Skip to main content

NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရသည့် အကြောင်းရင်း

မင်းခန့်

မကြာသေးခင်ကပဲ စာရေးသူအနေနဲ့ အကြမ်းဖက်ဝါဒနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ တစ်ခုတက်ရောက်ရင်း ရရှိလာတဲ့ဗဟုသုတနဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးစရာလေးတွေ ရှိလာပြန်ပါတယ်။ ကမ္ဘာပေါ်မှာ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်နိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ မြောက်မြားစွာ ရှိနေသလို အကြမ်းဖက်တိုက်ခိုက်တဲ့ နည်းလမ်းတွေ၊ အကြမ်းဖက်တိုက်ခိုက်ရတဲ့ အကြောင်းရင်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။

အကြမ်းဖက်ဝါဒ (Terrorism) နဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း လက်ခံထားတဲ့ တိကျတဲ့ တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးဘူးလို့ ဆိုကြပါတယ်။ ဒီလိုမရှိရတဲ့ အကြောင်းရင်းကတော့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အခြားသော နိုင်ငံရေးအရဖြစ်တဲ့ သွေးထွက်သံယိုမှုတွေ၊ ရာဇဝတ်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်နေတာကြောင့် တိတိပပအဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန် နေကြတဲ့ CRPH/NUG/PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် တရားဝင်သတ်မှတ်ဖို့ နိုင်ငံတကာမှာ နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက တည်ဆဲ ဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ CRPH/NUG/PDF အဖွဲ့တွေကို အချို့သောနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်များက နိုင်ငံရေး အကြောင်းပြချက်နဲ့ ထိတွေ့ဆက်ဆံမှုပြုလုပ်နေတာ ကြားသိနေရပါတယ်။ အမှန်စင်စစ် NUG အဖွဲ့ဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ရပ် အသွင် လှုပ်ရှားနေပေမယ့် သူတို့အဖွဲ့ရဲ့ ဦးတည်ချက်နဲ့ လှုပ်ရှားမှုများဟာ ကမ္ဘာ့နိုင်ငံ အားလုံးက လက်ခံထားတဲ့ အကြမ်းဖက်ဝါဒ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့သာမက သဘောတူ သတ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ် ပုံသဏ္ဌာန်များအတိုင်း လုပ်ဆောင်နေတယ်ဆိုတာ ငြင်းမရနိုင်တဲ့ သက်သေအထောက်အထားများစွာ ရှိနေပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာတော့ CRPH/NUG/PDF တွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ဘာကြောင့်သတ်မှတ်ရသလဲ၊ NUG ကျင့်သုံးနေတဲ့ အကြမ်းဖက် ဝါဒပုံစံက ဘယ်လိုမျိုးလဲဆိုတာကို နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ စံသတ်မှတ် ချက်တွေနဲ့ ၎င်းတို့ရဲ့ လက်တွေ့မြေပြင်က လုပ်ရပ်တွေကို ချိန်ထိုးဖော်ထုတ် သုံးသပ်ပြသွားမှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ (Terrorism) ၏ အဓိပ္ပာယ်

Oxford အဘိဓာန်မှာတော့ အကြမ်းဖက်ဝါဒ (Terrorism) ဆိုတာ “နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အရပ်သားတွေအပေါ်မှာ သွေးထွက် သံယိုမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ဥပဒေမဲ့ကျူးလွန်ခြင်း” (the unlawful use of violence and intimidation, especially against civilians, in the pursuit of political aims)လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လွယ်လွယ်ကူကူနဲ့ ရှင်းရှင်းလင်းလင်း ထင်ဟပ်စေတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်လို့ ပြောလို့ရပါတယ်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံဆုံးဖြတ်ချက် (၄၉/၆၀)မှာ အကြမ်းဖက် ဝါဒ/ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာက “Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any circumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them”လို့ ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်လုပ်ရပ်တွေဆိုတာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဘယ်လို အကြောင်းပြချက်မျိုးနဲ့မဆို နိုင်ငံရေးရည်မှန်းချက်အတွက် လူထုကြားမှာ အထိတ်တလန့် ဖြစ်စေဖို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” မှာလည်း အကြမ်းဖက်မှု ဆိုတာ “အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အဆောက်အဦ များကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အဦ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ၊ အသုံးအဆောင် ပစ္စည်းများဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှု”တွေ ဖြစ်တယ်လို့ အတိအလင်း သတ်မှတ်ထားပါတယ်။ ဒါ့အပြင် “အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်ပေါ်စေခြင်း၊ ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ် ပြုလုပ်စေခြင်း၊ စစ်ပြိုင်မှုတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိသူ တစ်ဦးဦးကို သေစေရန်၊ သို့မဟုတ် အပြင်းအထန် နာကျင်စေရန်နှင့် အခြားပြုလုပ်မှုများ” ကလည်း အကြမ်းဖက်မှုမြောက်တယ်လို့ ဖော်ပြထားရှိပါတယ်။

ဒါ့ကြောင့် ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ခြုံငုံလေ့လာကြည့်မယ်ဆိုရင် နိုင်ငံရေးရလိုမှုကို နိုင်ငံရေးအရ အဖြေမရှာဘဲ လက်နက်ကိုင်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားသွင်းဖို့ ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက် သတ်ဖြတ်နေတာတွေက ကမ္ဘာ့ လူ့အဖွဲ့အစည်းတွေ အားလုံးလက်ခံထားတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

NUG အကြမ်းဖက်အဖွဲ့၏ ဇာစ်မြစ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် NLD အစိုးရအနေနဲ့ နောက် တစ်ဆက် အစိုးရထပ်ဖွဲ့နိုင်ဖို့ရည်ရွယ်ချက်နဲ့ မတော်မတရား ကြိုးပမ်းတာတွေကနေ နိုင်ငံရေးမတည်ငြိမ်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရနဲ့ ယခင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိ မဲမသမာမှုတွေကျူးလွန်ခဲ့ပြီး ဥပဒေကို အလွဲသုံးစားလုပ်ခဲ့မှုတွေကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ ဒီလို ဥပဒေနဲ့အညီ တပ်မတော်ရဲ့လုပ်ဆောင်ချက်ကို လက်မခံနိုင်လို့ အာဏာပြန်လည်ရရှိရေး လက်နက်ကိုင်တော်လှန်ရေးလုပ်တာကို ဒီမိုကရေစီအတွက် နိုင်ငံရေးလှုပ်ရှားမှုလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ တကယ်တော့ NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲမသမာမှုတွေကို ဥပဒေအရ ငြိမ်းချမ်းစွာ အဖြေရှာလို့ရပါလျက်နဲ့ မျက်ကွယ်ပြုပြီး NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ CRPH မှတစ်ဆင့် NUG၊ PDF အဖွဲ့တွေ ပေါ်ပေါက်လာပြီး သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကို အကြမ်းဖက်နည်းလမ်းနဲ့ရယူဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ NLD ထောက်ခံသူတွေ ဦးဆောင်ခဲ့တဲ့ ဆန္ဒပြမှုတွေက အစပိုင်းမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အစွန်းရောက် အကြမ်းဖက်မှုများ ဆီသို့ ဦးတည်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေ မပါဝင်တော့ဘဲ CRPH/NUG တို့ ဖွဲ့စည်းခဲ့တဲ့ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF အစွန်းရောက်တွေက အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ဝင်တွေက ပြည်ပနိုင်ငံအချို့မှာ ခိုလှုံနေထိုင်ပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးနဲ့ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ စီမံခိုင်းစေခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖိအားပေးခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

NUG အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များ

CRPH/NUG တို့ရဲ့ ဦးဆောင်စေခိုင်းမှုနဲ့ လက်ဝေခံလော်ဘီတွေရဲ့ ဆိုရှယ်မီဒီယာတွေ ကနေတစ်ဆင့် အစွန်းရောက်အတွေးအမြင်တွေ၊ လှုံ့ဆော်မှုတွေကြောင့် လက်အောက်ခံ PDF တွေ ကျူးလွန်ခဲ့ကြတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှု ပုံစံတွေနဲ့ ထပ်တူညီနေတာကို တွေ့ရပါတယ်။

