Skip to main content

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး အစဉ်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည့် မြန်မာအမျိုးသမီးများ

ရှေးခေတ်မြန်မာအမျိုးသမီးများ၏ စံနမူနာယူဖွယ် ဝတ်စားဆင်ယင်မှုများကို တွေ့ရစဉ်
ရှေးခေတ်မြန်မာအမျိုးသမီးများ၏ စံနမူနာယူဖွယ် ဝတ်စားဆင်ယင်မှုများကို တွေ့ရစဉ်

ဒေါက်တာမြတ်မြတ်အုန်းခင်

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် စည်းလုံးညီညွတ်စွာ ချစ်ခင်ပေါင်းစည်း မှီတင်းနေထိုင်ကြသည့် မြန်မာတို့သည် ပင်ကိုသဘာဝ အားဖြင့် တည်ငြိမ်လေးနက်၍ သဘောထားဖြူစင်သူများ ဖြစ်ပါသည်။ မိမိတို့အား အရင်းခံစိတ်ထားဖြင့် ချစ်ခင်လေးစား တတ်သူများကိုလည်း ချစ်ခင်ရင်းနှီးမှု၊ ဖော်ရွေပျူငှာမှုတို့ဖြင့် တုံ့ပြန်တတ်ပါသည်။ ထိုမျှမက သနားကြင်နာတတ်သော နှလုံးသားပိုင်ရှင် မြန်မာအမျိုးသမီးများမှာ သာ၍ပင် သဘောဖြူအူစင်း၊ စိတ်ထားနူးညံ့ ပျော့ပျောင်းကြပါသည်။

ဤအရည်အသွေးများအပြင် မြန်မာတို့၏ စရိုက်လက္ခဏာနှင့် လူမှုတန်ဖိုး (Social Values) များဖြစ်သည့် ရိုးသားဖြူစင်သော စိတ်ဓာတ်၊ ယဉ်ကျေးပျူငှာသော အမူအကျင့်၊ ဘာသာရေး ကိုင်းရှိုင်းသော အစဉ်အလာ၊ ကူညီရိုင်းပင်းတတ်သော အလေ့အထ၊ အများအကျိုး စုပေါင်းဆောင်ရွက်တတ်သော ဓလေ့စရိုက်၊ ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား မြင့်မားမှုကို အခြေခံသည့် ကိုယ်ရည်ကိုယ်သွေးများ ထိန်းသိမ်းနိုင်မှုသည် အာရှ၏ ကိုယ်ပိုင်လက္ခဏာ အသွင်အပြင်တစ်ခုအဖြစ် မြန်မာလူမျိုးတို့ ထင်ရှားရခြင်းပင် ဖြစ်ပါသည်။

ဇာတိပုည- ဂုဏ်မာန၊ ထိန်းသိမ်းကြသည့် သဘာဝ

မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်နှင့် ဇာတိပုညဂုဏ်မာနဟူသည့် စောင့်ထိန်း အပ်သောတရားတို့ကို အစဉ်အလာမပျက် စောင့်ထိန်းကြပါသည်။ ဂုဏ်ဟူသည်မှာ ပါဠိ ဘာသာစကားဖြစ်၍ သက်ရှိသက်မဲ့တို့၏ အရည် အချင်း၊ အစွမ်းသတ္တိကိုဆိုလိုပါသည်။ ဇာတိဟူသည်လည်း ပါဠိဘာသာစကားဖြစ်၍ မျိုးရိုးမျိုးနွယ်၊ ဇာတိစိတ်ဟူသည် ဗီဇစိတ်ဖြစ်ပြီး ဇာတိဉာဏ်မှာ မွေးကတည်းက ပါလာသော ပင်ကိုဉာဏ် ဖြစ်ပါသည်။ ဇာတိမာန်မှာ အမျိုးအနွယ်ကို စွဲ၍ဖြစ်သော မာန်မာန ဖြစ်ပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ကြိုးပမ်း တတ်သော သတ္တိကိုမူ ဇာတိသွေးဟု ခေါ်ပါသည်။

အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ (National Characteristics) မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများသည် တစ်မျိုးသားလုံး ဆောင်ရွက်ကြရမည့် အရေးကိစ္စ (National Concern) ဖြစ်ပါသည်။ စာရေးသူတို့ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အနေဖြင့်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက် ဆောင်ရွက်ဖွယ် လုပ်ငန်းများကို မမေ့မလျော့ သတိပြုဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ရာဇဝင်စာတင်ခဲ့သည့် အမျိုးသမီးများ

မြန်မာ့ရာဇဝင်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းကြရာ၌ ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ ညွှန်းဖွဲ့ စာတင်လောက်သည့် မြန်မာအမျိုးသမီးများစွာ ရှိခဲ့ဖူးပါသည်။ စာရေးသူ မှတ်သားသိရှိသမျှ တင်ပြရလျှင် ရှေးကျမ်းစာများ၌ အများက ချီးကျူး စံတင်လောက်အောင် မှတ်တမ်းဝင်သော တော်ဝင် မိန်းမမြတ်လေးယောက် ရှိခဲ့ဖူးပါသည်။ ၎င်း တော်လေးဝဝင် မိန်းမကောင်း၊ မိန်းမမြတ်တို့မှာ မဟော်သဓာသုခမိန်၏ ဇနီး အမရာဒေဝီ၊ စန္ဒကိန္နရာ ၏ဇနီး စန္ဒကိန္နရီ၊ ဝေဿန္တရာ မင်းကြီး၏ မိဖုရား ‌မဒ္ဒီဒေဝီ၊ သောတ္တိသေနမင်း၏ မိဖုရား သမ္ဘူလဒေဝီတို့ ဖြစ်ပါသည်။ ၎င်းလေးဦးသည် မည်သူတရား ပျက်ပျက် - ကိုယ်မပျက်သော၊ မိမိတို့၏ခင်ပွန်းနှင့် ဆင်းရဲအတူ၊ ချမ်းသာအမျှ မျှဝေခံစားနိုင်သော ပါရမီဖြည့်ဘက် မိန်းမကောင်း၊ မိန်းမမြတ်များ ဖြစ်ကြပါသည်။

ဘုရားရှင် လက်ထက် သုပ္ပိယာဟူသော အမျိုးသမီးမှာ သူနာရဟန်းကို ထူးချွန်စွာပြုစုရာတွင် အသာ ဆုံး၊ အမြတ်ဆုံး ဂိလာနဌာဘိဧတဒဂ် ရသည်အထိ ထူးချွန်ခဲ့ပါသည်။ ဝိသာခါကျောင်းအမကြီး သည်လည်း ယနေ့အထိ မသိသူမရှိ ထင်ရှားပါသည်။ ဟံသာဝတီခေတ်မှ ရှင်စောပုအမည်ရှိ ဘုရင်မကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မဖြစ်ပါသည်။ အထက်တွင်ဆိုခဲ့သည့် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလဟူသော တော်လေးဝဝင် အမျိုး သမီးများ၊ သမိုင်းတွင် စာတင်လောက်သည့် အမျိုး သမီးစာဆိုများ များစွာရှိခဲ့ဖူးပါသည်။ ပုခက်လွှဲသော လက်သည် ကမ္ဘာကိုစိုးမိုးနိုင်သည်ဟူသော စကားပုံကဲ့သို့ အမျိုးသမီးများသည်လည်း အမျိုးသားများနှင့်တန်းတူ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာပြီ ဖြစ်ပါသည်။

ကောင်းခြင်းငါးဖြာ၊ ရှေးအစဉ်အလာ

မြန်မာအမျိုးသမီးများ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားအောင် ထိန်းသိမ်း စောင့်ရှောက်ရာတွင် အချက်တစ်ရပ်အဖြစ် အမျိုးသမီးများအတွက် ကောင်းခြင်းငါးဖြာဟူသော ရှေးရိုးအစဉ်အလာ စံသတ်မှတ်ချက်များ (Standard Norms) ရှိပါသည်။ ၎င်းတို့ကို မဟာဝဂ္ဂသံယုတ်နှင့် ဓမ္မပဒအဋ္ဌကထာတွင်-

ကေသာကလျာဏ - နက်မှောင်ရှည်လျားသော ဆံပင်၏ကောင်းခြင်း၊

ဝယကလျာဏ - (၁၆)နှစ်အရွယ် ပျိုမျစ်နုနယ် ငယ်ရွယ်သော အရွယ်၏ ကောင်းခြင်း၊

မံသကလျာဏ - စိုပြည်ပြည့်ဖြိုးသော အသားစိုင်များ၏ ကောင်းခြင်း၊

အဋ္ဌိကလျာဏ - တင့်တယ်လှပသော အရိုး အဆစ်၊ အကြောများ၏ ကောင်းခြင်း၊

ဆဝီကလျာဏ - ဝါရွှေသန့်စင်သော အရေအဆင်း၏ ကောင်းခြင်းဟု ဖော်ပြထားပါသည်။

အမျိုးသမီးများ၏ အလှကျက်သရေနှင့် အချင်းအား မြန်မာမှုအနုရသစာပေများတွင် ဖော်ပြထားရာ စိန္တကျော်သူ ဦးသြက ဩဝါဒထူးပျို့အချင်းသိရာ ၁၀ ပါးတွင် “မိန်းမမူနည်၊ အချင်းသည်ကား၊ တည်ကြည်သိပ်သည်း၊ စောင့်စည်းမွေ့သိမ်၊ ငြိမ်ဆိမ် ဆေးလေး၊ အရေးမြင်မှ၊ သိသာရ၏” ဟု လည်းကောင်း၊ အဆင်တန်ဆာ ၁၄ ပါးတွင် “မိန်းမမူကား၊ တည်ကြား စောင့်ရှောက်၊ ယွင်းမဖောက်ဘဲ၊ စောင့်ရှောက် ခြင်းလျှင်၊ တန်ဆာဆင်၏” ဟုလည်းကောင်း၊ “ရွယ်အင်လွန်သူ၊ မိန်းမဟူကား၊ မူယူငြိမ်ဆိမ်၊ မွေ့သိမ်ခြင်းသည်၊ တန်ဆာဆင်၏” ဟု လည်းကောင်း။

ရတနာပုံခေတ်ကာလအလိုက် အမျိုးသမီးများ၏ ဆံကေသာအလှမှာ သုံးတောင်ထွာအထိ ရှည်လျားကာ နက်မှောင်လှပကြောင်း စာဆိုကျော် စလေဦးပုည၏ “သိကြားမှိုင်” အမည်ရှိ တေးထပ်တွင် “ပန်းချီရှုံးတဲ့တော့် ဘုန်းခေါင်နှယ်၊ တစ်ကျော့ ထုံးနှောင် ကေသီလျော့နှင့်၊ သုံးတောင်ထွာကျော် လျော့ရွှေကေခိုင်၊ ပိတုန်းမင်းညွန့်ဆိုင်” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

“ယောကျ်ားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး”ဟု ဆိုရိုးစကားရှိပါသည်။ မြန်မာ့သနပ်ခါးနံ့ သင်းပျံ့ပျံ့လိမ်းကျံ၍ မြန်မာဆန်ဆန် ရှည်လျား ပျော့ပျောင်းသော ဆံနွယ်ကလေးများနှင့် ဗိုင်းကောင်းကျောက်ဖိ အမျိုးကောင်းသမီးပျိုကို မြင်ရသည်မှာ လွန်စွာ စိတ်အေးချမ်းဖွယ်ရာ ဖြစ်ပါ သည်။ စတစ်ကော်လာအင်္ကျီ၊ တိုက်ပုံနှင့် ရခိုင်ပုဆိုး၊ ဂန့်ဂေါပုဆိုး ဝတ်ဆင်ထားသည့် မြန်မာအမျိုးသားများကို တွေ့ရသည်မှာလည်း ကျက်သရေ ရှိလှပါသည်။ ယခုအခါ မြန်မာနိုင်ငံရောက် နိုင်ငံခြားသား များသည်ပင်လျှင် အမျိုးသမီးဖြစ်ပါက မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီ၊ ယောထဘီဝတ်ဆင်လာသကဲ့သို့ အမျိုးသားများသည်လည်း စတစ်ကော်လာအင်္ကျီ နှင့်ပုဆိုးတို့ အမြတ်တနိုး ခုံမင်နှစ်ခြိုက်စွာ တန်ဖိုးထား ဝတ်ဆင်လာကြသည်ကို တွေ့မြင်ရသည်မှာ ကျက်သရေရှိလှပါသည်။

တောင်းမှာအကွပ်၊ လူမှာအဝတ်

အကြောင်အကြား ဆေးဆိုးထားသော ဆံပင်တို ကုပ်ဝဲ လည်ဟိုက်အင်္ကျီနှင့် ကိလေသာရာဂ ဖြစ်ပွား စေသော ဝတ်ဆင်မှုများသည် ရာဂစိတ်လွန်ကဲသူ များအား ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေနိုင်ပါသည်။ မမြင်သင့်သည်များ မြင်မိပါက မလိုလားအပ်သော ပြဿနာဖြစ်ပေါ်နိုင်၍ ရှောင်ရှားသင့်ပါသည်။ “သတိတမန် ဉာဏ်မြေကတုတ်”၊ စိတ်ဆင်ရိုင်းကို ပညာဉာဏ် ချွန်းနှင့်မအုပ်ဘဲ (ဝါ) အမှားအမှန် မဆင်ခြင်ဘဲ စိတ်အလိုလိုက်မိပါက “ဆူးပေါ် - ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ် - ဆူးကျ ဖက်ပေါက်” ဟူသည့် စကားပုံကဲ့သို့ မိန်းကလေးသာလျှင် ဒုက္ခ ခံစားရမည်ဖြစ်ပါသည်။ “တောင်းမှာအကွပ်၊ လူမှာအဝတ်” ဟူသကဲ့သို့ ဝတ်စားဆင်ယင်ခြင်းမှာများစွာ အရေးကြီးပါသည်။ ပြည်ပ ယဉ်ကျေးမှုများ ဖြစ်သော စကတ်တိုနံ့နံ့၊ ဗိုက်သားဖော်ဘောင်းဘီအကျပ်များ ဝတ်ဆင်ခြင်း၊ ထဘီအား ဘေး-အလယ်-ရှေ့၊ အောက်ခွဲ၍ ဝတ်ဆင်ခြင်း၊ အမျိုးသားများနှင့် အမျိုးသမီး မိန်းကလေးများ ခွဲခြားမရအောင် ဆံပင်ကုပ်ဝဲများ ထားခြင်း၊ ဖာထေးရာ စုတ်ပြဲရာဗရပွဖြင့် မီးခိုးမှိုင်း မိထားသကဲ့သို့ ညစ်ထေး စုတ်ပြတ်သတ်နေသည့် အင်္ကျီများ၊ သံကြိုးများ ပါသော ဘောင်းဘီဖင်ကျပ်နှင့် နားဆွဲများ၊ လက်ကောက်များ ဝတ်ဆင်ခြင်းမှာ အမြင်မတင့်တယ်ပေ။ ထိုမျှမက ခန္ဓာကိုယ်နေရာအနှံ့ အပြား၌ အနောက်နိုင်ငံမှ လူအချို့ရေးထိုးသည့် လူဦးခေါင်းပုံ အရိုးပုံများ၊ ဘီလူးပုံ၊ သရဲပုံ စသည့် ကြောက်စရာရုပ်ပုံ ဆေးမင်ကြောင်ရုပ်များ၊ တက်တူးများ တုပရေးထိုးခြင်း(Tatooing) သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာဖြစ်၍ အထူး ဆင်ခြင်သင့်ပါသည်။ ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင်လည်း မလိုလားအပ်သည့် ကူးစက်ရောဂါများ ရရှိနိုင်ကြောင်း သတိမူသင့်ပါသည်။

အရှေ့တိုင်းသည် အနောက်တိုင်းနှင့် မတူညီပါ။ “လှစေချင်လို့ သွားကြောင်တိုက်၊ ရေစီးကမ်းပြို လိုက်” ဖြစ်တတ်ပါသည်။ “ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဟူသည်ကို သတိချပ်သင့် ပါသည်။ ခေတ်မီခြင်းနှင့် ခေတ်ဆန်ခြင်း မတူညီပါ။ သရုပ်ပျက် ခေတ်ဆန်လွန်းခြင်းသည် “အကွပ်မဲ့ ကြမ်း ပရမ်းပတာ” ဖြစ်သကဲ့သို့ စည်းကမ်းမဲ့ခြင်း၊ ရိုင်းစိုင်းခြင်းသို့ ဦးတည်လျက်ရှိကြောင်း သိရန်လို ပါသည်။ ထိုအခြေအနေကို အားပေးအားမြှောက် ပြုပါက “သဲထဲရေသွန်၊ အဆိပ်ပင်ရေလောင်း” ဟူ သကဲ့သို့ အကျိုးယုတ်ဖွယ်သာ ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုစရိုက် လက္ခဏာ ပျောက်ဆုံးသွားမည် ဖြစ်ပါသည်။

အရိုးကို အရွက်မဖုံး၊ အလှတွင် အယဉ်ဆင့် ဂုဏ်တင့်စေလို

မြန်မာအမျိုးသမီးများသည် မြတ်စွာဘုရားရှင်၏ အဆုံးအမ (၃၈)ဖြာမင်္ဂလာ တရားတော်နှင့်အညီ သူတော်ကောင်းတို့ ကျင့်ကြံကြိုးကုတ် အားထုတ်ကြသည့် သူတော်ကောင်းတရားများ၊ မဂ္ဂင်ရှစ်ပါး၊ ဟီရိသြတ္တပ္ပတရား၊ အပရိဟာနိယတရား ခုနစ်ပါးတို့ လက်ကိုင်ကျင့်သုံးပါက အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရာ ရောက်မည်ဖြစ်သကဲ့သို့ စီးပွားဥစ္စာ တိုးတက်ပွားများမည်သာ ဖြစ်ပါသည်။ မြန်မာအမျိုး သမီးများသည် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများကို သိရှိ၍ စောင့်ထိန်းရန် လိုပါသည်။

 မြန်မာ့အလှ၊ မြန်မာဂီတနှင့် မြန်မာ့အကကို ကမ္ဘာက အာရုံစိုက် ရင်သပ်ရှုမော အံ့သြနေချိန်တွင် မိမိတို့က အနောက်တိုင်း တေးဂီတများကို မြန်မာမှု ဂီတထက် ဦးစားမပေးသင့်ပါ။ တလွဲဆံပင်ကောင်းကာ အမေကျော် ထွေးတော်လွမ်းနေပါက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေးတတ်ပါသည်။ ယဉ်ကျေးမှုဟူသည် နိုင်ငံတိုင်း၏ စောင့်ထိန်း အပ်သော ရိုးရာအမွေအနှစ် ရတနာပင် ဖြစ်ပါသည်။ “ဆင်စွယ်မှန်လျှင် ပိုးမစား”ပါ။ အမျိုးသား ယဉ်ကျေးမှုကို မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ထိန်းသိမ်းစောင့်ရှောက်ရာတွင် “အရိုးကို အရွက် မဖုံး”စေဘဲ အလှတွင် အယဉ်ဆင့်မှ ဂုဏ်တင့်မည် ဖြစ်ပါသည်။

မျိုးစေ့မှန်မှ အပင်သန်မည်

အမျိုးသမီးများသည် ပထဝီမြေကြီးနှင့် တူပါသည်။ ပထဝီမြေကြီးပေါ်သို့ မျိုးစေ့ကောင်း စိုက်ပျိုး ပါက ကောင်းမွန်သော အပင်ကောင်း၊ အသီးကောင်း ရရှိမည်သာ ဖြစ်ပါသည်။ “မျိုးစေ့မမှန်၊ ပင်မသန်၊ တံငုံကင်း၊ အသီးဖျင်း” ဟူသကဲ့သို့ မျိုးစေ့မမှန်သည့် အပင်စိုက်လျှင်လည်း ၎င်းနှင့်တူသည့် အပင်များပင် ပေါက်မည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မျိုးဆက်သစ်များ ရှင်သန်ဖွံ့ဖြိုး သန့်ရှင်းကောင်းမွန်ရေး အတွက် အမျိုးသမီးများက အဓိကအကျဆုံး ဖြစ်ကြောင်း သတိရှိဖို့ လိုအပ်ပါသည်။ မြန်မာအမျိုးသမီးများ အနေဖြင့် မိမိတို့နိုင်ငံအား နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန်အတွက် မြှင့်တင်သွားကြမည့် ပညာတတ် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေး လုပ်ငန်းတာဝန်ကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူပြီး မျိုးဆက်သစ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံထူးချွန် ထက်မြက်စေရေး ပြုစုပျိုးထောင် သွားကြရန် လိုအပ်ပါသည်။ မျိုးဆက်သစ်များအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူသွားကြမည့် သူများဖြစ်ကာ ခေတ်မီနည်းပညာ တတ်ကျွမ်းပြီး စွမ်းရည်မြင့်မား နေရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်မှု၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လေးစားလိုက်နာတတ်မှု စသည့် နိုင်ငံကြီးသား ကိုယ်ရည်ကိုယ်သွေး များနှင့်လည်း ပြည့်ဝ နေရန် လိုအပ်ပါသည်။

ကမ္ဘာ့နိုင်ငံအများ မည်သို့ပင် ဆက်စပ် ယှက်နွှယ် ပြောင်းလဲလာစေကာမူ မြန်မာနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား၊ အမျိုးသားရေးတန်ဖိုးနှင့် အမျိုးသားရေးစံနှုန်းများ လျော့ပါး ပျောက်ပျက် မသွားစေရေး အတွက် သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေး အစီအစဉ်သစ်များတွင် လည်းကောင်း၊ သုတေသနလုပ်ငန်းများတွင် လည်းကောင်း၊ အစဉ်အမြဲသတိပြု၍ အကောင်အထည်ဖော်ရန် နိုင်ငံတကာ လုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ စွမ်းရည်မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေရေး ပေါ်ထွန်းလာသည့် မျိုးဆက်သစ်များအနေဖြင့် တိုင်းကျိုးဂုဏ်ဆောင် အရည်အသွေးနှင့် ပြည့်ဝစေ ရေးတို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် တည်ရှိနေသည်ဟု ရှင်းလင်းစွာ သဘောပေါက်ရန် လိုအပ်ပါသည်။

ယနေ့ Globalization နှင့် သတင်းမီဒီယာ ခေတ်တွင် ကြားသိနေကြရသည့် အတိုင်း မြန်မာ မိန်းကလေးများကို တစ်ဖက်နိုင်ငံသို့ပို့ရန် နည်းမျိုးစုံသုံးပြီး လူကုန်ကူးခြင်း၊ မိမိနိုင်ငံ ယဉ်ကျေးမှုနှင့် မကိုက်ညီသော အခြားနိုင်ငံများ၏ လွဲမှားသည့် ယဉ်ကျေးမှုများကို အတုယူမှားစေရန်အတွက် ကဏ္ဍစုံ၊ နည်းမျိုးစုံသုံး မက်လုံးပေး ဆွဲဆောင်ခြင်းများ ပုံသဏ္ဌာန် အမျိုးမျိုးနှင့် မရိုးနိုင်အောင် ရှိနေပါသည်။ နိုင်ငံတော် အစိုးရကလည်း လူကုန်ကူးမှု ပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါသည်။ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များ (Social Protection Strategic Plans) ကို တစ်နိုင်ငံလုံး လွှမ်းခြုံချမှတ် အကောင်အထည် ဖော်နေသကဲ့သို့ မြန်မာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် များကိုလည်း ဖော်ထုတ် ထိန်းသိမ်းလျက် ရှိပါသည်။ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဘက်စုံကဏ္ဍစုံက အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 မြန်မာအမျိုးသမီးများ မြန်မာလိုလှစေချင်

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းသည် အသိအလိမ္မာနှင့် ပညာကို အလေးအမြတ်ထားသော လူ့အဖွဲ့အစည်း ဖြစ်ပါသည်။ မြန်မာအမျိုးသမီးများ အနေဖြင့် ပင်ကိုဗီဇ နူးညံ့သိမ်မွေ့မှု၊ စိတ်ဓာတ် ကြံ့ခိုင်မှု၊ မွေးရာပါပင်ကို ဗီဇအရ “မိန်းမတို့ဣန္ဒြေ ရွှေပေး၍မရ” ဟူသကဲ့သို့ အရှက်၊ သိက္ခာ၊ ဣန္ဒြေ ကြီးမှုတို့မှာ ထူးခြားသော ဝိသေသများဖြစ်ပါသည်။

မြန်မာ အမျိုးသမီးများအနေဖြင့် ဂုဏ်ရည် ညှိုးနွမ်းစေမည့်ကိစ္စများ ရှောင်ကြဉ်၍ အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ် တိုးတက်မြင့်မားစေမည့် နိုင်ငံနှင့် လူမျိုးအကျိုးပြု လုပ်ငန်းများကို နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထို့အပြင် စာပေချစ်စိတ်၊ ယဉ်ကျေးမှုချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိကာ ဘာသာတရား အဆုံးအမဖြင့် ကြီးပြင်းလာ၍ ပညာပြည့်ဝခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ တရားပြည့်ဝခြင်းများနှင့် ပြည့်စုံသူ မြန်မာအမျိုးသမီးများသည် အနာဂတ် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍများကို တတ်စွမ်းသည့်ဘက်မှ တာဝန်ယူ ဆောင်ရွက်ကြရမည့် သူများဖြစ်ပါသည်။ သို့ဖြစ်ရာ စာရေးသူတို့ မြန်မာအမျိုးသမီးများအားလုံး အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရင်း မြန်မာအမျိုးသမီးကောင်း လေးများ မြန်မာလိုလှစေချင်ပါသည်ဟု ဆန္ဒပြုရင်း အမိနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ အရင်းခံကာ အမျိုးသားများနှင့် ရင်ပေါင်တန်း၍ အမျိုးသမီးများ အားလုံးကျရာ အခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါစို့ဟု အပြုသဘောဆောင် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။