Skip to main content

ကော်ဖီအကြောင်း သိကောင်းစရာအဖြာဖြာ

ပေါက်ပေါက်

ကော်ဖီရာဇဝင်

အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံး နိုင်ငံအဖြစ် (၉) ရာစုခန့်ကတည်းက အစပြု ကော်ဖီကို သောက်သုံးလာခဲ့ရာ (၁၆) ရာစုနှစ် ရောက်သောအခါ ကမ္ဘာတစ်ဝန်း၌ “အာရေဗျဝိုင်”ဟု ရေပန်းစားလာခဲ့သည်။ ယနေ့ထိတိုင်ကော်ဖီကို လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံးလျက်ရှိကြသည်။ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အာရေဗီကာကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာ ကော်ဖီစေ့ကို အသုံးပြုမှုနည်းသော်လည်း အခါး ဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် ကုန်သွယ်မှု အများဆုံး ရပ်တည်လျက်ရှိသည့်ထုတ်ကုန်မှာ ရေနံဖြစ်ပြီး ဒုတိယမြောက် ကုန်သွယ်မှုအများဆုံး ထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာသိရှိရသည်။

ဈေးကွက်ဝင် မြန်မာ့ကော်ဖီ

မြန်မာ့ကော်ဖီဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပဝယ်လိုအားကောင်းလာသောကြောင့် ကော်ဖီစေ့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့်အထိ ပေါက်ဈေးနှုန်းရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ ယခင်က ကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ ၄၅၀၀ ခန့် ပေါက်ဈေးရှိနေသော်လည်း လက်ရှိတွင် ဝယ်လိုအား မြင့်တက်လာသောကြောင့် အမေရိကန် ဒေါ်လာ ၄၅၀၀ မှ ၅၀၀၀ အထိ ဈေးရရှိ နေခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီ စိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင် အထည်ဖော် စိုက်ပျိုးလျက်ရှိရာ ဧက ၅၀၀၀ ကျော် သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကော်ဖီစေ့ တန်ချိန် ၉၀၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။

အဆိုပါ ကော်ဖီများကို ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများဖြစ်သော ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ကော်ဖီစေ့တန်ချိန် ၅၀၀ နီးပါး တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်းသိရသည်။

နိုင်ငံတကာတွင် ကော်ဖီကိုတန်ဖိုးထား မက်မောစွာသောက်သုံးကြသလို မြန်မာနိုင်ငံတွင် လည်း ကော်ဖီသောက်သုံးသည့် အလေ့အထရှိကြသည်။ မြန်မာနိုင်ငံ၌ ဈေးကွက်ဝင်ကော်ဖီမျိုး စိုက်ပျိုးလျက် ရှိပါသည်။ လက်ရှိ ကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီမှုန့်ဖြစ်လာသည့် အာရေဗီကာနှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကာ ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။

ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ် မြောက် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ထုတ်လုပ်မှု အမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုံး၊ ပြင်ဦး လွင်နှင့် နောင်ချိုဒေသတို့မှ ကော်ဖီလုပ်ငန်းရှင် များက ရရှိသွားကြသည်။ ပြိုင်ပွဲတွင် ကော်ဖီများ၏ အရည်အသွေးနှင့် အနံ့အရသာတို့ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုင်စင်ရ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်များက မြည်းစမ်းစိစစ် ရွေးချယ် ပေးခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည် အသွေးသည် အဆင့်အမြင့်ဆုံးဖြစ်မည်မှာ ယုံမှား သံသယမရှိ သေချာမည်သာ ဖြစ်ပါသည်။

ဆေးဖက်ဝင် ကော်ဖီ

Aroma မျိုးနွယ်ဝင်ဖြစ်သည့် အပင်မှရရှိသောကြောင့် ကော်ဖီက ကျန်းမာရေးအကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေးသုတေသီများ၏ မှတ်တမ်းတချို့ကို အောက်ပါအတိုင်း လေ့လာသိရှိရသည်။

ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက် ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုး ဆန့်ကျင်ပစ္စည်း (ခေါ်) antioxidant အာဟာရ ဓာတ်သတ္တု များစွာပါဝင်နေသည်။ ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီ ပေးနိုင်သည်။ အသည်းကို အားကောင်း လာစေသည်။

ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန်၊ လက်တုန်ရောဂါများနှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် အသက် (၆၅)နှစ်အထက် သက်ကြီးပိုင်းများကို ကဖိန်းဓာတ်နည်းသော ကော်ဖီပျော့ပျော့ နေ့စဉ် တိုက်ကျွေးသင့်ကြောင်း the University of South Florida နှင့် the University of Miami တို့မှ သုတေသီများက အကြံပြုထားကြသည်။

အချိုမပါသောကော်ဖီ တစ်နေ့ နှစ်ခွက် ပုံမှန် သောက်ခြင်းက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးကြောင်း The American Chemical Society က အကြံပြုထား သည်။ ကဖိန်းဓာတ်က သွေးထဲရှိ ဖက်တီးအက်စစ် ပမာဏကိုတိုးပွားစေကာ ထိုအက်စစ်များကို ခန္ဓာကိုယ်ကြွက်သားများက စုပ်ယူလောင်မြိုက် ပေးသဖြင့် ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းကို သက်သာစေသည်။ အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင်နှင့် စက်ဘီးစီး စသည့် အားကစားသမားများအတွက် ကော်ဖီကအထောက် အကူပြုကြောင်း The New York Times မှာ ဖော်ပြထားသည်။

အမျိုးသား အမျိုးသမီးဦးရေ စုစုပေါင်း တစ်သိန်းကျော်ကို အနှစ် ၂၀ ကြာ သုတေသနပြု ပြီးနောက် ကော်ဖီက အရေပြားကင်ဆာနှင့် ရင်သား ကင်ဆာဖြစ်နိုင်ခြေ လွန်စွာနည်းပါးစေကြောင်း အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ရှိ Brigham and Women’s Hospital မှ အကြံပြုထားသည်။

အမေရိကန်တွင် အရက်စွဲနေသူ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ကို ၂၂ နှစ်ကြာ သုတေ သနပြုချက်များအရ နေ့စဉ်ကော်ဖီတစ်ခွက် ပုံမှန်သောက်သူများတွင် အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာသိရှိ ရသည်။

ကော်ဖီက အရွယ်တင်နုပျိုစေသည့်အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း၊ မကြာခဏ မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်သူများ၊ သွားပိုးစားခြင်း၊ ဂေါက် (ခေါ်) အဆစ်အမျက်ရောင်ရမ်းနာများ စသည်တို့အတွက် ဆေးဖက်ဝင်ကြောင်း ကျန်းမာရေး သုတေသီများက ဆိုထားသည်။ ကော်ဖီက လူ့သငံရည် (သားနံရည်)ကြော အဖွဲ့အစည်းကို အဆိပ်အတောက်ပြေစေသည်။ အထူးသဖြင့် orange peel (ခေါ်) အရေပြား အဖုအထစ်ကြမ်းတမ်းခြင်းကို သက်သာစေနိုင်သည်။ ထို့ကြောင့် အရေပြားရောဂါ ရှိသူများက ကော်ဖီမှုန့်ဖြင့် ပြုလုပ်ထားသည့် ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းများကို အသုံးပြုသင့် ကြောင်း လှပမှုဆိုင်ရာ အရေပြားရောဂါဗေဒ ပညာရှင်များက Beauty Mantra (ခေါ်) အမေရိကန် အလှအပဆိုင်ရာ အင်တာနက်စာမျက်နှာထက်တွင် ရေးသားအကြံပြုထားသည်။

အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါးသုတေသန ပညာရှင်များက အသက်အရွယ်ကြီးရင့်သူ ၁၄၀၀ အား စမ်းသပ်လေ့လာခဲ့ရာ၌ မပြင်းလွန်း၊ မပျော့လွန်း (အလယ်အလတ်စား) ကော်ဖီသောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုကြောင်း တွေ့ရသည်။ အဆိုပါ လေ့လာမှုအား အီတလီ ဘာရီအယ်လ်ဒိုမော်ရို တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် (၆၅) နှစ်မှ (၈၄) နှစ်အရွယ်ကြား သက်ကြီး ပိုင်း ၁၄၄၅ ဦး၏ ကော်ဖီသောက်သုံးခြင်းနှင့် အာရုံ ကြောဆိုင်ရာ ကျန်းမာသန်စွမ်းခြင်း ဆက်နွှယ်နေမှု အပေါ် သုံးနှစ်ကြာအချိန်ယူ၍ လေ့လာခဲ့သည်။ နေ့စဉ် ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက ဦးနှောက် ၏စွမ်းအင်ကို တိုးတက်လာစေနိုင်ကြောင်းနှင့် အဆိုပါတွေ့ရှိမှုအား ဦးနှောက်အမေ့လွန်ရောဂါနှင့် ပတ်သက်သည့် အယ်လ်ဇိုင်းမားဂျာနယ်တွင် ပုံနှိပ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်

