြုရမည်။ သို့မှသာ ဘောလုံးအဖွဲ့ချုပ်များ၊ နယ်မြေဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးဌာနနှင့် အားကစားဌာနတို့ ပူးပေါင်းစီမံဆောင်ရွက်ခြင်းအားဖြင့် ဘောလုံးကစားနည်းအခြေခံကျွမ်းကျင်တတ်မြောက်သည့် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းလာမည် ဖြစ်ပါသည်။ ထို့ပြင်အသက်ကန့်သတ်ချက်များ အတွက် တိကျမှန်ကန်အောင် စီမံဆောင်ရွက်နိုင်ပါသည်။ ဘောလုံးအဖွဲ့ချုပ်များက ဘောလုံးကစား နည်းကျွမ်းကျင်သည့် နည်းပြဆရာများရရှိရေးစီမံ ဆောင်ရွက်နိုင်သောကြောင့်ဖြစ်ပါသည်။

ဘောလုံးပိုင်ဆိုင်မှုစွမ်းရည် (Ball Possession)

ဘောလုံးပိုင်ဆိုင်မှုစွမ်းရည်သည် ကစားသမား တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ဘောလုံးအသင်းတစ်သင်းလုံးအတွက်သော်လည်းကောင်းအထူးလိုအပ်သည်။ တစ်ဦးသည် မိမိလက်ခံရရှိသည့် ဘောလုံးကို ကစားဖော်ထံသို့ တိတိကျကျ၊ ရှင်းရှင်း လင်းလင်း၊ လွယ်လွယ်ကူကူ ရောက်ရှိသွားအောင် ပေးပို့ရန်လိုအပ်သည်။ ယင်းသို့ ပေးပို့နိုင်ရန်အတွက် မိမိထံသို့ ဘောလုံးရောက်ရှိလာပါကမည်သူ အားပေးပို့ရမည်ဟူ၍ ကြိုတင်တွက်ချက်ရမည်။ မိမိထံသို့ ရောက်ရှိလာသော ဘောလုံးကိုမိမိခြေထဲတွင် ကြန့်ကြာအောင် မထိန်းထားဖို့ လိုအပ်သည်။ တစ်ချက်ထိန်းပြီး ချက်ချင်းပေးပို့ပါက နှစ်ချက်ထိဖြင့် ကစားဖော်ထံသို့ ပေးပို့ရေးဖြစ်သည်။ ကစားသမားတစ်ဦးသည် မိမိထံတွင် ဘောလုံးကို ကြာကြာထိန်းထားခြင်း၊ မလိုအပ်ဘဲ အလှိမ့်အခေါက် များပြုလုပ်နေပါက ဘောလုံးဆုံးရှုံးမှုဖြစ်ပေါ်ပြီး အသင်းအတွက် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည့်အပြင် ထိခိုက်ဒဏ်ရာရရှိမှုများကိုလည်း ဖြစ်ပေးနိုင်သည်။ ဘောလုံးပိုင်ဆိုင်မှုသည် တစ်ဦးချင်း တာဝန်ကျေပွန်လျှင် တစ်သင်းလုံး၏ဘောလုံးပိုင်ဆိုင်မှု ကောင်းမွန်ပြီး ပွဲကြည့်ပရိတ်သတ်များကိုလည်း ကျေနပ်စေနိုင်သည်။

ဘောလုံးပိုင်ဆိုင်မှု စွမ်းရည်တိုးတက်လာနိုင်စေရန်အတွက် ဘောလုံးလက်ခံမည့်သူက ကြိုတင် စဉ်းစားတွက်ချက်ထားသကဲ့သို့ မိမိအသင်း၏ အခြားကစားဖော်များအနေဖြင့်လည်း ဘောလုံး အလွယ်တကူ လက်ခံရရှိနိုင်သည့် အနေအထား ဖြစ်အောင် ရွေ့လျားနေရာယူတတ်ရန် လိုအပ်သည်။ သို့မှသာ အသင်းတစ်သင်းလုံး စည်းလုံးညီညွတ်လျက် ဘောလုံးပိုင်ဆိုင်မှုအသာရရှိကာ အနိုင်ရယူနိုင်သည်။ မြေလှိမ့်ဘောများများအသုံးပြုကာ အဝေးပေးဘောအသုံးပြုပေးပို့ခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ပါက ဘောလုံးပိုင်ဆိုင်မှုအမြဲအသာရရှိနိုင်သည်။ ယခုအခါ ဘောလုံးအသင်းတစ်သင်း၏တိုးတက်မှုနှင့် အောင်မြင်မှုကို ဘောလုံးပိုင်ဆိုင်မှုစွမ်းရည်ဖြင့် တိုင်းတာဆုံးဖြတ်လာကြသည်။ ဘောလုံးပိုင်ဆိုင်မှုသည် အရပ်အမောင်း၊ အပြေးသန်မှုနှင့် ကန်ချက်ပြင်းထန်မှုတို့နှင့် မသက်ဆိုင်ဘဲ မိမိအသင်း၏ ကစားဖော်များအချင်းချင်းနားလည်မှုရှိခြင်း အပေါ်တွင်သာ မူတည်ပါသည်။

