Skip to main content

မသန်စွမ်းမဲဆန္ဒရှင်များ၏ ရွေးကောက်မှုအခွင့်အရေးနှင့် ကဏ္ဍစုံတွင်ပါဝင်မှုမြှင့်တင်ရေး

မဲဆန္ဒရှင်တစ်ဦး

နိဒါန်း 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယခုနှစ်သည် (၂၉) ကြိမ်မြောက်ဖြစ်ပါသည်။ ယခုနှစ်၏ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” ဖြစ်ပြီး “အားလုံးပါဝင်ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင် အဖြေရှာစို့။ အားလုံးလက်လှမ်းမီညီမျှရေး၊ တီထွင်ဖန်တီးမှုစွမ်းအားဖြင့်ဆောင်ရွက်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိကြောင်း လေ့လာဖတ်ရှုရပါသည်။ မသန်စွမ်းသူများအတွက် ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူ မျှမျှတတရရှိရေး၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာအပါအဝင် နယ်ပယ်အသီးသီးတွင် ပေါင်းစည်းပါဝင်နိုင်ရေး၊ မသန်စွမ်းသူများ လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေထိုင်နိုင်ရေး နှင့် လူမှုစီးပွားလုံခြုံစိတ်ချမှုအတွက် တီထွင်ဖန်တီးဆောင်ရွက်ပေး နိုင်ရေးတို့သည် ကျယ်ပြန့်သော အကြောင်းခြင်းရာများဖြစ်ပြီး ယင်းတို့အနက် နိုင်ငံသားများဖြစ်ကြသော မသန်စွမ်းသူများ၏ ရွေးကောက် မှုဆိုင်ရာအခွင့်အရေးများသည် မသန်စွမ်းသူများ အသိုက်အဝန်းတစ်ရပ် လုံးအတွက် အခြေခံကျသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း ယုံကြည်မိပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါအခြေခံမူများ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ(က)တွင် “နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်”ဟု ပြဋ္ဌာန်းထားရာ မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာဖြင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင် ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရေးနှင့် မြှင့်တင်ပေးရေးတို့သည် နိုင်ငံတော်က ကြည့်ရှုစောင့်ရှောက်ပေးရမည့် အမျိုးသားရေးလုပ်ငန်း တာဝန်ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ (က)တွင် “နိုင်ငံသားတိုင်း သည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟုလည်း ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် မဆန့်ကျင်လျှင် မသန်စွမ်းမဲဆန္ဒရှင်များသည် လွှတ်တော် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တစ်ရပ်ရပ်သို့လည်း ကိုယ်တိုင်ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသူများ ဖြစ်ကြပါသည်။

ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်း

ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNITED NATIONS CONVENTION ON THE RIGHTS OF PERSONS WITH DISABILITIES) သဘောတူစာချုပ်ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကြေညာခဲ့ရာ ကမ္ဘာ့နိုင်ငံများက လက်မှတ်ရေးထိုး ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် သဘောတူစာချုပ်အား ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူစာချုပ်အပိုဒ် (၁)တွင် “ဤကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်မှာ မသန်စွမ်းသူတိုင်း လူ့အခွင့် အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များကို ညီမျှစွာအပြည့်အဝ ရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့်လုပ်ဆောင်ရန်၊ သေချာစေရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှုရှိစေရန်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။ သဘောတူစာချုပ်တွင် မသန်စွမ်းသူများအတွက် ရွေးကောက်မှုဆိုင်ရာအခွင့်အရေး နှင့်စပ်လျဉ်း၍ အပိုဒ် (၂၉) နိုင်ငံရေးနှင့် ပြည်သူ့ဘဝနယ်ပယ်များ၌ ပါဝင်ဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် သတ်မှတ်ပေးထားပါသည်။ အပိုဒ် (၂၉) အပိုဒ်ခွဲ (က)တွင် “အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများအား အခြားသူများနည်းတူ နိုင်ငံရေးပါဝင်ဆောင်ရွက်ခွင့်ရရှိမှုကို အာမခံ ရမည်။ အဖွဲ့ဝင်နိုင်ငံများသည် မသန်စွမ်းသူများ အခြားသူများနည်းတူ နိုင်ငံရေးနှင့် ပြည်သူ့ဘဝနယ်ပယ်များ၌ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား လှယ်ကို လွတ်လပ်စွာရွေးချယ်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခွင့်ရရှိမှု သေချာအောင် ဆောင်ရွက်ပေးရမည်။ ယင်းတို့တွင် မသန်စွမ်းသူများ ၏ တန်းတူမဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့်ရရှိမှု သေချာစေရေးအတွက် မဲပေးရေးလုပ်ငန်းအစီအစဉ်များ၊ အကူအညီပေးမှုများနှင့် အသုံးအဆောင်ပစ္စည်းများသည် မသန်စွမ်းသူများအတွက် သင့်လျော်မှု၊ ချဉ်းကပ်ဝင်ရောက်ရန်လွယ်ကူမှု၊ အလွယ်တကူ နားလည်သဘောပေါက် အသုံးပြုနိုင်မှုရှိရမည်။ ရွေးချယ်တင်မြှောက်ပွဲနှင့် ပြည်သူ့ဆန္ဒခံယူပွဲတို့၌ မသန်စွမ်းသူတို့အား လျှို့ဝှက်ဆန္ဒမဲပေးနိုင် သည့်အခွင့်အရေးကို ခြိမ်းခြောက်ခံရခြင်းမရှိဘဲ ဆောင်ရွက်နိုင်ရန် ကာကွယ်ပေးရမည်။ ထို့ပြင် ယှဉ်ပြိုင်ရွေးချယ်ခံ၍ ရုံးဖွင့်လှစ်ရေး၊ အစိုးရအဖွဲ့၏အဆင့်တိုင်း၌ ပြည်သူ့ရေးရာလုပ်ငန်းများကို ဆောင်ရွက်ရေး တို့တွင် အကူအားပြုကိရိယာများနှင့် နည်းပညာအသစ်များ အသုံးပြုရေးတို့အတွက် အဆင်ပြေအောင်စီစဉ်ပေးရမည်။ မသန်စွမ်းသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်သည့်အပြင် ၎င်းတို့၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ရန်နှင့် ၎င်းတို့၏ ဆန္ဒအတိုင်းမဲပေးနိုင်ရေးအတွက် ၎င်းတို့၏တောင်းဆိုချက်အရ လိုအပ်ပါက မဲထည့်ရာ၌ ၎င်းတို့စိတ်ကြိုက်ရွေးချယ်သောသူ၏ အကူအညီဖြင့် မဲထည့်ခြင်းကို ခွင့်ပြုရမည်” ဟု ဖော်ပြပါရှိပါသည်။

မသန်စွမ်းမဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲဥပဒေပါ အခွင့်အရေးများ ဖော်ဆောင်ပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းအရ မသန်စွမ်းသူများ၏ ရွေးကောက်မှုဆိုင်ရာအခွင့်အရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် ကွန်ဗင်းရှင်း၏ အပိုဒ်(၂၉)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၈-၇-၂၀၁၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၁၄) ဖြင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲဥပဒေတွင် မသန်စွမ်းမှုအတွက် ကန့်သတ်ချက် မရှိပါ။ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများအရ မသန်စွမ်းသူများ အတွက် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ မဲစာရင်းပြုစုရာတွင် မသန်စွမ်းမဲဆန္ဒရှင်များမကျန်စေဘဲ ပြုစုခြင်းလုပ်ငန်းစဉ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းလုပ်ငန်းစဉ်၊ မဲရုံများဆောက်လုပ်ရာတွင် မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်းလုပ်ငန်းစဉ်နှင့် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်သောသူတစ်ဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခြင်းတို့အား ဥပဒေပါအခွင့်အရေးများအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံမျက်မမြင်အသင်းချုပ်၊ မသန်စွမ်း သူများအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်းသူများ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအခန်းကဏ္ဍ မြှင့်တင်ရေးအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ရွေးကောက်ပွဲများမတိုင်မီ မဲရုံအလိုက် မသန်စွမ်းသူအမျိုးအစားခွဲခြား၍ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ပညာပေးသင်တန်းများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲပညာပေးသင်တန်းများတွင် မသန်စွမ်းသူမဲဆန္ဒရှင်များအတွက် ဆောင်ရွက်ပေးရမည့် ဥပဒေပါအခွင့်အရေးများ ဆွေးနွေးပို့ချပေးခြင်း၊ လက်တွေ့သရုပ်ပြသင်ကြားပေးခြင်းတို့ဖြင့် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်သည့် ရွေးကောက်ပွဲဆိုင်ရာသင်တန်းများတွင် “အားလုံးပါဝင်သော ရွေးကောက်ပွဲနှင့် မသန်စွမ်းသူများအခန်းကဏ္ဍ”ကို သီးခြားခေါင်းစဉ်တစ်ရပ်အနေဖြင့် သင်ကြားပို့ချပေးလျက် ရှိပါသည်။

