အချိုးညီစီးပွားဖွံ့ဖြိုးတိုးတက်ရေး MSMEs များအား ပံ့ပိုးကူညီဆောင်ရွက်ပေး
ကြည်လင်းခိုင် - ဒုတိယညွှန်ကြားရေးမှူး(DISI, MOI)
ဖွံ့ဖြိုးမှု၏ အဓိကကဏ္ဍ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) သည် နိုင်ငံတိုင်း၏ စီးပွားရေး အချိုးညီဖွံ့ဖြိုးတိုးတက်မှု (Equitable Economic Development) ကို ဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး ကမ္ဘာတစ်ဝန်းရှိ စွန့်ဦးတီထွင်မှုစွမ်းရည်၊ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ရရှိမှုများဖန်တီးပေးနေသော အဓိက စွမ်းဆောင်နေသူများဖြစ်သည်။ လေ့လာမှုများအရ ကမ္ဘာတစ်ဝန်းရှိလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ MSMEs များဖြစ်ကြပြီး အလုပ်အကိုင်များ၏ ၅၀ ရာခိုင်နှုန်းကျော်ကို MSMEs များက ဖန်တီးပေးထားကြောင်း တွေ့ရသည်။
အားသာချက်နှင့် အားနည်းချက်များ
MSME များသည် ကော်ပိုရေးရှင်းကြီးများ၊ အကြီးစားလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ဆုံးဖြတ် ချက်ချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန် ပိုမိုမြန်ဆန်ခြင်း၊ ဖောက်သည်များနှင့် ပိုမိုရင်းနှီးစွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်နှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ ဝန်ထမ်းများနှင့် အလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန်သောဆက်ဆံရေးကို တည်ထောင်နိုင်ခြင်း၊ သီးသန့်စျေးကွက်နယ်ပယ်တစ်ခု သတ်မှတ်၍ ထုတ်လုပ်နိုင်ခြင်း စသည့်အားသာချက်များစွာရှိသည်။
သို့ရာတွင် MSMEs အများစုမှာ နည်းပညာ၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများရရှိရန်ခက်ခဲခြင်း၊ ဒစ်ဂျစ်တယ် အသုံးပြုမှုကွာဟချက်၊ ငွေကြေးအရင်းအမြစ်များ ရရှိရန်ခက်ခဲခြင်း၊ စက်ကိရိယာများဝယ်ယူရန် ကနဦး မတည်ရင်းနှီးငွေမလုံလောက်ခြင်း၊ အာမခံစနစ် အားနည်းမှုများကြောင့် ငွေကြေးရရှိမှု အလှမ်းမမီခြင်း၊ ထို့အပြင်စျေးကွက်ရရှိရန်ခက်ခဲခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှု အားနည်းခြင်း၊ အဆင့်မြင့်နည်းပညာများနှင့် စက်ကိရိယာအသစ်များကို အသုံးပြုနိုင်မှုအားနည်းခြင်း၊ ခိုင်မာပြီး ထိရောက်သော စီးပွားရေးစီမံခန့်ခွဲမှုကို အထောက် အကူပြုမည့် အရေးကြီးသော သတင်းအချက်အလက် ရရှိရန်ခက်ခဲခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှု ကျွမ်းကျင်မှု မရှိခြင်း စသည်တို့ကြောင့် ကမ္ဘာ့နိုင်ငံအတော်များ များတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။
နိုင်ငံအလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ
နိုင်ငံ၏စီးပွားရေး အချိုးညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နှင့် မြို့ရွာများမှ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ပေးနေသည့် MSME များ ရှင်သန်နိုင်စေရေး၊ အာဆီယံနှင့် ကမ္ဘာ့ဒေသတွင်း စီးပွားရေး ပေါင်းစည်းရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး နိုင်ငံတကာထုတ်လုပ်မှု ကွင်းဆက်များ သို့ ချိတ်ဆက်ဝင်ရောက်နိုင်စေရေး ဆောင်ရွက်ရာ၌ MSME များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကိုဖြေရှင်းပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးရမည့် တာဝန်မှာ အစိုးရတိုင်း၏တာဝန်ဖြစ်ပါသည်။
ထို့ကြောင့် MSME များအား လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးရန်အတွက် MSME များဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒအမျိုးမျိုးကို နိုင်ငံအလိုက် ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ပံ့ပိုးပေးကြပါသည်။ MSME များ ရင်ဆိုင်နေရသည့် အခက်အခဲများအနက် ငွေကြေးအရင်းအနှီး လက်လှမ်းမမီခြင်းသည် MSME အများစု တွေ့ကြုံရသည့်အခက်အခဲဖြစ်ပြီး အစိုးရ၏ပံ့ပိုးမှုသည် အလွန်လိုအပ်ပါသည်။
ဥရောပ (EU)၏ MSME ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များသည် အသေးစားလုပ်ငန်းနှင့် လိုက်ဖက်ညီပြီး ဥရောပသို့ကုမ္ပဏီများ လာရောက်တည်ထောင်ရန်နှင့် စီးပွားရေးလုပ်ဆောင်ရန် ပိုမိုဆွဲဆောင်မှုရှိသောနေရာတစ်ခု ဖြစ်လာစေရန် အတွက်ရည်ရွယ်ပြီး ပံ့ပိုးပေးပါသည်။ သို့ရာတွင် လုပ်ငန်းအရွယ်အစားနှင့် တချို့သော ဝိသေသလက္ခဏာရပ်များကြောင့် MSME များ၏ ချေးငွေရရှိနိုင်မှု အခက်အခဲကို လေ့လာတွေ့ရှိရသည့်အတွက် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (European Investment Bank) နှင့် ဥရောပရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (European Investment Fund) တို့မှ MSME များ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် ချေးငွေပုံစံအမျိုးမျိုးဖြင့် ချေးငွေရရှိမှုလွယ်ကူစေရန် ဆောင်ရွက်ပေးခဲ့ပါသည်။
ရုရှားနိုင်ငံအစိုးရက MSME များမှာလည်း ငွေကြေးအရင်းအမြစ်ရရှိရန်ခက်ခဲမှုကို ဖြေရှင်းရန် အတွက် ချေးငွေအမျိုးအစားများဖြစ်သည့် ဘဏ်ချေးငွေ၊ စက်ကိရိယာဝယ်ယူရန်အတွက် ချေးငွေ၊ အသေးစားချေးငွေ စသည်တို့ဖြင့် ပံ့ပိုးပေးလျက်ရှိပြီး “Six-Year National Project on MSME and Individual Entrepreneurship Support” ကို အကောင်အထည်ဖော်ရန် US $ 6.6 Billions ကို ခွဲဝေချထားရန်စီစဉ်နေကြောင်း လေ့လာသိရှိရပါသည်။
ထို့အတူ အိန္ဒိယအစိုးရကလည်း MSME ငွေကြေးရရှိမှု အဆင်ပြေစေရန်အတွက် ငွေကြေးပံ့ပိုးပေးနိုင်မည့် အစီအစဉ်များဖြစ်သည့် ဘဏ်များမှ အပေါင်ပစ္စည်းမလိုသည့် ချေးငွေ၊ တီထွင်မှု မူပိုင်ခွင့်မှတ်ပုံတင်ရာတွင် ၅၀ ရာခိုင်နှုန်း ထောက်ပံ့ပေးခြင်း၊ ISO အသိအမှတ်ပြုလက်မှတ်ရယူရေးအတွက် ကုန်ကျငွေများအတွက်ပြန်ပေးခြင်း စသည်ဖြင့် ချေးငွေနှင့် ထောက်ပံ့ငွေအမျိုးမျိုး ပံ့ပိုးပေး၍ ပို့ကုန်မြှင့်တင်ခြင်း၊ အဆင်မြင့်နည်းပညာများ ပေါ်ပေါက်လာစေ ခြင်းတို့ကို အားပေးပံ့ပိုးပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံရှိ MSME များအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ
ဥရောပ၊ ရုရှား၊ အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံမှ MSME များသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပြီး အလုပ်လက်မဲ့နှုန်း ကျဆင်းစေရန် အဓိကဆောင်ရွက်ပေးလျက်ရှိသည့် Key Player များ ဖြစ်ကြပါသည်။ MSME များ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အသစ်များ ပိုမိုဖန်တီး ပေးရာတွင် အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်အစိုးရက MSME များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅)၊ မူဝါဒ (၂၀၁၅) နှင့် နည်းဥပဒေများ (၂၀၁၆) တို့ကိုရေးဆွဲ၍ စက်မှုဝန်ကြီးဌာနကတာဝန်ခံဝန်ကြီးဌာနအဖြစ်ဦးဆောင်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Coordination and Cooperation Mechanism (ညှိနှိုင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရား) ဖြင့် MSME များအား လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီး အကောင်အထည်ဖော်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
စက်မှုဝန်ကြီးဌာနက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Capacity Building Training သင်တန်းပေါင်း ၃၂၆၅ ကျော် ပံ့ပိုးပေးခဲ့ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ MSME လုပ်ငန်းများတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် Regional Action Plan ရေးဆွဲပြီး အဓိကနယ်ပယ် ရှစ်ခုသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငွေကြေးအရင်းအနှီးများရရှိစေရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ JICA နှစ်ဆင့်ချေးငွေအစီအစဉ်၊ CGI ချေးငွေအစီအစဉ်၊ MEB ချေးငွေအစီအစဉ်၊ KfW ချေးငွေအစီအစဉ်၊ RBF ချေးငွေအစီအစဉ်နှင့် Covid-19 ချေးငွေအစီအစဉ်တို့ဖြင့် MSME ၄၅၉၆ ဦးအား ချေးငွေပံ့ပိုးပေးခြင်း စသည့်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ရာတွင် ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှု၊ ကမ္ဘာ့နိုင်ငံရေး စီးပွားရေးသက်ရောက်မှုနှင့် နည်းပညာ အလျင်အမြန်ပြောင်းလဲလာမှုများကြောင့် ယခင်ကာလများထက်ပို၍ MSME များသည် ငွေကြေးအရင်းအနှီး၊ ဒစ်ဂျစ်တယ်အသုံးချမှု စွမ်းရည်များ၊ အဆင့်မြင့်စက်ကိရိယာများနှင့် နည်းပညာများ၊ ကျွမ်းကျင်လုပ်သားများ၊ စီးပွားစီမံခန့်ခွဲမှု နည်းစနစ်များ၊ သတင်းအချက်အလက်များ၊ ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်နိုင်ရေးအစီအမံများ ပံ့ပိုးပေးရန် လိုအပ်လာခြင်းနှင့်အတူ လုပ်သာ ကိုင်သာရှိစေရန် ဖန်တီးပေးထားသော စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ပိုမိုလိုအပ်လာသည်ကို တွေ့ရပါသည်။
ပြိုင်တူတွန်းကရွေ့နိုင်ပါသည်
ထို့ကြောင့် အလုပ်အကိုင်ဖန်တီးရေး၊ စီးပွားရေးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အရေးကြီးသော စွမ်းဆောင်ရှင်များဖြစ်သည့် MSME များ၏ အခန်းကဏ္ဍနှင့်အခက်အခဲများကို နိုင်ငံတော်က အပြည့်အဝနားလည်ပြီး ၎င်းတို့ကြုံတွေ့နေရသော အခက်အခဲများကိုလျှော့ချ၍ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မာပြီး ကြံ့ခိုင်သော MSME များ ဖြစ်လာစေရန်အတွက် MSME များ ရင်ဆိုင်နေရသော အခက်အခဲများအပေါ် မူတည်သည့် သင့်တော်သောလုပ်ငန်းအစီအမံများကို ရေးဆွဲချမှတ်ပြီး ကူညီပံ့ပိုးဖြည့်ဆည်းပေးနေသလို MSME လုပ်ငန်းရှင်များဘက်ကလည်း နိုင်ငံတော်နှင့်အတူလက်တွဲ၍ ဒေသအသီးသီးတွင် အကြား အလပ်မကျန်အောင် အချိုးညီဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်း၍ အားဖြည့်ကူညီဆောင်ရွက်သွားရန်လည်း လိုအပ်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။
“မြန်မာ့စီးပွားရေးအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အားလုံးပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါ သည်”။ ။