အမှားသံသရာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)
ဓမ္မဘက်တော်သားတစ်ဦး
ကုလသမဂ္ဂနဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတချို့ရဲ့ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဝေဖန်သုံးသပ်ပြောဆိုမှုတွေဟာ အတောမသတ်နိုင်ပဲ ရှိပါသေးတယ်။ အခုလည်း ကုလသမဂ္ဂ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ ဂျီနီဗာအခြေစိုက် UNHRC လို့ခေါ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီဟာ သူ့ရဲ့(၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံကို ပစ်မှတ်ထားစွပ်စွဲပြောဆိုခဲ့ပြန်ပါပြီ။
ယုတ္တိမတန်တဲ့ ပြောဆိုမှုမှန်သမျှအတွက် မြန်မာနိုင်ငံဘက်က လည်းရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဘာကြောင့်ရှုတ်ချ ရပါသလဲ၊ ဘာကြောင့်ကန့်ကွက်ခဲ့ပါသလဲ။ မြန်မာနိုင်ငံအပေါ် ဘယ်သောအခါကမှ အကောင်းမပြောခဲ့တဲ့သူတွေ၊ အပြုသဘောမဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ မစိစစ်ဘဲမမှန်ကန်တဲ့ အချက်အလက်တွေအပေါ်သာ အခြေခံပြီးကြိုတင်ဆွေးနွေးပွဲတွေနဲ့ ဖန်တီးပုံဖော်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေဖြစ်နေတဲ့အတွက် ကြောင့်ပါပဲ။
လက်ခံလို့မရတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆိုတာ
ကုလလူ့အခွင့်အရေးကောင်စီဟာ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဆိုပြီး ဖွဲ့စည်းခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံအတွက် စွပ်စွဲပြောဆိုနိုင်မယ့် အထောက်အထားတွေစုစည်းပြီး ရရှိလာတဲ့အချက်အလက်တွေ အပေါ်မှာ စိစစ်သုံးသပ်ရတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ၁၂ - ၉ - ၂၀၂၂ ရက်နေ့ကတစ်ကြိမ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမှန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကိုယ်တိုင်က တရားရေးအဖွဲ့ အစည်းတစ်ခု မဟုတ်တဲ့အတွက် သက်တမ်းအကန့်အသတ်မရှိတဲ့ ဒီလိုယန္တရားမျိုးကို ဖွဲ့စည်းခွင့်လည်းမရှိ၊ ထူထောင်ခွင့်လည်းမရှိပါဘူး။ ဒါပေမယ့် ဒီအဖွဲ့အတွက် ရန်ပုံငွေကိုတော့ အမေရိကန်အစိုးရက ပေးအပ်ထားတာတွေ့ရပါတယ်။
IIMM က သူ့အတွက်ပေးတဲ့ ရန်ပုံငွေကိုတော့ လက်ခံပေမယ့် အဖွဲ့မှာ ဘယ်လိုဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားသလဲ၊ ဘယ်လို စိစစ်ကြပ်မတ်မလဲ၊ အဖွဲ့က စုဆောင်းထားတယ်ဆိုတဲ့ သုံးသန်းမျှသော အချက်အလက်တွေကို မှန်၊ မမှန် စိစစ်ခွင့်လည်းမရှိတဲ့အတွက် ဒီလို အဖွဲ့မျိုးကို တရားမျှတတဲ့အဖွဲ့တစ်ခုအဖြစ် ဘယ်လိုစံနှုန်းတွေနဲ့ ဘယ်လိုသတ်မှတ်လို့ရနိုင်ပါ့မလဲ၊ မြန်မာနိုင်ငံအနေနဲ့ကတော့ ကိုယ်တိုင် လက်ခံအသိအမှတ်ပြုထားခြင်းမရှိတဲ့ အဖွဲ့တစ်ခုရဲ့ အချက်အလက် ပေါ်မှာအခြေခံပြီး ပြောဆိုဆွေးနွေးမှုမှန်သမျှဟာ ဘယ်လိုမှလက်ခံလို့ မရဘူးဆိုတာ သိရှိထားသင့် ပါတယ်။
ပံ့ပိုးထားတဲ့ငွေကြေးကြောင့် အပ်ကြောင်းထပ်နေတဲ့ အမှားအယွင်းများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)ဟာ မြန်မာနိုင်ငံကို အဘယ်သို့သောအချက်အလက်တွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ မည်သို့သော တွေ့ဆုံဆွေးနွေးချက်တွေကို အခြေခံပြီး တစ်ဖက်သတ် ဝေဖန်ပြစ်တင်ခဲ့ပါသလဲ၊ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံး ပတ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ၊ UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ခေတ္တမဟာမင်းကြီးတို့နဲ့ ကနဦးအပြန်အလှန် တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ “တစ်ခါလာမဲပြာပုဆိုး” ဆိုသလို ထပ်တလဲလဲ စွပ်စွဲပြောဆိုချက်တွေ၊ တွေ့ရှိချက်တွေ၊ အသစ်အဆန်းမပါတဲ့ ကြိုတင်ပုံဖော်ထားတဲ့ အကွက်တွေနဲ့ နိုင်ငံတကာပြစ်မှုတွေကို အကြိမ်ကြိမ်အခါခါကျူးလွန်ကြောင်း စွပ်စွဲချက်တွေသာ တွေ့ရပါ လိမ့်မယ်။
သေချာပါတယ်။ မြန်မာနိုင်ငံက ဘယ်လိုမှလက်ခံလို့မရတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းနဲ့ ဘယ်တုန်းကမှ အသိအမှတ်မပြုထား တဲ့ လူမျိုးကိုပဲ ရှေ့တန်းတင်ပြီး ဝင်ရောက်စွက်ဖက်ရာကျတဲ့ အပြုအမူတွေ၊ အပြောအဆိုတွေပဲ ဖြစ်နေပါတယ်။ နောက်ပြီး နယ်မြေရှင်းလင်း စစ်ဆင်ရေးဆိုတဲ့ အသုံးအနှုန်းတွေ၊ အထောက်အထားမရှိ ဘယ်ကရလို့ရမှန်းမသိ မမှန်ကန်တဲ့ လူသတ်မှုတို့၊ ညှဉ်းပန်းနှိပ်စက်မှုတို့၊ အရပ်သားတွေနဲ့ကလေးတွေကို ပစ်မှတ်ထား ဖိနှိပ်ပစ်ခတ်သတ်ဖြတ် တယ်ဆိုတဲ့အချက်တွေ၊ သေဒဏ်ပေးတယ်ဆိုတဲ့ ပြစ်တင်မှုတွေ... ထိုအရေးကိစ္စတွေသာမပါရင် သူတို့စကားမပြောတတ်သလို ဘာမှ လည်းလုပ်တတ်မှာမဟုတ်ပါဘူး။
အနောက်နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ ငွေကြေးတွေ နဲ့ပံ့ပိုးထားတဲ့ မီဒီယာတွေ၊ NGO တွေရဲ့ အချက်အလက်တွေကို မရည်ညွှန်းဘဲ အခြေအနေမှန်ကိုသာတင်ပြမိရင် ရနေတဲ့ထောက်ပံ့ရန်ပုံငွေ ဖြတ်တောက်ခံရနိုင်ပြီး စားပေါက်ပိတ်သွားနိုင်တဲ့အတွက် ဒီလိုပဲမျက်စိပိတ်၊ နားပိတ် မှားယွင်းမှုတွေဖြစ်နေရခြင်းလား သံသယဝင်မိပါတယ်။
သံသယဖြစ်စရာ ခွဲခြားစိတ်ဖြာနိုင်စွမ်းမရှိတဲ့ ဝင်ရောက်စွက်ဖက်သူတွေ
ဒီအတောအတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်း ကျေးရွာဖြစ်စဉ်တစ်ခုဟာ IIMM အတွက် မြန်မာနိုင်ငံအပေါ် နောက်ထပ် စွပ်စွဲချက်အသစ် တစ်ခုတိုးဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်သွားပြန်ပါတယ်။ အဖြစ်အပျက်အပေါ် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောရေးဆိုခွင့်ရှိသူရဲ့ အထောက်အထားနဲ့ ရှင်းလင်းပြောဆိုမှုအပေါ် သဘောပေါက် ပုံမရပါဘူး။
IIMM ရဲ့ ခွဲခြားစိတ်ဖြာနိုင်စွမ်းရည်ဟာ သံသယဖြစ်စရာပါ။ အချက်အလက်ကို စုဆောင်းရာမှာ လူတစ်ဦး၊ လူတစ်စု၊ တစ်ဖွဲ့ကို မေးမြန်းစုံစမ်းရုံနဲ့လည်း မလုံလောက်ပါဘူး။ မေးမြန်းခံရသူတွေ ကိုယ်တိုင် ဘက်လိုက်သူတွေ၊ အယုံလွယ်သူတွေ၊ ခံစားချက်ပြင်းထန် သူတွေဖြစ်နိုင်သလို ခြိမ်းခြောက်ခံရသူတွေ၊ အလွှမ်းမိုးခံနေရသူတွေဖြစ်နိုင်တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့တွေဟာ အရပ်သားယောင်ဆောင်၊ အရပ်သားတွေကို လူတံတိုင်းကာ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို အကာအကွယ်ယူ၊ အထင်မှားအောင် အခြားဘာသာရေး အဆောက်အအုံတွေမှာ နေရာယူပြီးမှ တိုက်ခိုက်ကြတယ်ဆိုတာကို ဘာလို့မမြင်ကြ ပါလိမ့်၊ တွေးစရာတွေ တသီတတန်းနဲ့ပါ။
အထူးအစီရင်ခံစာတင်သွင်းသူရော မဟာမင်းကြီးရုံးနဲ့ ခေတ္တမဟာမင်းကြီးဆိုသူပါ မြန်မာနိုင်ငံ ဖြစ်စဉ်ဖြစ်ရပ်တွေကို ၎င်းတို့ ကိုယ်တိုင်အတိအကျ သိရှိပုံမရကြပါဘူး။ မြန်မာနိုင်ငံရဲ့ ဆန့်ကျင် ဘက်ကရတဲ့ မခိုင်လုံတဲ့အရင်းအမြစ်တွေကိုသာ အစွဲနဲ့အားကိုး အလွယ်သုံးပြီး ချဲ့ကားပြောဆိုလေ့ ရှိကြပါတယ်။ တစ်ဖက်က သတင်းတု၊ သတင်းမှားတွေအပေါ်အခြေခံပြီး မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေအပေါ် စွပ်စွဲပြစ်တင်ပြောဆိုပြုမူနေပေမယ့် အခြားတစ်ဖက် ကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ NUG၊ PDF တွေကို အသိအမှတ်ပြုဖို့ကြိုးစားနေပြီး သူတို့ကျူးလွန်တဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေ ကိုတော့ ဖုံးကွယ်ထားကြပြန်ပါတယ်။ သူတို့ လိုချင်တဲ့ ဇာတ်လမ်းကိုတော့ယူ၊ မလိုချင်တဲ့ ဇာတ်လမ်းကျတော့ ပစ်ပယ်ထားတဲ့သဘောပါပဲ။
တာဝန်မဲ့ မသိချင် မမြင်ချင်ယောင်ဆောင်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ
NUG နဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြရတဲ့ ကလေးသူငယ် ၈၈ ဦး၊ အပြစ်မဲ့ပြည်သူ ၃၈၀၀ နဲ့တကွ ထောင်နဲ့ချီဒဏ်ရာရသူတွေ၊ ပျောက်ဆုံးနေသူတွေအတွက် အချက် အလက်တွေကို UNHRC အနေနဲ့ ဘယ်လိုသုံးသပ်မလဲ သိချင်ပါတယ်။ ဗီဒီယိုအွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရက်ရက်စက်စက် မျက်နှာစည်း၊ ဓားနဲ့ ခုတ် ထိုး အသတ်ဖြတ်ခံရတဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မင်းရွာက ကျောင်းဆရာမ တစ်ဦးအပါအဝင် ဆရာမနှစ်ဦးရဲ့ ဖြစ်စဉ်ကိုရော ကုလသမဂ္ဂလူ့အခွင့်အရေးသမားကြီးတွေအနေနဲ့ ကိုယ်ချင်းစာ စိတ်အပြည့်နဲ့ စိစစ်စုံစမ်းမှုပြုခဲ့ဖူးပါသလား မေးလိုပါတယ်။
အကြမ်းဖက်တွေဟာ အပြစ်မဲ့ပြည်သူတွေ၊ တာဝန်ထမ်းဆောင် သူဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေရဲ့ မိဘညီအစ်ကိုမောင်နှမတွေကို ဒလန်လို့ ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် အစဖျောက်သတ်ဖြတ်နေကြတဲ့ ဖြစ်စဉ်တွေကို ဘယ်လိုသဘောထားမလဲ သိလိုလှပါတယ်။
နေအိမ်နဲ့ စာသင်ကျောင်းအမြောက်အမြား မီးရှို့ဖျက်ဆီးခံရတာ တွေဟာ စာရင်းအချက်အလက် အတိအကျရှိသလို မကြာခဏဖော်ပြ ခဲ့ပြီးဖြစ်လို့ မသိချင်ယောင်၊ မမြင်ချင်ယောင်ဆောင်နေသူတွေကို ဒီလို သတင်းအချက်အလက်တွေကို ဒီနေရာမှာ အထူးတလည် ဖော်ပြနေစရာလည်း မလိုတော့ဘူးထင်ပါတယ်။ အကြမ်းဖက်သမားတွေစတင် တိုက်ခိုက်လို့ ဖြစ်ရတဲ့ဖြစ်စဉ်တွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူတွေ အစာရေစာနဲ့ ဆေးဝါးပြတ်လပ်သူတွေ ဒုနဲ့ဒေးရှိနေပြီဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေနဲ့ အချို့တိုင်းရင်းသားလက်နက်ကိုင်တွေက ပိတ်ပင်ထားလို့၊ ကြားဖြတ်အနှောင့်အယှက်ပြုလို့ ကုန်စည်စီးဆင်းမှုနဲ့ စားနပ်ရိက္ခာပြတ်တောက်မှု သတင်းတွေ ကိုလည်း သိရှိနေရပါတယ်။ ဆက်သွယ်ရေးကွန်ရက် တာဝါတိုင်တွေ ဗုံးခွဲဖျက်ဆီး ခံရမှုတွေကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေတွေ များစွာရှိနေပါတယ်။ နိုင်ငံရဲ့အနောက်တံခါးဝမှာ မတည်မငြိမ်ဖြစ်ပြီး အချုပ်အခြာအာဏာပျက်ယွင်းအောင် ကြံဆောင် ကြိုးပမ်းနေကြပါတယ်။ ဒီလို ဒီမိုကရေစီအရေခြုံ အကြမ်းဖက်ဖြစ်စဉ် တွေကို ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစား ပါတယ်ဆိုတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးသမားကြီးတွေက အလေးအနက်မထား၊ မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေကြခြင်းဟာ အလွန်ကိုဆိုးရွားစွာ တာဝန်မဲ့လွန်းတယ်ဆိုတာ ထောက်ပြချင်ပါတယ်။
အကြံပေးချက်တွေနဲ့အတူ ထောက်ပြချင်တာတွေရှိ
နိုင်ငံတကာက မြန်မာ့အရေးဆွေးနွေးသူတွေ၊ အစီရင်ခံစာ တင်သွင်းသူတွေ၊ အဖွဲ့အစည်းတွေဟာ တိကျခိုင်လုံပြီး မှန်ကန်တဲ့ အချက်အလက်တွေနဲ့ မြန်မာပြည်သူတွေရဲ့ အမြင်ရှုထောင့်တွေ၊ တုံ့ပြန်မှုတွေကို ပိုပြီးအလေးထားသင့်ပါပြီလို့ ထပ်ပြီးအကြံပေးချင်ပါတယ်။ အကဲဆတ်တဲ့ မြန်မာနိုင်ငံအခြေအနေမှာ ပိုပြီးကွဲပြားမှုတွေ မရှိအောင် ကူညီပေးသင့်တယ်လို့ မြင်မိပါတယ်။ နိုင်ငံတကာကို မရိုးမသားနဲ့ တမင်အာရုံစိုက်အောင်လုပ်ပြီး ကုလသမဂ္ဂစင်မြင့်တွေကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေတဲ့ အပြုအမူတွေကို ဘယ်လိုမှ လက်ခံလို့မရတဲ့အတွက် ရပ်တန်းက ရပ်သင့်ပါပြီ။ မေးခွန်းထုတ်စရာ တွေကတော့ အများကြီးပါ၊