ဘောလုံးအသင်း၏စုစည်းညီညွတ်မှု (Team Unity)

အောင်မြင်သည့် ဘောလုံးအသင်းဖွဲ့စည်း နိုင်ရန်အတွက် အသင်းအုပ်ချုပ်သူနှင့် နည်းပြများကို ရှေးဦးစွာ ရွေးချယ်တာဝန် ပေးအပ်ရပါမည်။ အုပ်ချုပ်သူနှင့် နည်းပြများက ကစားသမားများ ရွေးချယ်မှသာ ကစားသမားများကို ပုံသွင်းနိုင်ပြီး မိမိအသင်းအောင်နိုင်ရေးအတွက် ပုံဖော်လေ့ကျင့် နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ကစားသမားအချို့မှာ နာခံမှုမရှိပါက ကစားသမားနှင့် နည်းပြ အုပ်ချုပ်သူများအကြား အခက်အခဲများ ဖြစ်ပေါ်ပြီး အသင်း၏ညီညွတ်မှု (Team Unity)ကို ထိခိုက် စေနိုင်သည်။

ကစားသမားများ ရွေးချယ်ရာတွင်နာခံတတ်မှု၊ ထိုးထွင်းဉာဏ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အခြေခံကျွမ်းကျင်မှု၊ ဘောလုံးပိုင်ဆိုင်မှုစွမ်းရည် စသည်တို့နှင့်ပတ်သက်၍ လိုက်လျောညီထွေနိုင်မှု ရှိမည့်အချက်များအပေါ် အခြေခံကာ ရွေးချယ်သင့်ပါသည်။ မိမိတစ်ဦး ထင်ပေါ်ရေးနှင့် အထင်ကြီးခံရရေးတို့အတွက် အတ္တလွန်ကဲသည့် ကစားသမားမျိုး ပါဝင်လာပါက အသင်း၏ညီညွတ်မှု (Team Unity) ထိခိုက်ပြီး မိမိအသင်းအောင်မြင်မှုရရန် ခဲယဉ်းနိုင်သည်။ ဘောလုံးအသင်း အောင်နိုင်ရေးအတွက် ရှေ့တန်းတိုက်စစ်၊ အလယ်တန်းဖန်တီးရှင်နှင့် နောက်တန်းခံစစ်စသည်တို့ အားလုံးညီညွတ်မှုရှိရန် လိုအပ်သည်။

ရှေ့တန်းတိုက်စစ်က ဂိုးမည်မျှပင် ကန်သွင်းနိုင် စေကာမူ နောက်တန်းခံစစ် လုံခြုံမှုမရှိ၍ ဂိုးများစွာ ကန်သွင်းခြင်းခံရလျှင် အောင်မြင်မှုမရရှိဘဲ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့သာ ဖြစ်ပြီး အကျိုးအမြတ် မရရှိနိုင်ပေ။ ထို့ကြောင့် ဘောလုံးအသင်းအတွက် စုစည်းညီညွတ်မှု (Team Unity) ရှိခြင်းသည် အောင်နိုင်ရေးအတွက် အရေးပါ လှသည်။

ဂိုးသွင်းနိုင်မှုစွမ်းရည် (Goal Score Ability)

ဘောလုံးအသင်း၏ အနိုင်နှင့်အရှုံးကို ဂိုးသွင်းနိုင်မှုစွမ်းရည်ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ ခြေရည် တူသည့်ဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားရာတွင် ဦးစွာဂိုးသွင်းနိုင်သည့်အသင်းသည် စိတ်ဓာတ် ပိုင်းဆိုင်ရာ အသာစီးရနေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် အားသာသည့်အသင်းက အားနည်းသည့် အသင်းကို ဂိုးအရေအတွက်များစွာ ရနိုင်သလောက် ကန်သွင်းသည့်စနစ်ကျင့်သုံးခြင်း မရှိတော့ပေ။ အားသာသည့်အသင်းက ဘောလုံးပိုင်ဆိုင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်များကိုသာ ဖော်ထုတ် ကစားလေ့ရှိသည်။ ငွေကြေးပေးပြီး အပန်းဖြေကြသည့် ပွဲကြည့်ပရိသတ်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျေနပ်မှုရအောင် ဖျော်ဖြေမှုကို ထည့်သွင်းစဉ်းစားကာ ယဉ်ကျေးမှုရှိသော ဘောလုံးပြိုင်ပွဲဖြစ်အောင် ကစားလာကြသည်ကို တွေ့မြင်နေကြရသည်။

ဘောလုံးပွဲတစ်ပွဲတွင် ဂိုးများစွာကန်သွင်းကာ အနိုင်ရရှိခြင်းထက် ဂိုးနည်းနည်းကန်သွင်း၍ အနိုင် ရရှိခြင်းသည် ပြိုင်ပွဲအေးချမ်းတည်ငြိမ်စွာပြီးဆုံးမှုကို ဖြစ်စေနိုင်ပါသည်။ ယနေ့ခေတ်တွင် ဘောလုံးကစား နည်းကျွမ်းကျင်သူများက ပွဲကြည့်ပရိသတ်များ သည်းထိတ်ရင်ဖို ခံစားနိုင်စေရေးအတွက် ဦးတည်ကစားကြသည်ကို လေ့လာတွေ့မြင် နေကြရပါသည်။

