Skip to main content

စားသုံးဆီနဲ့ စက်သုံးဆီ ချွေတာကြမယ်ဆိုရင်

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)

လူအများစုနားလည်နေတဲ့ ကျန်းမာဖို့ဆောင်ပုဒ်ကတော့ “ရေများများသောက်၊ အဆီနဲ့ ဆား၊ သကြားလျှော့စား၊ မေတ္တာများများပွား ကျန်းမာခြင်း အကြောင်းတရား” ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းဖို့ကိစ္စဖြစ်လို့ လွန်စွာတန်ဖိုး ရှိလှပါတယ်။

လူတစ်ဦးတစ်ယောက် ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကိုအခြေခံပြီး ပြောလေ့ရှိကြပါတယ်။ ကံဆိုတာအလုပ်၊ အတိတ်၊ ပစ္စုပ္ပန် အလုပ်အပေါ်မှာမူတည်ပြီး ကျန်းမာရေးကောင်းတယ်၊ ညံ့တယ်လို့ သုံးသပ်လေ့ရှိပါတယ်။ စိတ်ကလည်း အခရာကျပါတယ်။ စိတ်မတည်မငြိမ်၊ အလိုမကျဒေါသပုံထ၊ လောဘတွေ တက်နေတဲ့အခါ စိတ်ဖိစီးမှု၊ စိတ်ထောင်းလေတော့ “ကိုယ်ကြေ” ပါတော့တယ်။ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥတုရာသီကလည်း အေးလွန်း၊ ပူလွန်း စွတ်စိုလွန်းရင်လည်း ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပြန်တယ်။ အာဟာရကတော့ ကျန်းမာရေးကောင်း မကောင်းကိစ္စအတွက် အစာအာဟာရပိရမစ် (Food Pyramid) က အဖြေထုတ်ပေးပါတယ်။

စားသုံးဆီပြဿနာ

ပိရမစ်ရဲ့ထိပ်ဆုံးမှာတော့ အဆီဆိုတဲ့နေရာ၊ ဆီကိုလျှော့စားရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ပိရမစ်အောက်ဆုံးမှာတော့ ကစီဓာတ်၊ သူ့အထက်မှာ အသီးအရွက်၊ တစ်ဆင့်မြှင့်ရင် အသားဓာတ်စားရမယ်။ ထိပ်ဆုံးမှာက အဆီဓာတ် (စားသုံးဆီ)ကို အနည်းဆုံးစားရမယ်ဆိုတဲ့ ကျန်းမာရေးလမ်းညွှန်ကို များစွာသောလူတို့ လိုက်နာရမှာ ဖြစ်ပါတယ်။ အမေရိကန်၊ ဩစတြေးလျ အစားအသောက်၊ ပိရမစ်အရဆိုရင် ပြည့်ဝဆီ (Saturated Oil)ကို လျှော့စားဖို့ သကြားလျှော့စားဖို့ ဖြစ်ပါတယ်။ နိုင်ငံခြားငွေချွေတာရေး၊ ခြိုးခြံဖို့တွန်းအားပေး တားမြစ်တာမဟုတ်၊ တကယ့်ကို ခြိုးခြံကြရလိမ့်မယ်။

စားသုံးဆီလိုအပ်လို့ တင်သွင်းရတယ်ဆိုရင်၊ စားအုန်းဆီကို ပြည်ပက ဝယ်ယူနေရပြန်ရင် ဒါဟာမဟုတ်သေးဘူး။ ပြည်တွင်းစားအုန်းဆီကိုပဲ အားပေးရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်လယ်သမားတောင်သူတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်စပါး၊ ဆီ၊ ဆားကို အားပေးရလိမ့်မယ်။ နည်းပညာမမြင့်လို့ ဈေးနှုန်းကြီးမြင့်ကောင်း ကြီးနိုင်သော်လည်း သူတို့ကိုအားပေးရမယ်။ တကယ်အရေးကြုံလို့ စီးပွားရေးပိတ်ဆို့မှုတွေရှိလာမယ်ဆိုရင် အားကိုးစရာဟာ ပြည်တွင်းက လယ်သမားနဲ့ တောင်သူလယ်သမားတွေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဆီဓာတ်ဆိုသည်

အဆီဓာတ်ဟာ စွမ်းအင်သိုမှီးရာဓာတ်ပစ္စည်း ဖြစ်ပါတယ်။ သက်ရှိတို့ လှုပ်ရှားမှုတိုင်းအတွက် လိုအပ်တဲ့စွမ်းအင်ကို အဆီဓာတ်၊ ပရိုတင်း၊ ကာဗို ဟိုက်ဒရိတ်တို့မှ ထုတ်ယူသုံးစွဲတာပဲ ဖြစ်ပါတယ်။ လူတွေဟာ လှုပ်ရှားမှုပြင်းထန်ရင် ပြင်းထန်သလို မောပန်းကြတယ်ဆိုတာ အဆိုပါဓာတ်ပစ္စည်း (အဆီ၊ ပရိုတင်းနဲ့ ကစီဓာတ်) တို့ ပြောင်းလဲနိုင်ဖို့ လေရှူရလို့ပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင်များများ လိုတဲ့အတွက် အဆုတ်က ပိုပြီးလျင်လျင်မြန်မြန် အလုပ်လုပ်ရလို့ မောတာပဲဖြစ်ပါတယ်။ ဒီလိုဓာတ်ပြောင်းလဲမှုဖြစ်စဉ်က စွမ်းအင်ရတာပဲ ဖြစ်ပါတယ်။ ဓာတ်ပြောင်းလဲမှုဖြစ်စဉ်တို့ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်ပေါင်းသန်းပေါင်း များစွာက အလုပ်လုပ်ရတာ ဖြစ်ပါတယ်။

စားအုန်းဆီဆိုတာ ဓာတုဗေဒသဘောအရ ပြည့်ဝဆီတွေဖြစ်တော့ ဝမ်းမီးမကောင်းရင် ပြိုကွဲပျက်ပြယ်ဖို့ မလွယ်လေတော့ နှလုံးသွေးကြောမှာ ပိတ်ဆို့တတ်တယ်လို့ဆိုပါတယ်။ ဝက်ဆီဆို ပိုဆိုးလေတော့ ဆီလျှော့စားတာ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဈေးချိုလို့ စားအုန်းဆီတန်းစီ တိုးမယ့်အစား ဆီကို လျှော့စားစေချင်ပါတယ်။ ကျန်းမာရေးကောင်းဖို့ အကြံပြုတာကို မြင်စေချင်၊ သိစေချင်ပါတယ်။ မြန်မာတွေအတွက် ဝက်ဆီ အသားဆီနဲ့ စားအုန်းဆီတွေစားသုံးခြင်းဖြင့် အကျိုးဖြစ်ထွန်းမှုနဲ့အန္တရာယ် ဘယ်အရာက အလေးသာသလဲဆိုတာ ထင်ထင်ရှားရှား မသိဟု ယူဆပါတယ်။

ယနေ့မြို့ကြီးပြကြီးတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ဝက်သားတုတ်ထိုး ဆိုင်ငယ်လေးတွေဟာ အလုပ်ဖြစ်နေတာ တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ကအပြန် ဆာဆာနဲ့ အမြန်စာ (Quick Food)ကို ဝိုင်းအားပေးလို့ပါပဲ။ အဆာပြေ စားကြသူတွေရှိသလို ညနေစာအဖြစ် စားသုံးသူတွေလည်း တွေ့မြင်ရတော့ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ရင်လေးစရာပါပဲ။ ဝက်ဆီတို့ဆိုတာ ဝမ်းတွင်းမှာ ဓာတ်တိုးဓာတ်လျော့ ဓာတ်ပြုခြင်း နှေးကွေးတဲ့အတွက် နှလုံးသွေးကြောတွေမှာ ပိတ်ဆို့မှုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဟင်းလျာတွေမှာ အမဲနဲ့ဝက်ဆီတွေကို လျှော့စားဖို့ ကျန်းမာရေး အကြံပြုချက်တွေကို ဖတ်ရှုရပါတယ်။ ကိုယ်တိုင်လဲ လိုက်နာကျင့်သုံးပါတယ်။

ငါးကြီးဆီ၊ အသီးအရွက်ဆီ၊ နေကြာဆီ၊ ပန်း နှမ်းဆီတို့ရဲ့ ဓာတုသဘောအရဆိုရင် စွမ်းအားရဖို့ အပြောင်းအလဲမှာ အကျိုးဖြစ်ထွန်းစေတဲ့ဘက်က အလေးသာတဲ့ သဘောဆောင်ပါတယ်။ ကျန်းမာရေးအတွက် အသီးအရွက်ဆီတွေဟာ အန္တရာယ်ပြုမှု နည်းပါတယ်။ မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ ပန်း နှမ်းဆီတို့ကို ပြည်တွင်းက ထုတ်လုပ်သော်လည်း ဆီစားသုံးမှုဟာ လွန်ကဲပါတယ်။ ဒါကြောင့် နိုင်ငံခြားက အသီးအရွက်ဆီတို့ကို တင်သွင်းရတဲ့သဘော ရှိပါတယ်။ လူထုဟာချွေတာလိုက်ရင် ဒီပြဿနာတွေဟာ ပြေလည်သွားမှာဖြစ်ပါတယ်။ နိုင်ငံခြားက တင်သွင်းကုန်အပေါ်မှရတဲ့ အခွန်ပေါ်မှာ လွန်စွာ မရပ်တည်စေချင်ပါဘူး။

လူထုဟာ တစ်ကိုယ်ရေတစ်ကာယ ကျန်းမာရေးအသိပညာ နည်းပါးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်ထုများတဲ့ ကျောင်းနေအရွယ်ကလေးဘဝမှာကို ကျန်းမာသန်စွမ်းရေးအသိပညာ မရရှိခဲ့ရှာဘူး။ ကျောင်းစာတွေနဲ့ပဲ ပိနေခဲ့ကြရပါတယ်။ စာမေးပွဲနောက်ကိုပဲ လိုက်နေခဲ့တာများတယ်။ ဂုဏ်ထူးရဖို့ပဲ မိဘဆရာရပ်ရွာက အားထုတ်တာများတယ်။ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ ဟောပြောပွဲတွေဆိုတာ ရှားပါတယ်။ ပညာရေးပြက္ခဒိန်တွေမှာ ဘောလုံးပွဲ၊ ဘော်လီဘောပွဲ၊ ကြက်တောင်၊ ခြင်းလုံး၊ အားကစားပွဲတွေ တိတိကျကျရေးဆွဲဖို့ အားကစားပြိုင်ပွဲတွေ ကျောင်းအလိုက်၊ တက္ကသိုလ်အလိုက် ဘောလုံးပြိုင်ပွဲတွေပိုပြီး လုပ်သင့်ပါတယ်လို့ ယူဆပါတယ်။ အနာဂတ် ကိုယ့်လူထုကျန်းမာရေးကောင်းဖို့ ဉာဏ်နဲ့ယှဉ် ဆင်ခြင်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဓာတ်ဆီ၊ လောင်စာဆီပြဿနာ

ကမ္ဘာ့ရေနံသိုက်ကြီးတွေ တွေ့ပြန်တော့ မော်တော်ယာဉ်၊ ရထား၊ သင်္ဘာ၊ လေယာဉ်ပျံတွေနဲ့ ကမ္ဘာကိုပတ်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေနဲ့ စစ်ပွဲတွေထိ ဒီရေနံက တွန်းပို့ပေးတယ်လို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်များအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုဟာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာအပေါ် တည်မီခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်က ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှုပမာဏဟာ ရေနံစိမ်းဆီပီပါ သန်း ၁၅၀ သာ၊ ၂၀၀၀ ပြည့်နှစ်မှာ ဘီလီယံ ၃၀ အထိ ထုတ်လုပ်လာရပါတယ်။

