နိုင်ငံ့စီးပွားတိုးတက်စေဖို့ MSME လုပ်ငန်း တက်ညီလက်ညီဆောင်ရွက်စို့
အောင်ထက်လင်း(ကြိမ်ချောင်း)
ကမ္ဘာကြီးသည် အရွေ့အပြောင်းအလွန်မြန်ဆန်လာနေပြီဖြစ်သည်။ သိပ္ပံနှင့် နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသား အများစုသည်လည်း ခေတ်မီတိုးတက်လာ ကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များလာမှု ဆက်နွှယ်ပတ်သက်လာသည့် စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံး အဆောင်၊ အဝတ်အစား၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးသုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် တခြားသောလိုအပ်ချက်များ ကြီးမားလာခြင်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆင်းရဲ၊ ချမ်းသာကွာဟချက် ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် များစွာလိုအပ်သည်။ မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ စီးပွားရေး ခိုင်မာတောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေး မူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီ လိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ကာ အပြိုင်အဆိုင် ကြိုးစားလာကြသည်။
စီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုတို့ အဆင်ပြေအောင်လည်း တွက်ချက်အကောင်အထည်ဖော်ကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကောင်း၊ မကောင်းကို နိုင်ငံ၏ GDP ကို လေ့လာကြည့်က သိနိုင်သည်။ အခြေခံအကျဆုံးအချက်ဖြင့် တွက်ချက်ကြည့်ပါက နိုင်ငံတစ်ခု၏ စီးပွားရေးသည် ပြည်ပ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုးတို့၌ များစွာမူတည်လျက်ရှိသည်။ ပြည်ပမှမှာယူတင်သွင်းမှု များနေသမျှ စီးပွားရေးတိုးတက်မှုသည်လည်း အနုတ်လက္ခဏာပြနေမည်သာဖြစ်သည်။ ကမ္ဘာ့စီးပွားရေး အင်အားတောင့်တင်းသော နိုင်ငံများကို လေ့လာကြည့်သော် ခေတ်ပညာတတ်ပေါများပြီး သိပ္ပံနှင့် နည်းပညာက အဆင့်မြင့်ကာ ဆန်းသစ်တီထွင်မှု အားကောင်းသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်။ လေးနက်သော အခြေခံ အကြောင်းတရားတစ်ရပ်ကို ရှာဖွေတွေ့ရှိသည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ရေး အလေးပေးခြင်းပင် ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှ မတင်သွင်းရသဖြင့် အသားတင်ထုတ်ကုန်တန်ဖိုး မြင့်မားလာပြီး ပြည်တွင်းထုတ်ကုန်ပိုလျှံမှုအား ပြည်ပသို့တင်ပို့ခြင်းဖြင့် စီးပွားရေးအင်အား ပိုမိုခိုင်မာလာစေသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လေးသောင်းကျော်ရှိ
နိုင်ငံအချို့သည် စီးပွားရေးနှင့်ပတ်သက်သည့် သုတေသနမှု အားကောင်းကြပြီး မည်သည့် ကုန်ပစ္စည်းအသစ်ထွက်ရှိကြောင်းကို အချိန်နှင့်တစ်ပြေးညီ သိအောင်ပြုသည်။ မကြာမီအချိန်ပိုင်းအတွင်း ထိုကုန်ပစ္စည်းကို မိမိနိုင်ငံအတွင်း ရအောင်ထုတ်သည်။ ထုတ်ကုန်လိုအပ်ချက်အနည်း၊ အများ၊ ထုန်ကုန်၏ အရည်အသွေးနှင့် ဝယ်လိုအားတို့ကို မူတည်လျက် အဆင့်မြင့်ထုတ်ကုန်ဖြစ်အောင် ပြုပြင်ရင်း ပြည်ပသို့ ပို့ကုန်အဖြစ် ပို့ဆောင်နိုင်သည်အထိ အကျိုးပြုလာသည်။ အဓိကအားဖြင့် နိုင်ငံအတွင်းရှိနေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားကောင်းရေး ကိုပုံဖော်ပြီး နိုင်ငံခြားဝင်ငွေစီးဝင်လာအောင် ကြိုးစားနိုင်ကြခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အခြေခံကျသော အချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လေးသောင်းကျော်ရှိရာ ၂၀၁၅ ခုနှစ် မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်းအရ စီးပွားရေးလုပ်ငန်း အရေအတွက် အများဆုံးသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်း ၉ဝ ကျော်မှာ လုပ်ငန်းငယ်များသာဖြစ်သည်။ မြန်မာ နိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကုန်ထုတ်လုပ်မှု စစ်တမ်း (၂၀၁၇)တွင်မူ ထုတ်လုပ်မှုလုပ်ငန်း အများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိကြပြီး တောင်ပိုင်းကမ်းရိုးတန်းဒေသတစ်လျှောက်တွင် နည်းပါးကြောင်း သိရသည်။ စားသောက်ကုန် လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍ၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင် ဆန်းသစ်မှု လွန်စွာနည်းပါးကာ နည်းပညာပိုင်း နိမ့်ပါးမှုကြောင့် လုပ်ငန်းများအားလုံးသည် လျှပ်စစ် မီးနှင့် ရေပေးဝေရေးစနစ်မှ ဖြန့်ဝေသောရေကို အပြည့်အဝမရရှိကြကြောင်း သိရသည်။ လုပ်ငန်း အများစုသည် လက်ဖြစ်ကိရိယာများနှင့် အသုံးပြု ပြီး စက်ယန္တရားအဟောင်းများနှင့် တစ်ပတ်ရစ်များ ကို မှီခိုလုပ်ကိုင်နေရကြောင်း၊ ပြည်ပမှ တင်သွင်းသည့် စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့်လုပ်ငန်းများမှာ ၂၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက်လက်လှမ်းမီနိုင်သည့် နိုင်ငံတကာအဆင့်အတန်းမီမှု လွန်စွာနည်းပါးကြောင်း ထိုစစ်တမ်းတွင် ဖော်ပြပါရှိသည်။ စစ်တမ်းအရ နိုင်ငံတော်၏ စီးပွားရေး တိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအား ကောင်းလာစေရန် များစွာပြုပြင် ပြောင်းလဲရမည်မှာ အထင်အရှားပင်ဖြစ်သည်။
လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပေါများရေးနှင့် ပြည်တွင်း စီးပွားရေးကောင်းမွန်စေရေးအတွက် ဦးဆောင်ကြိုးပမ်းလျက်ရှိရာတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်ကြရပေမည်။ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကုန်ကြမ်းများ ပေါများရေး၊ သွင်းအားစုများ လုံလောက်စွာရရှိရေး၊ အရင်းအနှီးများရရှိရေးနှင့် လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရန်တို့ လိုအပ်သည်။ ကုန်ကြမ်းကို ပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာရရှိရန် လိုအပ်သကဲ့သို့ သွင်းအားစုနှင့် ပတ်သက်၍လည်း ပြည့်စုံစွာရရှိမည်ဆိုပါက လုပ်ငန်းများအောင်မြင်မည်ဖြစ်သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် အရေးပါသည်မှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေး ရှင်းနိုင်ငံခရီးစဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ် များစွာရှိသည်။ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းမှာ အရင်းအနှီး ကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း နျူကလီးယားစွမ်းအင် သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို မကြာမီ တွင် မြင်တွေ့ရမည်ဖြစ်သည်။ လုပ်ငန်းများအားလုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးတွင် ရေအားလျှပ်စစ်နှင့်နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်ရမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့်ကဏ္ဍစုံတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးမှာ ပြည်သူတို့၏ မျှော်လင့်ချက်ဖြစ်သည်။ လုပ်ငန်းတိုင်း အောင်မြင်စွာလည်ပတ်နိုင်ရန်အတွက် သွင်းအားစုများ ဖြည့်တင်းပေးနိုင်ရေးမှာလည်း အရေးပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေနှင့် မြေဩဇာ၊ မွေးမြူရေးလုပ်ငန်းအတွက် တိရစ္ဆာန်အစားအစာ၊ စက်မှုလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အားတို့ ရရှိမှသာ လုပ်ငန်းများ ပိုမိုအောင်မြင်မည်ဖြစ်သည်။ လုပ်ငန်းများ လည်ပတ်ရန်အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည် ပေးဆပ်ရန်ကာလကိုလည်း သက်တမ်းတိုးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့်အခြားလုပ်ငန်းဟူ၍ရှိရာ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုများပြားခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုများ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း စီးပွားရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိရာ သက်ဆိုင်သူ များအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်သည်။ လုပ်ငန်းတစ်ခု အောင်မြင်ရေးမှာ စိတ်ဓာတ်သည်အဓိကဖြစ်သည်။ စိတ်အားထက်သန်မှုဖြင့် လုပ်ဆောင်မည်ဆိုပါက မည်သည့်လုပ်ငန်းမဆို အောင်မြင်မည်သာဖြစ်သည်။ အခက်အခဲနှင့် ကြုံသည့်အခါတိုင်း ထိုအခက်အခဲကို လမ်းတံတားတစ်ခုသဖွယ် သဘောထား ဖြတ်ကျော်ကြရမည်ဖြစ်သည်။ အောင်မြင်သူတိုင်းသည် အခက်အခဲကို အနိုင်ယူခဲ့သူများသာဖြစ်သည်။
ဆီအုန်းစိုက်ပျိုးမှု
နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ်သုံးစွဲငွေများရှိပြီးဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်း များအတွက်လိုအပ်သည့် ချေးငွေများကိုလည်း ထုတ်ချေးပေးလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးကောင်းမွန်ရေးမှာ သွင်းကုန်လျော့နည်းပြီး ပို့ကုန်များပြားစွာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ ပြည်ပသို့အဆင့်အတန်းမီ ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် စွမ်းဆောင်ကြိုးစားနေရသကဲ့သို့ ပြည်ပမှဝယ်ယူသူ တင်သွင်းမှုများကိုလည်း လျော့နိုင် သမျှလျော့အောင် ကြိုးစားကြရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်း ဆီထုတ်လုပ်မှု နည်းပါးခြင်းကြောင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်များပြား နေသည်။ ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြေ၊ ရေနှင့် လူ့စွမ်းအားအရင်းအမြစ်များ ရှိပြီးဖြစ်ရာ အမှန်တကယ် အလုပ်လုပ်ကြရန်သာဖြစ်သည်။ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း ဆီထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည်။ ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာစိုက်ပျိုးနိုင်မည် ဆိုပါကလည်း ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေပြီး စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူအဖြစ် ရောက်ရှိမည်ဖြစ်သည်။
စားသုံးဆီနည်းတူ မဖြစ်မနေတင်သွင်းနေရသည်မှာ စက်သုံးဆီဖြစ်သည်။ စက်သုံးဆီကို နှစ်စဉ် တင်သွင်းအသုံးပြုနေရသဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်များ၊ ကန့်သတ်ချက်များဖြစ်ပေါ်လျက်ရှိသည်။
စက်သုံးဆီလျှော့ချနိုင်ရန်အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို လျှပ်စစ်ဓာတ်အားသုံးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အချိန်ယူဆောင်ရွက် လျက်ရှိသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင်လည်း လောင်စာနှင့် ဓာတ်ငွေ့များ အသုံးပြုခြင်းထက် နေရောင်ခြည် စွမ်းအင်သုံးနှင့် လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ရာ အောင်မြင်မှုသတင်းကောင်းများ ကြားရမည် ဖြစ်သည်။
မြန်မာ့ဆန်စပါးတိုးတက်ထုတ်လုပ်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန်လိုအပ်သည်။ ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်းစပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့ နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အမျိုးသား ပို့ကုန်မဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ဆန်စပါးတိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာ့ဆန်စပါး ညီလာခံ ၂ဝ၂၂ ခုနှစ်ကို နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပခဲ့သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများရရှိရေး၊ လိုအပ်သည့်ငွေကြေးများရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ အပါအဝင်လိုအပ်ချက်များကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင်ဖြည့်ဆည်းပေးခဲ့ပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများ၊ တိုက်တွန်းအားပေးမှုများကို ပြုလုပ်ပေးခဲ့ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ကြီးမားသည့်အင်အားကို ဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။