Skip to main content

မြန်မာအက၊ မြန်မာဂီတ

ကိုဇော်ဌေး(ယဉ်ကျေးမှု)

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၌ မကြာမတင်အချိန်တွင် ကျင်းပတော့မည်ဖြစ်သည်။ မြန်မာအက မြန်မာဂီတတို့ကို နှစ်သက်ကြည်နူးဖွယ် ပြိုင်ပွဲအရောက် တောက်လျှောက် အားပေးနိုင်တော့မည်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အနုပညာသည် မြန်မာ့သမိုင်း၊ မြန်မာတို့၏ ရိုးရာဓလေ့၊ မြန်မာတို့၏ မြင့်မားသော လူနေမှုအဆင့်အတန်း၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့၏ ခံ့ညားထည်ဝါမှု၊ အမျိုးသားရေး စိတ်ဓာတ်ကြံ့ခိုင်ကြီးမားမှုကို ရောင်ပြန်ဟပ်စေသည့် အရေးပါသောအခန်းကဏ္ဍ စသည့်ဂုဏ်ဒြပ်တို့ ပါဝင်နေပေသည်။ အနုပညာရပ်များစွာရှိသည့်အနက်မှ မြန်မာအကနှင့် မြန်မာဂီတပညာရပ်တို့သည် ခေတ်သမိုင်းစဉ်တစ်လျှောက် ခိုင်မြဲတိုးတက်ထွန်းကားလာခဲ့သည်ကို တွေ့နိုင်သည်။ ခေတ်အဆက်ဆက် ပညာရှင်များ တီထွင်ဖန်တီးခဲ့ကြသဖြင့် တိုးတက်ဖြစ်ထွန်းသည့်သဘောကို လည်းတွေ့ရသည်။

အက

လူ၏ခန္ဓာကိုယ်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အချိန်နှင့်နေရာမရွေး ရွေ့လျားပြောင်းလဲနိုင်သော အကပညာသည် လွန်စွာရှေးကျသော အနုပညာတစ်ရပ်ပင်ဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြား၌ ထွန်းကားခဲ့သည်မှာလည်း မငြင်းဆိုနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည်။ လူမျိုးစုတစ်စု၏ အကပုံစံများကို လေ့လာခြင်းဖြင့် ထိုလူမျိုးစုတို့၏ ယဉ်ကျေးမှုတစ်စိတ်တစ်ဒေသကိုလည်း လေ့လာသုံးသပ်နိုင်ပေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အကအနုပညာသည် ဘာသာဗေဒတစ်ရပ်နှယ် သီးခြားခွဲထွက်လျက် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာရပ်များအဖြစ် သီးခြားရပ်တည် လာနိုင်ကြသည်ကိုလည်း တွေ့ရသည်။

အကဟူသည် ခေါင်း၊ ခါး၊ ခြေ၊ လက် စသည်တို့ကို ရှုချင်စဖွယ် ညွတ်ကွေးကပြခြင်းပင်ဖြစ်သည်။ သို့အတွက် လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အကပညာအတွက် အဓိကကျသော လိုအပ်ချက်များ ဖြစ်လာရသည်။ ထို့ပြင် အကအနုပညာသည် စကားလုံးမလိုဘဲ ကိုယ်လက်လှုပ်ရှားမှုဖြင့် ဖော်ပြလိုသော ခံစားချက်ကို ဘာသာပြန် တင်ဆက်နိုင်သော ပညာရပ်တစ်ခုလည်း ဖြစ်သည်။

လူတို့သည် တစ်ဦးတည်းနေသောအခါဖြစ်စေ၊ အများနှင့် စုပေါင်းနေသောအခါဖြစ်စေ သဘာဝပတ်ဝန်းကျင်နှင့် ကင်းကွာနေ၍မရပေ။ သဘာဝပတ်ဝန်းကျင်၏ ဆွဲငင်အား၊ တွန်းကန်အားများကြောင့် သက်ရှိလူတို့သည် ခံစားချက်အမျိုးမျိုးကို စိတ်တွင် ဖြစ်ပေါ်ခံစားလာကြသည်။ ထိုခံစားချက်များကို ကိုယ်တိုင်ဖော်ထုတ်ပြသလို၍သော်လည်းကောင်း၊ အများသိစေလို၍ သော်လည်းကောင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လှုပ်ရှား၍ သရုပ်ဖော်ကြသည်။ ထိုလှုပ်ရှားချက်များကို ခံစားသရုပ်ဖော်ရာ၌ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြသည့် ခေါင်း၊ ခါး၊ ခြေ၊ လက် စသည်တို့ကို ကြည့်ရှုရသူများ၏အာရုံကို ဖမ်းစားနိုင်စေရန် ချောမောပြေပြစ်စွာလှုပ်ရှားခြင်းဖြင့် အကမည်လာခဲ့သည်။ “သူ့ကဟန်လေးက နူးညံ့သိမ်မွေ့လိုက်တာ”၊ “သူ့ကဟန်က ကြမ်းတမ်းလိုက်တာ”၊ “ဖိုးစိန် ခြေကဟန်လေးက ဆန်းလိုက်တာ”၊ “လမ်းလျှောက်ဟန်လေးကိုက ကဟန်ကလေးနဲ့” စသည်ဖြင့် လှုပ်ရှားမှုကို ဟန်နှင့်တွဲဖက်၍ ပြောဆိုသုံးနှုန်းကြပြန်သည်။ စင်စစ်အကသည် လူတို့၏ ဓလေ့စရိုက် သဘာဝနှင့် အနီးစပ်ဆုံး ဆက်စပ်နေသောလှုပ်ရှားမှုပင်ဖြစ်တော့သည်။

မြန်မာ့အက

မြန်မာရာဇဝင်အရ တကောင်းခေတ်ပျက်ပြီးနောက် သရေခေတ္တရာ တစ်ခေတ်ထွန်းကားလာခဲ့သည်။ ခရစ်နှစ် ၈၀၁-၂ ခုနှစ်တွင် ထိုစဉ်က တရုတ်ပြည် ချန်အန်မြို့တော်သို့ ပျူဘုရင် ယုန်ချန် ကိုယ်တိုင်ခေါင်းဆောင်၍ ညီတော် သီရိမြို့စား သုနန္ဒမင်းသားလည်း လိုက်ပါခဲ့သည့် သဘင်ပညာ ရှင်များ သွားရောက်ခဲ့သည့်မှတ်တမ်းအရ မြန်မာအက၏ ရောင်နီဦးစကာလသည် ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို သိနိုင်ခဲ့သည်။

ဗုဒ္ဓသာသနာသည် ပုဂံပြည်သို့ရောက်ရှိလာသည်မှ မြန်မာ့ယဉ်ကျေးမှု သုခုမပညာများသည် တိုးတက် ဖြစ်ထွန်းလာခဲ့သည်။ ပန်တျာဟူသော စကားရပ်ကို ပုဂံခေတ်ထိုးကျောက်စာများ၌ စတင်တွေ့လာရသည်။ ကျန်စစ်သားမင်း ထီးသစ်၊ နန်းသစ်ကို ဆောက်တည်ချိန်တွင်လည်း အတီး၊ အမှုတ်၊ အက၊ အခုန်များ ပါဝင်လာဖွယ်ရှိကြောင်း “နန်းတည်ကျောက်စာ”အရ ကောက်ချက်ချနိုင်သည်။ တစ်ဖန်ပုဂံမြို့ အာနန္ဒာဘုရားရှိ ဗုဒ္ဓဝင်ခန်း၌ သိမ်မွေ့စွာ ကခုန်နေသည့် ကျောက်ရုပ်တုပုံကို တွေ့ရှိရပြန်သည်။ ပုဂံမြို့ နဂါးရုံဘုရားမှ တွေ့ရှိရသည့် ဆေးရေးရုပ်ကဟန်များမှာ ဗုဒ္ဓရုပ်ပွားတော်ကို တိုင်းသူပြည်သားတို့က အကအခုန်များဖြင့် လာရောက်ပူဇော်ကြဟန်ပင်ဖြစ်သည်။ ပုဂံခေတ်နံရံ ဆေးရေးအများစုက မြန်မာအကသည် ထိုစဉ်ကတည်းက ဖွံ့ဖြိုးနေသည်ဟု ညွှန်းဆိုပြသနေကြသည်။