၁၉၇၀ ပြည့်နှစ် ဧပြီ ၂၂ ရက်က ကမ္ဘာ့နေ့ဆိုပြီး အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့နေ့ကို ကျင်းပခဲ့ခြင်းနဲ့ အတူ ၁၉၇၀ ပြည့်နှစ်မှာ လေထုသန့်ရှင်းရေး အက်ဥပဒေ (Clean Air Act of 1970)ဟာ ပတ်ဝန်းကျင်အပေါ် အပေါင်းလက္ခဏာအသွင် စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘွဲ့ရပြီး တက္ကသိုလ်ဆရာပေါက်စဘဝက ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းလာမှု၊ ကမ္ဘာကြီးပူနွေးလာမှုကို သတိမထားမိတဲ့ကာလ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း စက်မှုထွန်းကားတဲ့ နိုင်ငံတွေဟာ ကမ္ဘာကြီးပူနွေး လာတဲ့အရေးကို ဝိုင်းဝန်းတွေးပြီး အလေးထား ဆောင်ရွက်ခဲ့တာတွေကို ၂၀ ရာစုနှောင်းပိုင်းထိ တွေ့မြင်ရပါတယ်။

“အရေးကြီးဆုံးထဲက တစ်ခုလည်း ဖြစ်တယ်။ ကျွန်တော်တို့လက်ငင်း လုပ်နိုင်တာတစ်ခုက ဘာလဲဆိုရင် ဓာတ်ဆီ၊ လောင်စာဆီသုံးပြီး မော်တော်ယာဉ်တွေ မောင်းနှင်ရာမှာ ထိရောက်ဖို့ပဲ၊ မော်တော်ကားတွေဟာ လောင်စာဆီတစ်ဂါလန်ဟာ မိုင်များများ မောင်းနိုင်ဖို့ အဆိပ်အတောက် ဓာတ်ငွေ့နည်းနည်းပဲထွက်ဖို့နဲ့ ကမ္ဘာကြီးပူနွေးစေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နည်းနိုင်သမျှ နည်းအောင်ထွက်မယ့် မော်တော်ကားတွေ ဖြစ်ဖို့လိုတယ်”လို့ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက မှတ်ချက်ပြုခဲ့ပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်ဂါလန်သုံးတိုင်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ ၉-၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ကားငယ်တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့်ထားရင် ကီလိုမီတာ ၁၀၀ အထိ မောင်းနိုင်ပါတယ်။ ဒီကားဟာ ၆ ကီလိုမီတာ သို့မဟုတ် ၃ ဒသမ ၇၅ မိုင် မောင်းလိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလိုဂရမ် မှုတ်ထုတ်လိုက်ပါတယ်။

လေထုမှာတင်ကျန်ခဲ့တဲ့ ဒီကာဗွန်ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးဖို့ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ အများသုံး ဘတ်စ်ကားတစ်စီးဟာ ဥပမာ YBS ဆိုပါတော့။ ၁၀ - ၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ၆ ကီလိုမီတာဆိုရင် ၀ ဒသမ ၅ ကီလိုဂရမ် ကာဗွန်ဒိုင်အောက်ဆိုက် လေထုထဲဝင်လာတာ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားဟာ ခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေကိုက်ပါတယ်။

လက်ရှိအခြေအနေမှာ နှစ်စဉ် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ မက်ထရစ် ၅ ဘီလီယံတန်ကို သုံးပြီး လျှပ်စစ်ထုတ်တာက ၃၅ ရာခိုင်နှုန်း၊ သွားလာရေး သယ်ယူပို့ဆောင်ရေးက ၃၁ ရာခိုင်နှုန်းနဲ့ စက်မှုလုပ်ငန်းများအတွက် ၂၁ ရာခိုင်နှုန်းနဲ့ စီးပွားရေး ၅ ရာခိုင်နှုန်းနဲ့ အိမ်တွင်းအနွေးဓာတ်ရဖို့ ၇ ရာခိုင်နှုန်း သုံးနေရတယ်လို့ တွက်ချက်ထားတာကို သိရပါတယ်။