တစ်ဖက်အသင်းသို့ ဘောလုံးကန်သွင်းရာတွင် ဂိုးစည်းမှ မီတာ ၃၀ အကွာအဝေးနေရာဖြစ်ခဲ့ ပါက Instep ဟုခေါ်သည့် ခြေဖမိုးအတည့်ဖြင့် ခြေဖျားအောက်သို့စိုက်လျက် ကန်သွင်းခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ဘောလုံးသည် ဂိုးပေါက်ထဲသို့ တည့်မတ်ပြင်းထန်စွာ ကန်သွင်းခြင်း ဖြစ်သည်။ ဂိုးပေါက်မျက်နှာစာ ကျယ်သောကြောင့် ဂိုးဝင်ရန်သေချာမှုရှိသည်။ ခြေဖမိုးအတွင်းစောင်း အသုံးပြုလျက်ဘောလုံးကို အနည်းငယ်ပွတ်၍ ကန်သွင်းသည့်နည်းကို အသုံးပြုနိုင်သည်။ အဝေးမှကန်သွင်းသည့် နည်းစနစ်ကျင့်သုံးခြင်းဖြစ်သည်။ အကယ်၍ဂိုးစည်းမှ ၁၈ မီတာအကွာ အဝေးရှိဧရိယာအတွင်း ဘောလုံးရရှိပါကခြေခွင်၊ ခြေဖမိုးအတွင်း စောင်းနှင့် အပြင်စောင်း၊ ခြေဖမိုးအတည့်စသည့် ကန်သွင်းနည်းများဖြင့် အဆင်ပြေသလို လျှပ်တစ်ပြက် ကန်သွင်းရန် လိုအပ်သည်။ ထို့ကြောင့် ဘောလုံးကန်နည်း အခြေခံကျွမ်းကျင်ရန် လိုအပ်ခြင်းဖြစ်သည်။ တစ်ဖက်အသင်း၏ဂိုးဧရိယာအတွင်းသို့ ဘောလုံးရောက်ရှိသွားပြီဆိုလျှင် တစ်ချက်ထိ၊ နှစ်ချက်ထိနည်းကို အသုံးပြုကာ လျင်မြန်စွာ ကစားရန်လိုအပ်သည်။ ဂိုးဖမ်းသမား၏ နေရာယူမှု အခြေအနေကိုကြည့်လျက် မိမိရည်ရွယ်ထားသည့်နေရာသို့ ဘောလုံးကန်သွင်းနိုင်ရန် လိုအပ်သည်။ ကျွမ်းကျင်ပါးနပ်သည့် ဂိုးသမားနှင့်တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်သည့်အချိန်သည် ဂိုးသွင်းရန်အခက်ခဲဆုံး ဖြစ်သည်ကို သတိပြုရမည်။ ထို့ကြောင့် အဝေးမှ လျှပ်တစ်ပြက်ကန်သွင်းသည့် စွမ်းရည်ကောင်းလျှင် ဂိုးသွင်းရန် ပိုမိုလွယ်ကူ သေချာပြီး အောင်ပွဲများ ရရှိစေနိုင်သည်။

အကျိုးရှိစွာ အသုံးချ

ဘောလုံးအသင်း အောင်နိုင်ရန်အတွက် ဘောလုံးကစားနည်းအခြေခံကျွမ်းကျင်မှု၊ ဘောလုံး ပိုင်ဆိုင်မှုနှင့်အသင်း၏ စုစည်းညီညွတ်မှုစသည့် နည်းဗျူဟာများကို ကောင်းမွန်ပီပြင်အောင် မတည်ဆောက်ဘဲ မဟာဗျူဟာကျင့်သုံးရန် ခက်ခဲ ပါသည်။ မဟာဗျူဟာဖြစ်သည့်အတွက် ပြိုင်ဖက် အသင်း၏ အနေအထား၊ ကစားမည့်နေရာ၊ ရာသီ ဥတု၊ အချိန်၊ ကစားသမားများ နေရာချတာဝန်ပေးမှု (Formation of Play)၊ ကစားမည့်နည်းစနစ် (Sys-tem of play) စသည်တို့ကို အကျိုးရှိစွာ အသုံးချပုံဖော်ယှဉ်ပြိုင်ကစားနိုင်ရန်အတွက် နည်းဗျူဟာများဖြစ်သည့် အခြေခံကျွမ်းကျင်မှု၊ ဘောလုံး ပိုင်ဆိုင်မှု၊ အသင်း၏ စုစည်းညီညွတ်မှုနှင့်ဂိုးသွင်းနိုင်မှု စွမ်းရည်တို့ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် နိုင်မှသာ အောင်မြင်မှုကို မုချသေချာရရှိနိုင်မည် ဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ ။