Skip to main content

စားသုံးဆီနှင့် စက်သုံးဆီ ချွေတာကြမယ်ဆိုရင် ….

ဒေါက်တာမောင်ကျော်-ပါမောက္ခချုပ်(ငြိမ်း)

လူအများစု နားလည်နေတဲ့ ကျန်းမာဖို့ ဆောင်ပုဒ်ကတော့ “ရေများများသောက်၊ အဆီနဲ့ ဆား၊ သကြားလျှော့စား၊ မေတ္တာများများပွား ကျန်းမာခြင်း အကြောင်းတရား” ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းဖို့ ကိစ္စဖြစ်လို့ လွန်စွာတန်ဖိုး ရှိလှပါတယ်။

လူတစ်ဦး တစ်ယောက် ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ကို အခြေခံပြီး ပြောလေ့ ရှိကြပါတယ်။ ကံဆိုတာ အလုပ်။ အတိတ်၊ ပစ္စုပ္ပန် အလုပ်အပေါ်မှာ မူတည်ပြီး ကျန်းမာရေး ကောင်းတယ်၊ ညံ့တယ်လို့ သုံးသပ်လေ့ ရှိပါတယ်။ စိတ်ကလည်း အခရာကျပါတယ်။ စိတ်မတည်မငြိမ်၊ အလိုမကျ ဒေါသူပုန်ထ၊ လောဘတွေ တက်နေတဲ့အခါ စိတ်ဖိစီးမှု၊ စိတ်ထောင်းလေတော့ “ကိုယ်ကျေ” ပါတော့တယ်။ ကျန်းမာရေးကို ထိခိုက်စေ ပါတယ်။ ဥတုရာသီက အေးလွန်း၊ ပူလွန်း၊ စွတ်စိုလွန်းရင်လည်း ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပြန်တယ်။ အာဟာရကတော့ ကျန်းမာရေးကောင်း၊ မကောင်းကိစ္စအတွက် အစာ အာဟာရ ပိရမစ် (Food Pyramid) က အဖြေ ထုတ်ပေးပါတယ်။

စားသုံးဆီပြဿနာ

ပိရမစ်ရဲ့ ထိပ်ဆုံးမှာတော့ အဆီဆိုတဲ့နေရာ၊ ဆီကို လျှော့စားရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ပိရမစ် အောက်ဆုံးမှာတော့ ကစီဓာတ်၊ သူ့အထက်မှာ အသီးအရွက်၊ တစ်ဆင့်မြင့်ရင် အသားဓာတ် စားရမယ်။ ထိပ်ဆုံးမှာက အဆီဓာတ် (စားသုံးဆီ)ကို အနည်းဆုံးစားရမယ်ဆိုတဲ့ ကျန်းမာရေး လမ်းညွှန်ကို များစွာသောလူတို့ လိုက်နာရမှာ ဖြစ်ပါတယ်။ အမေရိကန်၊ ဩစတြေးလျ အစားအသောက် ပိရမစ် အရဆိုရင် ပြည့်ဝဆီ (Saturated Oil)ကို လျှော့စားဖို့၊ သကြားလျှော့စားဖို့ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ ချွေတာရေး ခြိုးခြံဖို့ တွန်းအားပေးတားမြစ်တာ မဟုတ်၊ တကယ့်ကို ခြိုးခြံကြရလိမ့်မယ်။

စားသုံးဆီလိုအပ်လို့ တင်သွင်း ရတယ်ဆိုရင်၊ စားအုန်းဆီကို ပြည်ပက ဝယ်ယူနေရပြန်ရင် ဒါဟာ မဟုတ်သေးဘူး။ ပြည်တွင်း စားအုန်းဆီကိုပဲ အားပေး ရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လယ်သမား တောင်သူတွေ စိုက်ပျိုး ထုတ်လုပ်တဲ့ ဆန်စပါး၊ ဆီ၊ ဆားကို အားပေးရလိမ့်မယ်။ နည်းပညာမမြင့်လို့ ဈေးနှုန်းကြီးမြင့်ကောင်း ကြီးနိုင်ပေမယ့် သူတို့ကို အားပေးရမယ်။ တကယ် အရေးကြုံလို့ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိလာမယ်ဆိုရင် အားကိုးစရာဟာ ပြည်တွင်းက လယ်သမားနဲ့ တောင်သူလယ်သမားတွေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဆီဓာတ်ဆိုသည်

အဆီဓာတ်ဟာ စွမ်းအင်သိုမှီးရာ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။ သက်ရှိတို့ လှုပ်ရှားမှုတိုင်းအတွက် လိုအပ်တဲ့ စွမ်းအင်ကို အဆီဓာတ်၊ ပရိုတင်း၊ ကာဗို ဟိုက်ဒရိတ်တို့မှ ထုတ်ယူသုံးစွဲတာပဲ ဖြစ်ပါတယ်။ လူတွေဟာ လှုပ်ရှားမှု ပြင်းထန်ရင် ပြင်းထန်သလို မောပန်းကြတယ် ဆိုတာ အဆိုပါ ဓာတ်ပစ္စည်း (အဆီ၊ ပရိုတင်းနဲ့ ကစီဓာတ်)တို့ ပြောင်းလဲနိုင်ဖို့ လေရှူရလို့ပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင် များများ လိုတဲ့အတွက် အဆုတ်က ပိုပြီး လျင်လျင်မြန်မြန် အလုပ် လုပ်ရလို့ မောတာပဲ ဖြစ်ပါတယ်။ ဒီလိုဓာတ်ပြောင်းလဲ မှုဖြစ်စဉ်က စွမ်းအင်ရတာပဲ ဖြစ်ပါတယ်။ ဓာတ်ပြောင်းလဲမှု ဖြစ်စဉ်ဟာ ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်ပေါင်း သန်းပေါင်းများစွာက အလုပ်လုပ်ရတာ ဖြစ်ပါတယ်။

စားအုန်းဆီဆိုတာ ဓာတုဗေဒ သဘောအရ ပြည့်ဝဆီတွေ ဖြစ်တော့ ဝမ်းမီးမကောင်းရင် ပြိုကွဲ ပျက်ပြယ်ဖို့ မလွယ်လေတော့ နှလုံးသွေးကြောမှာ ပိတ်ဆို့တတ်တယ်လို့ ဆိုပါတယ်။ ဝက်ဆီဆို ပိုဆိုးလေတော့ ဆီလျှော့စားတာ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ ဈေးချိုလို့ စားအုန်းဆီတန်းစီ တိုးမယ့်အစား ဆီကို လျှော့စားစေချင် ပါတယ်။ ကျန်းမာရေး ကောင်းဖို့ အကြံပြုတာကို မြင်စေချင်၊ သိစေချင်ပါတယ်။ မြန်မာတွေအတွက် ဝက်ဆီ၊ အသားဆီနဲ့ စားအုန်းဆီတွေ စားသုံးခြင်းဖြင့် အကျိုးဖြစ်ထွန်းမှုနဲ့ အန္တရာယ် ဘယ်အရာက အလေးသာ သလဲဆိုတာ ထင်ထင်ရှားရှား မသိရှိဘူးလို့ ယူဆ ပါတယ်။

ယနေ့ မြို့ကြီးပြကြီးတွေ၊ လူစည်ကားတဲ့ နေရာတွေမှာ ဝက်သားတုတ်ထိုး ဆိုင်ငယ်လေးတွေဟာ အလုပ်ဖြစ်နေတာ တွေ့မြင်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အလုပ်က အပြန် ဆာဆာနဲ့ အမြန်စာ (Quick Food) ကို ဝိုင်းအားပေးလို့ပါပဲ။ အဆာပြေ စားကြသူတွေ ရှိသလို ညနေစာအဖြစ် စားသုံးသူတွေလည်း တွေ့မြင်ရတော့ ကျန်းမာရေး ရှုထောင့်က ကြည့်ရင် ရင်လေးစရာပါပဲ။ ဝက်ဆီဆိုတာ ဝမ်းတွင်းမှာ ဓာတ်တိုးဓာတ်လျော့ ဓာတ်ပြုခြင်း နှေးကွေးတဲ့အတွက် နှလုံးသွေးကြောတွေမှာ ပိတ်ဆို့မှု ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဟင်းလျာတွေမှာ အမဲနဲ့ ဝက်ဆီတွေကို လျှော့စားဖို့ ကျန်းမာရေး အကြံပြုချက်တွေကို ဖတ်ရှုရပါတယ်။ ကိုယ်တိုင် လည်း လိုက်နာကျင့်သုံးပါတယ်။

ငါးကြီးဆီ၊ အသီးအရွက်ဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီတို့ရဲ့ ဓာတုသဘောအရဆိုရင် စွမ်းအားရဖို့ အပြောင်းအလဲမှာ အကျိုးဖြစ်ထွန်းစေတဲ့ ဘက်က အလေးသာတဲ့ သဘောဆောင် ပါတယ်။ ကျန်းမာရေး အတွက် အသီးအရွက် ဆီတွေဟာ အန္တရာယ်ပြုမှု နည်းပါတယ်။ မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ ပန်းနှမ်းဆီတို့ကို ပြည်တွင်းက ထုတ်လုပ်သော်လည်း ဆီစားသုံးမှုဟာ လွန်ကဲပါတယ်။ ဒါကြောင့် နိုင်ငံခြားက အသီးအရွက်ဆီကို တင်သွင်းရတဲ့သဘော ရှိပါတယ်။ လူထုသာ ချွေတာလိုက်ရင် ဒီပြဿနာ တွေဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံခြားက တင်သွင်းကုန် အပေါ်ကရတဲ့ အခွန်ပေါ်မှာ လွန်စွာ မရပ်တည်စေ ချင်ပါဘူး။

လူထုဟာ တစ်ကိုယ်ရေ တစ်ကာယ ကျန်းမာရေး အသိပညာ နည်းပါးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်ထုများတဲ့ ကျောင်းနေအရွယ် ကလေးဘဝ မှာကို ကျန်းမာသန်စွမ်းရေး အသိပညာ မရရှိခဲ့ရှာဘူး။ ကျောင်းစာတွေနဲ့ပဲ ပိနေခဲ့ကြရပါတယ်။ စာမေးပွဲ နောက်ကိုပဲ လိုက်နေခဲ့တာ များတယ်။ ဂုဏ်ထူးရဖို့ပဲ မိဘ၊ ဆရာ၊ ရပ်ရွာက အားထုတ်တာ များတယ်။ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ ဟောပြောပွဲတွေ ဆိုတာ ရှားပါတယ်။ ပညာရေး ပြက္ခဒိန်တွေမှာ ဘောလုံးပွဲ၊ ဘော်လီဘောပွဲ၊ ကြက်တောင်၊ ခြင်းလုံး အားကစားပွဲတွေ တိတိကျကျ ရေးဆွဲဖို့ အားကစား ပြိုင်ပွဲတွေ ကျောင်းအလိုက်၊ တက္ကသိုလ်အလိုက် ဘောလုံးပြိုင်ပွဲတွေ ပိုပြီး လုပ်သင့်ပါတယ်လို့ ယူဆ ပါတယ်။ အနာဂတ် ကိုယ့်လူထု ကျန်းမာရေးကောင်းဖို့ ဉာဏ်နဲ့ယှဉ် ဆင်ခြင်ကြရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ဓာတ်ဆီ၊ လောင်စာဆီပြဿနာ

ကမ္ဘာ့ရေနံသိုက်ကြီးတွေ တွေ့ပြန်တော့ မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ လေယာဉ်ပျံတွေနဲ့ ကမ္ဘာကိုပတ်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေနဲ့စစ်ပွဲ တွေအထိ ဒီရေနံက တွန်းပို့ပေးတယ်လို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်များအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုဟာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာအပေါ် တည်မှီခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်က ကမ္ဘာ့ ရေနံစိမ်း ထုတ်လုပ်မှု ပမာဏဟာ ရေနံစိမ်းစည်ပီပါ သန်း ၁၅၀ သာ၊ ၂၀၀၀ ပြည့်နှစ်မှာ ဘီလီယံ ၃၀ အထိ ထုတ်လုပ် လာရပါတယ်။

၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့က ကမ္ဘာ့နေ့ ဆိုပြီး အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့ပါ တယ်။ ကမ္ဘာ့နေ့ကို ကျင်းပခဲ့ခြင်းနဲ့အတူ ၁၉၇၀ ပြည့်နှစ်မှာ လေထုသန့်ရှင်းရေး အက်ဥပဒေ (Clean Air Act of 1970) ဟာ ပတ်ဝန်းကျင်အပေါ် အပေါင်း လက္ခဏာအသွင် စတင်ဖြစ်ပေါ်ခဲ့ ပါတယ်။ ကျွန်တော် တို့ဘွဲ့ရပြီး တက္ကသိုလ် ဆရာပေါက်စ ဘဝက ကမ္ဘာ့ ပတ်ဝန်းကျင် ယိုယွင်းလာမှု၊ ကမ္ဘာကြီး ပူနွေးလာမှုကို သတိမထားမိတဲ့ကာလ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း စက်မှုထွန်းကားတဲ့ နိုင်ငံတွေဟာ ကမ္ဘာကြီးပူနွေးလာတဲ့ အရေးကို ဝိုင်းဝန်းတွေးပြီး အလေးထား ဆောင်ရွက်ခဲ့တာတွေကို ၂၀ ရာစုနှောင်းပိုင်းအထိ တွေ့မြင်ရပါတယ်။

“အရေးအကြီးဆုံး ထဲက တစ်ခုလည်းဖြစ်တယ်။ ကျွန်တော်တို့ လက်ငင်းလုပ်နိုင်တာ တစ်ခုက ဘာလဲဆိုရင် ဓာတ်ဆီ၊ လောင်စာဆီသုံးပြီး မော်တော် ယာဉ်တွေ မောင်းနှင်ရာမှာ ထိရောက်ဖို့ပဲ၊ မော်တော် ကားတွေ လောင်စာဆီ တစ်ဂါလန်ကို  မိုင်များများ မောင်းနိုင်ဖို့၊ အဆိပ်အတောက် ဓာတ်ငွေ့နည်းနည်းပဲ ထွက်ဖို့နဲ့ ကမ္ဘာကြီး ပူနွေးစေမယ့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ နည်းနိုင်သမျှ နည်းအောင် ထွက်မယ့် မော်တော်ကားတွေ ဖြစ်ဖို့လိုတယ်” လို့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုက မှတ်ချက်ပြုခဲ့ပါတယ်။

ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်ဂါလန်သုံးတိုင်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ ၉-၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ကားငယ်တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့်ထားရင် ကီလိုမီတာ ၁၀၀ အထိ မောင်းနိုင်ပါတယ်။ ဒီကားဟာ ခြောက်ကီလိုမီတာ သို့မဟုတ် ၃ ဒသမ ၇၅ မိုင် မောင်းလိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလို ဂရမ် မှုတ်ထုတ်လိုက်ပါတယ်။

လေထုမှာ တင်ကျန်ခဲ့တဲ့ ဒီကာဗွန်ဓာတ်ငွေ့ ဟာ ကမ္ဘာကြီးပူနွေးဖို့ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ အများသုံး ဘတ်စ်ကား တစ်စီးဟာ ဥပမာ YBS ဆိုပါတော့။ ၁၀-၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် တစ်ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ခြောက်ကီလို မီတာဆိုရင် သုည ဒသမ ၅ ကီလိုဂရမ် ကာဗွန်ဒိုင် အောက်ဆိုက် လေထုထဲ ဝင်လာတာ ဖြစ်ပါတယ်။ ဒီ ဘတ်စ်ကားဟာ ခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေကိုက်ပါတယ်။

လက်ရှိအခြေအနေမှာ နှစ်စဉ် ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာ မက်ထရစ် ငါးဘီလီယံတန်ကို သုံးပြီး လျှပ်စစ်ထုတ်တာက ၃၅ ရာခိုင်နှုန်း၊ သွားလာရေး သယ်ယူပို့ဆောင်ရေးက ၃၁ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းတွေအတွက် ၂၁ ရာခိုင်နှုန်း၊ စီးပွားရေး ငါးရာခိုင်နှုန်းနဲ့ အိမ်တွင်းအနွေးဓာတ်ရဖို့ ခုနစ် ရာခိုင်နှုန်း သုံးနေရတယ်လို့ တွက်ချက်ထားတာကို သိရပါတယ်။

