ဦးသန့်၏ဖေ အက်စ်ကျူမှသည် ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် ပညာရေးဆီသို့
“ဦးသန့်၏ ကျေးဇူးတရားများကို ကမ္ဘာသူကမ္ဘာသားများ ဆပ်၍ ကုန်နိုင်ဖွယ်မရှိပါ။”
ဂျွန်အက်ဖ်ကနေဒီ
အမေရိကန်သမ္မတ
ယနေ့ကျွန်တော်တို့၏ ပြောင်းလဲလိုသည့်ပညာရေးမှ နိုင်ငံသား များကို အဓိကထား လေ့ကျင့်ပေးရမည့်အချက်များတွင် “လူ့အဖွဲ့ အစည်း ငြိမ်းချမ်းသာယာမှုကို မြတ်နိုးတည်ဆောက်သူ နိုင်ငံသားများ” ပေါ်ထွန်းလာရေးပင် ဖြစ်ပါသည်။ ထိုသို့ပေါ်ထွန်းလာစေရန်အတွက် အောက်ပါ ဉာဏ်ရည်များ လူတစ်ဦးချင်းဆီတွင် ထက်မြက် မြင့်မားလာအောင် ပညာရေးက လေ့ကျင့် ပေးရပါမည်။ ယင်းတို့မှာ-
(က) ဉာဏ်ပညာထက်မြက်သူ (IQ = Intelligence Quotient)
(ခ) စိတ်ဓာတ်မြင့်မားသူ (EQ = Emotional Quotient)
(ဂ) ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသူ (PQ = Physical Quotient)
(ဃ) ယဉ်ကျေးမှုအဖုံဖုံကို နားလည်တန်ဖိုးထားသူ (CQ = Cultural Quotient)
(င) ဘာသာတရားကို မြတ်နိုးလေးစားတန်ဖိုးထားသူ (SQ = Spiritual Quotient) တို့ဖြစ်ပါသည်။ သို့မှသာ လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးမှုကို မြတ်နိုးတည်ဆောက်ကြမည့် ပြည့်ဝနိုင်ငံသားများနှင့် ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းများ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။
(က) ဉာဏ်ပညာထက်မြက်သူ (IQ)
၂၀ ရာစုအစတွင် လူ့အဖွဲ့အစည်း၏တိုးတက်မှုကို ဉာဏ်ပညာ ထက်မြက်သူတို့ကသာ ဦးဆောင်ခဲ့သည်ဟု အမြင်ရှိခဲ့ကြပါသည်။ လူတစ်ဦး၏အောင်မြင်မှုသည် “ဉာဏ်ပညာထက်မြက်မှု” နှင့်သာ ဆိုင်သည်ဟု ခံယူကျင့်သုံးခဲ့ကြပါသည်။ သို့ပါ၍ ပညာရေးအနေဖြင့် ကလေးများ၏ ဉာဏ်ပညာထက်မြက်မှုကို အလေးပေးလေ့ကျင့် ပေးခဲ့ကြပါသည်။ သို့သော် ကျောင်းတွင်းစာတော်သူ၊ ကျောင်းစာ အမှတ်များသူ၊ ဉာဏ်ကောင်းသူ၊ ထက်မြက်သူအားလုံး အောင်မြင်မှု ပန်းတိုင်ကို တက်လှမ်းနိုင်ခြင်းမရှိခဲ့ကြကြောင်း သုတေသနများအရ တွေ့ရှိလာရပေသည်။
ဆိုလိုသည်မှာ ဘဝအောင်မြင်ရေး လမ်းကြောင်းမှ တဖြုတ်ဖြုတ် ဖယ်ခွာသွားရပါသည်။ “တော်သလောက် မကောင်းလျှင် အကြောင်းမလှသူ” တို့၏အကြောင်းများသည် သမိုင်းမှတ်တမ်းမှာရော ယနေ့ ကျွန်တော်တို့၏ပတ်ဝန်းကျင်မှာပါ အများအပြားရှိနေပါသည်။ “တော်” ဆိုသူတို့၏ဘဝခရီးမှာ “လျှော်” သူများ ဖြစ်ကုန်ကြပါသည်။ မြန်မာ့ သမိုင်းတွင် နတ်သျှင်နောင်သည် စစ်ရေးရော၊ စာပေရေးရာ (သူရေး ခဲ့သည့် ရတုများသည် မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့၏။) မှာ အလွန်တော်လွန်းသည့် ဘုရင်တစ်ပါးဖြစ်ခဲ့သော်လည်း စိတ်ဓာတ် ရေးရာမကောင်း၍ ဇာတ်သိမ်းမလှခဲ့ပါ။ ပညာရေးသည် တော်သလောက် စိတ်ထားမြင့်မြတ်သူများ မွေးထုတ်ပေးရန် ဖြစ်ပါသည်။ ထို့ကြောင့် နောက်ထပ် “ကျူ” တစ်ခုထပ်တိုးလာပါသည်။ ထိုသည်မှာ-
(ခ) စိတ်ဓာတ်မြင့်မားသူ (EQ)
ဉာဏ်ပညာထက်မြက်သူများသည် မာန်မာနကင်းမှု၊ သည်းခံမှု၊ စိတ်ရှည်မှု၊ စာနာမှု၊ အခြားသူအပေါ် နားလည်မှု၊ စေတနာထားမှုဆိုသည့် စိတ်ဓာတ်ရေးရာမြင့်မားမှုများကို ပိုင်ဆိုင်မှသာ “အောင်မြင်မှုသရဖူကို ရရှိနိုင်ပြီး ဆက်လက်ထိန်းနိုင်သူဘဝ” ဆီသို့ ရောက်ရှိနိုင်မည်ဖြစ်ပါ သည်။ ဉာဏ်ပညာထူးချွန်သူများမှာ အတ္တ၊ မာန၊ စိတ်တိုမှု၊ သည်းမခံနိုင်မှု၊ ကိုယ်ချင်းစာနာမှုများ ကင်းမဲ့ခဲ့ပြီး ငါနှင့်ငါသာ နှိုင်းစရာဆိုသည့် မာနများရှိခဲ့မည်ဆိုလျှင် မိမိ၏ဘဝနှင့် မိမိပါဝင်ရာ လုပ်ငန်းခွင်တွင် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်စွမ်းရှိသူအဖြစ် ရပ်တည် နိုင်လိမ့်မည်မဟုတ်ပါ။
သို့ပါ၍ “စိတ်ကောင်းရှိဖို့ ပထမ”၊ “စာတတ်ဖို့က ဒသမ” ဟု မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူ၏ကျောင်းမှာ “မူ” ချမှတ် ထားပါသည်။ ပညာတတ်၊ တော်ရုံမျှနှင့် မပြီးသေးကြောင်း၊ စိတ်ဓာတ်ကို “ပဲ့ထိန်း” နိုင်ဖို့ လိုအပ်ကြောင်းကိုပါ ပြဆိုထားခြင်းဖြစ်ပါသည်။ ပဲ့ထိန်းကတော့ “ကောင်းမွန်တဲ့စိတ်ဓာတ်” ကို ပိုင်ဆိုင်နိုင်ရန်သာ ဖြစ်ပါသည်။ ပဲ့ထိန်းမပါခဲ့လျှင် လမ်းချော်ပြီး လိုရာခရီးဆီသို့ ရွက်မလွှင့် နိုင်တော့သည်မို့ ပညာရေးသည် EQ မြင့်အောင် လေ့ကျင့်ပေးရန်လည်း မဖြစ်မနေလိုအပ်ပါသည်။
(ဂ) ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသူ (PQ)
ဉာဏ်ပညာထက်မြက်ပြီး စိတ်ထားတည်ငြိမ်ရင့်ကျက်မှုနှင့် ပြည့်စုံသော်လည်း စိတ်ရောကိုယ်ပါ ကျန်းမာမှုမရှိလျှင်လည်း မိမိအကျိုး၊ လူ့အဖွဲ့အစည်း၏ဖွံ့ဖြိုးမှုနှင့် ပညာရပ်၏အကျိုးကို ဆောင်ရွက် နိုင်သူများဖြစ်မလာနိုင်ပါ။ သို့ပါ၍ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် ပညာရေးသင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီး ပါဝင်လေ့ကျင့်နိုင်ရပါလိမ့်မည်။
ပညာရေးစိတ်ပညာရှင်တို့၏ လေ့လာတွေ့ရှိချက်အရ အတန်းထဲတွင် စာမလိုက်နိုင်သူ၊ အမြဲပုံမှန်ငိုင်နေတတ်သူ၊ မကြာခဏ နေမကောင်း ဖြစ်တတ်သူ၊ ကယောင်ကတမ်းဖြေတတ်သူ၊ မသင့်လျော် သည့်မေးခွန်းများ ပြန်ထုတ်တတ်သူ စသည့်ကလေးများကို စာသင်ခန်းမှ ထုတ်ပြီး ကစားကွင်းသို့ခေါ်၍ ကစားစေခြင်း၊ မိမိနှစ်သက်ရာ အားကစားတစ်ခုခုကို လုပ်ခိုင်းစေသောအခါ ငိုင်တိုင်တိုင်၊ အူတူတူ၊ မကြာခဏ ဖျားနာတတ်သူ၊ စာမလိုက်နိုင်သူများသည်စာတော်၍ ကျန်းမာရွှင်လန်းတက်ကြွပြီး အတန်းကို ဦးဆောင်လာနိုင်ကြသည်အထိ ပြောင်းလဲလာကြ ပေသည်။
သို့ပါ၍ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းသူများဖြစ်အောင် လေ့ကျင့်ပေးရန်လိုသဖြင့် PQ သည် အရေးကြီးကြောင်းကို ယနေ့ ပညာရေးက သင်ရိုးညွှန်းတမ်းတွင် အားကစားအချိန်ကို ထည့်သွင်း လေ့ကျင့်ပေးနေကြခြင်း ဖြစ်ပါသည်။
(ဃ) ယဉ်ကျေးမှုအဖုံဖုံကို နားလည်တန်ဖိုးထားတတ်သူ (CQ)
လူမျိုးပေါင်းများစွာနေထိုင်သည့် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုလည်း စုံလင်လှပါသည်။ မြန်မာနိုင်ငံတွင်ပင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးကျော်ရှိသဖြင့် မိမိနေထိုင်ရာ ရေ၊ မြေ၊ တောတောင်တို့အပေါ် မှီတည်၍ နေထိုင်မှုဓလေ့များ ကွဲပြားပြီး လူ့အဖွဲ့အစည်း၏ ယဉ်ကျေး မှုလည်း စုံလင်လှပါသည်။ ဤသို့မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုကို လူတစ်ဦးချင်းစီက နားလည်လက်ခံနိုင်သည့် ဉာဏ်ရည်သည် CQ ပင်ဖြစ်ပါသည်။
CQ မြင့်မားသူသည် မိမိလူမျိုးတို့၏ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသလို မတူညီသည့် ယဉ်ကျေးမှုအဖုံဖုံကိုလည်း လက်ခံနိုင်စွမ်းရှိကာ လေးစားတတ်သူများပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာတိုင်းရင်းသားများအနေဖြင့် ကရင်တိုင်းရင်းသားများ၏ တာလပေါဟင်း၏ အရသာကို ခံစားနိုင်သလို ရှမ်းတိုင်းရင်းသားတို့၏ ပဲပုပ်၊ ခေါပုတ်တို့၏ သင်းပျံ့ပျံ့ရနံ့၊ အရသာကိုလည်း ကြည်နူးပျော်ရွှင်စွာ ခံစားနိုင်ရပါမည်။ ထို့အတူ အာရှနိုင်ငံသားများထဲမှ တရုတ်လူမျိုးများ တူနှင့်စားသုံးတတ်သည်ကို ဇွန်းခရင်းနှင့်စားသည့် ဥရောပ သားများက နားလည် လက်ခံနိုင်စွမ်းရှိရသလို လက်ဖြင့်စားသည့် မြန်မာနှင့်အိန္ဒိယသားတို့ကိုလည်း တူနှင့်ဇွန်းခရင်းဖြင့် စားသူများကလည်း နားလည်သဘောပေါက် လက်ခံကြရပါလိမ့်မည်။
ဤသို့ ယဉ်ကျေးမှုအမျိုးမျိုးကွဲပြားခြားနားမှုများကို နားလည်ပြီး လက်ခံနိုင်စွမ်းရှိခြင်းသည်ပင် ယဉ်ကျေးမှုဆိုင်ရာဉာဏ်ရည် (CQ) မြင့်မားခြင်း ဖြစ်ပါသည်။
(င) ဘာသာတရားကို လေးစားတန်ဖိုးထားသူ (SQ)
လူသားတစ်ဦးသည် မိမိကိုးကွယ်ရာဘာသာတရားကို ယုံကြည်ခြင်း၊ ဘာသာတရား၏ အဆုံးအမများကို လေးစားလိုက်နာကျင့်ကြံ သကဲ့သို့ အခြားဘာသာတရားများကိုလည်း အထင်အမြင်သေးခြင်း ကင်းဝေးကာ မိမိဘာသာတရားအတိုင်း လေးစားတန်ဖိုးထားခြင်း၊ အသိအမှတ်ပြုခြင်း ဉာဏ်ရည်ပင်ဖြစ်ပါသည်။ ဤတွင် မိမိယုံကြည်ရာ ဘာသာတရား၏ ကောင်းမွန်သည့်အဆုံးအမများနှင့် အကျင့်များကို မိမိ၏ နေ့စဉ်လူမှုဘဝတွင် လိုက်နာကျင့်သုံး၍ မိမိနှင့်လူမှုပတ်ဝန်း ကျင်၏ သာယာအေးချမ်းမှု၊ ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်သည့် ဉာဏ်ရည် ကို ပိုင်ဆိုင်သူဖြစ်ပါသည်။ တကယ်တော့ SQ သည် ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် အစွန်းရောက်တရားများကို ဖယ်ရှားနိုင်သည့် ရင့်ကျက်မှု ပြည့်ဝသော ဉာဏ်ရည်မျိုးပင်ဖြစ်ပါသည်။
ဘာသာတရားကို လေးစားတန်ဖိုးထားသည့် (SQ) ဉာဏ်ရည် မြင့်မားမှုနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (ငြိမ်း) ဦးသန့်တို့၏ ဆက်စပ်မှုကို မဆွေးနွေးမီ သူ့အကြောင်းကို အကြမ်းဖျင်းတင်ပြ လိုပါသည်။
မြန်မာ့သားကောင်းနှင့် ကမ္ဘာသားများ၏ ကျေးဇူးရှင်
“မြန်မာ့သားကောင်း” ဟူသည့် ဂုဏ်ပြုစကားကို မြွက်ကြားခဲ့သူ ကတော့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်ပါ။ လွန်ခဲ့သည့် ၁၀ နှစ် ခန့်က ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင် ဂုဏ်ပြုပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် ကျူးဘားဒုံးပျံအရေးအခင်းကို ဦးသန့်၏ ကိုင်တွယ်ဖြေရှင်းမှု ပြောင်မြောက်ခဲ့သဖြင့် တတိယကမ္ဘာစစ်မဖြစ်ခဲ့ပါ။ ဖြစ်ခဲ့လျှင် နျူကလီးယား စစ်ပွဲဖြစ်နိုင်ပါသည်။
နျူကလီးယားစစ်ပွဲဖြစ်ပွားလျှင် ဆိုဗီယက်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံး သေကျေပျက်စီးကြမည်။ မည်သည့် နိုင်ငံကမျှ စစ်ပွဲကိုနိုင်လိမ့်မည်မဟုတ်ဘဲ သေခြင်းတရားကသာ အနိုင်ယူသွားပေလိမ့်မည်။ ကမ္ဘာ့လူသားများ ဟီရိုရှီးမားနှင့် နာဂါဆာကီကဲ့သို့ နျူကလီးယားကြောင့် သေဆုံးမှုမျိုးနှင့် ဝေးကွာသွားအောင် တစ်နည်းအားဖြင့် စစ်ပွဲကင်းစင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်မြဲနေအောင် မြန်မာ့သားကောင်း ဦးသန့်က စွမ်းဆောင်နိုင်ခဲ့၍ အမေရိကန်သမ္မတ ကနေဒီနှင့် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက်တို့က ချီးမွမ်းခဲ့ကြပါသည်။ ထိုစဉ်က အမေရိကန်သမ္မတက ဆောင်းပါးအစတွင် ဖော်ညွှန်းထားသကဲ့သို့ “ဦးသန့်၏ ကျေးဇူးတရားများကို ကမ္ဘာသူ ကမ္ဘာသားများ ဆပ်လို့ကုန်နိုင်ဖွယ်မရှိပါ။” ဟုချီးမွမ်းခဲ့ခြင်းဖြစ်ပေသည်။ ကမ္ဘာ့လူသားများ၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည့် ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဖြစ်၍သာ “ကမ္ဘာသူ ကမ္ဘာသားများ၏ အသက်သခင် ကျေးဇူးရှင်” အဖြစ် ချီးမွမ်းခံခဲ့ရခြင်းဖြစ်ပေသည်။
ဦးသန့်သည် တကယ်တော့ ဘွဲ့မရရှိခဲ့ပါ။ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ ဇာတိဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်တက်နေရင်း ကျောင်းထွက်ကာ မွေးရပ်မြေတွင် အမျိုးသား ကျောင်းအုပ်ဆရာကြီးအဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးဘဝတွင် ပြောကြားခဲ့သည့် ထင်ရှားသောပြောကြားချက်မှာ “ကျုပ်ကျောင်းက လူဆိုး၊ သူခိုး တစ်ယောက်မျှ မထွက်စေရဘူး။ အာမခံတယ်” ဟူသည့် စကားပင်ဖြစ်ပါသည်။ ပြုစုခဲ့သည့်စာအုပ်များမှာ “ကျောင်းတွင်း ဒီမိုကရေစီ”၊ “ဗမာသစ်နှင့် ပညာသစ်” နှင့် “ပြည်တော်သာခရီး” တို့ပင် ဖြစ်ပါသည်။
အခြားစာအုပ်များ၊ ဆောင်းပါးများကို ပြည်တွင်းမှာ ရေးခဲ့သလို ကုလသမဂ္ဂအတွေ့အကြုံကိုလည်း စာအုပ်များရေးသားခဲ့သူဖြစ်ပါ သည်။ အထင်ရှားဆုံးမှာ “View from the UN” ဖြစ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သက်တမ်း ငါးနှစ်၊ နှစ်ဆက်ပေါင်း ၁၀ နှစ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ သူ့လက်ထက်တွင် အထင်ရှားဆုံးအရေးအခင်းမှာ “ကျူးဘား ဒုံးပျံ အကျပ်အတည်း” ကိစ္စပင်ဖြစ်ပါသည်။ ဦးသန့်၏ ငြိမ်းချမ်းရေးအမြင် ပြည့်စုံစွာဖြင့် ကြားခံညှိနှိုင်းမှုအောင်မြင်ခဲ့၍ “တတိယကမ္ဘာစစ်” မဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု သမိုင်းသုတေသီများက ဆိုခဲ့ကြပါသည်။
ဦးသန့်၏ ငြိမ်းချမ်းရေးစွမ်းဆောင်မှုနှင့် SQ ဉာဏ်ရည်မြင့်မားမှု
ဦးသန့်သည် ကုလသမဂ္ဂ၌ တာဝန်ထမ်းဆောင်နေသည့် ကာလတွင် အင်အားကြီး အုပ်စုနှစ်စု ရှိပါသည်။ ဆိုဗီယက်ဦးဆောင်သည့် ကွန်မြူနစ်အရှေ့အုပ်စုနှင့် အမေရိကန်ဦးဆောင်သည့် အရင်းရှင် အနောက်အုပ်စုတို့ဖြစ်ပါသည်။ သို့သော် ဒက်ဟမ္မားရှိုးလ် မသေဆုံးမီကပင် ဆိုဗီယက် ခေါင်းဆောင် ခရူးရှက်က “ကြားနေနိုင်ငံသာရှိပြီး ကြားနေပုဂ္ဂိုလ်မရှိဘူး” ဟု ပြောကြားခဲ့ပြီး အတွင်းရေးမှူးချုပ် သုံးဦး (အရှေ့အုပ်စုမှတစ်ဦး၊ အနောက်အုပ်စုမှတစ်ဦးနှင့် တတိယနိုင်ငံများမှ တစ်ဦး) ထားရှိရန်ပင် အဆိုပြုခဲ့ပါသည်။
တကယ်တော့ ဦးသန့်သည် ကြားနေသူမဟုတ်ပါ။ ဘက်မလိုက်သူ၊ တရားမျှတသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး သစ္စာတရားဘက်ကသာ အမြဲ ရပ်တည်သူပင်ဖြစ်ပါသည်။ အုပ်စုနှစ်စု၏ ဆန့်ကျင်ဘက်သဘောထားများကို သေချာစွာလေ့လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မှန်ရာကို သဘောထားပေး၏၊ ဆုံးဖြတ်ပေး၏၊ တစ်ဖက်ကမုန်းမှာ (သို့မဟုတ်) တစ်ဖက်ကချစ်မှာထက် ငြိမ်းချမ်းမှုဘက်ကိုသာ သစ္စာခံတတ်သူ၊ တစ်နည်းအားဖြင့် လူအုပ်စုထက် အမှန်တရား (သို့မဟုတ်) ငြိမ်းချမ်း မှုဓမ္မကို ဦးထိပ်ထားသူဖြစ်ပေသည်။
“ကျူးဘားဒုံးပျံအရေးအခင်း”၊ “အာရပ်အစ္စရေးစစ်ပွဲ”၊ “အိန္ဒိယ ပါကစ္စတန်စစ်ပွဲ”၊ “ဒိုမီနီကန်အရေးအခင်းများ” စသည့်အရေးကြီး ကိစ္စများကို ဖြေရှင်းနေချိန်တွင် အလွန်ပင် စိတ်အေးချမ်းတည်ငြိမ်မှု အပြည့်ဖြင့် လုပ်ကိုင်နေသဖြင့် သူ၏ အလွန်စိတ်တည်ငြိမ်မှုရှိခြင်း၏ လျှို့ဝှက်ချက်ကို ကမ္ဘာကြီးက စိတ်ဝင်စားလာခဲ့ပါသည်။ သူ့လျှို့ဝှက်ချက်မှာ သူကိုးကွယ်ရာ ဗုဒ္ဓဘာသာက သင်ကြားပေးအပ်လိုက်သည့် အကျင့်အတိုင်း နေ့စဉ်နေထိုင်ကျင့်ကြံခြင်းပင် ဖြစ်ပါသည်။ ဤသည်မှာ တရားထိုင်ခြင်းပင်ဖြစ်ပေသည်။ နံနက်စောစောထ၍ တရားထိုင် ပါသည်။ အတွင်းရေးမှူးချုပ် တာဝန်ယူနေစဉ်တစ်လျှောက်လုံးတွင် တစ်ခါသာ တရားထိုင်မှုပျက်ကွက်ခဲ့ ဖူးကြောင်း ဦးသန့်က ဖွင့်ဟပြောဆိုခဲ့ပါသည်။
ဦးသန့်ကို အမေရိကန်နှင့် ဆိုဗီယက် နှစ်ဖွဲ့စလုံးက သဘောကျ ကြပါသည်။ အဘယ်ကြောင့် သဘောကျကြသလဲဆိုလျှင် ဦးသန့်၏ ဆုံးဖြတ်ချက်ဆောင်ရွက်မှုမှန်သမျှသည် မည်သည့်အဖွဲ့ ဘက်ကိုမျှ မလိုက်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးစံနှုန်းဆီကိုသာ ဦးတည်နေ၍ဖြစ်ပါသည်။ မိမိအားပေးအပ်ထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးအား အလေးထားရန် တာဝန်နှင့်လုပ်ပိုင်ခွင့်မူဘောင် အတွင်းကသာ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဦးသန့်၏လုပ်ဆောင်ချက်မှန်သမျှမှာ အမှားနည်းသည်ကို တွေ့လာရသည့်အခါတွင် ဘာကြောင့်ပါလဲ ဆိုတာကို စောင့်ကြည့်လေ့လာ ခဲ့ကြပါသည်။
သူ၏ အောင်မြင်ရေးနည်းလမ်းကို လေ့လာပြီး တစ်နှစ်ခွဲအကြာမှာ ဦးသန့်၏အောင်မြင်ရေး သော့ချက်ကတော့ “မြန်မာစစ်စစ်တစ်ယောက်လို နေ့စဉ်ကျင့်ကြံနေထိုင်လို့” ဆိုတာ ထွက်ပေါ် လာပါသည်။ စာဖတ်သူအသင်တို့နှင့် ကျွန်တော်တို့လည်း မြန်မာလူမျိုးများ ဖြစ်၍ သင်တို့ကျွန်တော်တို့၏ “နိစ္စဓူဝဘဝ” ကို ဘယ်လိုဖြတ်သန်း ခဲ့ပါသလဲလို့ ပြန်စဉ်းစားလျှင် ထင်ထင်ရှားရှား မြင်လာပါလိမ့်မည်။ ထိုအချိန်က မြန်မာနိုင်ငံသား ၈၅ ရာခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာဝင် များဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် နံနက်အရုဏ်တက်အချိန်တွင် အိပ်ရာထလေ့ရှိပြီး အလုပ်မသွားခင် ဘုရားရှိခိုးလေ့ရှိပါသည်။
ကျွန်တော်တို့ ကလေးဘဝတုန်းကလည်း ကျောင်းမသွားမီ ဘုရား ရှိခိုးပြီးမှသွားရသလို ကျောင်းရောက်လျှင်လည်း ဘုရားရှိခိုးရသည်ကို မှတ်မိနေပါသည်။ ထိုသို့ မြန်မာ့ပညာသင် ကျောင်းများက လေ့ကျင့်ခဲ့သည်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းခွင်ဆက်စပ်ပုံကို ဦးသန့်၏ ဆောင်ရွက်ချက်များက ပြသခဲ့ပါသည်။ သင်တို့ ကျွန်တော်တို့၏လုပ်ငန်း ခွင်တွင်လည်း မိမိ၏လုပ်ကိုင်ဆုံးဖြတ်ချက်သည် အမှားနည်းပြီး အမှန်ဆီသို့ ဦးတည်အောင် ဆောင်ရွက်ရပါမည်။
အဲဒီအတွက်သင်တို့ ကျွန်တော်တို့သည် “အဂတိတရားလေးပါး” ဖြစ်သည့် “ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ” ကင်းရှင်းစွာဖြင့် အလုပ်လုပ်ကြရပါမည်။ မိမိတို့၏လုပ်ငန်းခွင်တွင် ချစ်ခြင်း၊ မုန်းခြင်း၊ သူတစ်ပါးကို ကြောက်ရွံ့ခြင်း၊ ဩဇာမလွန်ဆန် နိုင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ မေတ္တာတရားကင်းမဲ့ခြင်းနှင့် အမိုက်မှောင် ဖုံးခြင်းတို့ကြောင့် ဆုံးဖြတ်လုပ်ကိုင်ခဲ့သည်မျိုး လုံးဝမဖြစ်စေရပါ။ ဆိုလိုသည်မှာ အဂတိတရားကင်းစင်သည့် လုပ်ငန်းခွင်ဖြစ်ရပေမည်။ ဤသည်မှာ SQ ဉာဏ်ရည်မြင့်မားသူများ၏ မိမိလုပ်ငန်းခွင်အား ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်နေခြင်း ဖြစ်ပေသည်။ ဦးသန့်ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းခွင်သည်လည်း ဤသို့သော လုပ်ငန်းခွင်မျိုးဖြစ်ခဲ့ပေသည်။
မိမိအကြောင်းကို ပြောဆိုလေ့မရှိ၊ ရိုးရိုးအေးအေးနေတတ်သည့် ဦးသန့်သည် “အားလုံးကိုလည်း သည်းခံနိုင်ဖို့ ကျွန်တော်အလေ့အကျင့် လုပ်ခဲ့တာပါ၊ သည်းခံခြင်းစိတ်ဓာတ်ကိုမွေးမြူဖို့၊ စိတ်ဓာတ်ရေးရာ၊ စာရိတ္တရေးရာအရည်အသွေးများကို တန်ဖိုးထားတတ်ဖို့ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ သွန်သင်ခံခဲ့ရတယ်၊ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ်နေတတ်မှု၊ ကြင်နာမှုနှင့် အရေးကြီးဆုံးကတော့ စိတ် ခံစားမှုကို ထိန်းသိမ်းတတ်အောင် သွန်သင်ခံခဲ့ရတယ်။ တရားထိုင်ခြင်း နှင့် သမာဓိတို့ရဲ့အကူအညီဖြင့် ခံစားချက်ကို ထိန်းသိမ်းတတ်ဖို့သွန်သင် ခံခဲ့ရတာမို့ ပုထုဇဉ်တစ်ယောက်အနေနဲ့ သူတော်စင်များကဲ့သို့ ခံစားချက်အလုံးစုံကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း ကျွန်တော်အလွယ် တကူမတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး” ဟု သူ၏စိတ်ခံစားမှုနှင့် စိတ်ကိုစီမံခန့်ခွဲခဲ့ပုံအကြောင်းကို ဖွင့်ဟဝန်ခံခဲ့ပါသည်။
ထို့အပြင် “ဥပမာမစ်ဒယ်ဝိတ်တန်း လက်ဝှေ့သမား မြန်မာတစ်ယောက်နဲ့ အမေရိကန် လက်ဝှေ့သမားတစ်ယောက်တို့ ထိုးတယ် ဆိုပါစို့။ ကျွန်တော် ဘယ်လိုမှခံစားရမှာ မဟုတ်ဘူး။ ငါစွဲဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေ ပျောက်ကုန်ပါပြီ။ ကျွန်တော် ဒီအဆင့် ရောက်အောင် အများကြီးလေ့ကျင့်၊ တရားတွေလည်း ထိုင်ခဲ့ရတယ်။ အစွဲကင်းနိုင်သမျှ ကင်းအောင် ကျွန်တော်လေ့ကျင့်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော့် ရည်မှန်းချက်ပဲဖြစ်သင့်တယ်။ ဒါကို ကျွန်တော် အခိုင်အမာ ယုံကြည်တယ်။ လူသားမျိုးနွယ်ဟာ မျိုးစိတ်တစ်ခုတည်း (One Human Species) ဆိုပြီး စဉ်းစားနိုင်ပါမှ ကျွန်တော်တို့ဟာ အမြော် အမြင်ကြီးတဲ့လူသားပါ” ဟု သူ၏မိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အထက်ပါ သူ၏ဖွင့်ဟချက်နှင့် မိန့်ခွန်းတို့တွင် ဦးသန့်သည် သူကိုးကွယ်ရာ ဗုဒ္ဓဘာသာဆီမှ အဂတိတရားလေးပါး ကင်းရှင်းရေး၊ အသိဉာဏ်ပညာကိုလက်ခံရရှိခဲ့ပြီး အထုံပါရမီဖြစ်သည် အထိလေ့ကျင့် ခဲ့ကာ လိုက်နာကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း တွေ့မြင်နိုင်ပါသည်။
ဤသို့ နေ့စဉ်ဘဝတွင် လိုက်နာကျင့်ကြံခြင်းသည်ပင် SQ ဉာဏ်ရည်မြင့်မားသူတစ်ဦးဘဝသို့ ရောက်ရှိစေခဲ့သည်ဟု မြင်မိပါ သည်။ ထိုဉာဏ်ရည်မြင့်မားမှုက သူ၏ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းခွင်တွင် အမှားနည်းပြီး အမှန်ဆီသို့ ဦးတည်မှုကို ပို့ဆောင်ပေးခဲ့ပါသည်။ အရေးကြီးဆုံးမှာ သူကိုးကွယ်ရာ ဗုဒ္ဓဘာသာတရား၏ အနှစ်သာရ ဖြစ်သည့် “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ဆိုသည့်အတိုင်း လိုက်နာကျင့်ကြံခဲ့ခြင်းဖြစ်နိုင်ပါသည်။ ဤသည်မှာ လည်း အကျင့်တရားပင်ဖြစ်ပါသည်။
အဆိုပါ အကျင့်တရားပိုင်းတွင် နှစ်ပိုင်းပါဝင်နေပေသည်။ ပထမအချက်ဖြစ်သည့် “မကောင်းမှုရှောင် ကောင်းမှုဆောင်” ခြင်းကို တည်မြဲစေရန်အတွက် ဓမ္မနှင့်အဓမ္မကို ခွဲခြားနိုင်သည့် ဗုဒ္ဓ၏ အဆုံးအမများကို သူ့ဘဝတစ်လျှောက်လုံးတွင် လေ့လာသင်ကြားခဲ့ပြီး လိုက်နာကျင့်သုံးမှုတွင် မွေ့လျော်ခဲ့ရပါမည်။ ထို့နောက် “အဂတိ တရားလေးပါး” ကင်းစင်ရေးကို သာမန်ကျင့်သုံးနေရုံမျှဖြင့် မခိုင်မြဲ နိုင်ပါ။ ဒုတိယအချက်ဖြစ်သည့် “ဖြူအောင်စိတ်ကို ထားတတ်သည့်အကျင့်” ဆီသို့ ဆက်လက်တက်လှမ်းနိုင်ခဲ့ပါသည်။ သို့မှသာ အဆိုပါ အဂတိတရား လေးပါးကင်းစင်မှုဆီသို့ အချိန်တိုင်းဦးတည်ဆောင်ရွက် နိုင်ပေလိမ့်မည်။
သင်တို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ညအိပ်ရာဝင်ခါနီး အချိန်တွင် ဘုရားဝတ်ပြုတတ်သော အလေ့အကျင့်ရှိပါသည်။ ကျွန်တော်တို့ ဘုရားဝတ်ပြုနေချိန်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား အချိန်တိုင်း ဖျက်ဆီးနေသော အတွင်းရန်သူများဖြစ်ကြသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာမစ္ဆရိယစသည့် အဖျက်တရားများသည် ကင်းကွာသွားကြပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့၏ စိတ်သည် ဖြူစင်နေလျက် ရှိပါသည်။
ငြိမ်းချမ်းဖြူစင်နေသည့်စိတ်တွင် “အဂတိတရားလေးပါး” လည်း မကိန်းအောင်းနိုင်တော့ပါ။ အဆိုပါ ငြိမ်းချမ်းမှုအပြည့်နှင့် တည်ငြိမ်မှုကို ဦးဆောင်သည့် ဖြူစင်စိတ်ထားကို အထုံပါရမီကဲ့သို့ တည်မြဲနေအောင် ဆက်လက်လိုက်နာကျင့်သုံးသင့်သည့်အရာမှာ “တရားထိုင်ခြင်း” ပင်ဖြစ်ပါသည်။ ဤအကျင့်ကို ဦးသန့်သည် နံနက်စောစောနှင့် အိပ်ရာမဝင်မီအချိန်တွင် ကျင့်သုံးခဲ့သည်ဟု လေ့လာဖတ်မိခဲ့ပါသည်။ ထိုတရားထိုင်မှုသည် ဦးသန့်အား ငြိမ်းချမ်းမှု၊ ဖြူစင်မှုပြည့်ဝသည့် စိတ်ထားကို ပိုင်ဆိုင်စေပြီး မိမိ၏ငြိမ်းချမ်းရေးဖော်ဆောင်မှု အလုပ်ကို အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် အောင်မြင်အောင် စွမ်းဆောင်နိုင်သည့် စွမ်းအားအဖြစ် ပေါ်ထွန်းလာစေပါ တော့သည်။
ယနေ့မြန်မာ့ပညာရေးနှင့် ပြန်လည်၍ လရောင်ဆမ်းသင့်သည့် ဉာဏ်ရည်
တကယ်တော့ ဦးသန့် တာဝန်ထမ်းဆောင့်ခဲ့သည့်အချိန်မှာ ၁၉၆၁- ၁၉၇၁ နှစ်များဆီက ဖြစ်ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်းနှစ်ခုနှင့် ခေတ္တအတွင်းရေးမှူးချုပ်ကာလတို့ ဖြစ်ပါသည်။ ယနေ့ခေတ်မီပညာရေးတွင် SQ နေရာယူလာသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခန့်သာ ရှိပါသေးသည်။ ဦးသန့် တာဝန်ယူခဲ့သည့်ကာလ သည်ပင် ရာစုနှစ်တစ်ဝက်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ သူ့ထံမှာ ထင်ဟပ်ခဲ့ သည့် အက်စ်ကျူသည်လည်း ထိုအချိန်ကာလနှင့် အတူတူဟု ထင်မှတ် စရာ ရှိပါသည်။ သို့သော် ထိုသို့မဟုတ်ပါ။ အစောဆုံးကာလက သူပညာ သင်ခဲ့ရာ ကျောင်းကဟု မြင်မိပါသည်။ ထို့နောက်ညီအစ်ကိုမောင်နှမများ၏ ပညာရေးနှင့် မိခင်အိုကြီးအား လုပ်ကျွေးရန် တက္ကသိုလ်ကျောင်း မှထွက်၍ အလုပ်လုပ်ခြင်းသည် မိဘကိုလုပ်ကျွေးခြင်း၊ ဆွေမျိုးညာတိတို့အား ထောက်ပံ့ပေးခြင်းဟူသည့် ဗုဒ္ဓဘာသာ၏ “မဂလာတရားတော်” နှင့်ညီသည်ဟု စာရေးသူမြင်မိပါသည်။
ထို့အတူ မိမိမွေးရပ်မြေတွင် အမျိုးသားကျောင်းဆရာနှင့် ယင်းနောက်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်တွင်ပင် ဆောင်းပါးတစ်နေရာတွင် ဖော်ပြခဲ့သည့် “ကျွန်တော့်ကျောင်းက ဘယ်တစ်ယောက်မျှ လူဆိုး၊ သူခိုး မထွက်စေရဘူး။ အာမခံတယ်” ဟု ကြွေးကြော်ခဲ့ပါသည်။
ထိုစဉ်က အမျိုးသားကျောင်းများသည် ကျောင်းစတက်လျှင် ဘုရားဝတ်ပြုကြရပါသည်။ SQ ပြည့်ဝသည့် ဘာသာခြားကိုးကွယ်သူ ဆရာကြီး ဦးရာဇာတ်သည်ပင် ဘုရားဝတ်မပြုသည့် ဗုဒ္ဓဘာသာဝင် ကျောင်းသားများကို ဝတ်မပြုရကောင်းလားဟု ဒဏ်ပေးပြီး ဘုရားဝတ် ပြုစေ၏။ ဆရာကြီး ဦးရာဇာတ်ကဲ့သို့ ယနေ့ အခြားဘာသာ အမျိုးမျိုး ကိုးကွယ်ကြသည့် ဆရာ ဆရာမများ ရှိနေဆဲဖြစ်ပါသည်။ SQ ပြည့်ဝကြသည့် ထိုဆရာ ဆရာမများကိုလည်း လေးစားကြည်ညိုမိပါသည်။ သူတို့ခေတ်တွင် ကျောင်းသားကျောင်းသူများကို ငါးပါးသီလအား ခါးဝတ်ပုဆိုးကဲ့သို့ ခိုင်မြဲနေအောင် သင်ပေးရသလို မိဘဝတ်၊ ဆရာ့ ဝတ်၊ တပည့်ဝတ်၊ သားသမီးဝတ်စသည့် ဗုဒ္ဓ၏လူသားကောင်းကျိုး ဖြစ်ထွန်းစေမည့် အဆုံးအမအလေ့အကျင့် ကောင်းများကိုလည်း သင်ကြားပေးခဲ့ကြသဖြင့် သူ့တပည့်များတွင် လူ့အဖွဲ့အစည်းကို ပျက်စီးစေမည့် ဗီဇဆိုးကင်းဝေးပြီး လူ့အဖွဲ့အစည်း ငြိမ်းချမ်းမှုကို မြတ်နိုးသူများ ဖြစ်ထွန်းရေးကိုသာ လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ကျောင်းအုပ်ကြီးထံမှ ကောင်းမြတ်သည့် SQ ဉာဏ်ရည်ကို တပည့်များဆီသို့ တော်သလောက် ကောင်းမွန်သည့်ပြည့်ဝနိုင်ငံသားများ၊ တစ်နည်းအားဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးသူများ ဖြစ်ထွန်းလာစေရန် လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပါသည်။ ဤသည်မှာ လွန်ခဲ့သော နှစ် ၈၀ ခန့်က မြန်မာ့မြေပေါ်တွင် ပေါ်ထွန်းခဲ့သည့် ပညာရေး၏ SQ ဉာဏ်ရည် ထွန်းတောက်အောင် လေ့ကျင့် ပေးမှုပင်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် အဆိုပါထွန်းတောက်မှုသည် ပျက်သုဉ်း သလောက်နီးပါး မှေးမှိန်နေပြီ ဖြစ်ပါသည်။
သို့ပါ၍ မြန်မာ့ပညာရေးက မဖြစ်မနေ SQ လရောင်ဆမ်းသော ကာလကို အားလုံးလက်ခံနိုင်သည့် အသွင်မျိုးဖြင့် ပြန်လည်ရောက်ရှိ စေရန် အကောင်အထည်ဖော်ဆောင်ရွက်သင့်နေပြီဖြစ်ပါသည်။ နိုင်ငံသားတိုင်းတွင် SQ ဉာဏ်ရည် ပြန်လည်ရှင်သန်နိုးထရန် အလိုအပ်ဆုံး အချိန်လည်း ဖြစ်ပါသည်။ နိုင်ငံတကာပညာရေးလောကတွင်လည်း လိုအပ်နေပြီဟု ပြောဆိုနေကြသည်မှာ အင်မတန်ကျယ်ကျယ်လောင် လောင် ဖြစ်နေကြပြီဖြစ်ပါသဖြင့် ပြန်မနိုးထနိုင်လျှင် “နိုင်ငံတကာစံမီ ပညာရေးအဆင့်နှင့် အလှမ်းဝေး” နေကြဦးမှာ ကျွန်တော်တို့ စိုးရိမ်မိပါသည်။
အမျိုးသားကျောင်းအုပ်ကြီး ဦးသန့်သည် သူ၏ SQ ဉာဏ်ရည်ကို တဖြည်းဖြည်းရင့်သန်အောင် လေ့ကျင့်လာခဲ့ရာ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်တာဝန် ထမ်းဆောင်နေချိန်တွင် SQ ဉာဏ်ရည် ပြည့်ဝနေမှုက ငြိမ်းချမ်းမှုအတွက် အဂတိတရားလေးပါး ကင်းဝေးစေရန်နှင့် ငြိမ်းချမ်းမှုဓမ္မဆီသို့ ဦးတည်ရန်သာ အမြဲတမ်းထိန်းညှိပေးနေမှုအား ဦးသန့်၏အောင်မြင်ရေးသော့ချက်ကို လေ့လာနေ သူများက ဆောင်းပါး တစ်နေရာတွင် ဖော်ညွှန်းထားသကဲ့သို့ “မြန်မာစစ်စစ်တစ်ယောက်လို နေ့စဉ်နေထိုင်နိုင်လို့” ပါဟု ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ပါသည်။
သို့အတွက်ကြောင့် အထက်တွင်ဖော်ပြခဲ့သလို ထိုအချိန်တွင် ဩဇာကြီးမားခဲ့ကြသည့် ကမ္ဘာ့အင်အားကြီးအုပ်စုနှစ်စုစလုံးမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ဦးဆောင်သည့်ဦးသန့်ကို ချစ်ခင်လေးစား ခဲ့ကြပါသည်။ အတန်းပညာအားဖြင့် ဘွဲ့မရခဲ့သော မြန်မာ့သားကောင်း ဦးသန့်ကို အောင်မြင်သည့် ငြိမ်းချမ်းရေးခေါင်းဆောင် ကမ္ဘာ့အကြီးအကဲစာရင်းဝင်တစ်ဦးအဖြစ်သို့ တွန်းပို့ပေးခဲ့ပြီး အောင်မြင်စွာရပ်တည် နိုင်ခဲ့သည်မှာ ထိုခေတ်မြန်မာ့ပညာရေးက လေ့ကျင့်ပေးလိုက်သည့် SQ ဉာဏ်ရည်မြင့်မားမှုကြောင့်ပါဟု ကောက်ချက်ချမိပါသည်။
သို့ပါ၍ တော်သလောက်ကောင်းသည့် မြန်မာ့မျိုးဆက်သစ်များ ဆက်လက်ပေါ်ထွန်းစေလိုလျှင် IQ၊ EQ မြင့်မားနေမှုနှင့်အတူ ကိုယ်ကာယ ကျန်းမာသန်စွမ်းသည့် PQ ပိုင်ဆိုင်ပြီး လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းသာယာမှုကို ဖြစ်ထွန်းရန် အမြဲထိန်းညှိပေးနိုင်စွမ်းရှိသည့် SQ ပြည့်ဝသည့် နိုင်ငံသားများ (မိမိကိုးကွယ်ရာ ဘာသာတရား အသီးသီးကို မြတ်နိုးလိုက်နာကျင့်သုံးပြီး အခြားသူများ၏ ဘာသာတရားကို လေးစားသူများ) ဖြစ်ထွန်းလာသည်အထိ ကျွန်တော်တို့၏ပြောင်းလဲ လိုသည့်ပညာရေးက သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပေလိမ့်မည်။
SQ ဉာဏ်ရည်မြင့်မားသူသည် ငြိမ်းချမ်းမှုကိုသာ အလေးထား၏။ အမှန်တရား ဓမ္မကိုမြတ်နိုး၏။ လူပုဂ္ဂိုလ်၊ အုပ်စု၊ အဖွဲ့ကိုမခင်၊ တာဝန်နှင့် သစ္စာတရားကို ခုံမင်၏။ အဓမ္မကို ဖယ်ခွာ၏။ အတ္တစွဲကင်းဝေးနေအောင် လေ့ကျင့်ထား၏။ တည်ဆောက်၏။ မဖျက်ဆီးပေ။ အဂတိ တရားလေးပါး ကင်းဝေးနေစေရန် စိတ်ကို ဖြူစင်အောင်ထားနိုင်၏။ မတရားမှု၊ ဆူပူမှု၊ အကြမ်းဖက်မှုမှသည် စစ်ပွဲများ ကင်းစင်သည်အထိ ဆောင်ကြဉ်းနိုင်စွမ်းရှိပေ၏။ လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းကို ယဉ်ကျေးအောင်၊ သိမ်မွေ့အောင်၊ အေးချမ်းသာယာအောင် ဆောင်ရွက် ပေးနိုင်စွမ်းရှိပေသည်။
ဤသည်ကို SQ ဉာဏ်ရည်မြင့်မားသူ မြန်မာ့သားကောင်းနှင့် ကမ္ဘာသူကမ္ဘာသားများ၏ ကျေးဇူးရှင်ဦးသန့်က ကမ္ဘာသို့ သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ သူတို့ခေတ်မြန်မာ့ပညာရေးက SQ ဉာဏ်ရည် မြင့်မားလာအောင် လေ့ကျင့်ပေးခဲ့ပုံကိုလည်း မီးမောင်း ထိုးပြခဲ့ပြီး ဖြစ်ပါသည်။ မြန်မာတွင်သာမက ကမ္ဘာတွင်လည်း မှတ်တမ်း တင်ခဲ့ပြီဖြစ်ပါသည်။ သို့ပါ၍ မြန်မာ့ပညာရေးသည် ယနေ့နိုင်ငံတကာ စံမီပညာရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် “လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှုကို မြတ်နိုးအကောင်အထည်ဖော် ဆောင်ရွက်ကြမည့် SQ ဉာဏ်ရည်မြင့်မားသူ နိုင်ငံသားများ ပေါ်ထွန်းရေး” ကို မဖြစ်မနေလေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ကျမ်းကိုး
(၁) ဇေယျသူ (၂၀၁၀) ဦးသန့်နှင့် EI, Voice ဂျာနယ်၊ စက်တင်ဘာလ
(၂) စိန်ဝင်းစိန် (၂၀၁၃) နယူးယောက်က ဦးသန့်
(၃) အထောက်တော်လှအောင် (၂၀၁၀) ဗမာ့ဦးသန့် (စတုတ္ထအကြိမ်)