ပျော်ရွှင်ကျေနပ်စရာဘဝ တည်ဆောက်ရာတွင် . . .
သိန်းထွန်း (IR)
ဒါကြောင့်လည်း လူအများစုက ဘဝရဲ့ပျော်ရွှင်မှုတွေရဖို့၊ ကျေနပ်နှစ်သိမ့်တဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာရတိုင်း မပျော်နိုင်တာတွေရှိသလို ကျေနပ်မှုမရနိုင်တာတွေလည်း ရှိနေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။ မတူနိုင်ဘူးဆိုတာကလည်း ဘဝရဲ့ပျော်ရွှင်မှုတွေ၊ ကျေနပ်နှစ်သိမ့်မှုတွေဆိုတာ သက်ဆိုင်ရာ ကာယကံရှင်ရဲ့ တန်ဖိုးထားမှုတွေနဲ့ ဘဝအရည် အသွေးတွေအပေါ်မှာ မူတည်နေတတ်ကြလို့ပဲဖြစ်ပါတယ်။
ဘဝတန်ဖိုးထားမှုတွေနဲ့ ဘဝအရည်အသွေးတွေဆိုတာ လူတိုင်းကိုယ်စီမှာရှိကြပါတယ်။ အချို့ကလည်း ရုပ်ပိုင်းဆိုင်ရာတွေကို တန်ဖိုးထားတတ်ကြတယ်။ အချို့ကလည်း ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တတွေနဲ့ ပညာကို ပိုတန်ဖိုးထားတတ်ကြတယ်။ အချို့ကလည်း ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ကိုယ်ကျင့် တရားတန်ဖိုးထားတဲ့သူတွေလည်း ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် တူတာတွေလည်းရှိ၊ မတူညီတာတွေလည်း ရှိကြပါတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ်တန်ဖိုးထားမှုအပေါ်မှာမူတည်ပြီး ဘဝအရည်အသွေးတွေကို တည်ဆောက်ကြ၊ ပိုင်ဆိုင်တတ်ကြတယ်။ တန်ဖိုးထားမှုတွေကွဲပြားရင် ဘဝအရည် အသွေးတွေလည်း ကွဲပြားသွားကြရော။ တန်ဖိုးထားမှုနဲ့ ဘဝအရည်အသွေးတွေဟာ တိုက်ရိုက်အချိုးမကျတတ်ပေမယ့် အတော်များများ ဆက်စပ်နေပါတယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးထားမှုဟာ သူ့ဘဝအတွက် အရေးကြီးဆုံးအရာတွေပဲ ဖြစ်ပါတယ်။ သူတန်ဖိုးထားတဲ့အရာတွေဟာ သူ့အတွက်ရည်မှန်းချက်၊ ယုံကြည်ချက်၊ ဆန္ဒ၊ သဘောထား၊ အလေးထားမှုနဲ့ ပန်းတိုင်ပဲမဟုတ်လား။
ဒါကြောင့် လူတစ်ယောက်ရဲ့ ဦးစားပေးမှု၊ ရွေးချယ်မှု၊ အလေးအနက်ထားမှု၊ စဉ်းစားတွေးခေါ်မှုနဲ့ ပြုမူပြောဆို လုပ်ဆောင်မှုတွေကို သူ့ရဲ့တန်ဖိုးတွေနဲ့ တိုင်းတာဆုံးဖြတ်ကြလေ့ ရှိပါတယ်။ အဲဒီတော့ သူတန်ဖိုးထားတဲ့အရာတွေဟာ သူ့ဘဝပုံစံတွေနဲ့ ဘဝအရည်အသွေးတွေကို ထင်ဟပ်လွှမ်းမိုးနေပါတယ်။ ဥစ္စာကို တန်ဖိုးထားတဲ့သူက ဥစ္စာကိုပဲ ဦးစားပေးရှာဖွေကြမှာပါ။ ပညာကိုတန်ဖိုးထားတဲ့သူက ပညာကိုပဲ ဦးစားပေးရှာဖွေမှာ ဖြစ်ပါတယ်။ အဲဒီလိုရှာဖွေတာက သူ့ဘဝရဲ့ပျော်ရွှင်မှု၊ ကျေနပ်မှုအတွက်ပဲဖြစ်ပါတယ်။
ဒါပေမဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေ၊ ဘဝအရည်အသွေးရလာပေမယ့် ပျော်ရွှင်တဲ့ဘဝ၊ ကျေနပ်နှစ်သိမ့်နိုင်တဲ့ဘဝ မဖြစ်ကြတာတွေလည်း အများကြီးပါပဲ။
ကိုယ်စီတန်ဖိုးထားမှု