၁၉၄၀ ပြည့်နှစ်ရောက်တော့ လေထုတွင်း (ကာဗွန်ဓာတ်ငွေ့) ဟာ ၃၀၀ ပီပီအမ် နီးပါး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီဓာတ်ငွေ့ရဲ့ ပမာဏဟာ ၄၀၁ ပီပီအမ်အထိ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။ ပိုပြီးထွက်လာတဲ့ ကာဗွန် ဓာတ်ငွေ့တွေကြောင့် ပင်လယ်သမုဒ္ဒရာရဲ့ အက်စစ် ဂုဏ်ဟာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ပုံမှန်(၂၈၅-၃၀၀ppm) ဆိုရင် မိတ်ဆွေဓာတ်ငွေ့ ဖြစ်ပါတယ်။ သစ်ပင် သစ်တောတွေ၊ လယ်ယာစပါး ကောက်ပဲသီးနှံတွေ ဖြစ်ဖို့၊ အသက်ရှင်သန်ဖို့ ဖြစ်ပါတယ်။

မဂ္ဂါစီးတီးမြို့ပြ ပြဿနာ

လေထုညစ်ညမ်းမှု ကိစ္စဟာ မြို့ပြပြဿနာပဲ။ ၅၀ ရာခိုင်နှုန်းသော အမေရိကန်တို့ဟာ မြို့ပြမှာ နေထိုင်ကြပါတယ်။ အဲဒီလိုမြို့တွေဟာ လူဦးရေ အများဆုံး ငါးသိန်းပဲ နေထိုင်ကြပါတယ်။ မဂ္ဂါစီးတီး (Megga City) ဆိုလို့ နယူးယောက်မြို့ပဲ ရှိပါတယ်။ ရန်ကုန်မြို့သည်ပင် လူဦးရေ ခုနစ်သန်းလောက် ရှိတာမို့ မဂ္ဂါစီးတီးစာရင်း မဝင်သေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ မဂ္ဂါစီးတီး မဖြစ်ဖို့ဆိုရင် လူဦးရေဟာ အများဆုံး တစ်သန်းသာရှိတဲ့ မြို့ပြတွေ တည်ထောင် သွားရင် ရေမီးပြည့်စုံ လာမယ့်အပြင် ပတ်ဝန်းကျင်ကို အစစအရာရာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင် ပါလိမ့်မယ်။ ရေနံနဲ့ လောင်စာဆီပြဿနာပေါ်တဲ့ အခါ၊ စက်မှုလုပ်ငန်းနဲ့ ကုန်စည်စီးဆင်း လည်ပတ်မှု လုပ်ငန်းတွေဟာ ပုံမမှန်ဖြစ်တတ် ပါတယ်၊၊ ကိုဗစ်-၁၉ လို ကပ်ရောဂါကြီး ကျရောက်တဲ့အခါ လူသား တွေရဲ့ဘဝဟာ ချောက်ချားတဲ့ အခြေဆိုက်ပါတယ်။ စစ်မက်ဖြစ်ပွားရင်လည်း လူထုဟာ ဒုက္ခအပေါင်း ကျရောက်ရပါတယ်။

ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ဟာ လောင်စာဆီ ၂၀ ရာခိုင်နှုန်း ပိုမိုထိရောက်ရေး (20 % Fuel efficient)၊ ၂၀ ရာခိုင်နှုန်း ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေး (20 % Carbon dioxide reduction) တွေကို အားထုတ်ခဲ့ပါတယ်။ အဆိပ်အတောက် (ကာဗွန်မို နောက်ဆိုက်နဲ့ ဗိအိုအမ် (VOM- Volatile Organic Metter) နည်းနည်းပဲ ထွက်စေမယ့် နည်းပညာတွေ မြှင့်ခဲ့ပါတယ်။ တိုးတက်အောင်မြင်မှု တွေရှိခဲ့ပါ တယ်။ (ဆက်လက်ဖော်ပြပါမည်)