“သူ့ခါးသက်သက်အရသာလေးက လျှာရင်း မြက်စေသလို နက်ရှိုင်းတဲ့ရနံ့လေးကို ရှူရှိုက်မိတိုင်း စိတ်ဘဝင်ကို ကြည်လင်လန်းဆန်းသွားစေတယ်” ဟု ကော်ဖီချစ်သူများက မှတ်ချက်ချကြသည်။ နိုင်ငံ တကာဆေးသုတေသီများ၏ ဆန်းစစ်မှုအရ နံနက် အိပ်ရာနိုးထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ် ကြောင်း လေ့လာသိရှိရပါသည်။ ကော်ဖီမသောက် ခင် အစားအစာ အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်း တစ်ချပ်ဖြစ်စေ စားပြီးမှသာ ကော်ဖီသောက်ကြပါရန် အကြံပြုထားသည်။ ထို့ပြင် နေ့လယ်စားပြီးနောက် တစ်နာရီကျော်အကြာနှင့် ညနေခင်းအချိန်များက လည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန် သည့်အချိန်များ ဖြစ်ပါသည်။

ကော်ဖီရှောင်ရမည့် အချိန်

ဗိုက်ထဲတွင် ဘာအစာမျှမရှိသည့်အချိန် ကော်ဖီလုံးဝမသောက်ပါနှင့်။ ကော်ဖီ အသင့်အတင့် သောက်ခြင်းက ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိထားကြပြီးဖြစ်သည်။ အထူးသဖြင့် ကော်ဖီ ထဲတွင်ပါရှိသည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူမကြီးကင်ဆာမဖြစ် အောင် ကာကွယ်ပေးပါသည်။ သို့သော် အသီးအနှံ မျိုးနွယ်ဝင် ကော်ဖီစေ့ထဲတွင် chlorine genic အက်စစ် (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိနေကြောင်း တွေ့ရသည်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဟာလာဟင်းလင်း ဖြစ်နေသည့် အစာအိမ်၊ တစ်နည်းအားဖြင့် ဆိုသော် ဗိုက်ထဲတွင် ဘာအစာမျှမရှိဘဲ ကော်ဖီသောက်မိသည့်အခါ ဆိုးရွားသည့် ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင်ကြောင်း တွေ့ရသည်။

အသေးစိတ်အနေဖြင့်ဆိုသော် ဟာလာ ဟင်းလင်းဖြစ်နေသည့် အစာအိမ်ထဲကို ဘလက်ခ် ကော်ဖီ (နို့ လုံးဝမပါသောကော်ဖီကြမ်း) တစ်ခွက် လောင်းထည့်လိုက်သောအခါ အစာခြေအင်္ဂါအစိတ် အပိုင်းများထဲမှ hydrochloric အက်စစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကို ဖြစ်စေသည်။ မည်မျှပင် ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ထိုကဲ့သို့ သောက်သုံး လိုက်ခြင်းကြောင့် hydrochloric အက်စစ်များ အစာအိမ်ထဲတွင် ပျံ့နှံ့သွားပြီးနောက် ထမင်း (သို့မဟုတ်) အဖတ်များ စားပြီးသည့်အခါ ထိုအစားအစာများကို အစာအိမ်က ကောင်းစွာ ချေဖျက်ရန် ခက်ခဲသွားသည်။ ထို့ပြင် ထိုအစားအစာများထဲတွင် ပါရှိသော ပရိုတင်းအာဟာရတန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်စစ် အထွက် များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်း စသည်တို့အပြင် အဆုံးစွန်သော ဆိုးကျိုးအဖြစ်အူမကြီး ကင်ဆာကိုပါ ဖြစ်စေနိုင်သည်။

တစ်ဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့် ကော်ဖီ သောက်သုံးခြင်းကြောင့် သက်ရောက်မှုများကို လူ ငါးဦးဖြင့် အချိန်တစ်လခွဲကြာ လေ့လာခဲ့ကြရာ (က) ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်း ဇီဝဖြစ်စဉ်များကို မိနစ် ၄၀ ခန့် နောက်ကျ စေကြောင်း၊ (ခ) ညနေပိုင်း ကော်ဖီသောက်သုံးခြင်းက အိပ်ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိ နောက်ကျ သွားစေကြောင်း၊ (ဂ) ညအိပ်ရာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟိုမုန်းများထုတ်လုပ်မှုကို မိနစ် ၄၀ ခန့် နောက်ကျစေကြောင်း၊ (ဃ) ညနေပိုင်း ကော်ဖီသောက်ခြင်းက အိပ်၍ မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေကြောင်း စသည်ဖြင့် အဖြေထွက်ရှိသည်။ ထို့ကြောင့် ၎င်းအချိန်များတွင်လည်း ကော်ဖီသောက်ရန် မသင့်ပေ။ (င) အရေးကြီး ဆုံးအချက်က နံနက်အိပ်ရာထထချင်း ကော်ဖီကိုအလျင်စလို မသောက်ပါနှင့်။ အဘယ်ကြောင့် ဆိုသော် နံနက်အိပ်ရာထထချင်း ကော်ဖီသောက်မိရာ ခန္ဓာကိုယ်ထဲတွင် cortisol ပမာဏရုတ်တရက် တိုးပွားလာပြီး ၎င်း cortisol များက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များကို ကြီးမားသည့် အဟန့်အတား ဖြစ်စေနိုင်ပါသည်။