၁၉၄၀ ပြည့်နှစ်ရောက်တော့ လေထုတွင်း (ကာဗွန်ဓာတ်ငွေ့)ဟာ ၃၀၀ ပီပီအမ်နီးပါး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီဓာတ်ငွေ့ရဲ့ ပမာဏဟာ ၄၀၁ ပီပီအမ်အထိ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။ ပိုပြီးထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ပင်လယ်သမုဒ္ဒရာရဲ့ အက်စစ်ဂုဏ်ဟာ ၂၈ ရာခိုင်နှုန်းထိ မြင့်တက်သွားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ပုံမှန်(၂၈၅-၃၀၀ppm) ဆိုရင် မိတ်ဆွေဓာတ်ငွေ့ဖြစ်ပါတယ်။ သစ်ပင်သစ်တောတွေ၊ လယ်ယာစပါး ကောက်ပဲသီးနှံတွေဖြစ်ဖို့ အသက်ရှင်သန်ဖို့ ဖြစ်ပါတယ်။

မဂ္ဂါစီးတီးမြို့ပြပြဿနာ

လေထုညစ်ညမ်းမှုကိစ္စဟာ မြို့ပြပြဿနာပဲ။ ၅၀ ရာခိုင်နှုန်းသော အမေရိကန်တို့ဟာ မြို့ပြမှာနေထိုင်ကြပါတယ်။ အဲဒီလိုမြို့တွေဟာ လူဦးရေအများဆုံး ငါးသိန်းပဲ နေထိုင်ကြပါတယ်။ မဂ္ဂါစီးတီး (Megga City) ဆိုလို့ နယူးယောက်မြို့ပဲရှိပါတယ်။ ရန်ကုန်မြို့မှာပင် လူဦးရေ ခုနစ်သန်းလောက်ပဲရှိတာမို့ မဂ္ဂါစီးတီးစာရင်း မဝင်သေးပါဘူး။ သို့သော် အနာဂတ်မှာ မဂ္ဂါစီးတီးမဖြစ်ဖို့ဆိုရင် လူဦးရေဟာအများဆုံး ၁ သန်းသာရှိတဲ့ မြို့ပြတွေ တည်ထောင်သွားရင် ရေမီးပြည့်စုံလာမယ့်အပြင် ပတ်ဝန်းကျင်ကို အစစအရာရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ပါလိမ့်မယ်။ ရေနံနဲ့ လောင်စာဆီပြဿနာပေါ်တဲ့အခါ စက်မှုလုပ်ငန်းနဲ့ ကုန်စည်စီးဆင်းမှု လည်ပတ်မှုလုပ်ငန်းတွေဟာ ပုံမမှန်ဖြစ်တတ်ပါတယ်၊၊ ကိုဗစ် - ၁၉ ကဲ့သို့ ကပ်ရောဂါကြီး ကျရောက်တဲ့အခါ၊ လူသားတို့ရဲ့ဘဝဟာ ချောက်ချားတဲ့ အခြေဆိုက်ပါတယ်။ စစ်မက်ဖြစ်ပွားရင်လည်း လူထုဟာ ဒုက္ခအပေါင်း ကျရောက်ရပါတယ်။

ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ဟာ လောင်စာဆီ ၂၀ ရာခိုင်နှုန်း ပိုမိုထိရောက်ရေး (20 % Fuel efficient) ၂၀ ရာခိုင်နှုန်း ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချရေး (20% Carbon dioxide reduction) တွေကို အားထုတ်ခဲ့ပါတယ်။ အဆိပ်အတောက် (ကာဗွန်မိုနောက်ဆိုက်နဲ့ ဗိအိုအန်ယ် (VOM, Volatile Organic Metter) နည်းနည်းပဲ ထွက်စေမယ့် နည်းပညာတွေ မြှင့်ခဲ့ပါတယ်။ တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)