သမာသမတ်ကျမှု၊ တရားမျှတမှု၊ ဘက်လိုက်မှု စသည်အားလုံးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အတိတ်ကဖြစ်စဉ်တစ်ခုကို ထောက်ပြချင်ပါ တယ်။ ၂၀၁၈ ခုနှစ် ဇွန်လက သမ္မတထရန့်လက်ထက် အမေရိကန် အစိုးရဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ ဖူးပါတယ်။ ထိုအဖွဲ့အစည်းမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ၊ လူပုဂ္ဂိုလ်တွေကို နေရာပေးထားလို့ဆိုပြီး၊ အဖွဲ့ရဲ့သမာသမတ်ကျမှုကို မေးခွန်းထုတ်ပြီး အမေရိကန်ကိုယ်တိုင် နုတ်ထွက်ခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ပြလိုခြင်းပဲ ဖြစ်ပါတယ်။
အမှန်တကယ်က ဘာပဲပြောပြော အကြမ်းဖက်ကျူးလွန်နေတာ ဘယ်သူတွေလဲ၊ လူ့အခွင့်အရေးကို ဒိဋ္ဌဓမ္မချိုးဖောက်နေတာ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေလဲဆိုတာ မြန်မာ့ဇာတ်ခုံအပြင်ဘက်က အခုလိုပုဂ္ဂိုလ်တွေကိုယ်တိုင် မြင်ပြီးသိပြီးသားပါ။ ထိုသူတွေကိုယ်တိုင်က မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမှာကို လိုလားကြမယ် မထင်ပါဘူး။ မြန်မာနိုင်ငံကို အလုံးစုံပျက်စီးစေချင်လို့သာ စီးပွားရေးအပါအဝင် အဘက်ဘက်ကနေ အစဉ်အဆက်ကန့်သတ်ခြင်း၊ ပိတ်ဆို့နှောင့်ယှက် ဟန့်တားပိတ်ပင်ခြင်းတွေ ပြုနေကြတာဖြစ်တယ်လို့ပဲ မြင်မိပါတယ်။
အဆုံးသတ်ရရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အပါအဝင် တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး။ တကယ်က ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာအဖွဲ့အစည်းတွေသာ ရိုးသားဖြောင့်မတ်မှု ရှိမယ်ဆိုရင်၊ အမှန်ငြိမ်းချမ်းပြီး သက်ဆိုင်ရာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေ ချင်တယ်ဆိုရင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတယ်ဆိုရင် အဖြေရှာဖို့ရန်မခက်ပါဘူး။
အခုလို မဟုတ်မဟတ် ပြစ်တင်ဝေဖန်နေမယ့်အစား သံတမန်ကျင့်ဝတ်နည်းလမ်းအရ ညှိနှိုင်းပူးပေါင်း၊ တိုင်ပင်ဆွေးနွေးပြီး ချဉ်းကပ်အဖြေရှာသင့်တယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကတော့ အချုပ်အခြာအာဏာနဲ့ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဖို့ သန္နိဋ္ဌာန်ချပြီး ဖြစ်သလို ဘယ်လိုဝင်ရောက်စွက်ဖက်မှုမျိုးမှ လက်ခံမှာ မဟုတ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။