CRPH/ NUG/ PDF အမည်ခံ အကြမ်းဖက်သမား များအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့အထိ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု ၃၉၉၇ ကြိမ်၊ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက် ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်မှု ၄၉၈၁ ကြိမ်၊ မီးရှို့တိုက်ခိုက်မှု ၆၅၃ ကြိမ်၊ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦများ ဖျက်ဆီးမှု ၇၂၅ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံရမှု ၂၅၄ ကြိမ်၊ စက်ရုံများတိုက်ခိုက်ခံရမှု ၅၈ ကြိမ်၊ ဆက်သွယ်ရေးတာဝါတိုင်များ ဖောက်ခွဲ ဖျက်ဆီးခံရမှု ၄၂၁ ကြိမ်၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရမှု ၁၄ ကြိမ်၊ ကိုဗစ်ကုသရေးစင်တာများ တိုက်ခိုက်မှု ၁၁ ကြိမ် ရှိခဲ့ပါတယ်။

အကြမ်းဖက်သတ်ဖြတ်ခံရသူများတွင် ရဟန်းသံဃာတော်များ ၅၅ ပါး၊ ပညာရေး ဝန်ထမ်းများနှင့် ဆရာ/ဆရာမ ၃၉ ဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ၁၃ ဦး၊ ဒလန်စွပ်စွဲချက်နဲ့ မိသားစုလိုက်သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၈၉ ဦး၊ အုပ်ချုပ်ရေးမှူး ၅၂၄ ဦး၊ စစ်မှုထမ်းဟောင်း ၁၂၀ တို့ အပါအဝင် အပြစ်မဲ့အရပ်သား သေဆုံးမှု ၃၆၆၄ ဦး ရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့သက်ဆိုင်ပြီး မြင်သာမယ့်ဥပမာကိုပြရရင် မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိတဲ့ မော်လမြိုင်မြို့ WHO ရုံးခွဲက ဝန်ထမ်း ဦးမျိုးမင်းထွဋ်ကို ၈-၆-၂၀၂၂ ရက်နေ့က အကြမ်းဖက်သမားတွေ လမ်းပေါ်မှာတင် ပစ်သတ်ခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ ဦးမျိုးမင်းထွဋ်ဟာ နစကအဖွဲ့ဝင် အရာရှိကြီးတစ်ဦးနဲ့ ဆွေမျိုးတော်စပ်လို့ NUG အဖွဲ့ရဲ့ Hit List စာရင်းအရ သတ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အကြောင်းပြချက်က လူတစ်ဦးကို သတ်ရလောက်အောင် ကျိုးကြောင်း ခိုင်လုံပါရဲ့လားဆိုတာ စဉ်းစားသုံးသပ် ကြည့်စေချင်ပါတယ်။ အမှန်တကယ်ကတော့ သူတို့ စွပ်စွဲချက်က မဟုတ်သလို သာမန်အပြစ်မဲ့ပြည်သူတစ်ဦးသာဖြစ်တဲ့ ကုလသမဂ္ဂရဲ့တရားဝင် ဝန်ထမ်းတစ်ဦးကိုတောင် ရက်ရက်စက်စက် လူအများကြားမှာ သေနတ်နဲ့ပစ်ခတ်တဲ့ လုပ်ရပ်ဟာ ရိုင်းစိုင်းယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်ပဲ ဖြစ်ပါတယ်။

PDF အကြမ်းဖက်သမားတွေဟာ ဒီလိုသာမန် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့အပြင် ပြည်တွင်းအကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အချို့နဲ့ ပူးပေါင်းပြီး လူအများအပြား သေကျေပျက်စီးစေနိုင်တဲ့ လူမဆန်တဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေအထိ ကျူးလွန်လာတာကိုလည်း တွေ့ရပါတယ်။ သာဓကအနေနဲ့ PDF အကြမ်းဖက်သမားတွေဟာ KNPP အကြမ်းဖက်သောင်းကျန်းသူများနဲ့ ပူးပေါင်းပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ် ပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်း လိုင်း(MNA)မှ ခရီးသည်လေယာဉ်ကို လက်နက် (စိစစ်ဆဲ)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေယာဉ်ဝမ်းဗိုက်ပိုင်းဖောက်ထွက်ပြီး ခရီးသည်တစ်ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။

 ခရီးသည်လေယာဉ်ကို ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ရိုင်းစိုင်း ယုတ်မာသော အကြမ်းဖက်မှုကျူးလွန်ခြင်း ဖြစ်ပါတယ်။ လတ်တလော ပြည်တွင်းမှာ ဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်များဟာ NUG အဖွဲ့ရဲ့ ကြိုးကိုင်စီစဉ်မှုနဲ့ PDF အဖွဲ့များက အကြမ်းဖက်သောင်းကျန်းသူ KNPP၊ KIA၊ KNU အဖွဲ့များနဲ့ ပူးပေါင်းပြုလုပ် နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ အကြမ်းဖက်အဖွဲ့များရဲ့ ရက်စက်ဆိုးရွားလှတဲ့ အကြမ်းဖက် လုပ်ရပ်များဟာ နိုင်ငံတကာကသတ်မှတ်ထားတဲ့ အကြမ်းဖက်အဓိပ္ပာယ်၊ အကြမ်းဖက် တိုက်ခိုက်မှုအမျိုးအစားနဲ့ ကိုက်ညီနေတဲ့အပြင် မြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြဋ္ဌာန်းချက်များနဲ့လည်း ငြိစွန်းနေတဲ့ အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပါတယ်။

NUG ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် KNPP နဲ့ PDF အကြမ်းဖက်သမားများရဲ့ ပစ်ခတ်မှုဟာ နစက အစိုးရထိခိုက်အောင် လုပ်တာဖြစ်ပေမယ့် လေယာဉ်ဆီတိုင်ကီကို ထိမှန်သွားပါက လေယာဉ်မီးလောင်ပျက်ကျပြီး ခရီးသည်ပြည်သူများ အစုလိုက်အပြုံလိုက် သေကျေပျက်စီး စေနိုင်တာဖြစ်လို့ အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်တဲ့ ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက် လုပ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီလို အကြမ်းဖက်လုပ်ရပ်များကို တန်ပြန်တိုက်ဖျက်နိုင်ရေး၊ တားဆီးထိန်းချုပ်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ပြည်တွင်း/ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများက CRPH၊ NUG နဲ့ PDF အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ရှုမြင်လက်ခံလာအောင် အချိန်နဲ့တစ်ပြေးညီ မီဒီယာ မျိုးစုံမှ သတင်းထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲများတွင် အလျဉ်းသင့်သလို ချပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး UNCTED၊ INTERPOL၊ ASEANPOL အပါအဝင် နိုင်ငံတကာအကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးအဖွဲ့အစည်းများကို သက်သေအထောက်အထားများခိုင်လုံစွာနဲ့ လစဉ်ပေးပို့ အသိပေးလျက်ရှိပါတယ်။ ဒီလိုပေးပို့တိုင်ကြားမှုတွေကြောင့် အကြမ်းဖက်မှုကို အမှန် တကယ်ချုပ်ငြိမ်းစေလိုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လာတာကို တွေ့ရပါတယ်။

ဥပမာ ဩစတြေးလျနိုင်ငံက မင်းမော်ကွန်းလို အကြမ်းဖက်သမားကို ဒီမိုကရေစီ သူရဲကောင်း အဖြစ် လက်ခံထားပြီး သူ့ရဲ့ ရက်စက်ယုတ်မာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဘူးပေါ်သလို ပေါ်လာခဲ့ချိန်မှာတော့ ဩစီအစိုးရက သူ့ရဲ့ နေထိုင်ခွင့်ကိစ္စ ပြန်လည် စိစစ်မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ Facebook ကလည်း Bluemark Account ဖြုတ်ချလိုက်တာတွေက မှန်ကန်တဲ့လုပ်ရပ်တွေလို့ မြင်ပါတယ်။ သို့သော်လည်း ကမ္ဘာ့နိုင်ငံကြီးအချို့ကတော့ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဒီမိုကရေစီအရေခြုံပြီး လာရောက်ခိုလှုံနေတဲ့ NUG အကြမ်းဖက်အဖွဲ့ကို ထိတွေ့ဆက်ဆံမှု၊ အားပေး ထောက်ပံ့မှုတွေ ပြုလုပ်နေကြတာကို စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။ အမှန်တကယ်တော့ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေကို ချိုးဖောက်ပြီး အခြားနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်နေသူများဟာ နိုင်ငံရေးလှုပ်ရှားသူများမဟုတ်ကြဘဲ လတ်တလော ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်များနဲ့ အကြောင်းမဲ့သတ်ဖြတ်မှုများကို စီစဉ်ကြိုးကိုင်၊ အားပေးလှုံ့ဆော်နေသူများ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေဆီ ဒီမိုကရေစီ အရေခြုံပြီး ရောက်ရှိခိုလှုံနေတဲ့ ဒီလိုအကြမ်းဖက်သမားတွေကို သက်ဆိုင်ရာအစိုးရတွေက ကာကွယ်မပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

အဲ့ဒီ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ နိုင်ငံအချို့ဟာ အကြမ်းဖက်ဝါဒကို လိုရာဆွဲ အဓိပ္ပာယ်ဖော်ဆောင်ပြီး NUG ကို ဒီမိုကရေစီအင်အားစု၊ နိုင်ငံရေး လှုပ်ရှားသူများအဖြစ် ပုံဖော်နေခြင်းဟာ လက်ရှိသူတို့ရဲ့ မြေပြင်မှာလက်တွေ့ လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီမှုရှိပါရဲ့လား? သူတို့ရဲ့ ပကတိလုပ်ဆောင်ချက်တွေ၊ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေအရ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို ဘာကြောင့် လက်မခံနိုင်ရတာလဲ? ဆိုတဲ့ မေးခွန်းတွေကို ကုလသမဂ္ဂအပါအဝင် NUG ကို ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက် မှုကိုမလိုလားတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မေးခွန်းထုတ်လိုပါတယ်။

NUG အဖွဲ့၏ အကြမ်းဖက်ဝါဒပုံစံသစ်

(New Terrorism)

NUG အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ကြည့်လိုက်ရင် NUG အဖွဲ့ရဲ့ စီစဉ်စေခိုင်းမှုနဲ့ PDF များရဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာတွေက နိုင်ငံရေးရည်မှန်းချက်မရှိဘဲ သတ်ဖြတ်နေကြတဲ့ လူသတ်မှု (Homicide) မဟုတ်ပါဘူး။ လူမျိုးရေး၊ လိင်ကွဲပြားမှုကို အခြေခံပြီး အမုန်းတရားကြောင့်ဖြစ်တဲ့ ရာဇဝတ်မှု (Hate Crime)တွေ မဟုတ်ပါဘူး။ အစိုးရနဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ (State-based Armed Conflict) မဟုတ်ပါဘူး။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အချင်းချင်း ဖြစ်နေတဲ့(Non-state Armed Conflict) မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်ဝါဒက နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို အခြေခံပြီး နိုင်ငံတစ်ခုလုံးနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးသွားအောင် အစိုးရ (Government) မဟုတ်တဲ့ နိုင်ငံတော် (State) ရဲ့ ဒေါက်တိုင်ဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assisin- ations to State Servants)၊ အပြစ်မဲ့ အရပ်သားစစ်စစ်တွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assisinations to Civilians or Non-combatants)၊ ဥပဒေပြင်ပ လူသတ် တရားစီရင်ခြင်း (Extrajudicial Killing)၊ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဗုံးခွဲ တိုက်ခိုက်ခြင်း (Mass Bombing and Killing)တွေ ဖြစ်ပါတယ်။ NUG ရဲ့ လမ်းစဉ်က မြန်မာ့လူ့အဖွဲ့အစည်း ပျက်သုဉ်းသွားဖို့နဲ့ စိတ်ဓာတ်ရေးရာအရ ကစဉ့်ကလျားဖြစ်သွားဖို့ (Social and psycho-logical disorder) ဖြစ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတဲ့၊ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ခြိမ်းခြောက်လာနိုင်တဲ့ အကြမ်းဖက်ဝါဒပုံစံသစ် (New Terrorism) ဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒပုံစံသစ်ကို လုပ်ဆောင်သူတွေက ကြိုတင်မွေးမြူထားတဲ့ မီဒီယာ အမည်ခံတွေနဲ့ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် အစွန်းရောက်စိတ်ဓာတ်နဲ့ အကြောက်တရား ဖြန့်ချိဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုအနေနဲ့ အသုံးချနေကြပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲစနစ်ရှိတဲ့ နိုင်ငံတိုင်းမှာ မဲမသမာမှု၊ ဥပဒေအလွဲသုံးစားလုပ်မှုနဲ့ အာဏာမရနိုင်တဲ့အခါ လူ့အဖွဲ့အစည်းကို အစွန်းရောက်စိတ်ဓာတ်သွင်းပေးပြီး အကြမ်းဖက် နည်းလမ်းနဲ့ အာဏာတည်ဆောက်ဖို့ကြိုးစားတဲ့ ပုံစံသစ်ပဲ ဖြစ်ပါတယ်။ ပါတီနိုင်ငံရေး အကျိုးစီးပွားနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေကို ဖော်ဆောင်ရန် ‌ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကိုအရေခြုံပြီး အကြမ်းဖက်ဝါဒပုံစံသစ် ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ လက်ရှိပထဝီဝင်နိုင်ငံရေးနဲ့ အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုတွေ ကလည်း ဒီအကြမ်းဖက်ဝါဒ ပုံစံသစ်အားကောင်းအောင် တွန်းအားပေးနေတယ် ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားတွေဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေကို ခုတုံးလုပ်၊ အပြစ်မဲ့ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ သတ်ဖြတ်ပြပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အားလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီလို “အလုံးစုံ ပျက်သုဉ်းရေးကို အခြေခံပြီး ၎င်းတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားကို ဖြည့်ဆည်းဖို့ ကြိုးစားနေတဲ့ NUG ရဲ့နည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် အခြားသောကမ္ဘာ့နိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံများအတွက် ဒီလိုပုံစံတူ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုပုံစံသစ်ကို ရင်ဆိုင်လာရဖွယ် ရှိပါတယ်။

အချုပ်ဆိုရရင်တော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး မှာ NUG ရဲ့ အကြမ်းဖက်ဝါဒပုံစံသစ် (New Terror-ism)ကို အတိအလင်း ထောက်ခံအားပေးနေတဲ့ ဝရမ်းပြေး ကျော်မိုးထွန်းကို လက်ခံထားဆဲဖြစ်တာက ကမ္ဘာကြီးမှာ အကြမ်းဖက်ဝါဒပုံစံသစ် ပြန့်ပွားဖို့အတွက် နည်းပေး လမ်းပြဖြစ်နေတယ်ဆိုတာကို သတိချပ်ကြစေချင်ပါတယ်။ NUG အကြမ်းဖက် အဖွဲ့ရဲ့ ဘက်တော်သား ဝရမ်းပြေးကျော်မိုးထွန်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်မပြတ်သားသေးတာက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေရုံသာမက နောင်မှာ ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေကို ခုတုံးလုပ် အကာအကွယ်ယူပြီး ပေါ်ပေါက်လာမယ့် အကြမ်းဖက်ဝါဒပုံစံသစ် (New Terrorism that used IGOs/INGOs as a stepping stone) များ ဖြစ်လာတော့ မလားလို့လည်း စိုးရိမ်မိပါတယ်။

ယခုလက်ရှိ NUG/PDF တွေရဲ့ အကြမ်းဖက်မှုပုံစံသစ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံ အတွင်းက ပြည်သူတွေက NUG/PDF အကြမ်းဖက်အဖွဲ့တွေကို အလွန်နာကြည်း မုန်းတီးနေကြသလို NUG/ PDF လို့ ပြောလိုက်တာနဲ့ ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ်သာ ပြေးမြင်မိကြ ပါတယ်။ လူတစ်ဦးချင်း၊ မိသားစုတစ်ဦးချင်းအလိုက် လူမှုဘဝတွေ အေးချမ်းတည်ငြိမ်ဖို့ အတွက် မြို့၊ ရွာများ တည်ငြိမ်အေးချမ်းဖို့ လိုအပ်တာကြောင့် လူသတ်၊ မီးရှို့နေတဲ့ အနိဋ္ဌာရုံတွေကို မလိုလားကြတော့ပါဘူး။ NUG/PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့က ကမ္ဘာ့နိုင်ငံများအနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီအရေခြုံ နိုင်ငံရေးလှုပ်ရှားသူများအဖြစ် ပုံဖော်နေတဲ့ NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို တားဆီးထိန်းချုပ်နိုင်ရန် ဘာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရလဲဆိုတဲ့ အကြောင်းရင်းကို မီးမောင်းထိုးပြ လိုက်ရပါတယ်။ ။

ကိုးကား

          Teichman, J. (1989). How to define

          terrorism. Philosophy, 64(250).

          Neumann, P. (2009). Old and new

          terrorism. Malden, MA: Polity Press.

          Dawson, M., Kisku, D. R., Gupta, P.,

          Sing, J. K., & Li, W. (Eds.). (2016). De-

          veloping Next-Generation Counter-

          measures for Homeland Security

          Threat Prevention. IGI Global.

          https://ourworldindata.org/terrorism