မသန်စွမ်းမဲဆန္ဒရှင်များ မဲရုံအတွင်း အလွယ်တကူသွားလာနိုင်ရန်၊ ဆန္ဒမဲပေးခြင်းလွယ်ကူစေရန်တို့အတွက် မဲရုံအဝင်အထွက်၊ အတက်အဆင်းများတွင် ပြေပြစ်သော လျှောစောက်ဆောင်ရွက်ခြင်း၊ မဲရုံ အတွင်းလျှောက်လမ်းများတွင် လက်ကိုင်တန်း သို့မဟုတ် ကြိုးတန်း များထားရှိပေးခြင်း၊ ဝှီးချဲ အလွယ်တကူဝင်ထွက်နိုင်ရန် သင့်လျော်သော အကွာအဝေးထားရှိခြင်း၊ ဆန္ဒပြုခန်းနှင့် မဲပုံးတင်ထားသည့် စားပွဲများ ရှိရာသို့ မသန်စွမ်းမဲဆန္ဒရှင်များ အလွယ်တကူသွားရောက်နိုင်ရန် စီစဉ်ထားရှိခြင်းတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှုဖြင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က မဲရုံအဆင့်အထိ စီမံ ခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ မသန်စွမ်း မဲဆန္ဒရှင်အများစုရှိသည့်နေရာများတွင် စံပြမဲရုံများ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့သည်။

မျက်မမြင်လက်စမ်းစာကတ်ပြားဖြင့် ဆန္ဒမဲပေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့

ပြီးခဲ့သောရွေးကောက်ပွဲများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံမျက်မမြင်အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ မုံရွာမြို့ ရောင်ခြည်သစ်မျက်မမြင် ကျောင်း၊ စစ်ကိုင်းမြို့ လူမှုဝန်ထမ်းမျက်မမြင်ကျောင်းနှင့် ပခုက္ကူမြို့မျက်မမြင်ကျောင်းတို့မှ အမြင်အာရုံမသန်စွမ်း မဲဆန္ဒရှင်များအတွက် စံပြမဲရုံများ ဖွင့်လှစ်ပေးပြီး Braille Template မျက်မမြင် လက်စမ်းစာ ကတ်ပြားအသုံးပြု၍ အမြင်အာရုံမသန်စွမ်းမဲဆန္ဒရှင်က အကူဖြင့် မဟုတ်ဘဲ ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းအား ကိုယ်တိုင်ရွေးချယ်ဆန္ဒပြုနိုင်သည့်စနစ်ကို ရွေးကောက်ပွဲ မှတ်တမ်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါလုပ်ငန်းတာဝန်များ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းတို့အရ ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ ကိုပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၁၂၄/ ၂၀၁၇)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ဥပဒေပုဒ်မ ၄ အရ ယင်းဥပဒေ၏ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများပြုလုပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပါသည်။

မသန်စွမ်းသူများအတွက် ရွေးကောက်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ ယင်းဥပဒေ အခန်း (၈) မသန်စွမ်းသူများ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ခေါင်းစဉ်ဖြင့် ပုဒ်မ ၂၉ တွင် “ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်အတွက် လျှို့ဝှက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၀ တွင် “မသန်စွမ်းသူ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ လွှတ်တော်တစ်ရပ်ရပ်တွင် ရွေးချယ်ခံပိုင်ခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားပါသည်။ နည်းဥပဒေများ အခန်း(၆) မသန်စွမ်းသူများ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်များ တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး ခေါင်းစဉ်ဖြင့် နည်းဥပဒေ ၂၆ နှင့် နည်းဥပဒေ ၂၇ တို့တွင် မသန်စွမ်းသူများ၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများနှင့်စပ်လျဉ်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များအား သတ်မှတ်ဖော်ပြပေးထားပါသည်။

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၂၂)ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် “…… မသန်စွမ်းသူများအတွက် အလွန်အကျိုးရှိစေမည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင် ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ လေးခုဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့်အလိုက် လိုအပ်သော ပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများမှတ်ပုံတင် ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မည်ဖြစ်၍ မသန်စွမ်းသူများအတွက် အလွန်အကျိုး ရှိစေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံကိန်းရေးဆွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ……...” မှာကြားခဲ့ပါသည်။

ထို့အတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆိုင်ရာ အစည်းအဝေးတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် “……မဲစာရင်းများမှန်ကန်စေရန် ပထမအဆင့်အနေဖြင့် နိုင်-၄ နှင့်ပတ်သက်သည့် စာရင်းဇယားများကို အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးပြီးနောက် ပုံစံ (၆၆/၆) ကို Software နည်းပညာဖြင့် စစ်ဆေးခဲ့ကြောင်း၊ တတိယအဆင့် အနေဖြင့် ပုံစံ (၆၆/၆) ပါ မှားယွင်းမှုများကို မြေပြင်တွင်သေချာစွာ စိစစ်ပြုပြင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ မှန်ကန်စွာ စာရင်းဇယားကောက်ယူနိုင်မှသာ နောင်ဆက်လက်ဆောင်ရွက်မည့် e-ID စနစ်တွင် မှန်ကန်သည့်အချက်များ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်-၄၊ ပုံစံ (၆၆/၆) ကိစ္စရပ်များနှင့်ပတ်သက်၍ မြေပြင်စာရင်း ကောက်ယူသည့်အခါ မသန်စွမ်းအမျိုးအစား လေးမျိုးကိုလည်း သေချာစွာရေးသားဖော်ပြနိုင်ရန်လိုကြောင်း” ထည့်သွင်းမှာကြားခဲ့ပါသည်။

မသန်စွမ်းမဲဆန္ဒရှင်အမျိုးအစားစာရင်းရရှိရေး

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပုံစံ (၆၆/၆) များနှင့်ပတ်သက်၍ မြေပြင်စာရင်းကောက်ယူ ချိန်တို့တွင် မသန်စွမ်းအမျိုးအစား လေးမျိုးကိုပါ တစ်ပါတည်း စိစစ် ကောက်ယူနိုင်ခြင်းအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့်ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင် မသန်စွမ်း မဲဆန္ဒရှင်အမျိုးအစားလေးမျိုး စာရင်းရရှိရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ မဲရုံအလိုက် ရပ်ကွက်ကျေးရွာ အုပ်စုအလိုက် မသန်စွမ်းမဲဆန္ဒရှင်အချက်အလက်များရရှိမှသာ သက်ဆိုင်ရာ မဲရုံများတွင် မသန်စွမ်းသူများ လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တတိယအဆင့်ဆောင်ရွက်မည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)များ မြေပြင်စိစစ်ခြင်းလုပ်ငန်းစဉ်အတွက် လုပ်ငန်းအဖွဲ့အဆင့်ဆင့်နှင့် ကွင်းဆင်းကောက်ယူမည့် အဖွဲ့များအား သင်တန်းပေးချိန်တွင် မသန်စွမ်းအမျိုးအစားလေးမျိုး စာရင်းကောက်ယူခြင်း စနစ်တကျဖြစ်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပါဝင်ပို့ချဆွေးနွေးပေးရန် လိုအပ်မည်ဖြစ်ပါသည်။

ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အမှတ်စဉ် (၅)အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပေးရမည်ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေ များအသစ်ပြဋ္ဌာန်းနိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့် ရုံးဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ကို အခြေခံထားသည့် အခြေခံလူဦးရေစာရင်းများနှင့် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စိစစ် ခြင်းတို့ ဆောင်ရွက်နေပြီဖြစ်ပါသည်။

ရွေးကောက်ပွဲဥပဒေအရ နိုင်ငံသားတစ်ဦးအနေဖြင့် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အခွင့်အရေးကို ကျင့်သုံးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကထုတ်ပေးသည့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊ နိုင်ငံသားကတ်တစ်မျိုးမျိုးနှင့် နေထိုင်ကြောင်း အထောက် အထား၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိရန် လိုပါသည်။ ပုံစံ (၆၆/၆) ရှိရာ ရပ်ကွက်ကျေးရွာအုပ်စု၏ မဲစာရင်းတွင်သာ မိမိ အမည်ပါဝင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားဖြစ်သည့် မသန်စွမ်း မဲဆန္ဒရှင်များ အနေဖြင့်လည်း ဥပဒေပါအခွင့်အရေးဖြစ်သော မိမိတို့၏ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အတွက် မဲစာရင်းတွင်ပါဝင်ရန် နိုင်ငံသားကတ်တစ်မျိုးမျိုးနှင့် နေထိုင် ကြောင်းအထောက်အထား အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ရှိရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများပါဝင်ခြင်း အခန်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်းအဖွဲ့အစည်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်နှင့် မသန်စွမ်းမဲဆန္ဒရှင်များ အခန်းကဏ္ဍ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် လူထုကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးနိုင်ရန် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည် ဖြစ်ပါသည်။ အချိုးကျကိုယ်စားပြုစနစ်ဆိုသည်မှာ မဲဆန္ဒနယ်တစ်နယ်တွင် တစ်ဦးထက်ပိုသော လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်မြေကို ကျယ်ပြန့်စွာသတ်မှတ်ပြီး ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေသတ်မှတ်ပေးကာ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်ပေါ်မူတည်၍ အချိုးကျကိုယ်စားပြုစနစ်ဖြင့်တွက်ချက်ပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အား သတ်မှတ်​ပေးသည့်စနစ်ဖြစ်ပါသည်။ နိုင်ငံရေးမူဝါဒအခြေပြုပါတီများ၊ တိုင်းရင်း သားလူမျိုးစုအခြေပြုပါတီများ၊ နယ်မြေဒေသအခြေပြုပါတီများ၊ လူနည်းစုကိုယ်စားပြုပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ရရှိသည့် ထောက်ခံမဲအချိုး အစားပေါ်မူတည်ပြီး ရွေးကောက်တင်မြှောက်ခံရနိုင်သည့် စနစ် ဖြစ်ပါသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုလွှတ်တော်များတွင် ပါတီစုံမှ ကိုယ်စားပြုနေရာများ ပိုမိုရရှိလာမည်ဖြစ်ပါသည်။

PR စနစ်အမျိုးအစားအများအပြားရှိသည့်အနက် နိုင်ငံတကာတွင် အသုံးများပြီး မဲဆန္ဒရှင်များ လွယ်ကူစွာဆန္ဒမဲပေးနိုင်ကာ ရွေးကောက် ပွဲရလဒ် တွက်ချက်ရာတွင် ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR)ဖြင့် ရွေးကောက်ပွဲကျင်းပသွားမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နှင့် ဒေသတစ်ခုစီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်တို့ကို ယခင်ရွေးကောက်ပွဲများအတိုင်း မဲများသူ အနိုင်ရရှိသည့်စနစ်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျန်မဲဆန္ဒနယ်များအတွက် PR စနစ် ကျင့်သုံးသွားမည်ဖြစ်ပါသည်။ Closed List-PR စနစ်သည် ဆန္ဒမဲလက်မှတ်ပေါ်တွင် နိုင်ငံရေးပါတီ အမည်နှင့်တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်ကို ဖော်ပြထားခြင်းဖြစ်ပြီး မဲဆန္ဒရှင်က မိမိနှစ်သက်ရာ နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ဆန္ဒပြုရခြင်း ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများရရှိသည့် ထောက်ခံဆန္ဒမဲများကို မဲဝေစု (Quota) နည်းဖြင့် ကိုယ်စားလှယ်ဦးရေတွက်ချက်ပြီး သတ်မှတ်ကိုယ်စားလှယ် အရေအတွက် ပြည့်မီခြင်းမရှိသေးပါက ဒုတိယအဆင့်အနေဖြင့် အကြွင်းမဲအများဆုံးစနစ် (The Largest Remainder)နည်းဖြင့် ကြွင်းကျန်မဲ အများ၊ အနည်းအလိုက် ကိုယ်စားလှယ်တစ်ဦးစီ ထပ်ဆောင်းတွက်ချက်ပေးခြင်း နည်းစနစ်ဖြစ်ပါသည်။ ထောက်ခံဆန္ဒမဲ မဲဝေစု(Quota) တစ်စုရရှိသည်နှင့် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံရသည့်စနစ်ဖြစ်သဖြင့် ပါတီစုံနှင့် လူနည်းစုများအတွက် ကိုယ်စားပြုမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါ သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏ သန်းတစ်ထောင်ကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုး ခံစားနေရသူများဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက် အရလည်း နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း (၂ ဒသမ ၇ သန်း ကျော်)သည် မသန်စွမ်းသူများဖြစ်ကြောင်း သိရှိရပါသည်။ လူ့အသိုက် အဝန်းထဲမှ လူသားများ၊ လူသားထဲမှ နိုင်ငံသားများဖြစ်ကြသည့် မသန်စွမ်းသူများအား ကမ္ဘာ့အကြီးဆုံးလူနည်းစုအုပ်စုအဖြစ် သတ်မှတ်ထားကြပါသည်။ မြန်မာနိုင်ငံတွင်လည်း ရပ်ကွက်နှင့် ကျေးရွာ တိုင်းတွင် မသန်စွမ်းမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ခံစားနေရသူ မသန်စွမ်းမဲဆန္ဒရှင်များ ရှိနေနိုင်ပါသည်။ မသန်စွမ်းမဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှုကို ပိုမိုမြှင့်တင်ပေးကြရမည် ဖြစ်ပါသည်။ မသန်စွမ်းမဲဆန္ဒရှင်များအတွက် အခြေခံလူ့အခွင့်အရေးများ မျှမျှ တတရရှိရေး၊ လူမှုစီးပွားမြင့်မားရေးနှင့် ကဏ္ဍစုံတွင် ပါဝင်မှုမြှင့်တင် ရေးတို့ကို အလေးဂရုပြုမည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် အားကောင်းရန်လိုပါ သည်။ ထို့ပြင် မသန်စွမ်းမဲဆန္ဒရှင်ကိုယ်တိုင်လည်း ပါတီကိုယ်စား ပြု၍ဖြစ်စေ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့်ဖြစ်စေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး မသန်စွမ်းသူများ အသိုက်အဝန်းအတွက် ကိုယ်စားပြုမှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါသည်။

နိဂုံး

သို့ဖြစ်ပါ၍ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများပါ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ရန်နှင့် လာမည့်ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများအတွက် ကိုယ်စားပြုမှုနှင့် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးများကို ပိုမို ကျယ်ပြန့်စွာ ဆက်လက်မြှင့်တင်ပေးနိုင်ရန်တို့အတွက် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းမဲဆန္ဒရှင်တစ်ဦးအနေဖြင့် ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အတွက် လေးစားစွာဖြင့် ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။ ။

ကိုးကား

-        ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း

-        ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)

-        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတ်တမ်းများ

-        လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများ

-        မသန်စွမ်းသူများ၏အခွင့်အရေး ဥပဒေနှင့် နည်းဥပဒေများ

-        မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲ လမ်းညွှန်စာအုပ်