ကော်ဖီသောက်လွန်ကဲခြင်း၏ ဘေးထွက်ဆိုးကျိုး

ကော်ဖီက အထက်ပါကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း မွေးရာပါ ကိုယ်ခံအားနည်းသူများ၊ ကဖိန်းဓာတ်နှင့် ဓာတ်မတည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံးသူများနှင့် ကော်ဖီအမှုန့်ကို မစစ်ခံဘဲ သောက်မိသည့်အခါ ခန္ဓာကိုယ်ကိုအကျိုးယုတ်စေ သည့် LDL ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံးသွေးကြောရောဂါ၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အာရုံကြောကိုနှိုးဆွ၍ အိပ်မပျော်ခြင်း၊ ကတုန် ကယင်ဖြစ်ခြင်း၊ သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းဖုံးလွှာ ထိခိုက်ခြင်း၊ သွားများညိုမည်းခြင်း စသည်တို့ ဖြစ်တတ်သည်။ ထို့ပြင် ကော်ဖီအသောက်များသော ကလေးငယ်များတွင် ခန္ဓာကိုယ်ကြီးထွားမှု နှောင့်နှေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ သားလျော သားပျက်ခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုမသောက် သင့်ပေ။ ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုသောက်သူ များတွင် ကျောက်ကပ်ပျက်စီး၍ ဆီးတစက်စက်ကျ ရောဂါနှင့်အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်လာစေနိုင် သည်။ ကော်ဖီကို တစ်နေ့လေးခွက် သောက်သုံး သူများက မျက်လုံးဖိအား မြင့်တက်လာကာ ရေတိမ် ရောဂါဖြစ်စေနိုင်သည်။ တစ်နေ့ ခြောက်ခွက်နှင့်အထက် သောက်သုံးသူများမှာ ဦးနှောက်ထုထည် ကျုံ့ဝင်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်စေနိုင်သည်။ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါသည်။ ထို့ပြင်ကော်ဖီကို ပါရာစီတမောလ် (သို့မဟုတ်) အကိုက်အခဲ ပျောက်ဆေးများနှင့်တွဲပြီး လုံးဝမသောက်သင့်ပေ။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူများက ကော်ဖီကို အထူးလျှော့သောက်သင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ် သည့်အလျောက် ကော်ဖီစိုက်ပျိုးသူများအနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချ နိုင်မည်ဆိုပါက ကမ္ဘာ့အလယ်တွင် မြန်မာ့ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာရပ်တည်နိုင်မည် ဖြစ်ပါသည်။

ကော်ဖီသည် စိုက်ပျိုးသည့် ရေ၊ မြေ၊ ရာသီဥတု၊ ပထဝီအနေအထားတို့ကိုလိုက်၍ ကော်ဖီစေ့၏ အနံ့၊ အရသာတို့ အမျိုးမျိုးကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီ ဈေးကွက်တွင် အမည်ကောင်းရရှိထားပြီးဖြစ်သလို အရေးပါသည့် တန်ဖိုးမြင့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးမြင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရရှိလာရေး အတွက် မြန်မာ့ကော်ဖီထုတ်လုပ်သူများနှင့် အဖွဲ့အစည်းများက အားထုတ်ကြိုးပမ်း ကြရာတွင် မြန်မာ့ကော်ဖီ၏ ကိုယ်ပိုင်ထူးခြားသည့် အနံ့၊ အရသာတို့ကို သောက်သုံးသူများနှင့် ကမ္ဘာ့ဈေးကွက်က သိရှိလာရေးအတွက် ဈေးကွက်မြှင့်တင်မှုဆိုင်ရာ မဟာဗျူဟာနည်းပညာများဖြင့် အစီအစဉ်ချမှတ် ဆောင်ရွက်သွားကြစေလိုပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။ ။