Skip to main content

ကျေးရွာထုတ်ကုန် တိုးမြှင့်ဖို့ ဈေးကွက်ရှာဖွေ ဖန်တီးစို့

ညိုညိုဝင်း(ကျေးလက်ဦးစီး)

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း ၂၀၁၇ အရ ကျေးလက်လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သော ၁၁ ဒသမ ၂ သန်းခန့်သည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ သာမက မိသားစုဝင်ငွေတိုးပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာနဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခြင်းသည် လွန်စွာအဓိကကျ ပါသည်။ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်အောင် တည်ဆောက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲမည့် ကျေးလက် အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ ထုတ်ကုန်များ ဈေးကွက်အရောက် ပို့ဆောင်နိုင်မှသာ ရေရှည်တည်တံ့သည့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း အမျိုးအစားရွေးချယ်ရာတွင် အောက်ပါအချက်များကို အဓိကထည့်သွင်း စဉ်းစားသင့်ပေသည် -

(၁)     ဒေသထွက် ကုန်ကြမ်းရရှိနိုင်မှု

(၂)      နည်းပညာ

(၃)     အရင်းအနှီးရရှိနိုင်မှု

(၄)     ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်

(၅)     ကျွမ်းကျင်လုပ်သားရရှိနိုင်မှု

(၆)     အမြတ်အစွန်းရရှိနိုင်မှု

(၇)     ဈေးကွက်နှင့် ချိတ်ဆက်နိုင်မှု

(၈)     အလုပ်အကိုင်ရရှိနိုင်မှု

(၉)     ကိုယ်ပိုင်လုပ်ငန်း ဆောင်ရွက်ရန် အလားအလာရှိမှု

(၁၀)   တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှု

(၁၁)   ထုတ်ကုန်များ ထုတ်လုပ်ပြီးပါက ထုတ်ကုန်များ ရောင်းချနိုင်မည့် ဈေးကွက်ရရှိမှု

ရည်ရွယ်ဖွင့်လှစ်

အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရာတွင် ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက် နိုင်လာစေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းများမှသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ ဒေသနှင့်ကိုက်ညီမှုရှိသော အလုပ်အကိုင်အခွင့်အလမ်းများကို တိုက်ရိုက်ဝင်ရောက် လုပ်ကိုင် နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်လာခြင်း၊ နည်းပညာနှင့်ကျွမ်းကျင်မှုကို လက်ဆင့်ကမ်း မျှဝေနိုင်ခြင်း၊ အိမ်တွင်းစီးပွားရေးအဖြစ် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ခြင်း၊ အသေးစား/ အလတ်စား စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံ၏ကုန်ထုတ်စွမ်းအား၊ စီးပွားရေးနှင့် ဝင်ငွေမြှင့်တင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။

အလားအလာရှိသော ကျေးရွာများအား ရွေးချယ်မှု

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၀၀၀ ကျော် ရှိသည့်အနက် နိုင်ငံတော်၏ ဘတ်ဂျက် အခြေအနေအရ တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ဆောင်ရွက်၍မရနိုင်သဖြင့် နှစ်အလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မြှင့်တင်ရေးကို ဦးစားပေးရွေးချယ် ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒေသ၏ ကုန်ကြမ်းရရှိနိုင်မှုအပေါ်မူတည်၍ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဦးတည် ၍ လက်ရှိဆောင်ရွက်နေသည့် ကျေးရွာတစ်ရွာချင်း ကုန်ပစ္စည်းတစ်မျိုးကို ကျွမ်းကျင်သူ အများစုမှ အရေအတွက်များစွာထုတ်လုပ်သည့် လုပ်ငန်းများ၊ ကျေးရွာများကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ပါသည်။

မိမိအနေဖြင့် ၂၀၀၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ One Tambon One Product ဆောင်ရွက်မှုကို သွားရောက်လေ့လာရာတွင် Target area ထားရှိပြီး ဘဏ္ဍာနှစ်အလိုက် ပထမ ဦးစားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေး သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

 အလားတူစွာ အခြားနိုင်ငံများတွင်လည်း ကမ္ဘာ့သမိုင်းဝင်နေရာများတွင် Tourism Village များ တည်ဆောက်ကာ ဒေသထွက်ပစ္စည်းများ ရောင်းချပြီး နိုင်ငံခြားသားများအား ဆွဲဆောင်ခြင်း၊ မိမိလူမျိုး ဓလေ့ထုံးတမ်းစဉ်လာများ လက်တွေ့အနီးကပ် လေ့လာနိုင်ရန် Traditional Tourism Village များတည်ဆောက်ကာ ဒေသထုတ်ကုန်အမျိုးမျိုး ခင်းကျင်းပြသရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရေးအတွက် အလားအလာရှိသော ကျေးရွာရွေးချယ်ရေးသည် လွန်စွာအရေးပါလှသည်။

နည်းပညာ တီထွင်ဆန်းသစ်ခြင်း

နိုင်ငံတကာရှိ အိမ်တွင်းစက်မှုလက်မှုဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး အိမ်တွင်းစက်မှုလက်မှုနည်းပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်း၊ တက်ရောက် စေခြင်းဖြင့် အိမ်တွင်းစက်မှုလက်မှုနည်းပညာကို ဆန်းသစ်မြှင့်တင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်အထိ မျှော်မှန်းထားရပါမည်။

ထို့ပြင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သည့်နည်းပညာများကို စူးစမ်းရှာဖွေလေ့လာဖော်ထုတ်ခြင်း၊ အထောက်အကူပြုပစ္စည်းများ တီထွင်ဖန်တီးပေးခြင်းများ လည်း ပါဝင်လျက်ရှိရာ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့အပြင် အခြားဆက်စပ်ဌာနများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

မတည်ရင်းနှီးငွေ ထူထောင်ပေးခြင်း

အသေးစား စက်မှုလက်မှုလုပ်ငန်းများအတွက်လိုအပ်သည့် ငွေကြေးအရင်းအနှီးကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ချေးယူနိုင်သည်ဟုဆိုသော်ငြားလည်း အဆိုပါဘဏ်များ၏ ငွေချေးယူရန်လိုအပ်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီရန်မှာ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအတွက် ခက်ခဲလျက်ရှိသဖြင့် လုပ်ငန်းရှင်များ ဆောင်ရွက်နိုင်သည့် စံသတ်မှတ်ချက်များသို့ ပြင်ဆင်သတ်မှတ်ပေးနိုင်ရေး သမဝါယမဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်လက်အောက်ရှိ ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) စသည့် အသေးစားငွေစုငွေချေးအဖွဲ့များ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(MSY)၊ မတည်ရန်ပုံငွေ စီမံကိန်းများ (VRFP)နှင့်လည်း ပိုမိုအလေးထား ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါသည်။

လတ်တလောတွင် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၄၀၀ လျာထားသတ်မှတ်၍ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ မတည်ထောက်ပံ့ငွေ ထုတ်ပေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်

စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအတွက် ကုန်ကြမ်းရရှိနိုင်မှု အရေးကြီးသကဲ့သို့ ယင်း ကုန်ကြမ်းများ ကုန်ချောအဖြစ်ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်အတွက် ကုန်ကျစရိတ်များလည်း ကြိုတင်တွက်ချက်ရန် လိုအပ်ပေသည်။ ယင်းသည် ကျွမ်းကျင်လုပ်သား ရရှိနိုင်မှုနှင့်လည်း ဆက်စပ်နေပေသည်။ ကျွမ်းကျင်လုပ်သား အလွယ်တကူမရရှိနိုင်ပါက ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားပေမည်။

အမြတ်အစွန်းရရှိနိုင်မှု

ကုန်ကြမ်းအလွယ်တကူ ရရှိနိုင်မှု၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှု၊ ကျွမ်းကျင်လုပ်သား အလွယ်တကူရရှိနိုင်မှုတို့သည် အမြတ်အစွန်းရရှိနိုင်မှုနှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ ထို့ပြင် ငွေကြေးအရင်းအနှီး မတည်ငွေ အတိုးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မှုသည်လည်း အမြတ်အစွန်းရရှိ နိုင်မှုကို ဖြစ်ပေါ်စေသည်။ အဆိုပါအချက်များ အပြင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရွေးချယ်ရာ၌ အဓိကစဉ်းစားရမည့်အချက်မှာ ဈေးကွက်ရရှိအောင် ချိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

ဈေးကွက်ရှာဖွေဖန်တီးရေး

နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပလျက်ရှိသည့် ရာသီအလိုက် ဘုရားပွဲ၊ နတ်ပွဲ၊ မီးပုံးပျံပွဲစသည့် ပွဲတော်များတွင် နိုင်ငံအနှံ့ပြည်သူများ လာရောက်လည်ပတ်လျက်ရှိပါသည်။ ပွဲတော် ဈေးတန်းများတွင် နိုင်ငံအနှံ့မှ ဒေသထွက်ကုန်မျိုးစုံကို လာရောက်ရောင်းချလေ့ရှိပြီး ကျေးလက် ပြည်သူအများစုမှာ ပွဲတော်အချိန်ရောက်မှလိုအပ်သည့် ပစ္စည်းများကို စုပုံဝယ်ယူခြင်း၊ ဘုရားဖူးများ လာရောက်လည်ပတ်သူများကလည်း မိမိတို့ဒေသတွင်ရှားပါးသည့် ကုန်ပစ္စည်းများကို ဝယ်ယူသွားခြင်း အလေ့အထများရှိပါသည်။