မြင်စိုင်း၊ ပင်းယခေတ်များ၌ ကာချင်းများသည် ခေတ်စားခဲ့သည်။ အင်းဝခေတ်တွင် အက၊ အခုန် တို့မှာ ခေတ်အားလျော်စွာ မြင့်မားလာကြတော့သည်။ ကုန်းဘောင်ခေတ်တွင်မူ နှောင်းကာလအထိတိုင် ခြေရာချန်နိုင်ခဲ့သည်အထိ ဖြစ်ထွန်းတိုးတက်ခဲ့တော့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ လယ်ယာကိုင်းကျွန်းလုပ်ငန်းကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ ကျေးလက်နေလူတန်းစားတို့သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတွင် လယ်ထွန်ခြင်း၊ ကောက်စိုက်ခြင်း၊ ပေါင်းသင်ခြင်း၊ စပါးရိတ်ခြင်း၊ လှေ့ခြင်း၊ သိမ်းခြင်းတို့ကို အခါရာသီအလိုက် ပြုကြရသည်။ လယ်ယာလုပ်ငန်းခွင် အားလပ်ချိန်များတွင်လည်း ကျောင်းကန်ဘုရားများသို့ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သွားရောက်ကာ လှူဒါန်းပူဇော်လေ့ရှိကြသည်။ မြန်မာအကသည် မိရိုးဖလာအနေဖြင့်လည်းကောင်း၊ ဘာသာတရား၏ ဆိုဆုံးမမှုအောက်တွင်လည်းကောင်း သိမ်မွေ့ယဉ်ကျေးစွာ တည်ရှိနေခဲ့ကြောင်း အကဲခတ်နိုင်သည်။ မြန်မာအက၏ ကိုယ်ပိုင်အမျိုးသားမူဟန်ဖြစ်သည့် ပျော့ပျောင်းပြီး ကာရန်အချိတ်အဆက်ရှိသည့် ခြူးပန်းခြူးနွယ်သဏ္ဌာန် အဝိုင်းအဝန်း လှုပ်ရှားမှုများကို ထိုစဉ်ကာလကတည်းက ညွှန်းဆိုပြခဲ့ကြသည်။ ပျော့ပျောင်းမှု၏ ဆန့်ကျင်ဘက်မာမာဆတ်ဆတ် မျဉ်းဖြောင့်လှုပ်ရှားမှုကကွက်များကို ကနဦးကာလများကပင် ငြင်းဆိုခဲ့ကြသည်။ တြီဘင်္ဂခေါ်သည့် သုံးဆစ်ချိုးကဟန်သည် မည်မျှပင် လျင်မြန်သွက်လက်စွာ ကပြနေပါစေ အမြင်အာရုံတွင် သွယ်ပျောင်းငြိမ့်ညောင်း ယဉ်ကျေးသိမ်မွေ့ခြင်းကို ခံစားရသည်ချည်းဖြစ်တော့သည်။ ခံစားရမှုသည် မြန်မာအကစစ်စစ်၏ အမျိုးသားရေးဂုဏ်ရည်များကို သွန်းလောင်းပေးထားသောကြောင့် ဖြစ်သည်။

ဂီတ

ဂီတဆိုသည်မှာ အချိန်နရီပေါ်တွင် အသံဖြင့်ရေးသားသော လူမှုခံစားချက်မှတ်တမ်းဖြစ်သည်ဟု မာရီယွန်ဘောအာ (Marion Bauer) အမည်ရှိ အမေရိကန် ဂီတဆရာကြီးတစ်ဦးက ဆိုပါသည်။ တိုတိုရှင်းရှင်းဖြင့် လိုရင်းရောက်သော်လည်း ဆရာ စန္ဒရားလှထွတ်က “ဂီတဆိုသည်မှာ လူတို့၏ ခံစား ချက်အရပ်ရပ်တို့ကို လူတို့၏အသံ၊ လူတို့ပြုလုပ်ဖန်တီးသော ပစ္စည်းကိရိယာများမှ ထွက်ပေါ်လာ သောအသံတို့ဖြင့် အနိမ့်အမြင့်၊ အတက်အကျ၊ အတိုးအကျယ်၊ အဆွဲအငင် စသော အနုပညာနည်းစနစ်များအရ သီကုံးစပ်ဆိုထားသည့် နရီအချိန် ညီညွတ်မှန်ကန်စွာ ရွေ့လျားနေသော အသံအဖွဲ့အစည်းကို ခေါ်ခြင်းဖြစ်သည်ဟု ထပ်မံရှင်းပြပါသည်။

ဂီတဆိုသည်မှာ အသံရှည်ဖြင့်ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ သီချင်းစသည်တို့ပင် ဖြစ်သည်။ ဂီတသည် လူတို့၏ သာမှု၊ နာမှုနှင့် ကိုးကွယ်ပသမှု စသည်တို့တွင် မပါမပြီး ပါဝင်လေ့ရှိသည့် အရာတစ်ခုဖြစ်သည်။ ဂီတသည် လူသားတို့အား နှစ်သက်ဖွယ်သော ခံစားမှုရသကို ပေးစွမ်းနိုင်ပြီး လူတို့၏စိတ်အာရုံကို လှုံ့ဆော်နှိုးဆွရာတွင်လည်း အင်အားကြီးမားစွာ အထောက်အကူပြုနိုင်ကြောင်း တွေ့ရသည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် မိမိတို့မှီတင်းနေထိုင်ရာ ဌာနအသီးသီး၏ ရေ၊ မြေ၊ တောတောင် သဘာဝများအပေါ် အခြေတည်၍ မိမိနှစ်သက်ရာဂီတများကို ဖန်တီးခဲ့ကြပြီး ပတ်ဝန်းကျင်ကို သာယာစေရန်၊ ငြိမ်းချမ်းစေရန်၊ လှပစေရန် ဆောင်ကြဉ်းခဲ့ကြသည်။ ထို့ကြောင့် ဂီတသည် လူသားအားလုံးကို အကျိုးပြုနေသော သိမ်မွေ့နက်နဲသည့် အနုပညာဖန်တီးမှုဖြစ်သည်ဟု ဆိုနိုင်သည်။

ဂီတဟူသော ဝေါဟာရသည် ပါဠိသက် ဝေါဟာရတစ်ခုဖြစ်ပြီး သီချင်းဟုလည်းကောင်း၊ သံစဉ်အမျိုးမျိုးဖြင့် ပြေပြစ်ချောမွေ့အောင် ဖွဲ့ထားသော အဖွဲ့အနွဲ့၊ တေး၊ တေးချင်း၊ တေးသီချင်းဟူ၍ လည်းကောင်း ဖွင့်ဆိုကြသည်။ သီဆိုခြင်းဆိုသည်မှာ စာသားဖြင့် ဖွဲ့သီခြယ်မှုန်းထားသော ဂီတသံစဉ် တေးသွား အတွဲအဖက်များကို နှုတ်ဖျားမှ ဌာန်ကရိုဏ်းကျကျဖြင့် မြည်တမ်းရွတ်ဆိုခြင်းပင် ဖြစ်သည်။ မြန်မာအဘိဓာန်အတွဲ-၁ တွင်မူ ဂီတ၏အနက် အဓိပ္ပာယ်ကို သီဆိုခြင်း၊ သီချင်းဟူ၍ပြသည့်အပြင် သီဆိုတီးမှုတ်ခြင်းဟူ၍လည်း ပြထားလေသည်။ ဝေါဟာရတ္တပကာသနီကျမ်း၌ “၃ မတြာစင်ဖြစ်ခဲ့က ဗျူတာပေါက်၏” ဟူသော မြတ်ဆရာတို့က အမိန့် စကားရှိကြောင်း ဖွင့်ဆိုထားရာ မတြာဆိုသည်မှာ လျှပ်တစ်ပြက် လက်ဖျစ်တစ်တီး အချိန်ကလေးဆိုလိုပြီး “ဗျူဟာပေါက်၏”ဆိုသည်မှာ ဂီတသံ ကိုရောက်၏ဟု ဆိုလိုရင်းဖြစ်သည်။ သို့ကြောင့် ၃ မတြာ သို့မဟုတ် ယင်းထက်ကြာသော ဆွဲငင် သောအသံသည် ဂီတသံဖြစ်၏ဟု အဓိပ္ပာယ်ထွက် လေသည်။ ဂီတ၏ ဒြပ်ပစ္စည်းမှာ အသံပင်ဖြစ်သည်။ အက္ခရာ မပါဘဲ စာပေမဖြစ်နိုင်သကဲ့သို့ အသံမပါဘဲ ဂီတ မဖြစ်ချေ။ အသံတစ်ခုတည်းနှင့်လည်း ဂီတမဆို နိုင်ချေ။ နရီ (စည်းဝါး) ခေါ် အချိန်ပါရှိရန်လည်း လိုအပ်ပြန်သည်။ အသံနှင့်နရီတွဲဖက်ပေါင်းစပ်က လှသည်။ နရီဆိုသည်မှာ အချိန်ပင်ဖြစ်သည်။

မြန်မာ့ဂီတ

မြန်မာဟူသည်ကား ပျူသား ပျူမြေးတည်း။ ပျူလည်းမြန်မာ၊ မြန်မာလည်း ပျူဟူသော ချီးပ စကားအရ မြန်မာ့ဂီတ၏ မြစ်ဖျားခံရာ ကနဦး အစဟုယူသော် ရနိုင်ကောင်းသည့်အရာတို့က ပျူခေတ်ဝယ် တွေ့ရှိရသည်။ သရေခေတ္တရာသည် ခရစ်နှစ်သုံးရာစုနှင့် ငါးရာစုအတွင်း စည်ပင်ဖွံ့ဖြိုးခဲ့သည်။ မြန်မာအကပိုင်းတွင်း ဖော်ပြခဲ့သည့်အတိုင်း ပျူဘုရင် ယုန်ချန်နှင့် ညီတော် သီရိမြို့စား သုနန္ဒ မင်းသားတို့၏ တရုတ်ပြည်သွားခရီးစဉ်၌ တူရိယာ ပစ္စည်းအားဖြင့် နှစ်ဆယ့်နှစ်ခု ပါရှိခဲ့သည်။ အမျိုးအစားအားဖြင့် ရှစ်မျိုးရှိသည်။ သတ္တု၊ ခရုသင်း၊ သားရေ၊ ကြိုးတပ်၊ ဝါး၊ ဘူး၊ ဆင်စွယ်၊ ဦးချို ဟူ၍ ဖြစ်သည်။ ပျူဂီတကို ချင်တူမြို့ဝန် ဝေကောင်းက မှတ်သားစာရင်းယူလေသည်။ ပျူတို့တီးမှုတ်သော သီချင်းဆယ့်နှစ်ပုဒ်သည် ဗုဒ္ဓဝါဒနှင့်ဆိုင်သည်ဟု ဆိုကြသည်။ သက္ကတဗုဒ္ဓဝါဒီ၊ ပါဠိဗုဒ္ဓဝါဒီပျူတို့သည် အိန္ဒိယဂန္ထဝင် ဂီတစနစ်နှယ်တိကျလှကြောင်း ပျူ ဂီတ၏ သံစဉ်နှင့် မုဈနတို့က သက်သေခံနေပေသည်။

ပျူသရေခေတ္တရာလွန်၍ ပုဂံခေတ်ရောက်သောအခါ သက္ကရာဇ် ၅၅၂ ခုနှစ်(ခရစ်နှစ် ၁၃၉၀) ထိုးတောင် ကူနီကျောက်စာတွင် “စည်ကြီးပန်တျာ”၊ “ပသာသည်”၊ “ခွက်ခွင်သည်”၊ ‘’ကုလားပန်တျာ”၊ “မြန်မာ ပန်တျာ”၊ “စည်သည်” စသော မြန်မာ့ဂီတဆိုင်ရာ အခေါ်အဝေါ်များကို တွေ့ရှိလာရသည်။ တစ်ဖန် သက္ကရာဇ် ၅၅၉ ခုနှစ် (ခရစ်နှစ် ၁၁၇၉)နှစ် ထိုး ဖုန်သည် ဇေယျသိန်ကျောက်စာတွင် “စည်ကြီး”၊ “နောင်နင်း”၊ “ခွက်ခွင်း”၊ “ပသာ ပ(န်)တျာစည်” စသော တူရိယာများကို ရင်းနှီးလာရသည်။

အင်းဝခေတ်တွင် အငြိမ့်တူရိယာ ခြောက်မျိုး၊ တံပိုး ရှစ်မျိုး၊ ကြေး ၁၀ မျိုး၊ စည် ၁၃ မျိုး စုစုပေါင်း ၃၇ မျိုး ရှိကြောင်းသိရ၍ ပုဂံခေတ်က တူရိယာများထက် အင်းဝခေတ်တွင်ပိုမိုလာကြောင်း တိုးတက် စည်ပင်ဖွံ့ဖြိုးသည့်သဘောဟု ကောက်ယူရနိုင်သည်။ ကုန်းဘောင်ခေတ်ကား ဆိုဖွယ်ရာမရှိ ပကတိပြီးပြည့်စုံသည့် မြန်မာ့ဂီတခေတ်ပင် ဆိုရတော့မည် ဖြစ်ခဲ့သည်။

မြန်မာ့ဂီတသည် စာပေ၊ အလင်္ကာ၊ ပြဇာတ်တို့နည်းတူ တစ်မျိုးနှင့်တစ်မျိုး ရောထွေးယှက်တင် ဆက်နွှယ်လျက်ရှိသည်။ ပါဠိ၊ သက္ကတ စသော ဘာသာတို့တွင် ကဗျာနှင့် ဂီတမှာ ခြားနားခြင်းမရှိ သကဲ့သို့ မြန်မာ့ဂီတသည်လည်း ကဗျာ၊ တေးသီချင်း၊ အကတို့နှင့် တွဲဖက်လျက် အနုပညာမည်သော ပန်းဥယျာဉ်အတွင်းဝယ် တင့်တယ်ဝင့်ထည်လျက် တွဲဖက်ရှိနေပေသည်။ ဂီတပညာရှင်တို့သည် ဂီတကို တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ကြရာဝယ် ရှေးမူမပျက်စေရန် ထိန်းသိမ်းကြသည်။ ရှိပြီးဖြစ်သည့် နရီဘောင်အတွင်းဝယ် အအုပ်၊ အခံ ညီ၊ မညီ၊ ဒေါသ သင့်၊ မသင့်တို့ကိုလည်း စိစစ်ကြသည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေဖြင့် ကိုယ်ပိုင်အမျိုးသားရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်၊ ထုံးတမ်း စဉ်လာများသည် ဘိုးဘေးတို့ပေးခဲ့သော လက်ဆောင်များပင်ဖြစ်သည်။ ၎င်းကို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်ခြင်းသည် ဂုဏ်ယူဝင့်ကြွား ဖွယ်ရာဖြစ်သော အမျိုးသားရေးဂုဏ်ဒြပ်တစ်ခုကို ပိုင်ဆိုင်ဆဲ ဖြစ်ကြောင်း ပြသနိုင်ခြင်းဖြစ်သည်။ ခေတ်သမိုင်းအဆက်ဆက်က ရှေးဘိုးဘေးများ၏ စွန့်လွှတ်စွန့်စား အားထုတ်မှုကြောင့် ယနေ့မြန်မာနိုင်ငံတော်အဖြစ် ထည်ထည်ဝါဝါ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ မြန်မာဆိုသည့် ဗီဇနှင့် မျိုးရိုးဇာတိကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုကို အမွေပေးခဲ့၍သာ ယနေ့တိုင် ဆက်ခံနေနိုင်ကြခြင်းဖြစ်သည်။ ဘိုးဘွားများပေးခဲ့သည့် အမွေတစ်ရပ်ဖြစ်သော မြန်မာအက၊ မြန်မာဂီတ၏ တန်ဖိုးကို မှေးမှိန်ကျဆင်းမသွားစေရန်မှာ ယနေ့မျိုးဆက်သစ် လူငယ်အမွေခံများ၏ တာဝန်ပင်ဖြစ်သည်။ ယနေ့ခေတ်ကာလဝယ် စီးပွားရေးနှင့် နည်းပညာအသာရနေသည့် နိုင်ငံကြီးများက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် စီးပွားရေးနှင့် နည်းပညာများ၏ အားကိုရယူကာ လွှမ်းမိုးထိုးဖောက်ပြီး ၎င်းတို့အလိုကျ သွတ်သွင်းနေကြချိန်ဖြစ်သည်။ နည်းလမ်းတို့အနက် ယဉ်ကျေးမှုပေါင်းစပ်ခြင်းဖြင့် လူမှုရေးစံနှုန်းများကို မသိမသာ အမြစ်ဖောက်လျက်ရှိသည်ကို အမျိုးသားရေးသတိ၊ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ကာကွယ်သွားရန် လိုအပ်နေချိန် လည်းဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ဖြစ်ထွန်းအောင်မြင် နေခြင်းကြောင့်လည်း အမျိုးသားရေးသတိ၊ အမျိုး သားရေးစိတ်ဓာတ်တို့သည် စဉ်ဆက်မပြတ် စီးဆင်းနေနိုင်ခြင်းဖြစ်သည်ကို နားလည်သင့်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးကို လေးစားချစ်ခင်သည့်စိတ်ဓာတ် ဖြင့် ဤပြိုင်ပွဲကြီးက ပေးအပ်လာမည့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်ကောင်းများကို အကျိုးရှိစွာဖြင့် အသုံးချကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။   ။

မှီငြမ်း

၁။      မြန်မာ့ဂီတရေစီးကြောင်း(စန္ဒရားလှထွတ်)

၂။       မြန်မာ့အကသမိုင်း(ပန်တျာမြင့်မေအောင်)