Skip to main content

ယာဉ်မတော်တဆဖြစ်မှု လျော့နည်းစေဖို့ အသိ၊ သတိဖြင့်မောင်းနှင်စို့

အောင်ထက်လင်း(ကြိမ်ချောင်း)

မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ အသုံးပြုသည့်ယာဉ်အစီးရေ၊ ဆိုင်ကယ်အစီးရေများလည်း တိုးပွားလာသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသဖြင့် ယာဉ်မတော်တဆဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေ သည်ကို တွေ့နေရသည်။ ယာဉ်မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူများအားလုံးအနေဖြင့် သတ်မှတ်ထားသောယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၈ ခုနှစ် မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် လမ်းမပေါ် ယာဉ်မတော် တဆမှုများကြောင့် ၂၄ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေကြောင်းနှင့် နှစ်စဉ်လူပေါင်း ၁ ဒသမ ၃၅ သန်းအထိ သေဆုံးနေကြောင်း ထုတ်ပြန်ထားသည်။ ယာဉ်မတော်တဆမှုများသည် ကလေးငယ်များနှင့် အသက်(၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်လူရွယ်များအတွက် သေမင်းတမန်သဖွယ်ဖြစ်နေ ကြောင်းနှင့် အရှေ့တောင်အာရှ၌ လမ်းမပေါ်ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများထဲတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများ သေဆုံးမှုနှုန်းသည် ၂၈ ရာခိုင် နှုန်းမှ ၄၃ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုဆိုထားသည်။

ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုများ

ယာဉ်ဒီဇိုင်း၊ လမ်းဒီဇိုင်း၊ အရှိန်အဟုန်၊ ရာသီ ဥတု၊ လမ်းပတ်ဝန်းကျင်၊ ယာဉ်မောင်းကျွမ်းကျင်မှု၊ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှု တို့သည် ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အခြေခံ အကြောင်းရင်းများဖြစ်သည်။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားတွင် လမ်းမပေါ် ယာဉ်မတော် တဆမှုကို ကာကွယ်ရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ထိရောက်စွာ ချမှတ်အကောင်အထည်ဖော်ခြင်း၊ လူသွားစင်္ကြံများနှင့် စက်ဘီးလမ်းများ ဖောက်လုပ်ပေးခြင်းတို့ကြောင့် ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်သော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာမူဝါဒများ အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် နိုင်ငံအတွင်းသို့ ရောက်ရှိလာ သည့် မော်တော်ယာဉ်အစီးရေ အဆမတန်များပြားလာခဲ့သည်။ နောက်ဆက်တွဲအဖြစ် ယာဉ်မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း သိသိသာသာ မြင့်တက်ခဲ့သည်။

ခရီးသည်တင် အဝေးပြေးဘတ်စ်ယာဉ်ကြီးများတွင် ခရီးသည်များ အသက်ကယ်ခါးပတ်မပတ်ခြင်း၊ ထိုင်ခုံများတွင် ခါးပတ်ပြည့်ပြည့်စုံစုံ မပါရှိခြင်း၊ အချို့ယာဉ်ကြီး၊ ယာဉ်ငယ်များသည် ပူးပေါင်းအဖွဲ့ စစ်ဆေးချိန်များတွင်သာ ဟန်ပြခါးပတ်ပတ်ကြပြီး ကျန်ခရီးစဉ်တစ်လျှောက် ခါးပတ်မပတ်ဘဲ စီးကြခြင်းတို့ကြောင့် ယာဉ်မတော်တဆဖြစ်စဉ်များ၌ သေကျေဒဏ်ရာရ ပျက်စီးဆုံးရှုံးမှု ပိုမိုကြီးမားခြင်းဖြစ်သည်။ မော်တော်ယာဉ် အမျိုးအစားအလိုက် ယာဉ်တိုက်မှုနှုန်းအနက် ၂ဝ၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မော်တော်ဆိုင်ကယ်ယာဉ်မတော်တဆနှုန်းသည် ၄၉ ရာခိုင်နှုန်းရှိပြီး ၂၃၇၆ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၂၉၈၅ ဦးအထိ ရှိခဲ့သည်။ အများစုမှာ ဆိုက်ကယ်စီးဦးထုပ် မဆောင်းသူများ၊ စံချိန်စံညွှန်း နှင့် ကိုက်ညီမှုမရှိသည့် ဆိုက်ကယ်စီးဦးထုပ်ကို ဆောင်းထားသူများဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ ယာဉ်မတော်တဆဖြစ်မှု များပြားလာပြီး သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့သည့် သတင်းများ တွေ့မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများအနက် အချို့မှာ ယာဉ်ပေါ်စီးနင်းလိုက်ပါလာသူအားလုံး သေဆုံးခြင်း၊ သေဆုံးသူအရေအတွက်မြင့်တက်ခြင်း စသည်ဖြင့် ဆုံးရှုံးမှုကြီးမားခဲ့သည်။ ယာဉ်မတော်တဆမှုများသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားလေ့ရှိသော်လည်း သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန်မှာ ယာဉ်မောင်းသူအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တိကျစွာ လိုက်နာခြင်းဖြစ်သည်။

အခြေခံအကြောင်းရင်းများ

ရန်ကုန်- မန္တလေးအမြန်လမ်းတွင်လည်း စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၁ ကြိမ်ဖြစ်ပွားပြီး လေးဦးသေဆုံးကာ ကိုးဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ပြီး မောင်းနှင်ခြင်း၊ လမ်းဖြတ်ကူးသူပေါ့ဆခြင်း၊ အရှိန်ဖြင့် မောင်းနှင်နေစဉ် မော်တော်ယာဉ်ဘီးပေါက်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာခြင်းတို့က အခြေခံအကြောင်းရင်းများဖြစ်သည်။ လမ်းများပေါ်တွင် သေဆုံးမှု၏ ၉၃ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပြီး အလယ်အလတ်ရှိသော နိုင်ငံများတွင် ဖြစ်ပွားခြင်းဖြစ်သည်။ နိုင်ငံအများစုတွင် ယာဉ်မတော်တဆမှုများကြောင့် ပြည်တွင်း ထုတ်ကုန်စုစုပေါင်း၏ သုံးရာခိုင်နှုန်းကို ဆုံးရှုံးနေရကြောင်း ဖော်ပြထားသည်။ ယာဉ်မတော်တဆ ဖြစ်မှုများသည် လူတစ်ဦးချင်းသာမက မိသားစုဝင်များနှင့် တိုင်းပြည်၏ လူမှုစီးပွားဘဝအတွက် ဆုံးရှုံး မှုများကိုလည်း ဖြစ်ပေါ်စေသည်။ သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းဖြစ်မှုများအတွက် ကုန်ထုတ်စွမ်းအား ဆုံးရှုံးရခြင်းနှင့် ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်ရန် အချိန်ပေးရခြင်းတို့ကြောင့် မိသားစုဝင်များအတွက် ဆုံးရှုံးမှုပိုများစေသည်။ မှတ်တမ်းများအရ မြန်မာနိုင်ငံသည်လည်း ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လူ ၁၄ ဒသမ ၈ ဦးနှုန်း သေဆုံးနေသဖြင့် အရှေ့တောင်အာရှ ဒေသ၌ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှု စတုတ္ထအများဆုံးအဆင့်သို့ ရောက်ရှိနေသည်။

ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ဖြစ်ပွားရသော ယာဉ်မတော်တဆမှုများသည် ညဘက်တွင် အများဆုံးဖြစ်ပွားလေ့ရှိသော်လည်း နံနက်လင်း အားကြီးအချိန်များတွင်လည်း အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်းကို သတိပြုသင့်သည်။ ယာဉ်မောင်း၏ ပင်ပန်းနွမ်းနယ်မှုသည် အာရုံစူးစိုက်မှု၊ တုံ့ပြန်မှုနှင့် ဆုံးဖြတ်မှုတို့ကို ထိခိုက်စေပြီး ဆိုးရွားသော မတော် တဆမှုကို ဖြစ်စေနိုင်သည်။

ပြင်းထန်သောယာဉ်တိုက်မှုအန္တရာယ်သုံးရာခိုင်နှုန်းတိုးလာ

ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားခဲ့သော မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများ၏ အကြောင်းရင်းကို လေ့လာပါက ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှုသည် ၂၂ ဒသမ ၈ ရာခိုင်နှုန်း၊ အကြမ်းဖက်မှုများကြောင့် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း၊ အခြားအကြောင်းရင်းများကြောင့် ၁၈ ဒသမ ၁ ရာခိုင်နှုန်းခန့်နှင့် စစ်ပွဲများကြောင့် ၃ ဒသမ ၄ ရာခိုင် နှုန်းခန့်ရှိရာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုက အများဆုံးဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများသည် လူမှုရေး၊ စီးပွားရေးအရ ဆုံးရှုံးမှုပမာဏ ကြီးမားသဖြင့် လူ့အသိုင်းအဝိုင်းအတွက် အရေးကြီး သော ပြဿနာတစ်ရပ် ဖြစ်သည်။ အိပ်ငိုက်နေစဉ် ကားမောင်းခြင်းကြောင့် ယာဉ်၏ပျမ်းမျှအမြန်နှုန်း တိုးခြင်းသည် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်ခြေနှင့် ယာဉ်တိုက်မှု၏ ပြင်းထန်မှုနှစ်ခုစလုံးအတွက် တိုက်ရိုက်ဆက်စပ်နေသည်။ ပျမ်းမျှ အမြန်နှုန်း တစ်ရာခိုင်နှုန်းတိုးတိုင်း အသက်ဆုံးရှုံးနိုင်ခြေ လေးရာခိုင်နှုန်းတိုးလာပြီး ပြင်းထန်သော ယာဉ် တိုက်မှုအန္တရာယ် သုံးရာခိုင်နှုန်းတိုးလာကြောင်း သုတေသီများက လေ့လာတွေ့ရှိထားသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုဦးတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ ကမ္ဘာ တွင် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှလူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေ သန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေကြရကြောင်း သိရှိရသည်။ ကမ္ဘာ့လူဦးရေ တစ်သိန်းတွင် ယာဉ် မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး အာဖရိကနှင့် အရှေ့တောင်အာရှ ဒေသများတွင် သေဆုံးမှုနှုန်းအများဆုံး ဖြစ်သည်။ လူများသေဆုံးရသည့် အကြောင်းရင်းများတွင် Road Accident ကြောင့် သေဆုံးရခြင်းသည် အဆင့်(၈)နေရာတွင်ရှိပြီး အသက် ငါးနှစ်မှ (၂၉) နှစ်အတွင်းရှိ အဖိုးတန်ကလေးသူငယ်၊ လူငယ်လူရွယ်များ သေဆုံးခြင်းတွင် အဆင့်(၁) အကြောင်း ရင်းဖြစ်နေသည်ဟုဆိုသည်။ Road Accident ကြောင့် ထိခိုက်ဆုံးရှုံးနစ်နာမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးရင်ဆိုင်နေကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံးပြုမှု ပိုမိုတိုးတက် များပြားလာပြီး ယာဉ်အရေအတွက် လျင်မြန်စွာတိုးပွားလျက်ရှိသည်။ အသုံးပြုမှုများ ခြင်း၊ ယာဉ်စီးရေ တိုးပွားလာခြင်းတို့နှင့်အတူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ယာဉ်မတော် တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများနေခြင်းဖြစ်သည်။

မဏ္ဍိုင်ကြီး(၅) ရပ်

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် တဖြည်းဖြည်းကြီးထွားလာနေခြင်းကို ဟန့်တား ထိန်းချုပ်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စရပ်ကို အထူးအလေးအနက်ထား ဆောင်ရွက်လာကြသည်မှာ ဒုတိယဆယ်စုနှစ်အတွင်း ရောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကြီးကြပ်မှု၊ ပိုမိုအန္တရာယ်ကင်းသောလမ်းများ နှင့် ယာဉ်သွားလာမှု၊ ပိုမိုအန္တရာယ်ကင်းသောယာဉ် များ၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများနှင့် ယာဉ်တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက် မှုဆိုသည့် မဏ္ဍိုင်ကြီး(၅) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါမဏ္ဍိုင်ကြီး(၅)ရပ်ကို အခြေပြု၍ Road Safety လုပ်ငန်းစဉ် များကို အလေးထား ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထိုက်သင့်သည့် တိုးတက်အောင်မြင်မှုများလည်း ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာသည့် ပြဿနာဖြစ်ပေရာ လူတစ်ဦးချင်းစီက ကိုယ်စီအသိ ဖြင့် လိုက်နာထိန်းသိမ်း ဆောင်ရွက်ကြရန်လိုသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာပင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှု ၇၈၂ မှု ဖြစ်ပွားခဲ့ပြီး ၃၈၅ ဦး သေဆုံးကာ လှိုင်သာယာ (အရှေ့)နှင့် (အနောက်) မြို့နယ် တို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ စုံစမ်းသိရှိ ရသည်။ ယင်းယာဉ်တိုက်မှုများအတွင်း အမျိုးသား ၃၂၂ ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၃၈၅ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅၆၄ ဦးနှင့် အမျိုးသမီး ၂၅၂ ဦး စုစုပေါင်း ၈၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ ရန်ကုန်-ညောင်တုန်းလမ်းမကြီး၊  အမှတ် (၅)လမ်းမကြီးနှင့် အနော်ရထာလမ်းတို့တွင်  ယာဉ်တိုက်မှု အဖြစ်အများဆုံးဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှု ဒုတိယအများဆုံးမြို့နယ်မှာ မင်္ဂလာဒုံ မြို့နယ် အမှတ် (၃) လမ်းမကြီးနှင့် ပြည် လမ်းတို့ဖြစ်ပြီး ယင်းနောက်တွင် အင်းစိန်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ဒဂုံတောင်မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုများမှာ ညပိုင်းအချိန်တွင် ပိုမိုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွား သည့် အသက်အပိုင်းအခြားများမှာ အသက် (၂ဝ) မှ (၄ဝ) အထိဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုအဖြစ်များသော လမ်းများတွင် ပညာပေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများအား ပညာပေးပန်းဖလက်များ ဝေငှပေးခဲ့သည်ဟု သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားမှုများ လျော့ကျစေရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အလိုက်  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ယာဉ်မောင်းတစ်ဦးသည် မောင်းနှင်မှုဆိုင်ရာ အခြေခံစံနှုန်းများကို ဖောက်ဖျက်ပါက ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများ၏ အသက်အန္တရာယ်ထိခိုက်မှုကို မြင့်တက်စေမည်သာဖြစ်သည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်(၃)ချက်တွင် လမ်းမများပေါ် ထိခိုက်မှုနှင့် သေဆုံးမှုများကို လျှော့ချရန် ဦးတည်ချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ မော်တော်ယာဉ် မောင်းနှင်သူများနှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ လုပ်ဆောင်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။