ကမ္ဘာကြီးရဲ့ အဆိုးအကောင်းဖန်တီးရှင်တွေနဲ့ဝင်ရိုးတန်းအပြောင်းအလဲ
မြင့်မြတ်
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “၀င်ရိုးတန်း” polarity ဆိုတဲ့ အသုံး အနှုန်းကို သုံးစွဲနေတာ ကြာပါပြီ။ Bipolar, unipolar, multipolar စသဖြင့် ဖြစ်ပါတယ်။ ခေတ်ကာလ အသီးသီးမှာ နိုင်ငံ တကာစနစ်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ စသဖြင့် မူတည်ပြီး ဝင်ရိုးတန်းပုံစံ အမျိုးမျိုး ရှိခဲ့ကြပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး မျက်နှာစာအသီးသီးမှာ လူအင်အား ဓနအင်အား သာလွန်မှုအရ ပါဝါကြီးမားမှု၊ အရင်းအမြစ် အသုံးချမှု၊ ခွဲဝေကြမှု၊ မျှတမှုနဲ့ တန်ဖိုးထားမှု၊ အမျိုးသား အကျိုးစီးပွား အခြေခံ လစ်ဘရယ်အခြေခံ စသဖြင့် ဦးတည်တဲ့ လမ်းကြောင်းတွေ အပေါ်မူတည်ပြီး ဝင်ရိုးတန်း အပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကမ္ဘာမှာ နိုင်ငံအားလုံးထက် ပါဝါသာလွန်တဲ့ အင်အားအကြီးဆုံးနိုင်ငံ နှစ်နိုင်ငံက သို့မဟုတ် ခေါင်းဆောင်မှုယူထားတဲ့ အုပ်စုနှစ်ခုက ချိန်ခွင်လျှာအညီအမျှ ထိန်းထားနိုင်တဲ့ အခြေအနေမှာ ဒွိဝင်ရိုး Bipolar ဖြစ်နေပြီး ဆူပါပါဝါ တစ်နိုင်ငံက ကျဆုံးသွားပြီး ပြိုင်ဘက်ဆူပါပါဝါက ပြိုင်ဘက်မရှိ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အနေအထား ရောက်လာရင်တော့ Unipolar ဧကဝင်ရိုးအဖြစ် သတ်မှတ်ထားကြ ပါတယ်။
၀င်ရိုးစုံကမ္ဘာသစ်ဆီ လှမ်းလို့ ချီနေပါပြီ
ကမ္ဘာ့ဇာတ်ခုံမှာ ဝင်ရိုးကမ္ဘာ အမျိုးမျိုးနဲ့ အခင်းအကျင်း မျိုးစုံကို ကြုံဆုံခဲ့ကြရာမှာ ယခု မျက်မှောက်မှာလည်း အရွေ့တစ်ခု၊ အခင်းအကျင်းသစ် တစ်ခုဆီသို့ လှမ်းနေကြပြီလို့ ကမ္ဘာ့ စာမျက်နှာ အသီးသီးက ဖော်ပြနေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အပြီး စစ်အေးကာလမှာ Bipolar၊ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲအပြီးမှာတော့ ပြိုင်ဘက်ကင်း အမေရိကန် တစ်နိုင်ငံတည်း ဗိုလ်ကျ စိုးမိုးနိုင်ခဲ့တဲ့ Unipolar၊ ယခုမျက်မှောက်မှာတော့ နိုင်ငံကြီး နိုင်ငံငယ် အများစု ချဉ်းကပ်နေကြတဲ့ ဝင်ရိုးစုံကမ္ဘာသစ် Multipolar စသည် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ အာရှအရှေ့ဖျား စီးပွားရေးဖိုရမ် EEF 2022 သည်ပင် ဝင်ရိုးစုံ ကမ္ဘာကြီးဆီ လှမ်းချီနေပုံကို ထင်ရှားတဲ့ အခင်းအကျင်း တစ်ခုအဖြစ် မြင်လို့ရပါတယ်။ ဖိုရမ်ရဲ့ theme ကိုက " The path to a Multipolar world" လို့ သတ်မှတ်ခဲ့တာပါ၊ ကမ္ဘာကြီး က “ဗဟုဝင်ရိုးစုံ ကမ္ဘာကြီးဆီသို့ မြိုင်မြိုင် ဆိုင်ဆိုင် လှမ်းလို့ချီ” နေကြပါပြီ။ မကြာပါဘူး၊ EEF ကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ဥဇဘက်ကစ္စတန်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ SCO ထိပ်သီးအစည်းအဝေး တစ်ခုကိုလည်း ကျင်းပပြီးစီးခဲ့ပြန် ပါတယ်။ SCO မှာ တရုတ်၊ ရုရှား၊ အိန္ဒိယ ထိပ်သီးနိုင်ငံတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို တွေ့ခဲ့ကြရပြီး မြန်မာ၊ အီရန်လို အဖွဲ့ဝင်သစ်တွေ ပါဝင်ပူးပေါင်း လာကြမယ့် အနေအထားတွေလည်း မြင်နေရပါတယ်။ အီဂျစ်၊ ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ယူအေအီး၊ မော်လ်ဒိုက်စတဲ့ နိုင်ငံတွေ လည်း SCO ရဲ့ ဆွေးနွေးဖက် နိုင်ငံများအဖြစ် အသိအမှတ် ပြုခံခဲ့ကြရပါတယ်။
အိန္ဒိယနိုင်ငံ၏ အရွေ့က လွတ်လပ်စွာ ရပ်တည်ခွင့်ကို ပြသနေ
ဝင်ရိုးစုံ ကမ္ဘာဆီချဉ်းကပ်မှု အပြောင်းအလဲ ပုံစံတစ်ခုကို မြင်သိကြား သိနေရာမှာ ထူးခြားချက်က ကမ္ဘာ့ လူဦးရေနဲ့ စီးပွားရေးပဉ္စမမြောက် အကြီးဆုံးဖြစ်တဲ့ အိမ်နီးချင်း ဒီမိုကရေစီ နိုင်ငံကြီး တစ်နိုင်ငံရဲ့ အရွေ့တစ်ခုဟာ အားလုံးအတွက် သတိထားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလကမှ ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင် IPEF အဖွဲ့ကနေ အိန္ဒိယနိုင်ငံကြီးက နုတ်ထွက် လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ SCO မှာ အိန္ဒိယနိုင်ငံကြီးရဲ့ ပါဝင်ပူးပေါင်း လာမှုဟာ ကမ္ဘာကြီးအတွက် ကောင်းသော အတိတ်နိမိတ် တစ်ခုအဖြစ် ထင်ရှားလာပါတယ်။
အိန္ဒိယဟာ ကိုယ့်အမျိုးသားအကျိုး စီးပွားနဲ့ ဒေသအကျိုးအတွက် လွတ်လွတ်လပ်လပ် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပြီး တရုတ်၊ ရုရှား စတဲ့ SCO အဖွဲ့ဝင်နိုင်ငံ တွေနဲ့ ပိုပြီးအစေးကပ်လာတဲ့ သဘောအဖြစ် သုံးသပ်ကြပါတယ်။ အကျိုးတူရာချင်း စည်းလုံးသွားတဲ့ အသွင်အပြင်တစ်ခု အဖြစ် မြင်နိုင်ပါတယ်။ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အပေါ် အင်အားကြီးတဲ့ ဘယ်လိုနိုင်ငံမျိုးကမှ လွယ်လွယ်နဲ့ ထိန်းချုပ်လို့မရဘူး၊ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ မရဘူး ဆိုတာကို လက်တွေ့ ပြသလိုက်ခြင်း လည်းဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အင်အားကြီးတွေရဲ့ အစဉ်အဆက် ခွဲခြားဆက်ဆံမှု၊ ဗိုလ်ကျ လွှမ်းမိုး ချုပ်ကိုင်မှုတွေကို စိုးရိမ် နေကြတယ် ဆိုတဲ့အချက်ကို ထင်ဟပ်နေခြင်းလည်း ဖြစ်ပါတယ်။
ဩဇာချဲ့ထွင်မှုတွေ မလိုလား၍ သီးခြားကမ္ဘာများ တည်ဆောက်လာကြ
အချို့နိုင်ငံတွေက မိမိတို့ မူလပါဝင်နေတဲ့ အဖွဲ့ဟာ စီးပွားရေး၊ ကုန်သွယ်ရေးကို အဓိကထားတယ် ဆိုပေမယ့် တကယ်လက်တွေ့မှာ ပထဝီနိုင်ငံရေးအရ စစ်ရေးအရ အသုံးချခံရ သက်သက်သာ ဖြစ်နေပြီး အကျိုးစီးပွားမမျှတ၊ မသေချာမရေရာတဲ့ ရည်မှန်းချက်တွေကို တွေ့လာရတဲ့အခါ အဖွဲ့အပေါ် ယုံကြည်မှု ကင်းမဲ့လာကြပါတယ်၊ စစ်မှန်တဲ့ အကျိုးစီးပွားနဲ့ သေချာ ရေရာတဲ့ အဖွဲ့အစည်းတွေအပေါ် ချဉ်းကပ်လာခြင်းဟာ သဘာဝကျပါ တယ်။
ယနေ့ခေတ်မှာ အချို့နိုင်ငံတွေဟာ ယခင်ကလို မိမိအယူဝါဒရေးရာတစ်ခု တည်းကိုသာ ရှေ့တန်းတင် ဦးစားမပေး ကြတော့တဲ့အပြင် မိမိကိုမလိုမုန်းထား ဆန့်ကျင်နေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နည်းလမ်းပေါင်းစုံနဲ့ ဩဇာ ချဲ့ထွင်မှုတွေ အပေါ်မှာပါ သတိထား၊ မျက်ခြည်ပြတ်မခံ ဟန့်တားနိုင်ဖို့အထိ စဉ်းစားလာကြပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက် ခြိမ်းခြောက်မှုတွေ ခံနေရတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခြိမ်းခြောက် ခံနေရတယ်စသဖြင့် မှိုင်းတိုက်မှုတွေ၊ ရန်ရှာမှုတွေ၊ ဖယ်ကျဉ် ခံရမှုတွေကို မခံစားနိုင်တော့တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများစွာဟာ သူတို့တန်ဖိုးသူတို့ ပြသနိုင်ဖို့ တန်းတူ အခွင့်အရေးကို လိုချင်လို့သာ သီးခြားကမ္ဘာတွေကို စည်းရုံး တည်ဆောက် လာကြတယ်လို့ မြင်မိပါတယ်။
အကျိုးစီးပွားတူရာ စုမိသည့် အခင်းအကျင်းအသစ်နဲ့ မြင်ကွင်းသစ်
ယခုလက်ရှိ ကမ္ဘာ့အခင်းအကျင်းရဲ့ ကစားပွဲအသစ်တွေဆိုရာမှာ ပလေယာ အားလုံးဟာ ကိုယ်အလေးသာတဲ့ မျက်နှာစာပေါင်းစုံက ပါဝင် ကစားနေကြတာ ဖြစ်ပါတယ်။ ရှေရှည်ကို ကြည့်ပြီး၊ ပြိုင်ဘက် ပျက်သုဉ်းရေး အဓိကဦးတည်ပြီး နိုင်ငံရေးမျက်နှာစာ၊ စစ်ရေး မျက်နှာစာတင်မက စီးပွားရေး မျက်နှာစာမှာပါ အပြိုင်အဆိုင် ယှဉ်ပြိုင်ထိုးနှက် နေကြတာ ဖြစ်ပါတယ်။ မျက်နှာစာ ပေါင်းစုံမှာ မိမိနိုင်ငံ မိမိအကျိုး ဦးစားပေး ယှဉ်ပြိုင် လာကြတာဆိုတော့ အခင်းအကျင်းက အသစ်အသစ်တွေ ဖြစ်လာသလို မြင်ကွင်းသစ်နဲ့ ဗားရှင်းအသစ် တွေကိုလည်း တွေ့လာရပါ တော့တယ်။
ကိုယ့်အကျိုးစီးပွား သက်သက် ဖြစ်လာတဲ့အခါ ယခင်အစဉ်အဆက် လက်တွဲခဲ့သူတွေကို လက်တွဲဖြုတ်၊ အကျိုးစီးပွားဘက်ချင်း သီးသန့်၀န်းကျင်တွေ ထူထောင်ကြရင်းနဲ့ ဝင်ရိုးအသစ်နဲ့ ၀င်ရိုးတွေ များလာတယ်လို့ ဆိုရပါမယ်။ ယနေ့ကမ္ဘာကြီးမှာ တသီးတခြား တစ်ထီးတစ်နန်း နေလို့ မရတော့ပါဘူး၊ အကျိုးစီးပွားချင်း တူရာတူရာ စုရတော့မယ့် အနေအထားမှာ ရောက်နေပြီ ဆိုတာ သတိပြုမိ နေကြပါပြီ။
အိန္ဒိယနဲ့ တရုတ်၊ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ သိပ်မတည့်ကြတဲ့နိုင်ငံ တွေပါ၊ NATO အဖွဲ့ဝင် တူရကီဆိုလည်း ဒီလိုပါပဲ။ အမေရိကန်ကို ဆန့်ကျင်ပြီး သူ့လမ်းသူ လျှောက်တယ်၊ အကျိုးစီးပွား တူရာချင်း၊ တန်ဖိုးတူရာချင်း စုစည်းမိကြတဲ့ သဘောကို တွေ့ရပါတယ်။ အချို့ နေရာတွေမှာ လစ်ဘရယ်နဲ့ ဒီမိုကရေစီ နေရာမှာ မျိုးချစ်စိတ်နဲ့ အမျိုးသားရေး လက္ခဏာတွေ မသိမသာ အစားထိုးလာ နေတာကိုလည်း မြင်အောင် ကြည့်စေချင်ပါတယ်။ (ဥပမာ- အီတလီနိုင်ငံရေး အပြောင်းအလဲ)၊ ဦးဆောင်သူတွေ ပြောင်းလဲလာမယ့် အနေအထားနဲ့ ဖန်တီးရှင်တွေ ပေါ်ထွက်လာမယ့် အခြေအနေတွေကို မျက်ခြည်ပြတ်လို့ကတော့ ကိုယ်ခံရမယ့်ကိန်း ဆိုက်သွားနိုင်ပါတယ်။
ကြည့်ပါ၊ အမေရိကန်ရဲ့ မဟာမိတ် အဖြစ် ရပ်တည်ခဲ့ကြတဲ့ အရှေ့အလယ်ပိုင်း ဆော်ဒီနဲ့ ယူအေအီးက ရုရှားနဲ့ ပိုနီးစပ်သွားခဲ့ပါပြီ၊ အိန္ဒိယလည်း ထို့အတူပါပဲ။ ထိုင်ဝမ်အရေးကြောင့် တရုတ်ဟာ အမေရိကန်နဲ့ ပိုတင်းမာသွားပြီး ရုရှားနဲ့ပိုနီးစပ်သွားပါပြီ၊ ယခုလို မိမိပြိုင်ဘက်တွေ ခိုင်မြဲလက်တွဲ သွားခြင်းဟာ အမေရိကန်အတွက် မကောင်းဘူးလို့ သူကိုယ်တိုင် ယူဆပြီးလည်း ဖြစ်ပါတယ်။
သို့ပေမယ့် တချို့မလိုလားအပ်တဲ့ နိုင်ငံရေး စတန့်တွေကြောင့် ယုံကြည်အားကိုးမှု လျော့လာကြတယ်၊ အဆိုးဆုံးက ဒီမိုကရေစီအပေါ် တန်ဖိုးထားမှု ယုတ်လျော့လာပြီး မတည်ငြိမ်မှုတွေ များလာတယ် ဆိုတဲ့ အချက်တွေကိုတော့ သူကိုယ်တိုင် သဘောပေါက်ပုံ မရသေးပါဘူး။ ဒါဟာ အနာဂတ် ကမ္ဘာကြီးအတွက် မကောင်းတဲ့ အလားအလာပါ။ တာဝန်ယူ တာဝန်ခံမှု မရှိသေးသ၍ ဒီလို သက်ရောက်မှုတွေကနေ ဆင်းရဲတဲ့ နိုင်ငံတွေရော ချမ်းသာတဲ့ နိုင်ငံများပါ မလွတ်နိုင်သေးဘူးဆိုတာ အမြဲသုံးသပ်နေရမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံတည်းရဲ့အတ္တကြောင့်ဆိုတာ မြင်လာကြပြီ
အမေရိကန်ရဲ့ ဩဇာကျဆင်းနေပြီလို့ ယခင် အင်္ဂလန် ဝန်ကြီးချုပ်ဟောင်း တစ်ယောက်က လန်ဒန် ဖိုရမ်တစ်ခုမှာ ၀န်ခံပြောကြားခဲ့တဲ့ အချက်ကိုလည်း သတိထားမိပါရဲ့။ ဒီအချက်ဟာ အမှန် ထင်ရှားလာနေတဲ့ အချက်ပါ၊ နိုင်ငံရေး ဘက်မှာရော စီးပွားရေးမှာပါ ဖြစ်ပါတယ်။ နိုင်ငံရေး အရတော့ အာဖဂန်ပြည်တွင်း စစ်၊ ဆီရီးယားစစ်ပွဲတွေမှာ အမေရိကန်တို့ အရေးမသာခဲ့မှုက ဩဇာကျဆင်းမှုကို မီးမောင်း ထိုးပြနေသလို ယခုဖြစ်ပွားဆဲ ယူကရိန်းစစ်မှာကော အမေရိကန်နဲ့ NATO ရဲ့ ဂုဏ်သိက္ခာဟာ ပိုပြီးကျဆင်း လာသလို ဖြစ်နေပါတယ်။
ယူကရိန်းစစ်ဟာ အမေရိကန်တို့ ဖန်တီးလို့ဖြစ်ရတယ်၊ အမေရိကန်တို့ရဲ့ တစ်ကိုယ်ကောင်းဆန် မှုကြောင့် စစ်ပွဲဟာ မပြီးနိုင် မစီးနိုင် ဖြစ်နေတယ်၊ အမေရိကန်တို့ အတ္တကြောင့် ယူကရိန်း နိုင်ငံပျက်စီးပြီး ပြည်သူတွေ ဒုက္ခဆင်းရဲ ရောက်ကြရတယ်ဆိုတာ ကမ္ဘာ့ပြည်သူတွေ သိသထက် သိလာနေကြပြီဖြစ်တယ်။ ယူကရိန်းစစ်ရဲ့ ရလဒ်ကို EU ပြည်သူတွေခံစားနေရပုံက ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူအောင် ဖြစ်နေရတယ်၊ အမေရိကန်နောက် လိုက်မိလို့ အမှောင်ထဲမှာ အေးခဲပြီး ဒုက္ခဆိုးတွေ ခံစားကြရမယ့် ဥရောပပြည်သူရဲ့ မကျေနပ် ချက်တွေကို ဟန်ဂေရီနိုင်ငံက EU ထံက ခွဲထွက်မယ်ဆိုတဲ့တဲ့ သာဓကတစ်ခုက သက်သေပြနေပါတယ်။
အားကိုးတကြီး စောင့်ကြည့်ရမည့် ဗဟု၀င်ရိုးစုံ
စီးပွားရေး မျက်နှာစာမှာလည်း ထိုနည်းအတိုင်းပါပဲ။ နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ ဒေါ်လာရဲ့ ဩဇာ လွှမ်းမိုးမှုကို လျှော့ချဖို့ ကြိုးစားလာကြပြီ ဖြစ်ပါတယ်။
ရုရှား ရူဘယ်လ်၊ တရုတ်ယွမ်၊ အိန္ဒိယ ရူပီးတို့ အချင်းချင်း ဖလှယ်ကြမယ့် အစီအစဉ်ဟာ ခရီးရောက်လာနေပြီ ဖြစ်ပါတယ်။
ဒေါ်လာအနိုင်ကျင့်မှုဆိုတဲ့ သုံးသပ်ချက်နဲ့အတူ ဒီလိုကြားခံငွေကြေး အပြောင်းအလဲကို EEF ဖိုရမ်မှာ ကတိပြု ပြောကြားခဲ့ကြမှုများကိုလည်း ကြားသိခဲ့ကြပြီး ဖြစ်ပါတယ်။
ယနေ့ကမ္ဘာကြီးကို ကြည့်လိုက်တဲ့အခါမှာ လောဘကြီး တစ်ကိုယ်ကောင်း ဆန်လွန်းပြီး ဗိုလ်ကျစိုးမိုးနေတဲ့ ခေတ်သစ် ကိုလိုနီနယ်ချဲ့စနစ်တွေဟာ မနှေးအမြန် နိဂုံးချုပ်တော့မလား မြင်ယောင်နေမိပါတယ်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးပြဿနာများစွာနဲ့ အတူ မဟာမိတ်အသစ်၊ ကစားပွဲအသစ် အသစ်တွေနဲ့ အခင်းအကျင်းအသစ် အသစ်တွေလည်း ထွက်ပေါ် လာနေဦး မှာဖြစ်ပါတယ်၊၊
တချို့က ရေတိုမဟာမိတ်၊ တချို့က ရေရှည်မဟာမိတ် ဖြစ်ကောင်းဖြစ်ပါမယ်။ အင်အားပြ ပါဝါကိုင်ပြီး ကိုယ့်အရည် အသွေးကို ကိုယ်အလုအယက် ပြနေကြဦးမှာ ဖြစ်ပါတယ်။ မိမိဩဇာလွှမ်းဖို့ မလျော်ဩဇာ သုံးကြဦးမှာပါပဲ။ စစ်တစ်ခုကို ဖန်တီးပြီး အခြားစစ်တစ်ခုဖြစ်ပေါ် အောင် မီးမွှေးခြင်းရဲ့ အမှားတွေက မိမိရဲ့ မဟာမိတ်တွေကို အကွဲကွဲ အပြားပြား ဖြစ်သွားစေတဲ့အထိ၊ စီးပွားရေးသွက်ချာ ပါဒကနေ ဖရိုဖရဲနိုင်ငံရေး အပြိုအပျက် တွေကို ဘယ်လိုဘယ်ပုံ အချိန်မီကုစားကြမလဲ၊ ၀င်ရိုးတန်း အသစ်အသစ်တွေရဲ့ စုစည်းညီညွတ်စွာနဲ့ ဆောင်ရွက်နိုင်စွမ်းရှိမယ့် မြင်ကွင်းအသစ်တွေကို အားကိုးတကြီးနဲ့ စောင့်ကြည့်နေရုံသာဖြစ် ပါတယ်။
အဓိကအချက်က ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အပြိုင်အဆိုင်တွေ ကြားထဲ အလွန်အကျွံ ဖြစ်ပြီး ကြားမညှပ်ဖို့ကို ဂရုပြုရပါမယ်။ “နိုင်ငံတကာ ဆက်ဆံရေးမှာ အမြဲတမ်း ရန်သူ အမြဲတမ်းမိတ်ဆွေ ဆိုတာ မရှိ၊ ထာ၀ရအကျိုးစီးပွားသာ ရှိသည်” ဆိုတဲ့ သဘောတရားနဲ့အတူ စုပေါင်းဦးဆောင်၊ စုပေါင်းပါ၀င်၊ စုပေါင်းလှုပ်ရှား၊ တာ၀န်ယူ တာ၀န်ခံမှုအပြည့်၊ ဘက်မလိုက်ဘဲ မျှမျှတတနဲ့ ပါ၀င် ဖွဲ့စည်းထားကြတဲ့ Multilateralism သဘောပါတဲ့ အဖွဲ့အစည်းတွေဟာ ပိုပြီးယုံကြည် စိတ်ချအားကိုးရမယ်လို့ ယူဆမိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်များဟာ အမြော်အမြင် ကြီးမားပြီး ရည်မှန်းချက်လည်း ကြီး၊ ဆင်ခြင်တုံ တရားနဲ့လည်း ပြည့်ဝကြပါတယ်။ လက်ရှိအခြေအနေအရ ကမ္ဘာ့စစ်ပွဲကြီး တစ်ခုခုဟာ ဘယ်နိုင်ငံ ဘယ်ဒေသတစ်ခုကမဆို အချိန်မရွေး ပေါ်ပေါက်လာနိုင် ပါတယ်။ အမျိုးသား စီးပွား အဓိကထားတဲ့ နိုင်ငံများအကြား ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံရေးကောင်းများ တိုးချဲ့တည်ဆောက် ထားနိုင်မှသာ စိန်ခေါ်မှုတွေ ခြိမ်းခြောက်မှုတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
လွန်ဆွဲပွဲတွေကြားထဲ မျှတအောင် နေထိုင်ရင်း ကျွန်တော်တို့ နိုင်ငံ ခေါင်းဆောင်များဟာ ကိုယ့်မဟာဗျူဟာ အကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ နိုင်ငံကို တည်ငြိမ်အောင်နဲ့ ပြည်ထောင်စု ကြီး မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစတဲ့ ဒို့အရေးသုံးပါးကို လည်း ကြိုးပမ်း တည်ဆောက်နေကြ ပါတယ်။
စီးပွားရေးကို ထိခိုက်မှုနည်းအောင် လုပ်ပြီး စီးပွားရေး အလျင်အမြန် နာလန်ထူရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကောင်းအောင်နဲ့ ကမ္ဘာကြီးတည်ငြိမ် အေးချမ်းရေးအတွက်ပါ အပေါင်း လက္ခဏာဆောင်တဲ့ မိတ်ဖက်နိုင်ငံများနဲ့အတူ အမြော်အမြင်ရှိရှိ၊ အရည်အသွေး ပြည့်ပြည့်ဝဝနဲ့ ကြိုးပမ်းအားထုတ် နေကြတဲ့ သာဓကတွေကို EEF နဲ့ SCO အခင်းအကျင်းများမှ တစ်ဆင့် ထင်ထင်ရှားရှား မြင်တွေ့နေရပါကြောင်း ရေးသားလိုက်ရ ပါတယ်။ ။