Skip to main content

ကိုယ်ရည်ကိုယ်သွေးဖြင့် ခေါင်းဆောင်မှုကို တည်ဆောက်နိုင်

ဒေါက်တာမြတ်မိုး

ရုံးဌာန အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရသည့် အကြီးအကဲ အရာထမ်းအားလုံးသည် မိမိ တာဝန်ယူ၊ တာဝန်ခံရသည့် ရုံးဌာန အဖွဲ့အစည်းများ၊ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းကြီးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အတူလက်တွဲ ဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက် အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်မှုနှင့် အရည်အသွေး တိုးတက်ရေးတွင် တာဝန်ရှိကြပါသည်။ ထိုသို့ ခံယူထားသည့် အားလျော်စွာ သူတို့၏ တာဝန် ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် တိုးတက်မှု ရှိ/မရှိ၊ အားသာချက်၊ အားနည်းချက်များနှင့် တကွ အချိန်နှင့် တစ်ပြေးညီ အမြဲတမ်း ဆန်းစစ်နေရ ပါသည်။ အခွင့်အလမ်း အပေါ်မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရ ပါသည်။

၂၁- ရာစု စွမ်းရည်တစ်ခုဖြစ်

ဒီတစ်ပတ်မှာ အာရုံစိုက်မိသည်က “ခေါင်းဆောင် မှုစွမ်းရည်”နှင့် ပတ်သက်၍ ဖြစ်သည်။ ခေါင်းဆောင်မှုက ယနေ့ခေတ်စားနေသော ယနေ့ခေတ် လူငယ် လူရွယ်များတွင် အလေးအနက်ထား ဖြည့်ဆည်းရမည့် ၂၁ ရာစု စွမ်းရည်များတွင် အပါအဝင် တစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံကိုခေါင်းဆောင်မည့်သူများအတွက် ခေါင်းဆောင်မှု အရည်အချင်းများက ယနေ့ကာလတွင် အရေးကြီး လာ၍ဖြစ်သည်။

ယနေ့ရုံးဌာနများတွင် အလယ်အလတ်အဆင့် အရာထမ်းအများစုတွင် လူငယ်များ နေရာယူလာ နေသည့် အချက်ကလည်း ၂၁ ရာစုစွမ်းရည်များတွင် တစ်ခုအပါအဝင်ဖြစ်သော ခေါင်းဆောင်မှု စွမ်းရည်ကို မဖြစ်မနေ ဖြည့်ဆည်းရန် တာဝန်ရှိလာသည်။ တကယ်တော့ “ခေါင်းဆောင်မှု”ဆိုသော ခေါင်းစဉ်ကို ဝန်ထမ်းများ အပါအဝင် ယနေ့လူငယ် လူကြီးစုံက နေရာစုံ နယ်ပယ်စုံမှာ အဖန်တစ်ရာတေအောင် သင်ဖူး လေ့လာဖူး ကြားဖူး နာဖူးပြီး ဖြစ်ကြသည်။ သို့သော် လုံလောက်ပြီလား ဆိုတော့ အချို့သော ရလဒ်များက မရေရာ မသေချာသော အဖြေများသာ ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ ထို့ကြောင့်လည်း ဒီတစ်ကြိမ်တွင် ရုံးတွင်း သင်တန်းတစ်ခုကို အခွင့်အလမ်းကောင်းအဖြစ် ရယူ၍ အလယ်အလတ် အဆင့် အရာထမ်းများကို အရေးကြီးသော ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဖြစ်ခဲ့သည်။

သင်တန်းတစ်ခု၊ Survey ဆန်းစစ်မှု အကြောင်းပြု၍

ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အတွေ့အကြုံ မျိုးစုံ ကြုံတွေ့ရပြီး ဖြစ်သော သင်တန်းသားများနှင့် သင်ကြား ပို့ချသည်ပဲ ဆိုဆို၊ ဆွေးနွေးသည်ပဲ ဆိုဆို အတွေ့အကြုံ များကို မျှဝေ ဖလှယ်ကြခြင်း တစ်ခုသာ ဖြစ်သည်။ ရလဒ်တစ်ခု ပေါ်ထွက်လာရန်လည်း ရည်ရွယ်သည်။ သုတေသန ခေါင်းစဉ် အောက်မှာ စုပေါင်း အဖြေတစ်ခု ရရှိလိုမှု အကြောင်းပြု၍ ခေါင်းဆောင်မှု ဆိုင်ရာ ခြုံငုံ လေ့လာမှု Survey တစ်ခုကို လုပ်ဖြစ်ကြသည်။ Survey တွင် ခေါင်းဆောင်မှု အင်္ဂါရပ် ၂၁ ခုမျှကို ထည့်သွင်း ထားသည်။ အများစု က အရပ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုနှင့် ဆက်နွှယ်သော အင်္ဂါရပ်များ ဖြစ်သည်။

