အမျိုးသားရေးအတွက် အမျိုးသားနေ့
မျိုးငြိမ်းငယ်
အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့်နေ့ရက်တစ်ရက်ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့ လက်အောက်ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ် ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ အမျိုးသားရေးနိုးကြားတက်ကြွမှု ဖြစ်လာစေသည့်နေ့ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၂၂ ခုနှစ်က စတင်သတ်မှတ်ခဲ့သော အမျိုးသားနေ့သည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်း ၁၀၀ တိုင်သည့် ယနေ့ထက်တိုင် အရေးပါနေဆဲဖြစ်ပါသည်။
သမိုင်းကြောင်း
အမျိုးသားနေ့ဖြစ်ပေါ်လာရသည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံသားတိုင်းလိုလို သိပြီးဖြစ်ကြပါသည်။ အမျိုးသားနေ့အကြောင်းကို ကျောင်းသားဘဝကပင် သင်ကြားခဲ့ကြရသည်။ အမျိုးသားနေ့ဟုဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း စသည့်ဖြစ်စဉ်တို့နှင့် တွဲလျက် သိရှိခဲ့ရသည်။
ဝံသာနုလှုပ်ရှားမှုများကို ဦးဆောင်ခဲ့သည့် ဂျီစီဘီအေအသင်းကြီးက ဝံသာနုလှုပ်ရှားမှုအနေဖြင့် အမျိုးသားနေ့သတ်မှတ်ရန် စတင်ကြိုးပမ်းခဲ့ရာမှ အမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ပါသည်။ အမျိုးသားနေ့ကျင်းပရခြင်း ရည်ရွယ်ချက်မှာ အမျိုးသားရေးစိတ်ဓာတ်များ တိုးမြင့်လာစေရန်ဖြစ်ပါသည်။ ထိုစဉ်ကာလက မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်ကျရောက်နေစဉ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးရရှိရန်အတွက် တစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များ လိုအပ်နေသည့် အချိန်ဖြစ်ပါသည်။
ထိုသို့သော အချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်တို့အား ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ သပိတ်မှောက်ဆန့်ကျင်ခဲ့ကြပါသည်။ ယင်းသို့ သပိတ်မှောက်တော်လှန်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ဆုံးဖြတ်ခဲ့ကြပါသည်။
အမျိုးသားနေ့သတ်မှတ်ခဲ့သည့် ၁၉၂၂ ခုနှစ်မှစ၍ အမျိုးသားနေ့များကို နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်မှစ၍ အမျိုးသားနေ့ကို ကျောင်းပိတ်ရက်အဖြစ် လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက် အဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။ အမျိုးသားနေ့အား ကျင်းပရာတွင် မျိုးချစ်စိတ် ထက်သန်ရေးနှင့် နယ်ချဲ့အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းများအတွက် စည်းရုံးလှုံ့ဆော်အဓိဋ္ဌာန်ပြုခြင်းဖြင့် အမျိုးသားရေး စိတ်ဓာတ်များ တက်ကြွလာစေပြီး နယ်ချဲ့အစိုးရဆန့်ကျင်ရေး လုပ်ငန်းများ အရှိန်မြင့်လာစေခဲ့ပါသည်။ ထိုအမျိုးသားရေးစိတ်ဓာတ်ကပင် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို လွတ်လပ်ရေးရသည်အထိ ဦးဆောင်သွားနိုင်ခဲ့ပါသည်။
ထိုစဉ်က နယ်ချဲ့အစိုးရကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားသပိတ်ကို လူထုတစ်ရပ်လုံးက ထောက်ခံအားပေးခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်၏ ကြီးမား သောရလဒ်တစ်ခုမှာ မြန်မာနိုင်ငံတစ်ဝန်း အမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် ဗဟန်းကောလိပ်ဟု အမည် တွင်သော အမျိုးသားကောလိပ်ကို ဖွင့်လှစ်နိုင်ခဲ့ကြပါသည်။
ထို့အပြင် အမျိုးသားပညာရေးကောင်စီလည်း ပေါ်ပေါက်လာကာ မြန်မာနိုင်ငံ တစ်နံတစ်လျား၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာစေခဲ့သည်။ ထိုအမျိုးသားကျောင်းများမှပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော မျိုးချစ်လူငယ်များ ပေါ်ထွန်းခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်သပိတ်ကြောင့် ပညာရေးအမြတ်များ ထွက်ပေါ်လာခဲ့ရုံမက ပြည်သူလူထုအတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာစေခဲ့ပါသည်။ ယင်းသို့ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုမြင့်မားလာခဲ့သဖြင့် ယင်းစိတ်ဓာတ်ဖြင့်ပင် လွတ်လပ်ရေးကို မဆုတ်မနစ်ရယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အမျိုးသားရေးစိတ်ဓာတ်
အမျိုးသားရေးဟုဆိုလျှင် ဝိဝါဒကွဲပြားမှုများရှိနေပါသည်။ အမျိုးသားရေးကို ရှုထောင့်မျိုးစုံမှကြည့်၍ ဖွင့်ဆိုကြသည်များ ရှိကြပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကို မျိုးချစ်စိတ်ဓာတ်ဟု ခေါ်မည်ဆိုက ခေါ်ဆိုနိုင်ပါသည်။ အမျိုးသားရေးသည် မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် ချစ်ခင်ခြင်း၊ အလေးထားခြင်းလည်းဖြစ်ပါသည်။ ထိုသို့ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်ခြင်း၊ အလေးထားခြင်းသည် အခြားနိုင်ငံ၊ အခြား လူမျိုးများကို ပစ်ပယ်ခြင်း၊ မလိုလားခြင်း၊ လွှမ်းမိုးခြင်းကို ဆိုလိုခြင်းမဟုတ်ချေ။ အမျိုးသားရေးဝါဒအား ရှေးရိုးစွဲအမျိုးသားရေးဝါဒနှင့် လစ်ဘရယ်အမျိုးသားရေးဝါဒဟု ပိုင်းခြားထားကြသည်ကို တွေ့ရပါသည်။
ပြင်းထန်သောအမျိုးသားရေးစိတ်ဓာတ်နှင့် ဝါဒများသည် ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာသာသနာ၊ ငါ့ယဉ်ကျေးမှု၊ ငါတို့ရဲ့ အမှတ်သရုပ်လက္ခဏာ စသည်ဖြင့် တစ်ဖက်စွန်းအယူအဆများနှင့် လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေပြီး နိုင်ငံများအကြား၊ လူမျိုးများအကြား ပဋိပက္ခ များရှိခဲ့ကြသည်ကို တွေ့ရပါသည်။ မည်သည့်နိုင်ငံရေး အယူအဆမဆို ပြင်းထန်လွန်းခြင်းသည် အစွန်းတစ်ဖက်သို့ရောက်ရှိစေပြီး မလိုလားအပ်သည့်အကျိုးဆက်များ ဖြစ်စေတတ်ပါသည်။
ယနေ့ အမေရိကန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံက Make American Great Again ဟု ကြွေးကြော်နေသည်မှာ အမျိုးသားရေးပင် ဖြစ်ပါသည်။ သို့သော် ထိုသို့အမျိုးသားရေး ပြင်းထန်လွန်းလာပါက အခြားနိုင်ငံများထံမှ တူညီသောတုံ့ပြန်မှုများ ဖြစ်ပေါ်လာစေနိုင်ပြီး အကျိုး စီးပွား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
အခြားတစ်ဖက်တွင် အမျိုးသားရေးစိတ်ဓာတ် လျော့နည်းသည့် အစွန်းရောက်လစ်ဘရယ်များကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ နိုင်ငံ၏နယ်မြေ၊ မိမိနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများ၊ ယဉ်ကျေးမှု၊ ဘာသာတရားတို့အပြင် နိုင်ငံ၏အမျိုးသား အကျိုးစီးပွားများကို တဖြည်းဖြည်း ဝါးမျိုခံကြရမည်ဖြစ်ပါသည်။ အထူးသဖြင့် ဂလိုဘယ် လိုက်ဇေးရှင်းခေတ်တွင် နယ်စပ်ဖြတ်ကျော်ဆက်နွှယ်မှုများ ပိုမိုများပြားနေသဖြင့် နိုင်ငံများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်အား ပြန်လည်နိုးထလာစေလျက်ရှိပါသည်။ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရာ၌ မျှတသောအမျိုးသားရေးဖြင့်သာ သူနိုင်ကိုယ်နိုင် အခြေအနေကို ရရှိစေနိုင်ပါသည်။
ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အမျိုးသားရေး
