သေဒဏ်ပေးသည်ဆိုရာတွင် …………
မင်းခန့်ကျော်(ဥပဒေ)
သေဒဏ်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား နိုင်ငံတစ်နိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းမှ တရားဥပဒေကြောင်းအရ ရာဇဝတ်မှုတစ်ခုအတွက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် သတ်စေခြင်းကို ဆိုလိုပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ရှိကြပြီး လက်တင်ဘာသာ capitalis မှ ဆင်းသက်လာသည်။ လက်တင်ဘာသာတွင် ခေါင်းနှင့်ဆိုင်သောဟု အဓိပ္ပာယ်ရပြီး ရှေးယခင်ခေတ်များက ခေါင်းဖြတ်သတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ရှေးကျသော ဥပဒေသဖြစ်သည့် ဟမ်မူရာဘီ၏ ကိုဓဥပဒေ (Babylonian Code of Hammurabi) တွင် “ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ” ဆိုသည့် ဥပဒေသပါဝင်ပါသည်။
တရားဝင်သေဒဏ်ပေးခြင်းသည် သမိုင်းတင်သည့် ခေတ်ဦးအစကပင် ရှိခဲ့ပါသည်။ သမိုင်းမှတ်တမ်းများအရ ရှေးဦးမျိုးနွယ်စုအဖွဲ့အစည်းအမျိုးမျိုးသည် သေဒဏ်ပေးခြင်းကို ၎င်းတို့၏ တရားစီရင်ရေးစနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။ သေဒဏ်ပေးခြင်းကို ရှေးယခင်အခါက လူ့အဖွဲ့အစည်း အားလုံးလိုလိုတွင် ကျင့်သုံးခဲ့ကြပါသည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် ဆက်လက်ကျင့်သုံးလျက်ရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံတွင် တရားဝင် ပယ်ဖျက်ပြီးဖြစ်ကြောင်း Wikipedia တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
သေဒဏ်ပေးခြင်း ဆက်လက်ကျင့်သုံး
နိုင်ငံအတော်များများတွင် သေဒဏ်ပေးမှုကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် သေဒဏ်ပေးခြင်း မဖျက်သိမ်းသေးသောနိုင်ငံများတွင် နေထိုင်နေကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ အစရှိသော ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးသော နိုင်ငံကြီးများက သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံးနေကြသောကြောင့်ပင် ဖြစ်သည်။
သေဒဏ်ပေးခြင်းကျင့်သုံးသော နိုင်ငံအတော်များများတွင် သေဒဏ်ပေးခြင်းကို လူသတ်မှု၊ သူလျှိုမှု၊ နိုင်ငံတော်သစ္စာဖောက်မှုများနှင့် စစ်ဘက်ဆိုင်ရာ တရားစီရင်မှုများတွင်သာ အသုံးပြုလေ့ရှိပါသည်။ အချို့သောနိုင်ငံများတွင် မုဒိမ်းမှု၊ မယားခိုးမှု၊ သဘာဝနှင့် ဆန့်ကျင်၍ လိင်ဆက်ဆံမှု အစရှိသော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများအတွက် သေဒဏ်ပေးခြင်းပြုလေ့ရှိပါသည်။ သေဒဏ်ပေးခြင်းကို ကျင့်သုံးသော နိုင်ငံအတော်များများတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်ခြင်းသည်လည်း သေဒဏ်ပေးရလောက်အောင် ကြီးကျယ်သောပြစ်မှုဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခြင်းနှင့် နိုင်ငံရေးဆိုင်ရာ အကြီးအကျယ် ခြစားခြင်းတို့ကိုလည်း သေဒဏ်အပြစ်ပေးလေ့ရှိပါသည်။ နိုင်ငံတကာရှိ တပ်မတော်များတွင် သူရဲဘောကြောင်ခြင်း၊ တပ်ပြေးခြင်း၊ အမိန့်မနာခံခြင်းနှင့် တပ်တွင်းသူပုန်ထခြင်း ပြစ်မှုများတွင် စစ်ဘက်ဆိုင်ရာ တရားရုံးများမှ သေဒဏ် ချမှတ်လေ့ရှိကြပါသည်။
သေဒဏ်ပေးခြင်းကို ပြန်လည် ပြင်ဆင်၍မရနိုင်သော ကိစ္စရပ်များအတွက်သာ အသုံးပြုသင့်သည်ဟု ပလေတိုကဆိုပါသည်။ တစ်ပါးသူ၏ အသက်ကိုတမင်ရည်ရွယ်သော လုပ်ဆောင်မှုဖြင့် ဆုံးရှုံးစေခြင်းသည် ပြန်လည်ပြင်ဆင်၍ရသောကိစ္စ ဟုတ်ပါသလား။ နစ်နာဆုံးရှုံးသူများဘက်ကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။ ဥပဒေနှင့်အညီ သေဒဏ်ပေးခြင်းကို ဥပဒေမဲ့တရားမဲ့သတ်ဖြတ်ခြင်းနှင့် မရောထွေးရန် လိုပါသည်။ လူသတ်မှုကျူးလွန်ခြင်း သည်တစ်ပါးသူ၏ အသက်ကိုနုတ်ယူခြင်းဖြစ်၍ လူသတ်သူ၏ အသက်ကိုလည်း ပြန်လည်နုတ်ယူသင့်သည်ဟု သေဒဏ်ပေးခြင်းကို ထောက်ခံသူများက ယုံကြည်ကြပါသည်။ သေဒဏ်ပေးခြင်းသည် ခံစားရသူများ၏ ဆွေမျိုးသားချင်းများအပြင် ဥပဒေလိုက်နာသည့် နိုင်ငံသားများအား ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်ပေးကြောင်းပြသခြင်း ဖြစ်ပါသည်။ အကြမ်းဖက်ပြစ်မှု ကျူးလွန်သူများကို တားဆီးရန်မှာ ထောင်ဒဏ်ပေးခြင်းသည် မလုံလောက်ကြောင်း သေဒဏ်ပေးခြင်းကို ထောက်ခံသူများက ဆိုပါသည်။
စင်ကာပူနိုင်ငံသည် သေဒဏ်ပေးခြင်းကို ဆက်လက်ကျင့်သုံးလျက်ရှိသော နိုင်ငံဖြစ်ပါသည်။ စင်ကာပူနိုင်ငံသား အများစုက ကြီးလေးသောပြစ်မှုများကို တားဆီးရန်အတွက် ထောင်ဒဏ် တစ်သက်ချမှတ်ခြင်းထက် သေဒဏ်ချမှတ်ခြင်းက ပိုမိုထိရောက်ကြောင်း ယုံကြည်ကြပါသည်။ စင်ကာပူနိုင်ငံတွင် သတ်မှတ်ပမာဏထက်ကျော်လွန်ပြီး မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ခြင်းအတွက် သေဒဏ်သတ်မှတ်ထားပါသည်။
သေဒဏ်ဖျက်သိမ်းရေးလှုပ်ရှားမှုများရှိနေသော်လည်း နိုင်ငံအများအပြားသည် သေဒဏ်ပေးခြင်းကို ဆက်လက် ကျင့်သုံးမှုရှိသည့်အပြင် သေဒဏ်ပေးနိုင်သည့် နယ်ပယ်ကို တိုးချဲ့လာကြသည်ကို တွေ့ရှိရပါသည်။ နိုင်ငံပေါင်း ၃၀ ကျော်တွင် သတ်မှတ်ထားသည့် မူးယစ်ဆေးဝါး ရောင်းချမှုကို သေဒဏ်ပေးနိုင်သော ပြစ်မှုအဖြစ် သတ်မှတ်ပါသည်။ အီရန်၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့တွင် တရားမဝင် မူးယစ်ဆေးဝါး အနည်းငယ်သော ပမာဏလက်ဝယ် ထားရှိမှုအတွက် မဖြစ်မနေသေဒဏ် (mandatory death sentence) ချမှတ်ရန် သတ်မှတ်ထားပါသည်။ စင်ကာပူနိုင်ငံသည် မူးယစ်ဆေးဝါးအမှုအတွက် ပြစ်ဒဏ်ချမှတ်သူများအနက် လေးပုံ သုံးပုံကို သေဒဏ်စီရင်ခဲ့ပါသည်။
နိုင်ငံပေါင်း ၃၀ ကျော် သေဒဏ်စီရင်ခြင်း ဆောင်ရွက်
သေဒဏ်ကို ဆက်လက်ကျင့်သုံးသည့်နိုင်ငံများအနက် နိုင်ငံပေါင်း ၃၀ ကျော်တွင် သေဒဏ်စီရင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များ၏ ၆၀ ရာခိုင်နှုန်းနှင့် ဖက်ဒရယ်အစိုးရသည် သေဒဏ်ကို ဆက်လက်ကျင့်သုံးလျက်ရှိပါသည်။ ၁၉၇၆ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စု၏ Texas, Virginia, Florida, Missouri, Louisiana နှင့် Oklahoma ပြည်နယ်များတွင် သေဒဏ်စီရင်မှုများ၏ သုံးပုံနှစ်ပုံကို စီရင်ဆောင် ရွက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း သေဒဏ်ချမှတ်မှုများသည် နှစ်အလိုက်ပြောင်းလဲမှုရှိသော်လည်း ဘီလာရုစ်၊ ကွန်ဂို၊ အီရန်၊ ဂျော်ဒန်၊ နိုင်ဂျီးရီးယား၊ ဆော်ဒီအာရေ ဘီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ယီမင်နိုင်ငံများ အပါအဝင် အချို့သော နိုင်ငံများတွင် သေဒဏ်စီရင်မှုကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့သည် သေဒဏ် သတ်မှတ်မှုကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး သေဒဏ်စီရင်မှုကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရုရှားဖက်ဒရေးရှင်းနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် “No One Above the Law မည်သူမျှ တရားဥပဒေ အထက်မှာမရှိဘူးဆိုတဲ့ စကားလေး တစ်ခုရှိပါတယ်။ သူတို့ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ ၄ယောက်နဲ့ ပတ်သက်လို့ရှိရင် ဒီ ၄ ယောက်မှာ နှစ်ပိုင်းခွဲတွေ့ရပါတယ်။ အုပ်စုပေါ့လေ။ တစ်အုပ်စုကတော့ ခုနကမေးတဲ့အထဲမှာ NLD ပါတီဝင်ဆိုတဲ့ အမာခံပါတီဝင် ခေါင်းဆောင်ပိုင်းပါတီဝင်ပေါ့လေ။ သူတို့တွေနဲ့ ပတ်သက်တာဖြစ်ပါတယ်။ အဲဒီတော့ဒီမှာလည်း နိုင်ငံမှာ ဖြစ်ပေါ်လာခဲ့တဲ့ ဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီအထိကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြဿနာမရှိဘူး။ သို့သော်လည်း သတ်ဖြတ်တဲ့အချိန်၊ မိုင်းထောင် ဖောက်ခွဲသတ်ဖြတ်တဲ့ အခြေအနေမျိုးကျရင်တော့ ဘာကြောင့် ဒီပြဿနာဖြစ်လာလဲဆိုတာ ကျွန်တော်တို့ ဒီအဖြေထုတ်ရမယ်။ အဲဒီတော့ကျွန်တော်တို့ အဖြေထုတ်တဲ့အခါမှာ ဒီလူတွေက အကြမ်းဖက် သတ်ဖြတ်မှုအတွက် တစ်အချက် စီမံဆောင်ရွက်ခဲ့တာတွေရှိတယ်။ သူတို့အားပေးခဲ့တာရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေအများကြီး သေကျေခဲ့တာ ရှိတယ်။ သေတဲ့အထဲမှာ နိုင်ငံ့ဝန်ထမ်း တွေပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေပါတယ်။ နောက် ဆရာ၊ ဆရာမတွေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေပါတယ်။ ရဟန်းသံဃာတွေပါတယ်။ သီလရှင်တွေ ပါတယ်။ ဒါတွေက သူတို့ရဲ့ကြံစည်မှုတွေကြောင့်၊ သူတို့ရဲ့ အားပေးမှုတွေကြောင့်၊ သူတို့ရဲ့စီမံမှုတွေကြောင့် ဖြစ်လာခဲ့တဲ့ဟာတွေဖြစ်တယ်။ ဒါတွေကတော့ ဥပဒေအရလည်း အရေးယူရမှာ ဖြစ်ပါတယ်။ ထို့အတူပဲ နောက်နှစ်ယောက်လည်း ရက်ရက်စက်စက်နဲ့ လူသတ်တဲ့ ကိစ္စဖြစ်ပါတယ်။ ခင်ဗျားကို ကျွန်တော်ဥပမာတစ်ခုပြောပြမယ်။ လူတစ်ယောက် ကိုသတ်တယ်ပေါ့နော်။ သေနတ်နဲ့ ပစ်သတ်မယ်။ တစ်ချက်ချင်းပစ်တယ်။ တစ်ချက်တည်းပစ်ပြီး သေသွားတဲ့ဟာရှိမယ်၊ မသေတာလည်းရှိမယ်၊ တစ်ချက်ထိပြီးတော့ သူရှောင်သွားမယ်။ သို့သော်လည်း သူလူသတ်တာပဲ။ သို့သော်နှစ်ချက်ပစ်မယ်၊ သုံးချက်ပစ်မယ်၊ လေးချက်ပစ်မယ်၊ ငါးချက်ပစ်မယ်ဆိုရင် တော့ ဒါတော့တကယ့်ကို သေအောင်လုပ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်။ အခုလုပ်တဲ့သူတွေက အဲဒီလို လူတွေဖြစ်ပါတယ်။ တစ်ချက်နဲ့မဟုတ်ဘဲနဲ့ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက် သေနတ်နဲ့ ပစ်တယ်၊ ဓားနဲ့ထိုးတယ်၊ ဒီလိုလူမျိုးကို ကျွန်တော်တို့ အပြစ်ပေးခြင်းဖြစ်ပါတယ်။ ခင်ဗျားတို့ ဘယ်လိုဒီလိုလူမျိုးကို ဘယ်လိုလုပ် ခွင့်လွှတ်လို့ရတော့မလဲ။ သူတို့သတ်ထားတဲ့ လူတွေရဲ့မိသားစုတွေ ဘယ်လို ခံစားရမလဲ။ ဒါလည်း သူတို့ပြန်ကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အရင်က မလုပ်ခဲ့ဘူး။ သို့သော်လည်းပဲ ဒီတစ်ခါမှာ ရက်ရက်စက်စက်ကို လုပ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဒီပြစ်ဒဏ်ကိုပေးဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ် ” ဟု ဖြေကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာဥပဒေက တားမြစ်ထားခြင်းမရှိ
တရားစီရင်ရေးဆိုင်ရာ အကာအကွယ်အတွက် ဥပဒေနှင့်အညီ တရားမျှတစွာ စီရင်ဆောင်ရွက်သော သေဒဏ်စီရင်မှုကို အပြည်ပြည်ဆိုင်ရာဥပဒေက တားမြစ်ထားခြင်းမရှိပါ။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်တွင် သေဒဏ်ချမှတ်ခြင်းကို သတ်မှတ် ပြဋ္ဌာန်းမှုအတွက် ဆုံးဖြတ်နိုင်သည့် အခွင့်အရေးရှိပါသည်။ လူတစ်ဦး တစ်ယောက်ကို တမင်ရည်ရွယ်၍ ကြိုတင်စီစဉ်သတ်ဖြတ်မှုအတွက် မဖြစ်မနေ သေဒဏ်ချမှတ်ရမည်ကို ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားပါသည်။ လူအမြောက်အမြားကို သတ်ဖြတ်နိုင်ရန်အတွက် အစီအမံများချမှတ်ပြီး ကြိုးကိုင် စီမံသူများသည် မည်သို့မျှပြင်ဆင်၍ မရသော အကြီးလေးတက အကြီးလေးဆုံးသော ရာဇဝတ်မှုကြီးကို ကျူးလွန်သူနှင့် ရက်ရက်စက်စက် လုယက်သတ်ဖြတ်မှုကျူးလွန်သူများကို သေဒဏ်က ကင်းလွတ်ဖို့အတွက် စာနာထောက်ထားမည်ဆိုလျှင် ကျူးလွန်ခံရသူများဘက်ကို မည်သို့မျှထည့်သွင်း မစဉ်းစားတော့ဘူးလား ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ လူ့အသက်များကို ဥပဒေမဲ့ သတ်ဖြတ်နေမှုများအား ဟန့်တားရန်အတွက် သေဒဏ်ပေးရခြင်းအကြောင်းကို အစွဲများခွာချပြီး ယထာဘူတကျကျဖြင့် ရှုမြင်ကြရန် လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။