ပညာပြည့်ဝနှလုံးလှပညာရှင်များ မွေးထုတ်မည့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း
လွတ်လပ်ရေးနှင့်အတူ
၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ခန့်အပ်ခဲ့သည့် နိုင်ငံတော်စာရင်း စစ်ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အစိုးရစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ပထမဆုံး သင်တန်းကျောင်းကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၃ ခုနှစ်တွင် စာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းကို အမှတ်(၁/၁၉) သခင်မြပန်းခြံလမ်း အလုံမြို့နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့ကြရာ သင်တန်းများကို နေပြည်တော်၌ ၂၀၀၉ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်ခဲ့သည်။
တိုးတက်ပြောင်းလဲလာသော သင်တန်းများ
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများ၊ မွမ်းမံသင်တန်းများကို ဌာနတွင်းဝန်ထမ်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပို့ချခဲ့သည်။ အစိုးရဌာနအဖွဲ့ အစည်းများမှ စာရင်းကိုင်များအတွက် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
မျှော်မှန်းချက် (Vision)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ မျှော်မှန်းချက်မှာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန် စေရေး၊ ပြည်သူ့ဘဏ္ဍာ ငွေကြေးထိန်းကျောင်း တည့်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့်အညီ နိုင်ငံတော် ပိုင်ပစ္စည်းနှင့် ဘဏ္ဍာငွေများ နစ်နာဆုံးရှုံး မှုမရှိစေရေး သတ်မှတ်ပြဋ္ဌာန်းဥပဒေနှင့် အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်၍ ပြည်သူသို့ အစီရင်ခံရှင်းလင်းတင်ပြရန် ဖြစ်သည်။
လုပ်ငန်းတာဝန် (Mission)
ဤရုံး၏ လုပ်ငန်းတာဝန်မှာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသောအစိုးရ (Clean Government) ရည်မှန်းချက်များကို ဦးတည်သော စစ်ဆေးရေးလုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာနှင့် ထိရောက်အကျိုးရှိစွာ ထမ်းဆောင်ရန် ဖြစ်သည်။
မူဝါဒ (Policy)
ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးစနစ် တိုးတက်ကောင်းမွန်လာစေရေးကို ဦးတည်လျက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းနှင့် လုပ်ငန်းများအား သင့်တင့်မျှတမှုနှင့် လိုက်နာဆောင်ရွက် မှုရှုထောင့်ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ ပကတိအခြေအနေများအား မှန်ကန်စွာဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်စေခြင်းနှင့် ဆန်းသစ်တီထွင်မှုများကို အားပေးခြင်းဖြင့် ကောင်းမွန်သန့်ရှင်း ထိရောက်မှန်ကန်သော ပြည်သူ့ဘဏ္ဍာရေးစနစ် ပိုမိုခိုင်မာအားကောင်းလာစေရေး ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်။
စံတန်ဖိုးများ (Core Values)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန် များ ထမ်းဆောင်ရာတွင် အောက်ပါတန်ဖိုး များ (Core Values) ကို ဦးထိပ်ထား၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည် -
(က) ရိုးသားဖြောင့်မတ်မှု(Integrity)၊
(ခ) ဓမ္မဓိဋ္ဌာန်ကျမှု(Objectivity)၊
(ဂ) လွတ်လပ်မှု (Independence)၊
(ဃ) အတတ်ပညာပိုင်းဆိုင်ရာ အရည် အသွေးပြည့်ဝမှု၊ ကျွမ်းကျင်မှု (Professionalism)၊
(င) လျှို့ဝှက်ချက်စောင့်ထိန်းမှု (confidentiality)၊
(စ) တာဝန်ယူမှုနှင့် တာဝန်ခံမှု (Res- ponsibility and Accountability)၊
(ဆ) ပြည်သူ့အကျိုးဦးတည်ဆောင်ရွက် မှု (Public Interest Orientation)၊
မဟာဗျူဟာရည်မှန်းချက်များ
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာ စံများနှင့်အညီ အရည်အသွေးပြည့်ဝစွာ စစ်ဆေးဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံအုပ်ချုပ်မှု ခိုင်မာအားကောင်းစေရေးတို့အတွက် ချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက် များမှာ -
(က) စာရင်းစစ်ချုပ်ရုံး၏ လွတ်လပ်ခွင့်၊ ဥပဒေမူဘောင်နှင့် လုပ်ပိုင်ခွင့်အာဏာများ ပိုမိုခိုင်မာအားကောင်း လာစေရန်၊
(ခ) ဌာနတွင်း စီမံအုပ်ချုပ်မှုစနစ် ပိုမို ထိရောက်ကောင်းမွန်စေရန်၊
(ဂ) စစ်ဆေးရေးလုပ်ငန်း အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန်၊
(ဃ) လူ့စွမ်းအားအရင်းအမြစ် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊
(င) Stakeholder များနှင့် ပူးပေါင်း ဆက်သွယ်ဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန်နှင့်
(စ) နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ တို့တွင် စာရင်းပညာဖွံ့ဖြိုးတိုးတက် စေရန်တို့ဖြစ်သည်။
စဉ်ဆက်မပြတ်လေ့ကျင့်ပေး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်စေရေးထိန်း ကျောင်းပေး” ဆောင်ပုဒ်အတိုင်း အလေးထား လိုက်နာဆောင်ရွက်လျက် ရှိသည်။ စာရင်းစစ်စံများကို ဌာနတွင်းသင်တန်းများတွင် စဉ်ဆက်မပြတ်တိုးချဲ့ သင်ကြားပေးခဲ့သည်။ ကျွမ်းကျင်သော စာရင်းပညာရှင် အရေအတွက်သာမက အရည်အချင်းပါ တိုးတက်စေရေး စီမံကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအဆင့်မီ နည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချမှုအနေဖြင့် အခြေခံအဆင့်တွင် အမှတ်စဉ် (၂၃၃) အထိ သင်တန်းသား ၄၀၂၉၁ ဦး၊ အလယ်အလတ်အဆင့်တွင် အမှတ်စဉ် (၁၀၀) အထိ သင်တန်းသား ၂၆၁၄ ဦးနှင့် အဆင့်မြင့်အဆင့်တွင် သင်တန်းသား ၁၃၉၂ ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေး ခဲ့ပြီးဖြစ်သည်။ လေ့ကျင့်မွေးထုတ် ပေးရာ၌ အရေအတွက်သာမက စာရင်းစစ်တို့ စောင့်ထိန်းကြရမည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ စိတ်ဓာတ်နှင့်ခံယူချက်မြင့်မားရေးတို့ကိုပါ အလေးထားလေ့ကျင့်သင်ကြားလျက် ရှိသည်။
ဒီပလိုမာနှင့်ဘွဲ့လွန်သင်တန်းများ
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍနှစ်ရပ်လုံးတွင် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန်အတွက် ဒီပလိုမာစာရင်းကိုင်သင်တန်း (Diploma in Accountancy – DA) နှင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်း (Certified Public Accountant – CPA) များကို ရန်ကုန်သင်တန်းကျောင်းနှင့် နေပြည်တော် သင်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။ ယနေ့အထိ ဒီပလိုမာစာရင်းကိုင်သင်တန်း အောင်မြင်ပြီးသူ ၄၇၁၄ ဦးနှင့် လက်မှတ်ရပြည်သူ့စာရင်း ကိုင်သင်တန်းအောင်မြင်ပြီးသူ ၂၆၆၆ ဦးတို့ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
စိန်ရတုလွတ်လပ်ရေးနေ့နှင့်အတူ ဂုဏ်ယူဖွယ်ရာ
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ၁၉၄၈ ခုနှစ် နိုင်ငံတော်လွတ်လပ်ရေး ရပြီးနောက် စတင်သန္ဓေတည်ခဲ့ရာမှ ယခုအခါ စိန်ရတုကာလ ၇၅ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း (နေပြည်တော်)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အဆင့် မြင့်မြင့် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေးကာလတွင် “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဆောင်ပုဒ်အတိုင်း စာရင်းစစ်တို့၏ ကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်က ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် နိုင်ငံတော်နှင့် ဌာနအတွက် အနာဂတ်စာရင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စဉ်ဆက် မပြတ် လေ့ကျင့်မွေးထုတ်သွားမည့် အမိ ကျောင်းတော်ကြီးဖြစ်ပါတော့သည်။ ။