ကမ္ဘာကြီးတွင် တစ်ဖက်က အမျိုးသားရေးနှင့် အခြားတစ်ဖက်တွင် ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုများ အပြိုင်ဖြစ်ပေါ်နေချိန်တွင် ယင်းနှစ်ခု ယှဉ်တွဲတည်ရှိနေခြင်းအား ပြဿနာတစ်ရပ်အသွင်ရှုမြင် ကြသည်လည်း ရှိကြပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စီးပွားရေး၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုတို့အပြင် ကဏ္ဍအသီးသီး ဆက်နွှယ် ပေါင်းစည်းမှုများကြောင့် လွှမ်းမိုးခံရမှုများ၊ မညီမျှမှုများရှိနေချိန်တွင် အမျိုးသားရေးဖြင့် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွား ကာကွယ်ရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေး လွှမ်းမိုးမခံရစေရေးနှင့် ထိန်းသိမ်းကာကွယ်ရေးအတွက် အမျိုးသား ရေးကို အလေးထားလာနေကြပါသည်။ နိုင်ငံတိုင်းက မည်သို့ပင် လစ်ဘရယ်အမျိုးသားရေးဟု ဆိုစေကာမူ လက်တွေ့တွင်မူ ကိုယ့်နိုင်ငံ၏ အကျိုးစီးပွားကိုသာ ဦးထိပ်ထားကြလေ့ရှိကြသည်ကို တွေ့ရပါသည်။
ထိုသို့အမျိုးသားရေးကို ဦးထိပ်ထားရာတွင် ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးကြသည်ဖြစ်ရာ ယင်းကျင့်သုံးမှုအပေါ်မူတည်၍ ဖြစ်လာသည့် အကျိုးရလဒ်များလည်း ကွာခြားနိုင်ပါသည်။ သေချာသည်မှာ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေး ခံယူချက်မရှိဘဲနှင့် မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ်ရန်နှင့် မြှင့်တင်ရန် အခက်အခဲများ ရှိနေနိုင်ပါသည်။
မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့များ အုပ်ချုပ်ခဲ့စဉ်ကလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမျိုးသားရေးစိတ်ဓာတ်များ မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ အလားတူပင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ခေတ်သစ်ကိုလိုနီစနစ်ကို ကာကွယ်ရန်အတွက် အမျိုးသားရေး စိတ်ဓာတ်နှင့် ခံယူချက်များ လိုအပ်မည်ဖြစ်သည်။ ထိုသို့လိုအပ်ခြင်း သည် ရှေးရိုးစွဲအမျိုးသားရေးနှင့် လစ်ဘရယ်အမျိုးသားရေးကဲ့သို့ အစွန်းရောက် အမျိုးသားရေးကို ဆိုလိုခြင်းမဟုတ်ချေ။ သင့်တင့်မျှတသော အမျိုးသားရေးကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် လူမျိုးစုံဝါဒ၊ ယဉ်ကျေးမှုစုံဝါဒတို့ဆိုသည်မှာ အတိုင်းအတာတစ်ခုအရသာ ဖြစ်နိုင်ပါသည်။
အကန့်အသတ်မဲ့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံဆိုပါက အင်အားကြီးသူက အင်အားငယ်သူများကို ဝါးမျိုသွားမည်သာဖြစ်သည်။ လူ့အခွင့်အရေးကို အလေးထားပါသည်ဆိုသည့် နိုင်ငံကြီးများပင် ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်လာပါက ရွှေ့ပြောင်းအခြေချမှုများကို ကန့်သတ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
အမှတ်သရုပ်လက္ခဏာနိုင်ငံရေး
မြန်မာနိုင်ငံတွင် ကိုလိုနီနယ်ချဲ့များကို တိုက်ထုတ်ခဲ့စဉ်က တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲခဲ့ကြသည်မှာ အမျိုးသားရေးစိတ်ဓာတ် အခြေခံဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ကြသည့် မိမိနိုင်ငံအတွက် စုပေါင်းကာကွယ်ခြင်းဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ်ဟုလည်း ဆိုနိုင်ပါသည်။
ပြည်ထောင်စုအကျိုးကိုဖော်ဆောင်ခြင်းသည် စုပေါင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး၏အကျိုးလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်လာရန်အတွက် အမျိုးသားရေးမှာ အခြေခံလိုအပ်ချက်ဟုလည်း ဆိုရပါမည်။ ထိုစိတ်ဓာတ်ဖြင့်သာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ပါလိမ့်မည်။
လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုနီးပါးက လစ်ဘရယ်ဒီမိုကရေစီ၏အောင်ပွဲဟု ကြွေးကြော်ခဲ့သည့် နိုင်ငံရေးသိပ္ပံပညာရှင် ဖရန့်စစ်ဖူကူးယားမားက The Economic နှင့် တွေ့ဆုံမေးမြန်းမှုတွင် လွန်ခဲ့ သော ဆယ်စုနှစ်များအတွင်း ဥရောပနှင့် မြောက်အမေရိကတွင် နိုင်ငံရေး၏ အဓိကဝင်ရိုး အပြောင်းအလဲဖြစ်ခဲ့ကြောင်း၊ ကမ္ဘာတွင် စီးပွားရေးမညီမျှမှုများနှင့် ရွှေ့ပြောင်းအခြေချမှုများကြောင့် မိမိတို့နိုင်ငံ၏ အမျိုးသားရေးလက္ခဏာများကို ခြိမ်းခြောက်မှုများရှိလာကြောင်း ပြောကြားခဲ့ပါသည်။
ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးစင်မြင့်တွင် ပြည်သူလူထုသည် ကျယ်ပြန့်သောမူဝါဒများထက် သူတို့၏ လူမျိုးရေး၊ မျိုးနွယ်၊ ကျား/မ သို့မဟုတ် ဘာသာရေးအပေါ် အခြေခံသည့် နိုင်ငံရေးအထိုင်များကို ချမှတ်လာသည့်အခါ အမှတ်သရုပ်လက္ခဏာနိုင်ငံရေးကို ထုတ်ဖော်လာကြပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံအချို့တွင် အမျိုးသားရေး ဦးဆောင်သူများ နေရာရလာကြပြီး အချို့နိုင်ငံများတွင် အမျိုးသား ရေးကို ဦးတည်သည့်လုပ်ဆောင်မှုများ ရှိလာခဲ့ပါသည်။ ယင်းသို့ ပြောင်းလဲလာခြင်းမှာ ဒီမိုကရေစီစနစ်၏ ချို့ယွင်းအားနည်းချက်ဟု ဆို၍မရဘဲ အထက်မှာဆိုခဲ့သကဲ့သို့ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မညီမျှမှုများ၊ လွှမ်းမိုးလာမှုများကြောင့် နိုင်ငံများက အမျိုးသားရေးကိုကာကွယ်ရန် ဦးစားပေးလုပ်ဆောင်လာကြခြင်း ဖြစ်ပါသည်။
ထိန်းသိမ်းရမည့်အမျိုးသားနေ့နှင့် အမျိုးသားရေး
၁၉၂၂ ခုနှစ်က သတ်မှတ်ခဲ့သော အမျိုးသားရေးနေ့သည် ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၀၀ ရှိပြီ ဖြစ်ပါသည်။ အမျိုးသားနေ့စတင်အခြေ တည်ခဲ့သည့်အချိန်က မိမိတို့နိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က သိမ်းပိုက်အုပ်ချုပ်နေသည့်အချိန်ဖြစ်ပါသည်။ ထိုစဉ်က လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူလူထုတစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းလာ စေသည့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ခဲ့ကြပါသည်။ ယင်းအမျိုးသားရေးစိတ်ဓာတ်သည် အချို့သောသူများ ဖွင့်ဆိုခဲ့ကြသကဲ့သို့ လူမျိုးကြီးဝါဒမဟုတ်။ အစွန်းရောက်အမျိုးသားရေး မဟုတ်။ တိုင်းရင်းသားတစ်မျိုး၊ ယဉ်ကျေးမှုတစ်ခု၊ ဘာသာတစ်ခုအတွက် မဟုတ်။ ပြည်ထောင်စုသားတိုင်းရင်းသားများ စုစည်းနေထိုင်ကြသည့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံသားတိုင်း၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနှင့် ထိန်းသိမ်းရေးအတွက်သာ ဖြစ်သည်။ မျှတသောအမျိုးသားရေးဖြစ်ပါသည်။
ထိုသို့ မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် အမျိုးသားနေ့သည် ဂုဏ်ယူဖွယ်အမှတ်တရနေ့ တစ်နေ့ဆိုသည်ထက် ယနေ့ထက်တိုင် အရေးပါနေဆဲ၊ လိုအပ်နေဆဲ နေ့တစ်နေ့ ဖြစ်ပါသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်မှုများကြောင့် အင်အားနည်းသည့်နိုင်ငံများမှာ ခေတ်၏သားကောင်ဖြစ်နေသည့် အခြေအနေနှင့် အချိန်ကာလတွင် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသားအကျိုး စီးပွားထိန်းသိမ်းကာကွယ်ရေးအတွက် အမျိုးသားရေး စိတ်ဓာတ်များ မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။ တစ်ချိန်က မိမိတို့ဘိုးဘွားများက အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံ့လွတ်လပ်ရေးအား ရယူပေးနိုင်သကဲ့သို့ ယနေ့ အချိန်အခါတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်များ မြှင့်တင်ပေးရန် လိုအပ်နေဦးမည် ဖြစ်ပါသည်။ ။