ရည်ရွယ်ချက်က ၅၃ ဦးသော သင်တန်းသား အရာရှိများ အနေဖြင့် မိမိတို့အမှုထမ်း ဘဝ၊ အရာထမ်းဘဝ အတွေ့အကြုံများအပေါ် အခြေခံ၍ မိမိတို့ကိုယ်တိုင် ဖြည့်ဆည်း ထားသင့်သည်ဟု ယူဆသော၊ အမှန်တကယ်လည်း အနာဂတ် ခေါင်းဆောင်လောင်းများအတွက် မဖြစ်မနေ လိုအပ်‌ချက်တစ်ရပ်အဖြစ် ရှုမြင်ခံရသော အင်္ဂါရပ်များကို သင်တန်းသားများ ပေးသည့် ဦးစားပေး အချက်များအလိုက် ဖော်ထုတ်နိုင်ရန် ဖြစ်သည်။

ဦးစားပေးအလိုက် ဖော်ထုတ်ခဲ့ကြသည့် အင်္ဂါရပ်များ

အမှန်လည်း သင်တန်းသားများက လက်တွေ့ ကျကျ ဖော်ထုတ်နိုင်ခဲ့ကြ ပါသည်။ သူတို့ ဦးစားပေး အလိုက် လိုချင်သည့် အများဆုံးအမှတ်ပေးသည့် အချက်က “တာဝန်ယူတာဝန်ခံနိုင်မှု - responsibility and accountability” ဖြစ်နေသည်။ ဒုတိယ၊ တတိယ စသည်ဖြင့် အစဉ်လိုက် လိုအပ်မည့် အင်္ဂါရပ်များကို ရွေးချယ်ခဲ့ကြရာ “ပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်စွမ်း”၊ “ပိုင်းခြားစိတ်ဖြာ ဆန်းစစ်နိုင်စွမ်း”၊ “ဆုံးဖြတ်နိုင်စွမ်းရှိမှု”၊ “ဆက်သွယ် ဆက်ဆံရေး ကောင်းမွန်မှု”၊ “ကိုယ့်အလုပ်ပေါ်မှာ တက်ကြွ ရွှင်လန်းပြီး စိတ်ဝင်စားမှု အပြည့်ဖြင့် လုပ်နိုင်စွမ်း အပြည့်ရှိသော”၊ “ရိုးသားဖြောင့်မတ်မှု”၊ “အမြင်ကျယ်ပြီး ကြိုတင်မြော်တွေး ဆောင်ရွက်နိုင်စွမ်း”၊ “အကောင်းမြင်စိတ်”၊ “စည်းရုံးလှုံ့ဆော် စေ့ဆော်နိုင်စွမ်း”၊ “ယုံကြည် စိတ်ချရမှု”၊ လိုအပ်လျှင် ကိုယ်ကျိုး စွန့်အနစ်နာခံလိုတဲ့ “သတ္တိ”၊ “ယဉ်ကျေးပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်မှု”၊ “ခံနိုင်ရည် ရှိပြီး လိုက်လျောညီထွေဖြစ်မှု”၊ “သည်းခံနိုင်မှု”၊ “နည်းပြကောင်း သဖွယ်ဖြစ်မှု”၊ “အခြေအနေ ဖန်တီးနိုင်စွမ်း”၊ “ပွင့်ပွင့် လင်းလင်းရှိခြင်း”၊ “ဖွံ့ဖြိုးမှု အမြင်ရှိခြင်း”၊ “တန်းတူ ညီမျှရှိမှု” နှင့် “ကျင့်ဝတ် လိုက်နာမှု” စသည့် အင်္ဂါရပ်များသည် သင်တန်းသားများ၏ ဦးစားပေးမှု အစီအစဉ်တွင် အစဉ်လိုက် နေရာယူခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆန်းစစ်မှု အသေးစားလေး တစ်ခုသာဖြစ်ခဲ့ သော်လည်း ဖော်ထုတ်ချက်များက စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ဖြစ်သင့်ဖြစ်ထိုက်သော လက်တွေ့နှင့် ကိုက်ညီသော အချက်များအဖြစ် ထင်ရှားလှသည်။ အမှန်မှာ ဖော်ပြပါအချက်များ အရည်အသွေးများ အားလုံးတစ်ခုနှင့်တစ်ခု ချိတ်ဆက် နေကြသည်ကို သတိပြုမိသည်။ အင်္ဂါရပ်တစ်ခုက အခြားအင်္ဂါရပ် တစ်ခုကို အထောက်အကူ ပြုနေ၍ တစ်ခုကို ဖြည့်ဆည်းနိုင်လျှင် အခြားတစ်ခုက ပြည့်ဖို့များသည်။

တာဝန်ယူ၊ တာဝန်ခံမှုဟူသည်

ချပြသော ခေါင်းဆောင်မှု လက္ခဏာများအနက် “တာဝန်ယူတာဝန်ခံမှု” ဟူသည်ကို ဘာကြောင့် ထိပ်ဆုံးမှာ နေရာပေးခဲ့ကြပါ သလဲ။ ဖြည့်ဆည်းရမည့် လိုအပ်ချက် တစ်ခုအဖြစ် မြင်နေကြလို့ ဖြစ်မည်။ သူတို့မြင်‌သောအမြင် မှန်ပါသည်။ ကဏ္ဍစုံနယ်ပယ် စုံမှာ ပို၍ တိုးတက်အောင် ခံယူ လေ့ကျင့်ရဦးမည့် ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါရပ်တစ်ခု အဖြစ်လည်း ထင်ထင်ရှားရှား ပြသနေ၍ ဖြစ်သည်။ တာဝန်ယူ တာဝန်ခံမှု အပိုင်းကို အရေးကြီးသော အချက်တစ်ခုအနေဖြင့် ကိုယ့်အဖွဲ့တွေက ထည့်သွင်းထား၍ ကျေနပ်မှုလည်း ဖြစ်မိသည်။ အသိဖြင့်မပြီးဘဲ လက်တွေ့ လိုက်နာကြဖို့တော့ ပြောယူရသည်။

တာဝန်ယူမှု ဆိုတာဘာလဲ၊ တာဝန်ခံမှုဆိုတာ ဘာလဲဆိုသည့် သဘောတရားကို ကျေညက်ကြ၍ ဆိုလိုချက်ကို ကောင်းစွာ နားလည်နိုင်စွမ်း ရှိကြပါသည်။ ပေးအပ်ထားသည့် တာဝန်တစ်ခုကို ဆိုးကျိုး ဆက်နည်းနည်းဖြင့် ရည်မှန်းချက် ပြီးမြောက်အောင် လုပ်နိုင်ခြင်းသည် တစ်ဦးချင်းဆီမှာ တာဝန်ယူ တာဝန်ခံမှုရှိ၍ ဖြစ်သည်ကို ကောင်းကောင်းနားလည် ခံယူထားကြဟန်တူပါသည်။ “ရလဒ်အရည်အသွေး ကောင်းကောင်းဖြင့် တာဝန်ယူတာဝန်ခံမှုရှိသည့် အရာရှိမျိုးကို သူတို့ ပိုယုံကြည်ကြမယ်၊ ပို၍လည်း ပူးပေါင်း ဆောင်ရွက်လိုစိတ် ရှိမယ်” ဆိုတာ သူတို့ ဆွေးနွေးချက်တွေက ပြသနေသည်။

တကယ်တော့ တာဝန်ယူ၊ တာဝန်ခံမှုဟူသော စကားနှစ်လုံးသည် ခေါင်းနှင့် ပန်းလို တွဲနေသည်။ အဓိပ္ပာယ် ကိုတော့ နားလည်ကြသည်။ သို့သော် မည်သို့မည်ပုံ တာဝန်ယူကြမည်၊ မည်သို့ တာဝန်ခံကြမည် ဆိုသည်မှာမူ ထွေပြားဟန်ရှိသည်။ မိမိ၏ လုပ်ပိုင်ခွင့်ဘောင် အတွင်း၊ တာဝန်ပေးခြင်း ခံရသည့် ရာထူးဌာနအလိုက် အပ်နှင်းထားသော လုပ်ပိုင်ခွင့် အတွင်း တာဝန် ဝတ္တရားများကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်မှုသည် တာဝန်ယူမှု ဖြစ်ပြီး မိမိတာဝန်ယူမှု၏ အကျိုးဆက် အကောင်းအဆိုးအပေါ် မိမိမှာ တာဝန်ရှိမှုသည် တာဝန်ခံမှုပင်ဖြစ် သည်။

ရလဒ်မကောင်းလျှင် ဟိုလူဒီလူ လက်ညှိုးမထိုး တတ်ခြင်း၊ ဒီကိစ္စ ငါ့မှာသာ တာဝန်ရှိသည် ဆိုခြင်း၏ နောက်ကွယ်တွင် ထိုသူတွင် တာဝန်ခံမှု ရှိနေသည် ဟူ၍ အဓိပ္ပာယ်ထွက်သည်။ လက်တွေ့နယ်ပယ် အချို့တွင် တာဝန်မခံရဲ၍ တာဝန်မယူရဲခြင်း များကိုလည်း တွေ့မြင်နေရသည်။ မိမိလုပ်ရမည့် မိမိတာဝန်ကို တာဝန်ယူရဲပြီး တာဝန်ခံတတ်ကြရန် အထက်ပါ ခေါင်းဆောင်မှု ကြန်အင်လက္ခဏာများနှင့် ကိုယ်ရည် ကိုယ်သွေးများကို ဦးစွာ လေ့လာ တည်ဆောက်ထားဖို့တော့ လိုအပ်ကြောင်း ဆွေးနွေးဖြစ်သည်။ မိမိတို့ လည်း အစဉ်လေ့ကျင့် ယူနေရသည်သာ၊ အဖွဲ့အစည်း ရည်မှန်းချက် အောင်မြင်ရန် တစိုက်မတ်မတ် အားထည့် လုပ်ချင်သောသူ အနေဖြင့် အစဉ်ကြိုးစား လေ့ကျင့်နေရမည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြ ပါသည်။

မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်စွမ်းခြင်း

အဖွဲ့အစည်း၏ ရည်မှန်းချက် အောင်မြင်ရန်သည် ထိရောက်သည့် ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်သူ၏ မှန်ကန်သော ဆုံးဖြတ်ချက် decisive quality အပေါ်တွင် အဓိက မူတည်သည်။ ဆုံးဖြတ်ချက် ချနေတိုင်းလည်း မှန်ကန်နေသည်ဟု မဆိုလိုခြင်းဖြစ်သည်။ ဤတွင် ပြဿနာ၏ အရင်း အမြစ်၊ ဖြစ်စေသော အကြောင်းရင်းများနှင့် အတူ လွှမ်းမိုး‌နေသော အချက်များ၊ သက်ရောက်မှု ပမာဏ အတိုင်းအဆကို ဓမ္မဓိဋ္ဌာန်ကျကျ ပိုင်းခြားဝေဖန် ဆန်းစစ် သုံးသပ်နိုင်စွမ်း ရှိခြင်း critical thinking က အရေးကြီးပြီး ခေါင်းဆောင်တစ်ဦး ထံတွင် မရှိ မဖြစ်လိုအပ်သော စွမ်းရည်လည်း ဖြစ်ကြောင်း အသိအမှတ် ပြုကြရပါမည်။

ပွင့်လင်းမှုနှင့် ရိုးသားဖြောင့်မတ်မှု

ပို့ချဆွေးနွေးသူနှင့် သင်တန်းသား ဝန်ထမ်းများသည် ပွင့်လင်းမြင်သာသော ဆက်သွယ်ဆက်ဆံ ရေးနှင့် ရိုးသားဖြောင့်မတ်မှု ဟူသော လက္ခဏာရပ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်‌နေပုံကို ဆွေးနွေးခဲ့ကြပြီး ၎င်းအချက်များကိုလည်း ခေါင်းဆောင်ကောင်းတို့တွင် အထူးလိုအပ်သော အရည်အသွေးများ အဖြစ်လည်း အသိအမှတ် ပြုကြသည့်အတွက် အားတက်မိပါသည်။ ဤအရည်အသွေး များကပင် ခေါင်းဆောင်က သူ့အဖွဲ့သားများ၏ တက်ကြွစွာဖြင့် လုပ်ချင် ကိုင်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည် စိတ်ချရသည့် အနေအထား တစ်ခုအထိ ရောက်ရှိသွားစေသည်ဟု ခံယူထားကြ၍ ဖြစ်သည်။ ရိုးသားဖြောင့်မတ်မှု ဟူသော ဂုဏ်ပုဒ်သည် ပွင့်လင်း မြင်သာမှုကို အားပေးပြီး ယင်းအချက်နှစ်ချက် ပိုင်ဆိုင်ထားသော အရာရှိတစ်ဦး အနေဖြင့် ကိုယ့်လက်အောက် အရာထမ်း၊ အမှုထမ်းများထံမှ မှန်ကန်သော တူညီတုံ့ပြန်မှုမျိုး ရရှိရန်လည်း များစွာ မခဲယဉ်းတော့ဟု ယူဆမိပါသည်။

ကြိုတင်မြော်မြင် မြော်တွေး ဆောင်ရွက်နိုင်စွမ်း

ယနေ့ခေတ်တွင် အနာဂတ်အမြင်ကို လှမ်းမြင် လှမ်းမျှော် နိုင်စွမ်းရှိမည့် vision ကောင်းသော ခေါင်းဆောင်များစွာ ပေါ်ထွန်းလာရေး အတွက် လေ့လာမှု အားကောင်းသော လူငယ်မျိုးဆက်များ မွေးထုတ်ရန် လိုအပ်နေပါသည်။ ရှင်းလင်း ပြတ်သားသော အနာဂတ်မြင်ကွင်း အကျဉ်းအကျယ်နှင့် အတူ အပြုသဘော ဆောင်သော အတွေးများကို ဆန့်ထုတ်နိုင်စွမ်း ရှိသင့်သည်ဟု ယူဆပါသည်။

vision နှင့်အတူ proactive ဖြစ်ဖို့တော့ တတ်နိုင်သည့်ဘက်က မကြာခဏ ပြောဖြစ်သည်။ အများစုက ကိုယ့်အသိနှင့် ကိုယ်လုပ်မည် ဆိုတာထက် သူများခိုင်းမှ ပြောမှ လုပ်နေကြသည့် reactive သမားက များသည်။ ကြိုတင်မြော်တွေး ဖြစ်လာနိုင်သည် များကို ကြိုလုပ်သင့်တာ လုပ်ထားရမည် မဟုတ်ပါလား၊ ကြိုတင် လုပ်ထားဖို့ ဆိုတာလည်း ကြိုတင်ပြီး လေ့လာသင်ယူ ထားမှပင် ရသည်။ မဟုတ်လျှင် သူများခိုင်းမှ လုပ်ရသည့် အဖြစ်မျိုး အနုတ်လက္ခဏာ ဆောင်သွားနိုင်သည်။

မိမိက reactive လား၊ proactive လား ဆန်းစစ်ထားစေ ချင်သည်။ proactive သမားက ဘယ်အထိ တာသွားသလဲဆိုတော့ responsiveness ဟူသည့် အလျင်အမြန် တုံ့ပြန်နိုင်စွမ်း ရှိသည့် အရည်အသွေးအထိ တက်လှမ်းသွားသည်။ ဤလက္ခဏာကို reactive သမားများတွင် မတွေ့ရ၊၊ တကယ်က ဖန်တီးနိုင်စွမ်းရှိပြီး ဆုံးဖြတ်နိုင်စွမ်း ရှိသည့် အရည်အချင်းများက proactive ကို ပို၍ အထောက်အကူ ပြုသည့် အတွက် ၎င်းအရည်အသွေးများ ပိုင်ဆိုင်ထားသူ အရာထမ်းများကို အထက် အကြီးအကဲများက ပို၍ အားကိုး ယုံကြည်ကြမည်သာ ဖြစ်ပါသည်။

လှုံ့ဆော်နိုင်စွမ်းနှင့် စိတ်အားထက်သန်မှု

အဖွဲ့အစည်းတစ်ခု သို့မဟုတ် ဌာနတစ်ခုမှာ တာဝန်ယူ ဦးဆောင်နေသူ တစ်ဦးအနေဖြင့် မိမိ အဖွဲ့သား ဝန်ထမ်းများအပေါ် လှုံ့ဆော်စည်းရုံးမှု ပေးနိုင်သူတစ်ဦး ဖြစ်ချင်ကြမှာ သေချာပါသည်။ အထူးသဖြင့် ခက်ခဲပင်ပန်း ရှုပ်ထွေးနေသည့် အချိန်မှာဆိုလျှင် ဖြစ်သည်၊၊ တစ်ခါတလေ ကိုယ့်အဖွဲ့တွေ စိတ်ဓာတ်ကျနေသည့် အခြေအနေမှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထိုအခါတွင် စိတ်ဓာတ်ကျနေသူ ဝန်ထမ်းကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်မှုပြုရန် လိုအပ်လာပြီ ဖြစ်သည်၊၊

ဒီအချိန်မှာ ခေါင်းဆောင်လုပ်သူ၏ အပြောနှင့် အလုပ်အားဖြင့် ကိုယ့်လူတွေရဲ့ စိတ်အလိုကို တက်ကြွအောင် လုပ်နိုင်သည့် စွမ်းရည်သည် အလွန် အရေးကြီးသည် ဆိုသည်ကို တက်ရောက် ဆွေးနွေးခဲ့သော သင်တန်းသားများက အသိအမှတ် ပြုကြပါသည်။ ဒီလို အပြုအမူတွေကပဲ ကိုယ့်အဖွဲ့တွေ အတွက် အားကျစရာတွေ အတုယူစရာတွေ ဖြစ်လာနိုင် ပါသည်‌။ မိမိကိုယ်တိုင် အလုပ်အပေါ်မှာ စိတ်အား ထက်သန်သူ၊ ကိုယ့်အလုပ်ကို ဂုဏ်ယူ တတ်သူ ခေါင်းဆောင်တစ်ဦးသည် ကျန်သူများကိုလည်း အလုပ်မှာ တက်ကြွအောင် ဂုဏ်ယူလာအောင် လုပ်ပေးနိုင်သူ ဖြစ်သည်။ ဦးဆောင်သူကို ဝန်ထမ်းများက မိမိတို့၏ စံပြုပုဂ္ဂိုလ် role model တစ်ဦး အဖြစ် သတ်မှတ်ထားသမျှ ဘယ်သောအခါမှ မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်သည် မည်သို့မျှ လွဲချော်စရာ မရှိတော့ဟု မြင်မိပါသည်။

ပြောင်းလွယ် ပြင်လွယ်နိုင်စွမ်းနှင့် အတူ လိုက်လျောညီထွေရှိမှု

တစ်ခါတစ်ရံ ဝန်ထမ်းများဟာ မိမိကို ပြောင်းလွယ်‌ ပြင်လွယ်ဖြစ်ဖို့ တောင်းဆိုမှုတွေ ရှိလာတတ် ပါသည်။ ဒီအခါမှာ လိုအပ်လျှင် ပြန်စဉ်းစားဖို့ လိုပါသည်၊၊ ရည်မှန်းချက် ပန်းတိုင်ကိုတော့ ပျောက်လို့မရဘဲ ချမှတ်ထားသည့် မူဘောင် အတွင်းမှာသာ မိမိ၏ လုပ်ငန်းစဉ်ကို တရားသေ ဆုပ်ကိုင်မထားဘဲ ကိုယ်ကျင့်တရား စံနှုန်းများကိုလည်း မပျက်ယွင်း စေဘဲဖြင့် ပြောင်းလွယ် ပြင်လွယ် ပြုနိုင်ပါသည်၊၊

တူညီသော အခြေအနေတစ်ရပ် သို့မဟုတ် တူညီသော ပတ်ဝန်းကျင်မှာ မူကိုမပျက်စေဘဲ အခြေအနေ အချိန်အခါပေါ် မူတည်၍ ပြောင်းလွယ် ပြင်လွယ်ရှိမှု flexibility အလေ့အကျင့် ရှိသူသည် မတူညီသော အခြေအနေ အရပ်ရပ် သို့မဟုတ် မတူညီသော ပတ်ဝန်းကျင်သို့ အခြေအနေအရ ရောက်သွားလျှင်သော်မှ လိုက်လျောညီထွေ နေနိုင်စွမ်း adaptability ရှိလာမှုအထိ ကိုယ်စွမ်းကိုယ်စ မြင့်တက် သွားနိုင်သည်ကို ယုံကြည်ကြစေ လိုပါသည်။ အကြောင်းမှာ ခေါင်းဆောင်ဖြစ်ရန် နိုင်ငံခြား ပညာတော်သင်တစ်ဦး စေလွှတ်ရန် ရွေးချယ်ရာတွင် လိုက်လျောညီထွေ နေနိုင်စွမ်းရှိမှုကို အရည်အချင်း တစ်ရပ်အဖြစ် ယနေ့ကာလတွင် ပို၍ဆန်းစစ်မှု ပြုလာကြသောကြောင့် ဖြစ်သည်။

နည်းပြကောင်းတစ်ဦး ဖြစ်ရန်လည်းလိုအပ်

သင်တန်းသားတွေထက် မိမိမှာ ပိုပြီး အရေးတကြီး တန်ဖိုးထားသည့် အင်္ဂါရပ်တစ်ခု ကိုလည်း ရှေ့တန်းတင်၍ ဆွေးနွေးဖြစ်ခဲ့ပါသည်။ ‌ခေါင်းဆောင်ကောင်း တစ်ဦးသည် မိမိဝန်ထမ်းများ အပေါ် နည်းပြကောင်း တစ်ဦးလည်း ဖြစ်ရမည်ဟု ဆိုပါသည်။ ခေတ်ကာလ အခြေအနေအရလည်း မရှိမဖြစ် အင်္ဂါရပ်တစ်ခု ဖြစ်သည်ဟု ဆိုချင်သည်။ ယနေ့ခေတ် ဝန်ထမ်းအကြီးအသေး အတော်များများ၏ စွမ်းဆောင်ရည် မြင့်တက်နေရန်သည် စဉ်ဆက်မပြတ် လေ့ကျင့်ပေးနေမှုနှင့် တိုက်ရိုက် အချိုးကျပါသည်။

ဤတွင် မိမိဌာန မိမိအဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြည်မပြတ်သည့် အရာရှိတစ်ဦး အနေဖြင့်ဆိုမူ မိမိ၏ ဝန်ထမ်းများ၏ capacity နှင့် ၎င်းတို့၏ ခံယူချက် မြင့်မားလာရန်နှင့် အစဉ်တိုးတက်နေရန် အတွက် မိမိကိုယ်တိုင်က နည်းပြ coach တစ်ဦး အဖြစ်လည်းကောင်း သို့မဟုတ် သင့်လျော် မှန်ကန်သည့် သင်တန်းများသို့ တက်ရောက်စေ၍ လေ့လာသင်ယူလိုစိတ် ရှိနေစေရန် အားပေးရန် လည်းကောင်း တာဝန်ရှိသည်ဟု ခံယူထားရမည်သာ ဖြစ်သည်။ သို့သော် ခေါင်းဆောင်တို့ မည်သည် နည်းပြအဖြစ် သာမက တစ်ခါတစ်ရံ ကျောင်းသား အဖြစ်ပါ ခံယူထားသင့် သည်ကိုလည်း မမေ့စေလိုပါ။

ဖွံ့ဖြိုးမှုအမြင်နှင့်အတူ တန်းတူညီမျှဖြစ်ရန် လိုအပ်

သာမန်နှင့် မတူသည့် ခေါင်းဆောင်များမှာ ရှိသင့်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ယှဉ်၍ စဉ်းစား တွေးခေါ်ခြင်း development thinking အင်္ဂါရပ် ကတော့ စာရေးသူအနေဖြင့် ရှိသင့်သည်ထင်၍ ထည့်သွင်းထားသည့် အရည်အချင်း တစ်ခုပင်ဖြစ် သည်။ နဂိုရှိထားသည့် အခြေအနေမှာထက် ပိုပြီး တိုးတက်အောင် လုပ်ဖို့၊ နောက်ထပ် နောက်ထပ် စွမ်းရည်ရှိသည့် လူသားအရင်းအမြစ်များ စဉ်ဆက် မပြတ် မွေးမြူနိုင်ရန်နှင့် လတ်တလော အလုပ်ပြီး မြောက်ရေး ရေတိုအောင်မြင်မှုအပြင် ပိုပြီးကောင်းသည့် အနာဂတ် ရည်မှန်းချက်များ ချမှတ်နိုင်အောင် အထိ ထက်ထက်သန်သန်ဖြင့် အမြဲစဉ်းစားတွေးခေါ် နေတတ်တာမျိုး ဖြစ်သည်၊၊

ဖွံ့ဖြိုးမှုအမြင် အားကောင်းသူမှာ အားလုံး၏ အရည်အချင်းများကို အသိအမှတ်ပြု၍ သူ့နေရာနဲ့ သူအသုံးချ၊ တော်လွန်းသူနှင့် အားနည်းလွန်းသူများ အကြား အရည်အချင်းများကို တစ်ဦးနဲ့တစ်ဦး အလွန်အမင်း မကွာဟအောင် ဟန်ချက်ညီစွာ ထိန်းချုပ်စီမံထားနိုင်ရမည် ဖြစ်သည်။ ဤတွင် သင်တန်းသားအချို့ လိုချင်သော ခေါင်းဆောင်ဆိုသူသည် “လက်အောက် အဖွဲ့သား အားလုံး အပေါ်တွင် ညီညွတ်မျှတစွာဖြင့် တန်းတူညီမျှ ရှိရမည်ဟူသော equity သဘောရှိသော သူပင် ဖြစ်သည်”ဆိုသည်ကို ဆွေးနွေးနိုင်ခဲ့ကြ ပါသည်။

သာတူညီမျှ ဆိုသည့် အင်္ဂါရပ်နှင့်အတူ ကိုယ့်အဖွဲ့တိုင်းကို တန်းတူညီမျှ ထားနိုင်ရမည် ဖြစ်ပါသည်။ အချိုးမပြေတာ တွေ့၍လည်း မုန်း၍မဖြစ်၊ တစ်နေရာတည်း တစ်ဌာနတည်း ချစ်ခြင်း မုန်းခြင်း မထားရ၊ တော်ခြင်း မတော်ခြင်း ဆိုပြီးလည်း မခွဲခြား သင့်၊ အားလုံးအပေါ်မှာ မျှမျှတတ ရှိရမည် ဖြစ်သည်။ လျစ်လျူရှုသင့်တာ လျစ်လျူရှု၍ ဥပေက္ခာပြုနိုင် ရမည်ဟု ဆိုလိုပါသည်။ ဤသို့မျှတမှုက ဝန်ထမ်း အားလုံးတွင် အောင်မြင်မှုကို ပို၍ရှေးရှုသည့် team work activities များစွာ လုပ်နိုင်ရန်အထိ စုစည်းညီညွတ်မှုကို တည်ဆောက် သွားနိုင်မည်ဟု ခံယူထားစေ လိုပါသည်။

ဆွေးနွေးမှုသဘော ဆန်သည့် ဤသင်တန်းတွင် ဝန်ထမ်းအားလုံးတွင် ရှိရမည့် ကိုယ်ကျင့်တရား ဆိုသည် ကိုလည်း ထည့်သွင်းဖြစ်ခဲ့သည်။ ကျယ်ပြန့်စွာ ဆွေးနွေးသင့်သည့် ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်တစ်ဦးသည် မိမိ၏ ကိုယ်ကျင့်တရားကို အဖွဲ့အစည်း၏ ချမှတ်ထားသော ကျင့်ဝတ်များနှင့် ထပ်တူထပ်မျှ ရှိနေရမှာ ဖြစ်သည်ဟု သဘောပိုက်ကြပါသည်။ ဒီအချက်ကိုလည်း မိမိရဲ့ စွမ်းဆောင်ရည်မှာ အကဲဖြတ်ခံရမည့် ကိုယ်ကျင့် တရား စံနှုန်းတစ်ခုအဖြစ် လက်ခံကြပါသည်။

ဆက်သွယ်ဆက်ဆံမှု စွမ်းရည်တစ်မျိုး

နောက်ဆုံး၊ နောက်ဆုံး မဟုတ်ပေမဲ့ အရေးကြီးလှသော အရည်အချင်းတစ်ခု၊ အထက်ပါ အရည် အချင်းအားလုံး ရှိနေသော်လည်း သူမပါလျှင်မပြီး၊ သူပါမှသာ အောင်မြင်ဖို့ရန် ပိုသေချာသွားသည့် အင်္ဂါရပ်တစ်ခုကား ပြောဆိုဆက်ဆံရေးခေါ် လူမှု ဆက်ဆံရေးစွမ်းရည် Communication or Social skill ပင်ဖြစ်သည်။ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့ ထိုစွမ်းရည်ကား မပါလျှင်မပြီးပါ၊၊ တစ်ခါတစ်ရံ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု နယ်ပယ်မှာ ကိုယ်က ဘယ်လောက်တော်နေ တော်နေ ရလဒ်က မကောင်း ၍ ပြန်စိစစ်ကြည့်လျှင် မိမိမှာကော communica-tion skill ဘက်တွင် ချို့ယွင်းနေပါသလား၊ ပြန်လည် စိစစ်သင့်လှပါသည်။

အရာထမ်းငယ် များအတွက် လုပ်ငန်း လည်ပတ်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်မည့် နည်းပညာ ကျွမ်းကျင်မှုများက ပိုအရေးကြီးသလို အလယ်အလတ် အရာထမ်းများ အတွက်မူ Communication skill ကို ပို၍ အလေးပေးရမည်ဟု ဆိုထားသည့် အတွက် မိမိအဆင့်သည် ပြောဆို ဆက်ဆံစွမ်းရည် မြင့်မားရေးကို ပိုအာရုံစိုက်ရမည့် အဆင့်ဟု ခံယူထား‌စေ လိုပါသည်။ ၎င်းစွမ်းရည်မျိုး အားကောင်း လှသူသည် လူရာဝင်လူဝင်ဆံ့ပြီး အဖွဲ့ကို ပို၍ ဦးဆောင်မှု ပေးနိုင်သည်ကို တွေ့ရသည်။ ကိုယ်ပြောသည့်စကား အထက်လူကြီး နားပေါက်၍ လက်ခံ‌လာအောင် ပြောနိုင်သည့်အပြင် လက်အောက် ငယ်သားကလည်း နားဝင်ပြီး အလုပ်လည်း ပြီး‌မြောက်ကာ ပြီးပြည့်စုံသော ရည်မှန်းချက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခြင်းသည် ဆက်ဆံမှုစွမ်းရည် ကောင်းခြင်း၏ ရလဒ်ပင် ဖြစ်သည်။