ကိုယ့်ရဲ့တန်ဖိုးထားမှုတွေဟာ ကိုယ့်ရဲ့လုပ်ရပ်တွေနဲ့ သဘောထားတွေကို လှုံ့ဆော်ပေးနိုင်တဲ့ အခြေခံယုံကြည်ချက်တွေပဲဖြစ်ပြီး ဘဝအတွက် လမ်းညွှန်ပေးတဲ့အရာတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝတန်ဖိုးတွေကို နားလည်ထားရင် ဘဝအတွက် အရေးကြီးဆုံးအရာတွေကို ဆုံးဖြတ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ်တန်ဖိုးထားတဲ့အရာကို ခံစားသိရှိထားမယ်ဆိုရင် ကိုယ့်ဘဝရည်မှန်းချက်တွေ အောင်မြင်မှု ရှိ၊ မရှိ အကဲဖြတ်ရာမှာ အသုံးဝင်ပါတယ်။ အဲဒီတန်ဖိုးထားမှုတွေနဲ့ ရလဒ်တွေ ထပ်တူညီလာတဲ့အခါ အဲဒီလူအတွက် အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုဆိုတာတွေ ရလာကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ရေတန်ဖိုးထားမှုတွေနဲ့ မကိုက်ညီတော့ဘူးဆိုရင်လည်း မပျော်ရွှင်မှု၊ ခံစားရမှုဆိုတာတွေ ဖြစ်လာပြန်ပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်နေတာနဲ့ ဖြစ်သင့်တာအကြား ဟန်ချက်မညီမှုလို့ဆိုရမှာပါ။
ဒီတော့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို သိရှိထားဖို့လိုတယ်။ အဲဒီလိုသိထားမှသာ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ပြီး ပျော်ရွှင်ကြည်နူးတဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။ ဒါ့အပြင် လူတိုင်းက ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ ဘဝအရည်အသွေးတွေကို တည်ဆောက်ကြတာဖြစ်လို့ ကိုယ့်တန်ဖိုးထားမှုတွေသိရင် ကိုယ့်ရဲ့ဘဝ အရည်အသွေးတွေ ပြုပြင်တာ၊ ပြောင်းလဲတာ၊ မြှင့်တင်တာတွေ လုပ်ဆောင်နိုင်ပြီး ပျော်ရွှင်မှု၊ ကျေနပ်မှုတွေ ပြည့်ဝစေမှာဖြစ်ပါတယ်။
ပြောင်းလဲတတ်
လူတစ်ယောက်ရဲ့ တန်ဖိုးထားမှုတွေဟာ တစ်ဘဝလုံး တစ်သမတ်တည်း ရှိမနေတတ်ပါဘူး။ ငယ်စဉ်က တန်ဖိုးထားခဲ့တဲ့အရာတွေဟာ အသက်အရွယ်၊ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင် စတဲ့မတူညီတဲ့အခြေအနေတွေအရ ပြောင်းလဲသွားတာတွေ ရှိကြပါတယ်။ ကိုယ်နှစ်သက်မြတ်နိုးတဲ့ တန်ဖိုးထားမှုတွေကို စဉ်းစားလိုက်ရင် ကိုယ့်ဘဝရဲ့ပြောင်းလဲမှုတွေ ကြုံတွေ့တဲ့အခါ ကိုယ်တန်ဖိုးထားတာတွေ ပြောင်းလဲသွားတတ်တာကို တွေ့နိုင်ပါတယ်။ အချို့တန်ဖိုးထားမှုတွေကတော့ ကိုယ့်ဘဝတစ်လျှောက်လုံး တစ်သမတ်တည်း ရှိနေတတ်ကြပါတယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့ ကိုယ့်ဘဝအတွက် အရေးကြီးဆုံးအရာတွေကို ဆန်းစစ်ကြည့်လိုက်ရင် ဘဝမှာအောင်မြင်မှုနဲ့ ကျေနပ်နှစ်သိမ့်မှုတွေ ဘယ်လောက်ရခဲ့သလဲဆိုတာကို သိနိုင်ပြီး ကိုယ့်ဘဝကို ထိန်းကျောင်းပြုပြင်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ကိုယ့်ရဲ့ တန်ဖိုးထားမှုစံနှုန်းတွေက မြင့်မားနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့အတွက် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ဓာတ်ကို အခြားသူတွေနဲ့မတူအောင် ကြိုးစားမှာဖြစ်ပါတယ်။ ဒါဆိုရင်အခြားသူတွေနဲ့ ဆက်ဆံရေး၊ ပူးပေါင်းလုပ်ဆောင်ရေးတွေမှာ ဟန်ချက်ညီဖို့ ခက်ခဲနိုင်ပြီး ကိုယ့်အတွက် ပျော်ရွှင်မှု၊ ကျေနပ်မှုဆိုတာလည်း အကန့်အသတ်တွေရှိလာမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ရဲ့အခြေအနေလိုက်ပြီး တန်ဖိုးထားမှုတွေ ပြောင်းလဲရတာတွေလည်း ရှိတတ်ကြပါတယ်။
ဘဝအရည်အသွေးများ
လူတစ်ဦးရဲ့ ဘဝအရည်အသွေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကျယ်ပြန့်လှပါတယ်။ ဘဝအရည်အသွေးဆိုတာကလည်း အထက်မှာဆိုခဲ့သလို ကိုယ့်ရဲ့ဘဝတန်ဖိုးတွေအပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကွာခြားမှုတွေရှိနေတဲ့အတွက် မတူညီတဲ့ ဘဝအရည်အသွေးတွေ ရှိနေမှာပဲဖြစ်ပါတယ်။ ဘဝအရည်အသွေးနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိပါတယ်။ မိမိတို့ကျင်လည်နေထိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ တန်ဖိုးထားတဲ့စနစ်အခြေအနေ အောက်မှာ လူတစ်ဦးချင်းစီရဲ့ ဘဝရပ်တည်ချက်အပေါ်ထားတဲ့ ခံယူချက်တွေနဲ့ ၎င်းတို့ရဲ့ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ၊ စံနှုန်းတွေနဲ့ အခြားဆက်စပ်မှုတွေဟာ ဘဝအရည်အသွေးလို့ဆိုပါတယ်။
ဘဝအရည်အသွေးနဲ့ဆိုင်တဲ့ စံနှုန်းတွေထဲမှာ ကြွယ်ဝချမ်းသာမှု၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေး၊ ပညာရေး၊ အပန်းဖြေ တာနဲ့အနားယူချိန်၊ လူမှုရေးဆိုင်ရာတွေ၊ ဘာသာရေးယုံကြည်မှု၊ ဘေးကင်းလုံခြုံမှုနဲ့ လွတ်လပ်ခွင့်ဆိုတာတွေ ပါဝင်ပါတယ်။ လူတစ်ဦးအနေနဲ့ ဘဝကနေ ကျေနပ်မှုတွေ ရချင်တဲ့အတိုင်းအတာလို့လည်း ဆိုပါတယ်။
ခြုံငုံပြီးဆိုရရင် လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ရှင်သန်ရပ်တည်နေထိုင်ရတဲ့ အတိုင်းအတာနဲ့ အခြေအနေအရ သူ့ရဲ့အမျိုးမျိုးသော လိုအပ်ချက်တွေကို ပြည့်ဝစေတဲ့အခြေအနေ၊ သူ့အတွက် ကျေနပ်မှုပေးနိုင်တဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။ တစ်နည်းဆိုရရင် ပျော်ရွှင်ကျေနပ်မှုရနိုင်တဲ့ဘဝလို့ ဆိုရမယ်ထင်ပါတယ်။ အဲဒီလို ကျေနပ်မှုတွေရဖို့အတွက် လူတိုင်းလိုလိုက နည်းလမ်းမျိုးစုံနဲ့ ဘဝအရည်အသွေးတွေကို မြှင့်တင်ကြပါတယ်။ ဘဝအရည်အသွေး မြှင့်တင်ဖို့ဆိုတာ တစ်ဦးတစ်ယောက်ချင်းနဲ့ သက်ဆိုင်ရုံတင်မကပါဘူး။ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံအဆင့်အထိ သက်ဆိုင်ပါတယ်။ ဥပမာ လူတစ်ဦးချင်းဝင်ငွေကောင်းဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းဖို့ဆိုလိုက်ရင် နိုင်ငံအဆင့်အထိ သက်ဆိုင်လာပါတယ်။ ဒါကြောင့်မို့ ဘဝအရည်အသွေးတွေကို တိုင်းတာရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ပျော်ရွှင်မှု၊ လုံခြုံမှု စတာတွေပါပါဝင်ပါတယ်။ အဲဒီထဲမှာ တိုင်းတာလို့ရတာတွေပါသလို တိုင်းတာဖို့ခက်ခဲတာတွေလည်းရှိပါတယ်။
တစ်ဦးချင်းစီနဲ့သက်ဆိုင်တဲ့ ဘဝအရည်အသွေးတွေကျပြန်တော့ တစ်ဦးစီရဲ့ တန်ဖိုးထားမှုတွေအပေါ်မှာ တည်မှီနေတာတွေ့ရပါတယ်။ အဲဒီလို ဘဝအရည်အသွေး မြင့်မားဖို့ ကြိုးစားရတဲ့ ဦးတည်ချက်ဟာ ပျော်ရွှင်မှု၊ ကျေနပ်နှစ်သိမ့်မှုရှိတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာကို တွေ့ရပါတယ်။
အတောမသတ်နိုင်သော ဆန္ဒနှင့်လိုအပ်ချက်
ဒီတော့ လူတစ်ယောက်ရဲ့ တန်ဖိုးထားမှုတွေ အလိုက် ဘဝအရည်အသွေးတွေဆိုတာ လိုက်ပါ ပြောင်းလဲနေမှာပဲဖြစ်ပါတယ်။ ငယ်စဉ်က တန်ဖိုးထားခဲ့တဲ့အရာတွေက အသက်အရွယ် ကြီးပြင်းလာတဲ့အချိန်မှာ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ ဒီလိုပဲ ယခင်က လက်ခံယုံကြည်ထားခဲ့တဲ့ ယုံကြည်ချက်တစ်ခုဟာ ကိုယ့်ရဲ့ပြောင်းလဲနေတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုအခြေအနေကြောင့် ပြောင်းလဲစေနိုင်ပါတယ်။ အခြေအနေအလိုက် ပြောင်းလဲသွားတဲ့ တန်ဖိုးထားမှုအလိုက် ဘဝရဲ့ အရည်အသွေးတွေလည်း လိုက်ပါပြောင်းလဲနေမှာပဲဖြစ်ပါတယ်။
လူတွေရဲ့လိုအပ်ချက်၊ ဆန္ဒနဲ့ စိတ်ကျေနပ်မှုတွေဆိုတာ ပြီးပြည့်စုံဖို့မလွယ်ပါဘူး။ ကျေနပ်နှစ်သိမ့်တဲ့ ဘဝတစ်ခုဖြစ်ဖို့ ရုပ်ပိုင်းပြည့်စုံမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုဆိုတဲ့ လိုအပ်ချက်တွေက များပြားလွန်းပါတယ်။ ငွေရှိပေမယ့် ကျန်းမာရေးမပြည့်စုံတာ၊ ချမ်းသာပေမယ့် မပျော်ရွှင်နိုင်တာ စတဲ့ လိုအပ်ချက်တွေက တစ်ခုမဟုတ် တစ်ခုရှိနေတတ်တဲ့သဘာဝမို့ ကျေနပ်တဲ့အခြေအနေ၊ ပြည့်စုံတဲ့ဘဝအရည်အသွေး တွေရဖို့ဆိုတာဖြစ်ဖို့ လူ့ရဲ့ဆန္ဒ၊ လိုအပ်ချက်နဲ့ တိုင်းတာရင် အလုံးစုံပြည့်ဝဖို့ဆိုတာ မလွယ်လှပါဘူး။ လူတွေရဲ့ဆန္ဒနဲ့ လိုအပ်ချက်ဆိုတာအတောမှ မသတ်နိုင်ကြတာကိုး။
ဟန်ချက်ညီတဲ့ဘဝ
ဒီတော့အရာရာပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။ ဒီလိုဆိုလို့ မပြည့်စုံနိုင်ဘူးလို့ မဆိုလိုပါဘူး။ ရာနှုန်းပြည့်ပြည့်ဝဖို့ မလွယ်ကူတာကို ဆိုချင်တာပါ။ ကိုယ့်ပတ်ဝန်း ကျင်ကို ကြည့်ကြည့်ပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ငွေကြေးဥစ္စာ၊ အာဏာရှိတာကအစ ရုပ်ဆင်းရူပကာအဆုံး အားလုံးပြည့်စုံဖို့ လွယ်မှမလွယ်တာ။ အဲဒီလိုမပြည့်စုံနိုင်မယ့်အတူတူ လက်လျှော့လိုက်ဖို့လည်း ဆိုလိုတာလည်း မဟုတ်ပါဘူး။ တတ်နိုင်သမျှ ပြည့်စုံအောင်တော့ ကြိုးစားနေကြရမှာ ဖြစ်ပါတယ်။
ဒီလိုအပ်ချက်တွေ အတတ်နိုင်ဆုံးပြည့်စုံ ပြန်တော့ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေ ရနိုင်မလားဆိုရင် ရနိုင်/မရနိုင် မသေချာပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့စံနှုန်းဖြစ်တဲ့ တန်ဖိုးထားမှုတွေ၊ ဘဝအရည်အသွေးဆိုတာတွေနဲ့ တိုင်းတာတဲ့အပြင် ပတ်ဝန်းကျင်အခြေအနေအရ လိုအပ်ချက်တွေဆိုတာလည်း ရှိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝမှာ ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေ အတတ်နိုင်ဆုံးရဖို့ဆိုရင် ကိုယ့်ရဲ့ခံယူချက်၊ တန်ဖိုးထားမှု၊ နည်းလမ်းနဲ့ အပြုအမူတွေက အရေးကြီးတဲ့ အခြေခံအစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။
ဒီတော့ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြား ဟန်ချက်ညီတဲ့ဘဝတစ်ခု တည်ဆောက်မှသာ ကျေနပ်နိုင်တဲ့ဘဝ၊ ပျော်ရွှင်နိုင်တဲ့အခြေအနေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီ တဲ့ဘဝဆိုတာ ဘဝရဲ့ရည်မှန်းချက်၊ တန်ဖိုးထားမှု၊ ဘဝအရည်အသွေးတွေနဲ့ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်၊ အလုပ်တာဝန်နဲ့ နေ့စဉ်လူမှုဘဝ တွေအကြား မှန်ကန်တဲ့ရောစပ်မှုကို ရှာဖွေနိုင်တဲ့ တန်ဖိုးတစ်ခုလို့ဆိုတာဖြစ်တယ်။ အဲဒီလိုဘဝရဲ့ ရပ်တည်ချက် ဟန်ချက်ညီမှလည်း ကိုယ်လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုဆိုတာတွေ ရရှိနိုင်မှာဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ဘဝရဲ့အစစ်အမှန် အနှစ်သာရကို လိုချင်ရင်တော့ ဘဝရဲ့တန်ဖိုးကိုရှာရမှာ ဖြစ်တယ်လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောတော်မူပါတယ်။
အဲဒီဘဝရဲ့တန်ဖိုးဆိုတာက သီလနဲ့ပညာသာဖြစ်ပြီး သီလဆိုတာ ကိုယ်ကျင့်တရား၊ ပညာဆိုတာ ကိုယ်ကျင့်တရားအပေါ်မှီတည်ပြီး တိုးတက်မြင့်မားလာတဲ့အသိဉာဏ်လို့ ဟောတော်မူပါတယ်။ ဘယ်အရာကိုတန်ဖိုးထားမလဲ၊ ရှာဖွေကြမလဲ၊ ဘယ်လိုတည်ဆောက်မလဲဆိုတာကတော့ တစ်ဦး နဲ့တစ်ဦး မတူညီနိုင်ပါဘူး။ ပျော်ရွှင်မှုနဲ့ ကျေနပ်နှစ်သိမ့်နိုင်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့၊ ဖန်တီးဖို့ဆိုရင်တော့ မိမိတို့ရဲ့ ဘဝအနှစ်သာရ၊ တန်ဖိုးထားမှု၊ အရည်အသွေးတွေကို ဟန်ချက်ညီ တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ။