Skip to main content

အမှားသံသရာနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)

ဓမ္မဘက်တော်သားတစ်ဦး

ကုလသမဂ္ဂနဲ့ သူ့လက်အောက်ခံ အဖွဲ့အစည်းတချို့ရဲ့  မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဝေဖန်သုံးသပ် ပြောဆိုမှုတွေဟာ အတောမသတ်နိုင်ပဲ ရှိပါသေးတယ်။ အခုလည်း ကုလသမဂ္ဂအဖွဲ့ခွဲ တစ်ခုဖြစ်တဲ့ ဂျီနီဗာ အခြေစိုက် UNHRC လို့ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ သူ့ရဲ့ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံကို ပစ်မှတ်ထား စွပ်စွဲပြောဆိုခဲ့ပြန် ပါပြီ။

ယုတ္တိမတန်တဲ့ ပြောဆိုမှုမှန်သမျှအတွက် မြန်မာနိုင်ငံဘက်ကလည်း ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက် ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဘာကြောင့် ရှုတ်ချရပါသလဲ၊ ဘာကြောင့် ကန့်ကွက်ခဲ့ ပါသလဲ။ မြန်မာနိုင်ငံအပေါ် ဘယ်သောအခါကမှ အကောင်းမပြောခဲ့တဲ့ သူတွေ၊ အပြုသဘော မဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ မစိစစ်ဘဲ မမှန်ကန်တဲ့ အချက်အလက်တွေ အပေါ်သာ အခြေခံပြီး ကြိုတင် ဆွေးနွေးပွဲတွေနဲ့ ဖန်တီးပုံဖော်ပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေ ဖြစ်နေတဲ့ အတွက်ကြောင့် ပါပဲ။

လက်ခံလို့မရတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ဆိုတာ

ကုလလူ့အခွင့်အရေး ကောင်စီဟာ ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ဆိုပြီး ဖွဲ့စည်းခဲ့တာ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် စွပ်စွဲ ပြောဆိုနိုင်မယ့် အထောက်အထားတွေ ေစုစည်းပြီး ရရှိလာတဲ့ အချက်အလက်တွေ အပေါ်မှာ စိစစ် သုံးသပ်ရတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ၁၂ - ၉ - ၂၀၂၂ ရက်နေ့က တစ်ကြိမ်‌ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမှန်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ကိုယ်တိုင်က တရားရေးအဖွဲ့ အစည်းတစ်ခု မဟုတ်တဲ့အတွက် သက်တမ်းအကန့်အသတ်မရှိတဲ့ ဒီလိုယန္တရားမျိုးကို ဖွဲ့စည်းခွင့်လည်းမရှိ၊ ထူထောင်ခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ ဒီအဖွဲ့အတွက် ရန်ပုံငွေကိုတော့ အမေရိကန် အစိုးရက ပေးအပ်ထားတာ တွေ့ရပါတယ်။

IIMM က သူ့အတွက်ပေးတဲ့ ရန်ပုံငွေကိုတော့ လက်ခံပေမယ့် အဖွဲ့မှာ ဘယ်လို ဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားသလဲ၊ ဘယ်လို စိစစ်ကြပ်မတ်မလဲ၊ အဖွဲ့က စုဆောင်းထားတယ် ဆိုတဲ့ သုံးသန်းမျှသော အချက်အလက်တွေကို မှန်၊ မမှန် စိစစ်ခွင့်လည်း မရှိတဲ့အတွက် ဒီလို အဖွဲ့မျိုးကို တရားမျှတတဲ့ အဖွဲ့တစ်ခုအဖြစ် ဘယ်လိုစံနှုန်းတွေနဲ့ ဘယ်လိုသတ်မှတ်လို့ ရနိုင်ပါ့မလဲ၊ မြန်မာနိုင်ငံ အနေနဲ့ကတော့ ကိုယ်တိုင် လက်ခံ အသိအမှတ်ပြုထားခြင်း မရှိတဲ့ အဖွဲ့တစ်ခုရဲ့ အချက်အလက် ပေါ်မှာအခြေခံပြီး ပြောဆိုဆွေးနွေးမှု မှန်သမျှဟာ ဘယ်လိုမှလက်ခံလို့ မရဘူးဆိုတာ သိရှိထားသင့် ပါတယ်။

ပံ့ပိုးထားတဲ့ ငွေကြေးကြောင့် အပ်ကြောင်းထပ်နေတဲ့ အမှားအယွင်းများ

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)ဟာ မြန်မာနိုင်ငံကို အဘယ်သို့သော အချက်အလက်တွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ မည်သို့သော တွေ့ဆုံဆွေးနွေး ချက်တွေကို အခြေခံပြီး တစ်ဖက်သတ် ဝေဖန် ပြစ်တင်ခဲ့ပါသလဲ၊ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၊ UN လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ခေတ္တမဟာမင်းကြီးတို့နဲ့ ကနဦး အပြန်အလှန် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ “တစ်ခါလာ မဲပြာပုဆိုး” ဆိုသလို ထပ်တလဲလဲ စွပ်စွဲပြောဆို ချက်တွေ၊ တွေ့ရှိချက်တွေ၊ အသစ်အဆန်း မပါတဲ့ ကြိုတင်ပုံဖော်ထားတဲ့ အကွက်တွေနဲ့ နိုင်ငံတကာပြစ်မှုတွေကို အကြိမ်ကြိမ် အခါခါ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေသာ တွေ့ရပါ လိမ့်မယ်။

သေချာပါတယ်။ မြန်မာနိုင်ငံက ဘယ်လိုမှ လက်ခံလို့မရတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းနဲ့ ဘယ်တုန်းကမှ အသိအမှတ် မပြုထားတဲ့ လူမျိုးကိုပဲ ရှေ့တန်းတင်ပြီး ဝင်ရောက် စွက်ဖက်ရာကျတဲ့ အပြုအမူ တွေ၊ အပြောအဆိုတွေပဲ ဖြစ်နေပါတယ်။ နောက်ပြီး နယ်မြေရှင်းလင်း စစ်ဆင်ရေးဆိုတဲ့ အသုံးအနှုန်းတွေ၊ အထောက်အထား မရှိ ဘယ်ကရလို့ရမှန်းမသိ မမှန်ကန်တဲ့ လူသတ်မှုတို့၊ ညှဉ်းပန်း နှိပ်စက်မှုတို့၊ အရပ်သားတွေနဲ့ ကလေးတွေကို ပစ်မှတ်ထား ဖိနှိပ်ပစ်ခတ် သတ်ဖြတ် တယ်ဆိုတဲ့ အချက်တွေ၊ သေဒဏ်ပေးတယ်ဆိုတဲ့ ပြစ်တင်မှုတွေ... ထိုအရေးကိစ္စတွေသာ မပါရင် သူတို့စကား မပြောတတ်သလို ဘာမှ လည်းလုပ်တတ်မှာ မဟုတ်ပါဘူး။

အနောက်နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ငွေကြေးတွေ နဲ့ပံ့ပိုးထားတဲ့ မီဒီယာတွေ၊ NGO တွေရဲ့ အချက်အလက်တွေကို မရည်ညွှန်းဘဲ အခြေအနေမှန်ကိုသာ တင်ပြမိရင် ရနေတဲ့ ထောက်ပံ့ ရန်ပုံငွေ ဖြတ်တောက်ခံရနိုင်ပြီး စားပေါက် ပိတ်သွားနိုင်တဲ့အတွက် ဒီလိုပဲမျက်စိပိတ်၊ နားပိတ် မှားယွင်းမှုတွေ ဖြစ်နေရခြင်းလား သံသယ ဝင်မိပါတယ်။

သံသယဖြစ်စရာ ခွဲခြားစိတ်ဖြာ နိုင်စွမ်းမရှိတဲ့  ဝင်ရောက်စွက်ဖက်သူ‌တွေ

ဒီအတောအတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်း ကျေးရွာဖြစ်စဉ် တစ်ခုဟာ IIMM အတွက် မြန်မာနိုင်ငံအပေါ် နောက်ထပ် စွပ်စွဲချက်အသစ်တစ်ခု တိုးဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်သွားပြန်ပါတယ်။ အဖြစ်အပျက်အပေါ် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောရေးဆိုခွင့်ရှိသူရဲ့ အထောက်အထားနဲ့ ရှင်းလင်းပြောဆိုမှုအပေါ် သဘောပေါက်ပုံ မရပါဘူး။

IIMM ရဲ့ ခွဲခြားစိတ်ဖြာ နိုင်စွမ်းရည်ဟာ သံသယဖြစ်စရာပါ။ အချက်အလက်ကို စုဆောင်းရာမှာ လူတစ်ဦး၊ လူတစ်စု၊ တစ်ဖွဲ့ကို မေးမြန်း စုံစမ်းရုံနဲ့လည်း မလုံလောက်ပါဘူး။ မေးမြန်း ခံရသူတွေ ကိုယ်တိုင် ဘက်လိုက်သူတွေ၊ အယုံလွယ်သူတွေ၊ ခံစားချက် ပြင်းထန်သူတွေ ဖြစ်နိုင်သလို ခြိမ်းခြောက် ခံရသူတွေ၊ အလွှမ်းမိုးခံနေရသူတွေ ဖြစ်နိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့တွေဟာ အရပ်သားယောင်ဆောင်၊ အရပ်သားတွေကို လူတံတိုင်းကာ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အကာအကွယ်ယူ၊ အထင်မှားအောင် အခြားဘာသာရေး အဆောက်အအုံတွေမှာ နေရာယူပြီးမှ တိုက်ခိုက်ကြတယ် ဆိုတာကို ဘာလို့မမြင်ကြပါလိမ့်၊ တွေးစရာတွေ တသီတတန်းနဲ့ပါ။

အထူးအစီရင်ခံစာ တင်သွင်းသူကော မဟာမင်းကြီးရုံးနဲ့ ခေတ္တမဟာမင်းကြီး ဆိုသူပါ မြန်မာနိုင်ငံ ဖြစ်စဉ်ဖြစ်ရပ်တွေကို ၎င်းတို့ ကိုယ်တိုင် အတိအကျ သိရှိပုံမရကြပါဘူး။ မြန်မာနိုင်ငံရဲ့ ဆန့်ကျင် ဘက်ကရတဲ့ မခိုင်လုံတဲ့ အရင်းအမြစ်တွေကိုသာ အစွဲနဲ့ အားကိုး အလွယ်သုံးပြီး ချဲ့ကား ပြောဆိုလေ့ ရှိကြပါတယ်။ တစ်ဖက်က သတင်းတု၊ သတင်းမှားတွေ အပေါ် အခြေခံပြီး မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေအပေါ် စွပ်စွဲပြစ်တင် ပြောဆိုပြုမူနေပေမယ့် အခြားတစ်ဖက် ကတော့ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်တဲ့ NUG၊ PDF တွေကို အသိအမှတ်ပြုဖို့ ကြိုးစားနေပြီး သူတို့ကျူးလွန်တဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှု တွေကိုတော့ ဖုံးကွယ်ထားကြ ပြန်ပါတယ်။ သူတို့လိုချင်တဲ့ ဇာတ်လမ်း ကိုတော့ယူ၊ မလိုချင်တဲ့ ဇာတ်လမ်းကျတော့ ပစ်ပယ်ထားတဲ့သဘော ပါပဲ။

တာဝန်မဲ့ မသိချင် မမြင်ချင်ယောင် ဆောင်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ

NUG နဲ့ PDF အမည်ခံ အကြမ်းဖက် သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ကြရတဲ့ ကလေးသူငယ် ၈၈ ဦး၊ အပြစ်မဲ့ ပြည်သူ ၃၈၀၀ နဲ့တကွ ထောင်နဲ့ချီ ဒဏ်ရာရသူတွေ၊ ပျောက်ဆုံးနေသူတွေ အတွက် အချက် အလက်တွေကို UNHRC အနေနဲ့ ဘယ်လိုသုံးသပ်မလဲ သိချင်ပါတယ်။ ဗီဒီယိုအွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရက်ရက်စက်စက် မျက်နှာစည်း၊ ဓားနဲ့ ခုတ်ထိုး အသတ်ဖြတ်ခံရတဲ့ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် မင်းရွာက ကျောင်းဆရာမတစ်ဦး အပါအဝင် ဆရာမနှစ်ဦးရဲ့ ဖြစ်စဉ်ကို ကော ကုလသမဂ္ဂ လူ့အခွင့်အရေးသမားကြီးတွေ အနေနဲ့ ကိုယ်ချင်းစာ စိတ်အပြည့်နဲ့ စိစစ်စုံစမ်းမှု ပြုခဲ့ဖူးပါသလား မေးလိုပါတယ်။

အကြမ်းဖက်တွေဟာ အပြစ်မဲ့ ပြည်သူတွေ၊ တာဝန်ထမ်းဆောင်သူ ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေရဲ့ မိဘညီအစ်ကို မောင်နှမတွေကို ဒလန်လို့ ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် အစဖျောက် သတ်ဖြတ်နေကြတဲ့ ဖြစ်စဉ်တွေကို ဘယ်လို သဘောထားမလဲ သိလိုလှပါတယ်။

နေအိမ်နဲ့ စာသင်ကျောင်း အမြောက်အမြား မီးရှို့ဖျက်ဆီးခံရတာတွေဟာ စာရင်းအချက်အလက် အတိအကျ ရှိသလို မကြာခဏဖော်ပြ ခဲ့ပြီးဖြစ်လို့ မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေသူတွေကို ဒီလို သတင်း အချက်အလက်တွေကို ဒီနေရာမှာ အထူးတလည် ဖော်ပြနေ စရာလည်း မလိုတော့ဘူး ထင်ပါတယ်။ အကြမ်းဖက်သမားတွေ စတင်တိုက်ခိုက်လို့ ဖြစ်ရတဲ့ ဖြစ်စဉ်တွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အစာရေစာနဲ့ ဆေးဝါး ပြတ်လပ်သူတွေ ဒုနဲ့ဒေး ရှိနေပြီ ဖြစ်ပါတယ်။

အကြမ်းဖက် သမားတွေနဲ့ အချို့တိုင်းရင်းသား လက်နက်ကိုင်တွေက ပိတ်ပင်ထားလို့၊ ကြားဖြတ် အနှောင့်အယှက်ပြုလို့ ကုန်စည် စီးဆင်းမှုနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှု သတင်းတွေကိုလည်း သိရှိ နေရပါတယ်။ ဆက်သွယ်ရေး ကွန်ရက်တာဝါတိုင်တွေ ဗုံးခွဲဖျက်ဆီး ခံရမှုတွေကြောင့် ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေတွေများစွာ ရှိနေပါတယ်။ နိုင်ငံရဲ့ အနောက်တံခါးဝမှာ မတည်မငြိမ်ဖြစ်ပြီး အချုပ်အခြာအာဏာ ပျက်ယွင်းအောင် ကြံဆောင် ကြိုးပမ်း နေကြပါတယ်။ ဒီလို ဒီမိုကရေစီ အရေခြုံ အကြမ်းဖက် ဖြစ်စဉ်တွေကို ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစား ပါတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး သမားကြီးတွေက အလေး အနက်မထား၊ မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေကြခြင်းဟာ အလွန်ကို ဆိုးရွားစွာ တာဝန်မဲ့လွန်းတယ်ဆိုတာ ထောက်ပြချင်ပါတယ်။

အကြံပေးချက်တွေနဲ့အတူ ထောက်ပြချင်တာတွေရှိ

နိုင်ငံတကာက မြန်မာ့အရေး ဆွေးနွေးသူတွေ၊ အစီရင်ခံစာ တင်သွင်းသူတွေ၊ အဖွဲ့အစည်းတွေဟာ တိကျခိုင်လုံပြီး မှန်ကန်တဲ့ အချက်အလက်တွေနဲ့ မြန်မာပြည်သူတွေရဲ့ အမြင်ရှုထောင့်တွေ၊ တုံ့ပြန်မှုတွေကို ပိုပြီးအလေးထားသင့်ပါပြီလို့ ထပ်ပြီး အကြံပေးချင်ပါတယ်။ အကဲဆတ်တဲ့ မြန်မာနိုင်ငံ အခြေအနေမှာ ပိုပြီးကွဲပြားမှုတွေ မရှိအောင် ကူညီပေးသင့်တယ်လို့ မြင်မိပါတယ်။ နိုင်ငံတကာကို မရိုးမသားနဲ့ တမင်အာရုံစိုက်အောင် လုပ်ပြီး ကုလသမဂ္ဂ စင်မြင့်တွေကို နိုင်ငံရေး လက်နက်သဖွယ် အသုံးချနေတဲ့ အပြုအမူတွေကို ဘယ်လိုမှ လက်ခံလို့ မရတဲ့အတွက် ရပ်တန်းက ရပ်သင့်ပါပြီ။ မေးခွန်း ထုတ်စရာတွေကတော့ အများကြီးပါ၊

သမာသမတ်ကျမှု၊ တရားမျှတမှု၊ ဘက်လိုက်မှု စသည်အားလုံးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အတိတ်က ဖြစ်စဉ်တစ်ခုကို ထောက်ပြချင်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လက သမ္မတထရန့်လက်ထက် အမေရိကန်အစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ ထိုအဖွဲ့အစည်းမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ၊ လူပုဂ္ဂိုလ်တွေကို နေရာပေးထားလို့ ဆိုပြီး အဖွဲ့ရဲ့ သမာသမတ်ကျမှုကို မေးခွန်းထုတ်ပြီး အမေရိကန်ကိုယ်တိုင် နုတ်ထွက်ခဲ့တယ် ဆိုတဲ့အချက်ကို ထောက်ပြလိုခြင်းပဲ ဖြစ်ပါတယ်။

အမှန်တကယ်က ဘာပဲပြောပြော အကြမ်းဖက် ကျူးလွန်နေတာ ဘယ်သူတွေလဲ၊ လူ့အခွင့်အရေးကို ဒိဋ္ဌဓမ္မ ချိုးဖောက်နေတာ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေလဲဆိုတာ မြန်မာ့ဇာတ်ခုံ အပြင်ဘက်က ယခုလို ပုဂ္ဂိုလ်တွေ ကိုယ်တိုင် မြင်ပြီးသိပြီးသားပါ။ ထိုသူတွေ ကိုယ်တိုင်က မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဘဝတွေ ဖွံ့ဖြိုးတိုးတက် လာမှာကို လိုလားကြမယ် မထင်ပါဘူး။ မြန်မာနိုင်ငံကို အလုံးစုံ ပျက်စီးစေချင်လို့သာ စီးပွားရေး အပါအဝင် အဘက်ဘက်ကနေ အစဉ်အဆက် ကန့်သတ်ခြင်း၊ ပိတ်ဆို့ နှောင့်ယှက် ဟန့်တားပိတ်ပင်ခြင်းတွေ ပြုနေကြတာ ဖြစ်တယ်လို့ပဲ မြင်မိပါတယ်။

အဆုံးသတ်ရရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအပါ အဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းပြည် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဘယ်လိုမှ အထောက်အကူ မပြုပါဘူး။ တကယ်က ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အဖွဲ့အစည်းတွေသာ ရိုးသားဖြောင့်မတ်မှု ရှိမယ်ဆိုရင်၊ အမှန်ငြိမ်းချမ်းပြီး သက်ဆိုင်ရာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက် စေချင်တယ် ဆိုရင်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတယ်ဆိုရင် အဖြေရှာဖို့ရန် မခက်ပါဘူး။

အခုလို မဟုတ်မဟတ် ပြစ်တင်ဝေဖန် နေမယ့်အစား သံတမန် ကျင့်ဝတ်နည်းလမ်းအရ ညှိနှိုင်း ပူးပေါင်း၊ တိုင်ပင် ဆွေးနွေးပြီး ချဉ်းကပ် အဖြေရှာသင့်တယ်လို့ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ပြည်သူတွေကတော့ အချုပ်အခြာ အာဏာနဲ့ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက် မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဖို့ သန္နိဋ္ဌာန်ချပြီး ဖြစ်သလို ဘယ်လို ဝင်ရောက် စွက်ဖက်မှုမျိုးမှ လက်ခံမှာမဟုတ်ပါ‌‌ကြောင်း ရေးသား တင်ပြလိုက်ရ ပါတယ်။ ။