သို့သော် ကိုယ်သာတတ်၍ ကိုယ်ချည်းခံငြင်း ကိုယ်ကပဲ ပြောနေ၍မဖြစ်၊ မိမိငယ်သားများ၏ အမြင်များကိုလည်း အလေးထား နားထောင်တတ်ဖို့ လိုသလို သူတို့၏ လုပ်ဆောင်ချက်အပေါ် တုံ့ပြန်မှု feedback ပေးရသည်ကိုလည်း မမေ့အပ်ဖို့ လိုပါသည်။ ထို့ပြင် မိမိအဖွဲ့သားများတွင် နောက်ခံ ကြီးပြင်းခဲ့ရသည့် မတူသည့် ဘဝအတွေ့အကြုံ အမျိုးမျိုး ပညာ ဘာသာ လူမျိုး စသည်ဖြင့်လည်း ကိုယ်ရည်ကိုယ်သွေး ကွာဟမှုအပေါ် မူတည်၍ ဆက်ဆံရေး ကောင်း၏ မကောင်း၏ ရှိနိုင်သည်ကို ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။

သို့ဖြင့် အားလုံးကိုပြန်၍ နိဂုံးချုပ်ကြပါစို့၊၊ သင်တန်းတစ်ခု၊ survey တစ်ခုမှ ရလဒ်များကို အခွင့်အလမ်း opportunity အဖြစ် မှတ်ယူ၍ မိမိ အရာထမ်း အနာဂတ် ခေါင်းဆောင်များအတွက် အားအင် strength များ ပြည့်ဝလာရန် ခေါင်းဆောင် မှု အရည်အချင်းအချို့ကို တတ်နိုင်သည့်ဘက်မှ မျှဝေလိုက်ခြင်းပင် ဖြစ်ပါသည်။ အားနည်းချက် weakness များကို အစဉ်သတိထား ပြုပြင်နေမှသာ စိန်ခေါ်မှု challenges များကို ရင်ဆိုင် ဖြေရှင်းနိုင်မည် ဟုလည်း ခံယူထားသင့် ပါသည်။

မည်သူပင် ဖြစ်စေ အထူးသဖြင့် ခေါင်းဆောင် ဖြစ်လာလျှင် မိမိကိုယ်မိမိ power ပါဝါ အစွမ်းသတ္တိတော့ ရှိချင်ကြမှာ သေချာပါသည်။ ထို့ကြောင့် အထက်ပါ တင်ပြခဲ့သော အရည်အချင်း များကို အသုံးချ၍ အောင်မြင်အောင် လုပ်နိုင်လျှင် မှန်ကန် မြဲမြံသော ပါဝါလည်း ရရှိလာမှာမလွဲပါ‌ကြောင်း ပြောလိုပါသည်။ မိမိပါဝါကို မိမိ အရည်အသွေးများ ဖြင့်သာ တည်ဆောက်ယူရ ပါမည်။ ရာထူး ဌာနန္တရကြောင့် ရရှိထားသော ပါဝါအပြင် အထက်ပါ ကိုယ်ပိုင် အရည်အသွေးများကိုပါ ပေါင်းစပ်လိုက်လျှင် ပို၍ပါဝါကြီးသွားပြီး လုပ်ငန်းအများစု အောင်မြင်ရန်ကို သေချာစေပါသည်။

မိမိရထားသည့် ရာထူးထက် မိမိ၏ personnel power က ပို၍ တာရှည်မြဲမြံပြီး လူ့အဖွဲ့အစည်း အကျိုးကို ရေရှည် ပုံဖော်ပေးနိုင်ပါသည်။ အမှန်တော့ လူတိုင်းသည် ခေါင်းဆောင်ချည်းပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နေကြသူများ ဖြစ်သည်ကို မမေ့အပ်ဖို့ လိုပါသည်။ မိမိကိုယ်မိမိ မဦးဆောင်နိုင်သူ၊ မထိန်းချုပ်နိုင်သူသည် သူများနောက်က လိုက်နေရမည်သာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မရပ်တည်နိုင်သူသည် လူညံ့တစ်ဦးသာ ဖြစ်ပေမည်။ ကိုယ့်ကိုယ်ကိုယ်မှ မဦးဆောင် နိုင်သမျှတော့ အများကို ခေါင်းဆောင်မည့် ခေါင်းဆောင်ကောင်းလည်း မဖြစ်တန်ရာ။

သို့ဖြစ်၍ ခေါင်းဆောင်ကောင်းတို့မှာ ရှိအပ်သည့် ထိရောက်သည့် ခေါင်းဆောင်မှု အရည်အချင်း များနှင့်အတူ မိမိအတွက်၊ မိမိ ပတ်ဝန်းကျင်အတွက် နှင့် မိမိ လူ့အဖွဲ့အစည်းအတွက်ကော၊ မိမိနိုင်ငံ အတွက်ပါ အောင်မြင်အောင် လုပ်ဆောင်ပေးကြမည့် ယုံကြည် စိတ်ချရသော အနာဂတ် ခေါင်းဆောင် ကောင်းများ ဖြစ်ကြပါစေဟူ၍သာ ... မျှော်လင့်မိပါသည်။ ။