အဆိုပါ ပွဲတော်ဈေးတန်းများတွင် နိုင်ငံအနှံ့မှ အိမ်တွင်းစက်မှုလက်မှုထုတ်ကုန်များကို လုပ်ငန်း တူအစုအဖွဲ့များအလိုက် ပြသရောင်းချပြီး ဈေးကွက်မြှင့်တင်နိုင်ရေး အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ထုတ်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံကဲ့သို့ OTOP City သီးခြားဖွင့်လှစ်၍ စုပေါင်းရောင်းချပေး ခြင်း၊ OTOP City သို့ ခရီးသွားဧည့်သည်များလာရောက်လည်ပတ်နိုင်ရေး Tourism နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ လေယာဉ်ကွင်းများနှင့် ဟိုတယ်များတွင်လည်း OTOP ရိုးရာ ပစ္စည်းများ အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် ဈေးကွက်များဖန်တီး၍ ရောင်းချပေးခြင်းများ ဆောင်ရွက်နိုင်ပါသည်။

လက်ရှိအချိန်တွင် ကျေးလက်နေပြည်သူအများစုအနေဖြင့် လက်ကိုင်ဖုန်းများဖြင့် Social Media (Facebook)ကို အသုံးပြုနိုင်ပြီဖြစ်ရာ Online (Facebook) မှတစ်ဆင့် ကျေးလက်အိမ်တွင်း စက်မှုလက်မှုထုတ်ကုန်များ ရောင်းချနည်းသင်တန်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ပူးပေါင်းဖွင့်လှစ်၍ နည်းလမ်းများ ပြသဆောင်ရွက် ပေးသင့်ပါသည်။

အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များက ဈေးကွက်၏ဝယ်လိုအားနှင့် ရောင်းလိုအားအခြေ အနေများသိရှိနိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲ/စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

မိမိတို့နိုင်ငံအတွင်း ထုတ်လုပ်သည့် အိမ်တွင်း စက်မှုလက်မှု ထွက်ကုန်ပစ္စည်းများကို အားပေး၍ နိုင်ငံခြားမှ တင်သွင်းမှုများကို ကန့်သတ်/ထိန်းချုပ်ပေးရေးဆောင်ရွက်ရန် လိုအပ်ပါသည်။

သီးနှံထွက်ရှိရာနေရာများမှ သိုလှောင်မည့်နေရာ၊ ကုန်စည်ဒိုင်နေရာများသို့ ပို့ဆောင်ရန် ကုန်ထုတ်လမ်းများကောင်းမွန်ရေး ပိုမိုဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

စိုက်ပျိုးထုတ်ကုန်ဈေးကွက် ခိုင်မာရေးအတွက် တစ်နိုင်ငံလုံးရှိ ကုန်စည်ဒိုင်များ၏ ထွက်ပေါ်လာသော ဈေးနှုန်းသတင်းအချက်အလက်များကို တောင်သူများသိရှိအောင် ဆောင်ရွက်ပေးနိုင်ရေး Viber Group, Messanger Group များဖြင့် အချိန်နှင့် တစ်ပြေးညီသိရှိအောင် ကူညီဆောင်ရွက်ပေးသင့်ပါသည်။

ဝယ်လိုအားနှင့် ရောင်းလိုအားဈေးကွက်ကိုချိန်ဆပြီး အစုအဖွဲ့များစုဖွဲ့၍ ညှိနှိုင်းဆောင်ရွက် သင့်ပါသည်။ စိုက်ပျိုးရေးထုတ်ကုန်နှင့် ပတ်သက်၍ ဈေးကွက်ဖော်ဆောင်ရန် သက်ဆိုင်ရာဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သင့်ပါသည်။

ကုန်ပစ္စည်းသိုလှောင်ရေး

အဆင့်မီသိုလှောင်ရုံများတွင် သိုလှောင်နိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဦးစီးဌာန များ၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး

အသက်မွေးဝမ်းကျောင်းလုပ်ငန်း အမျိုးအစားများရွေးချယ်ပြီးပါက အဆိုပါ လုပ်ငန်းများ အတွက်လိုအပ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ရွေးချယ်ပြီး သင်တန်းများဖွင့်လှစ်ပေးကာ လုပ်ငန်းအမျိုးအစားအလိုက် ကိုယ်ပိုင်လုပ်ငန်း ဆောင်ရွက်ခြင်း၊ အစုအဖွဲ့ဖြင့်ဆောင်ရွက်ခြင်း၊ သမဝါယမအသင်းများစုဖွဲ့ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း စသည်တို့အထိ စောင့်ကြည့်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ဈေးကွက်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအထိဦးတည်၍ သက်ဆိုင်ရာဌာနများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရပါမည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရေး

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် MSME လုပ်ငန်းများ အားကောင်း အောင်ဆောင်ရွက်ပြီး နိုင်ငံခြားဝင်ငွေစီးဝင်လာအောင် ကြိုးစားဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များ တိုးတက်အောင်အားပေး၍ ပြည်တွင်း လိုအပ်ချက်ကို ပြည်တွင်း၌ပင်ထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရာ၌ ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်း လုပ်ငန်းများရွေးချယ်၍ သင်တန်းများပေးကာ လုပ်ငန်းများဆောင်ရွက်ရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်မှုနှင့် ချိတ်ဆက်၍ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအထိ ရည်မှန်းချက်ထားရှိကာ သက်ဆိုင်ရာဌာနများ၊ ကျေးလက်နေပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ ။