မရှိမဖြစ်
ဆရာမဲဇာ
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များကိုလည်းဈေးကွက်မတင်မီကတည်းက စိစစ်ပေးလျက်ရှိရာတွင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိသည့် အစားအသောက် လုပ်ငန်းပေါင်း ၁၀၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်းပေါင်း ၂၃၆၈ ခု ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီ၊ ခေါက်ဆွဲ၊ လက်ဖက်စသည့် စားသောက်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(မြန်မာ့အလင်း ၂၈-၄-၂၀၂၂)
စည်းစနစ်တကျ ထုတ်လုပ်ထားသော အစားအသောက်လုပ်ငန်းပေါင်း ၁၀၅၆ ခုနှင့် သက်ဆိုင်သည့် ရောင်းကုန်များကို စူပါမားကက် ကုန်တိုက်ကြီးများနှင့် မီနီမားကက်များတွင်လည်းကောင်း၊ ဈေးများနှင့်လက်လီဆိုင်များတွင် လည်းကောင်းတွေ့ရှိ နေရပြီဖြစ်ပါသည်။ အထူးသဖြင့်ကုန်ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲများနှင့် ပါဝင်သောပစ္စည်းများကို ထည့်သွင်းဖော်ပြထားသည်မှာ မြင့်မားသော တိုးတက်မှုတစ်ရပ်ပင် ဖြစ်ပါသည်။
ပြည်ပမှတင်သွင်းလာသော စားသောက်ကုန်များတွင်လည်း မြန်မာစာဖြင့် ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။ တရားဝင်တင်သွင်းလာခြင်း မရှိသောစားသောက်ကုန်များကိုလည်း တားမြစ်အရေးယူလျက် ရှိနေသည်ကို တွေ့နိုင်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ကလည်း တွေ့ရှိချက်များထဲမှ လူထုစားသုံးရန် မသင့်သည်များကို အခါအားလျော်စွာ ထုတ်ပြန်ကြေညာ သတိပေးလျက်ရှိပါသည်။
ရည်မှန်းချက်တစ်ရပ်
မြန်မာနိုင်ငံမှ စားသောက်ကုန်များကိုလည်း စစ်ဆေးပြီးမှ ဈေးကွက်တင်လျက်ရှိရာ “ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ပိုမိုရရှိနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းပြီး ယခုမူဝါဒကို ရေးဆွဲချမှတ်ရခြင်းဖြစ်ကြောင်း” ဟူ၍ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒချမှတ်ရာတွင် ရည်မှန်းချက်တစ်ရပ်အဖြစ် ထားရှိကြောင်းတွေ့နိုင်ပြီး ထောပတ်သီး၊ ကော်ဖီမှုန့်မှအစ ပို့ကုန်အမယ်သစ် များစွာကို တင်ပို့နေကြောင်း တွေ့နိုင်ပါသည်။
မိမိတို့နိုင်ငံမှာ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချသည်ဖြစ်စေ၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည်ဖြစ်စေ စားသုံးသူတို့အတွက် ဘေးအန္တရာယ်ကင်းရှင်းရန် တာဝန်ရှိနေသည်မှာ အမှန်ပင်။ တချိန်ကမူကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်ပြီး ဈေးကွက်ဝင်ပစ္စည်းများကို ပွင့်လင်းမြင်သာစွာ ရောင်းချရုံမက ကိုယ်တိုင်မြည်းကြည့်ပြီးကြိုက်မှ ဝယ်ယူသုံးဆောင် ကြပါသည်။ ဤကိစ္စတွင် မန္တလေးဈေးချိုသူတို့မှာ စာဖွဲ့လောက်အောင်ပင် သိမ်မွေ့ကျွမ်းကျင်ကြပါသည်။
ယခုခေတ်တွင်မူ ရောင်းသူဝယ်သူတို့ကြားတွင် ထုပ်ပိုးပစ္စည်းများက ကြားခံသွားပြီ ဖြစ်ပါသည်။ ပလတ်စတစ်အိတ်များတွင် ထည့်သွင်း၍ ရောင်းချရာမှ ပလတ်စတစ်ပေါ်တွင် ပုံနှိပ်လုပ်ငန်းများ ကြီးထွားလာ၏။ ပလတ်စတစ်များက စက္ကူအိတ်များကို အစားထိုးရာမှ ခေတ်ပြောင်းကာ စက္ကူအိတ်များ၊ စက္ကူဘူးများက ဝင်ရောက်ပြန်၏။ မည်သို့ဆိုစေ စားသုံးသူများသည် မိမိတို့နှစ်ခြိုက်ရာ တံဆိပ်ကိုကြည့်၍ ရွေးချယ်ကြ၏။ ရောင်းသူတို့ကလည်း မိမိတို့ကုန်အမှတ်တံဆိပ်များကို နာမည်ကြီး ဆယ်လီများအား အသုံးပြု၍ စာနယ်ဇင်းများတွင် ကြော်ငြာပြီး တစ်ဆင့်တက်ကာ ရုပ်သံများတွင် ကြော်ငြာ၏။ ထိုထက်ပို၍ ဆိုရှယ်မီဒီယာများ၌ အလျှံအပယ်ကြော်ငြာရာတွင် “ဆယ်လီ” တို့၏ လောကတွင် အံ့ဩစရာအပြောင်းအလဲများကိုလည်း တွေ့လာရပေသည်။ ထိုကြားထဲတွင် ကိုယ့်ကိုယ်ကိုယ် တွင်ကျယ်ချင်သူများကလည်း မဟုတ်မမှန်သတင်းများ ပြူးတူးပြဲတဲထည့်သွင်းကာ လူကြည့်များလာ အောင် ကြော်ငြာကြပြန်၏။
မျက်ခြည်မပြတ်ကြည့်နေရ
ထိုသို့သော ပုဂ္ဂိုလ်၊ ဆယ်လီမီဒီယာများထဲတွင် ကုန်ထုတ်လုပ်သူတို့ ရင်းနှီးလိုက်ရသော ငွေများမှာ စားသုံးသူတို့ အိတ်ထဲမှ မျှဝေပေးလိုက်ရသော အဖြစ်သို့ ရောက်ရှိသွားလေပြီ။ ထည့်ထားသောပစ္စည်း၏ မူရင်းတန်ဖိုးနှင့် ဈေးကွက်၏တန်ဖိုး လက်လီစာရင်းတန်ဖိုးများကို စားသုံးသူတို့က ခံနိုင်သမျှ ခံနေကြသော် လည်း ပို၍ပို၍ ဝိသမလောဘကြီးလာသူများက တစ်ကွက်ကောင်းသူဌေးဖြစ် ကလိမ်ကကျစ်နည်းများကို သုံးလာကြသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ (FDA) (အစာဆေးဝါး) တာဝန်ရှိသူများက မျက်ခြည်မပြတ် ကြည့်နေကြရလေသည်။ မူရင်းပါဝင်သော ပစ္စည်း၊ ရောင်းချရန် ထည့်သွင်းထားသော ပစ္စည်းများ သာမက ထုတ်လုပ်ရေးလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဖြစ်ပေါ်နေသော လစ်ဟာကွက်များကို ထိန်းချုပ်ပြုပြင် နေကြရပါသည်။
ဟန်ဂေရီနိုင်ငံမှ ဖြစ်စဉ်
၂၀၂၂ ခုနှစ် ဩဂုတ်လက ဟန်ဂေရီနိုင်ငံ၌ရောင်းချသော အစာမှတစ်ဆင့် စားသုံးသူ ၁၅ ဦးမှာ အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားခဲ့၏။ စစ်ဆေးသောအခါတွင် အစာထဲ၌ အသည်းရောင်အသားဝါ ရောဂါဗိုင်းရပ်စ်ပိုး(အေ) အမျိုးအစားများ ပါဝင်လာသောကြောင့် ဖြစ်ကြောင်းတွေ့ရပါ၏။ နောက်ကြောင်း ရာဇဝင်ကို လိုက်လံစုံစမ်းသောအခါ ထိုအစားအစာ ကုန်ကြမ်းထုတ်လုပ်တင်သွင်းသည့် လက်ခွဲကန်ထရိုက်တို့ထံမှ ရောဂါပိုးဝင်ရောက်မှုကို တွေ့ရှိရလေသည်။ ဟန်ဂေရီပြည်ဖြစ် အစားအစာဖြစ်သော်လည်း ကုန်ကြမ်းကို ပိုလန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိရလေတော့သည်။
“စိုက်ပျိုးရာ၊ ရိတ်သိမ်းရာ၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာ လုပ်ငန်းစဉ်တစ်လျှောက်လုံး အရည် အသွေးပြည့်စုံပြီး ရောဂါကင်းအောင် ကြိုးစားလျက်နဲ့ ဒီလိုဖြစ်ရတာ စိတ်မကောင်းပါဘူး။ လိုအပ်တဲ့ ပြုပြင်မှုအားလုံးကိုပြုပြင်ပြီး ကျွန်တော်တို့ ထုတ်ကုန်များအားလုံး အမြဲတမ်းဘေးကင်းစိတ်ချ အောင်လုပ်ပါ့မယ်လို့ တောင်းပန်ပါတယ်” ဟူ၍ ဟန်ဂေရီနိုင်ငံမှ အစားအစာထုတ်လုပ်သော ကုမ္ပဏီတာဝန်ရှိသူက တောင်းပန်ခဲ့လေသည်။ တောင်းပန်ရုံ နှင့်မပြီး ထုတ်လုပ်ထားသမျှ ကုန်ပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ရလေသည်။ စားသောက်ကုန် ထုတ်လုပ်ပြီး ဈေးကွက်တင်ရမည်ထက် ပြဿနာဖြစ်၍ ပြန်လည်သိမ်းဆည်းရသည်က အလုပ်ပိုရှုပ်ပြီး သိက္ခာကျပါသည်။
စားသုံးသူတို့မှာ ခံဘက်ကချည်းသာ
မြန်မာပြည်တွင်လည်း ထိုကဲ့သို့ အလားတူပြဿနာများစွာ ဖြစ်ခဲ့ပါသည်။ FDA က စားသုံးရန် မသင့်ကြောင်း ကြေညာသည်ကိုလည်း တွေ့ဖူး၏။ သို့ရာတွင် စားသုံးရန်သင့်ပြီဟူ၍ ပြန်လည်ကြေညာသော သတင်းများကို သတိမထားမိပါ။ ထို့ပြင် ကုန်ထုတ်လုပ်သူများက စိတ်မကောင်းကြောင်း၊ တောင်းပန်ကြောင်း၊ ပြုပြင်မည်ဟု ကတိပြုကြောင်း သတင်းများကိုလည်း မကြားမမြင်ခဲ့ရပါ။ လက်ဖက် ထဲမှာပါသည့် ချည်ဆေးဆိုးဆေးများ၊ ငါးပိသာမက မျှစ်အထိ အသုံးပြုသော အရောင်ဆိုးဆေးများ၊ သားငါးများ မပုပ်ရန်အတွက် ဖော်မလင်ဆေးများ၊ ကြာရှည်ခံရန်သုံးသော ယမ်းစိမ်းများကအစ ထုတ်လုပ်ရောင်းချသူတို့၏ လက်ထဲတွင်ရှိပြီး စားသုံးသူတို့မှာ ခံဘက်ကချည်းသာ ဖြစ်ခဲ့ပါသည်။
ကျွန်တော်တို့အနေဖြင့် ပြည်ပတွင် ဖြစ်ပေါ်နေသော အစားအစာအန္တရာယ်ပြဿနာများကို ပထမ ဦးဆုံး ကိုင်တွယ်ခဲ့ရသည့်ကိစ္စမှာ နို့နှင့်နို့ထွက်ပစ္စည်းများတွင် ဒိုင်အောက်ဆင်း (Dioxin) ပါဝင်နေသော ကိစ္စဖြစ်ပါသည်။ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့သောချာနိုဘိုင်း အနုမြူဓာတ်အားထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှု (ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုယူကရိန်းပြည်နယ်) ကိစ္စတွင်ပတ်ဝန်းကျင် ဥရောပနိုင်ငံများ၌ ဓာတ်ငွေ့အဆိပ်သင့်ရာမှ နို့နှင့်နို့ထွက် ပစ္စည်းများတွင် ဒိုင်အောက်ဆင်းဓာတ်များ ပါဝင်လာပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်ကြောင်း သိရှိရသဖြင့် ထိုဒေသထွက်ကုန်များကို မြန်မာနိုင်ငံတွင် မရောင်းစေရန် ပိတ်ပင်ခြင်း၊ အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ရပါသည်။
အချိုမှုန့်များနှင့် ကျွဲရိုင်းအချိုရည်များ
နောက်တစ်ကြိမ်မှာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသော အချိုမှုန့်များနှင့် ကျွဲရိုင်းအချိုရည်များကိစ္စကို အသိပညာပေးကြရပြန်ပါသည်။ ထိုပစ္စည်းများကို ဘေးအန္တရာယ်မကင်းသော အစားအစာ မျိုးများအဖြစ် သတ်မှတ်၍ တင်သွင်းမှုပိတ်ပင်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ရပြန် ပါသည်။ တန်ပြန်အနေဖြင့် ထိုပစ္စည်းထုတ်လုပ်သူများကလည်း သူတို့ပစ္စည်းမှာ အန္တရာယ်မရှိကြောင်း၊ နိုင်ငံတကာ အထောက်အထားများပြ၍ အရေးဆိုခဲ့ကြပါသည်။ မည်ကဲ့သို့ ပြုလုပ်ကြသည်မသိ။ မြန်မာပြည်၌ ကျွဲရိုင်းအချိုရည်များ၊ အချိုရည်များနှင့် အချိုမှုန့်များသည် ရှင်သန်ဆဲ၊ လူထုက စားသုံးဆဲ၊ ရောင်းချသူရော ကြော်ငြာပေးသူတို့ပါ ကြီးပွားဆဲဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။
တရုတ်နို့မှုန့်နှင့် မယ်လမင်းဓာတ်
အစားအစာဘေးအန္တရာယ် ကာကွယ်ရေးကိစ္စတွင် တရုတ်နိုင်ငံကမူအတော်ပင် ပြတ်သားသည်ကို တွေ့ရသည်။ ၂၀၀၆ ခုနှစ်က နို့မှုန့်များ၌ မယ်လမင်း (Melamine)ဓာတ်များပါလာကြောင်း စစ်ဆေးတွေ့ရှိ ကြသဖြင့် တင်သွင်းမှုပိတ်ပင်ခဲ့ကြရာ နာမည်ကြီး နို့မှုန့်ကုမ္ပဏီများပင်ပါဝင်နေ၍ အတော်ပင်ရှုပ်ထွေး သွားခဲ့လေသည်။ လက်သည်မှာ နွားနို့ကျဲကျဲကို ပြစ်အောင်ပြုလုပ်၍ နို့မှုန့်ရောင်းကုန် ဖြစ်လာစေသဖြင့် မူရင်းစက်ရုံတာဝန်ခံ အမျိုးသမီးမှာ တရုတ်နိုင်ငံ၌ သေဒဏ်ချမှတ်ခံခဲ့ရလေသည်။ မယ်လမင်းသည် ပန်းကန်ခွက်ယောက်များ ပြုလုပ်ရာတွင်သုံးပြီး စားသုံးရန်မသင့်သဖြင့် မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့ပါသည်။
သို့သော် မယ်လမင်းဇာတ်လမ်းသည် မပြီးနိုင် ခဲ့ချေ။ တရုတ်ပြည်တွင် ထုတ်လုပ်ရောင်းချသော နို့မှုန့်များကို အရေးယူနိုင်သည် မှန်သော်လည်း ၎င်းတို့နိုင်ငံမှ နို့မှုန့်ကုန်ကြမ်းများကို ပြည်ပမှဝယ်ယူကာ ထုပ်ပိုးရောင်းချမှုများက ရှိနေခဲ့သည်။ ယခုဟန်ဂေရီပြဿနာကို တွေ့ရသောအခါ ထိုစဉ်က မယ်လမင်းနို့မှုန့် ပြဿနာကို သတိရစရာဖြစ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ နို့မှုန့်ကုန်ကြမ်းများကို နယူးဇီလန်နိုင်ငံသို့ရောင်းချပြီး ထိုမှတစ်ဆင့် အခြားနိုင်ငံများသို့ ဥရောပမှ နာမည်ကြီး ကုမ္ပဏီတံဆိပ်ဖြင့် ထပ်ဆင့် တင်သွင်းရောင်းချမှုများကို ကြားသိခဲ့ရသည်။
၂၀၂၂ ခုနှစ်ထဲတွင် အမေရိကန်မှ ထုတ်လုပ်တင်ပို့သော နာမည်ကြီးနို့မှုန့်များတွင် ဘေးအန္တရာယ်ရှိစေ သောအရာများပါဝင်ကြောင်းသိရပြီး ထိုနို့မှုန့်ဖြန့်ချိ ရာနေရာ ကုန်တိုက်များ၊ အရောင်းဆိုင်များမှ ပြန်လည်သိမ်းဆည်းခဲ့ရသည်။ မည်သည့်နေ့ရက်၊ မည်သည့် စက်ရုံမှထွက်သော ကုန်ချောပါဝင်သည့် လက်ခွဲမှ ထုတ်လုပ်သောကုန်ကြမ်း၊ မည်သည့်နိုင်ငံမှ စိုက်ပျိုးရိတ်သိမ်း၊ ဖြန့်ချိသော နိုင်ငံဟူ၍ မီးခိုးကြွက်လျှောက် လိုက်ခဲ့ကြရပါသည်။ မြန်မာနိုင်ငံတွင် အကြီးအကျယ် ကြော်ငြာ၍ ရောင်းချနေသော ထိုနို့မှုန့်များနှင့် ပတ်သက်၍ မည်သည့်သတင်း၊ ကြေညာချက်မှ ထွက်လာခြင်းမရှိချေ။ စားသုံးသူတစ်ယောက် အနေဖြင့် “မည်သို့ဖြစ်ပွားသည်မသိ” ဟုသာ ဆိုရန်ရှိတော့ သည်။
ယခုဆောင်းပါးကို ဩဂုတ်လ ၃၁ ရက်ထုတ် မှတ်တမ်းတစ်ရပ်နှင့် နိဂုံးချုပ်လိုက်ပါ၏။ “အစားအစာ ဘေးကင်းလုံခြုံရေး၊ ကုန်သွယ်မှုအခွင့်အလမ်းများ ထိခိုက်မှုမရှိစေရေးတို့အတွက် ပိုးသတ်ဆေးအမျိုး အစားတစ်မျိုးချင်းစီအပေါ်တွင် ရှုထောင့်မျိုးစုံမှ ပြန်လည်သုံးသပ်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းများ ကင်းစင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း” ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးတွင် တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သတင်းပင် ဖြစ်ပါသည်။
မရှိမဖြစ်
ရှေးခေတ်ကမူ စားကုန်ထုတ်သူနှင့် စားသုံးသူတို့ကြားတွင် ပွဲစားများရှိခဲ့ကြ၏။ ယနေ့ခေတ်တွင်မှု ခေတ်မီနည်းစနစ်များ မှန်မှန်ကန်ကန် အသုံးချမှု ရှိ မရှိ ထိန်းကွပ်ပေးရမည့် တာဝန်ရှိသူများမှာ မရှိမဖြစ် ။ ။