ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့
(စက်တင်ဘာ ၂၃ ရက်မှအဆက်)
ပြန်လည်ဖွင့်လှစ်မှုအခြေအနေများ
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး ကာကွယ်ဆေးများထိုးနှံ၍ ရောဂါအတော်အသင့် ထိန်းချုပ်နိုင်လာခြင်းနှင့်အတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်း သည်လည်း တစ်ပါတည်း လိုက်ပါ လာခဲ့သည်။ ၂၀၂၁ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြရာ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် နိုင်ငံပေါင်း ၁၃၆ နိုင်ငံမှာ ပြန်လည်ဖွင့်လှစ်နေကြပြီး ဖြစ်ပါသည်။ ထိုသို့ဖွင့်လှစ်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ခရီးသည် ဝင်ရောက်မှုမှာ ၁၁၇ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၏ အလားတူ ကာလတွင် ၄၁ သန်း ဝင်ရောက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်ထက် ၇၆ သန်းခန့် ပိုမိုဝင်ရောက်လာခဲ့ပါသည်။ ဒေသအလိုက် ၂၀၂၁ ခုနှစ် ခရီးသည် ဝင်ရောက်မှုများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အာရှပစိဖိတ်ဒေသရှိ ခရီးစဉ်ဒေသများတွင် ၆၄ ရာခိုင်နှုန်း၊ ဥရောပဒေသတွင် ၂၈၀ ရာခိုင် နှုန်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ၁၃၂ ရာခိုင်နှုန်း၊ အာဖရိကဒေသ တွင် ၉၆ ရာခိုင်နှုန်း၊ အမေရိကဒေသတွင် ၄၃ ရာခိုင်နှုန်း အသီးသီး တိုးတက်လာလျက်ရှိပါသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၂ တွင် “A Destination for Every Dream” ဟူသော ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်နှင့်အတူ ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ဇူလိုင်လမှစတင်၍ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားများအတွက် ဖူးခက်ကမ်းခြေသို့ Quarantine နေထိုင်ရန်မလိုအပ်ဘဲ သွားရောက် လည်ပတ်နိုင်သည့် “Phuket Sandbox” အစီအစဉ်ဖြင့် ခရီးသွား လုပ်ငန်းကို ပြန်လည်စတင်ဖွင့်လှစ်ကာ ဆွဲဆောင်နိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ (1st Quarter of 2022) အထိ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သည့်ခရီးသွားဧည့်သည် စုစုပေါင်း လေးသိန်းကျော် ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် “Visit Thailand Year 2022, Amazing New Chapters” ဆောင်ပုဒ်ဖြင့် ခရီးသွား လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်မှုများနှင့်အတူ မြန်မာနိုင်ငံသည်လည်း ပြည်တွင်း ခရီးသွားလုပ်ငန်းသာမက နိုင်ငံတကာခရီးသွားလုပ်ငန်း အနေဖြင့်လည်း နိုင်ငံတကာလေကြောင်းလိုင်းများကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မှစ၍ ပြန်လည်ပျံသန်းခွင့်ပြုခဲ့ပြီး မေ ၂၀ ရက်တွင် ကမ္ဘာလှည့်ဗီဇာများ ပြန်လည်ထုတ်ပေး၍ နိုင်ငံတကာခရီးသွားလုပ်ငန်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်း လိုင်း ၁၄ လိုင်း ပျံသန်းလျက်ရှိပြီး လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ၂၉၆၂၁ ဦး ရှိခဲ့ပါသည်။ အဆိုပါခရီးသွား များအနက် အများဆုံးဝင်ရောက်ခဲ့သည့်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ဖြစ်ကြပါ သည်။ ယခုအခါ မြန်မာ့ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ၏ သက်ရောက်မှုများမှ ရုန်းထနိုင်ခဲ့ပြီး အသစ်တစ်ဖန်ပြန်လည်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိနေပြီ ဖြစ်ပါသည်။
ပြန်လည်ကြံဆ ခရီးသွားကဏ္ဍ
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်မှု ဆိုင်ရာ ပဋိညာဉ်ကို အတည်ပြုခဲ့သော ၁၉၇၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ၁၉၈၀ ပြည့်နှစ်မှစ၍ နှစ်စဉ် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့အဖြစ် နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်၍ ကျင်းပပြုလုပ် ခဲ့ရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်းကောင်းမွန်စွာ ပြန်လည်စတင်နိုင်ရန် ရည်ရွယ်၍ “Rethinking Tourism” ဆောင်ပုဒ်ဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ အတော်အသင့် ထိန်းချုပ်နိုင်ပြီးချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို များစွာရင်ဆိုင်ခဲ့ရသည့် ခရီးသွား လုပ်ငန်းအနေဖြင့် ပြန်လည်တွေးတောသုံးသပ်ခြင်း (Rethink)၊ ပြန်လည်ဆောင်ရွက်ခြင်း (React)နှင့် ပိုမိုခံနိုင်ရည်ရှိစေရန် ဆောင်ရွက်ခြင်း (Resilience) စသောလုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆောင်ရွက် သွားရမည့်အချိန်ကာလဖြစ်သည့်အလျောက် ယခုနှစ်၏ အထိမ်းအမှတ် ဆောင်ပုဒ်အား “ Rethinking Tourism” “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” ဟူ၍ သတ်မှတ်ထားပြီး ခရီးသွားလုပ်ငန်းကို ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော၊ အလုံးစုံပါဝင်၍ ကြံ့ကြံ့ခံ နိုင်သောလုပ်ငန်းကဏ္ဍတစ်ခုအဖြစ် မည်သို့ဆောင်ရွက်ရမည်ကို တွေးတောကြံဆရန် ရည်ရွယ်ပါသည်။
အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ
အထက်တွင်ဖော်ပြထားသော ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကပ်ရောဂါဆိုင်ရာ အဟန့် အတားများကို ထည့်သွင်းစဉ်းစား၍ ချမှတ်ထားရှိသည့် ခရီးသွား လုပ်ငန်းဆိုင်ရာဥပဒေများ၊ မူဝါဒများနှင့် လိုအပ်ချက်များကို ပြန်လည် ကြံဆဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများကြောင့် အထိနာခဲ့သော ခရီးသွားလုပ်ငန်းကို ပြန်လည်ကုစားနိုင်ရေး၊ ပြန်လည် ထူထောင်နိုင်ရေးနှင့် ပြန်လည်စတင်နိုင်ရေးအတွက် ကြိုးပမ်းကြရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နိုင်မည်ဖြစ်သဖြင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူတို့၏ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများ သည် ခရီးသွားကဏ္ဍပြန်လည်စတင်နိုင်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ပါသည်။ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားများ၏ ခရီးသွားလာခြင်းအပေါ် အဓိကအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဘေးကင်း လုံခြုံမှုကို အလေးထားမည်ဖြစ်သည့်အတွက် ခရီးသည်များနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း များတွင် လုပ်ကိုင်ဆောင်ရွက်နေသူများ အနေဖြင့် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ဝန်ကြီးဌာနက ရေးဆွဲအတည်ပြု ထုတ်ပြန်ထားသော “Enchanting Myanmar Health and Safety Protocol” နှင့်အညီ ခရီးသွားဧည့်သည်များအား ဘေးကင်း လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်အတွက် အလေ့အကျင့်ကောင်းများ လေ့ကျင့်သင်ကြားပေးရန်လိုအပ်သည်ကို အစိုးရကဏ္ဍမှ သိရှိနားလည်သဖြင့် Reskilling and Upskilling သင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ပို့ချခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာ သည့်အပေါ်မူတည်၍ Offline စနစ်ဖြင့် ပို့ချပေးရန် စီစဉ်လျက် ရှိပါသည်။
ခရီးစဉ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ
ခရီးသွားလုပ်ငန်းသည် တစ်ခုတည်းသီးသန့် ရပ်တည်၍မရသော လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့်အခါတွင်လည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းနှင့် ဧည့်ဝတ်ကျေပွန်ရေးလုပ်ငန်းကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး၊ မြို့ရွာနှင့် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာလှပရေး၊ ပညာရေးနှင့် အခြားအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများလည်း အလုံးစုံပါဝင်၍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် သွားရမည်ဖြစ်သဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် ညီနောင်အသင်းများနှင့်လည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံသည် အံ့သြဖွယ်ရာယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်း အမြစ်များနှင့် ရေမြေတောတောင် အလှအပများ၊ အရောင်အသွေး စုံလင်သော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များ၊ လူနေမှုပုံစံများ စသည့် ခရီးသွားဆွဲဆောင်မှုများ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည့် အလျောက် အဆိုပါခရီးစဉ်ဒေသစီမံခန့်ခွဲမှုများတွင် ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာသည့် အမူအကျင့်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ (Destinations Management Organizations- DMOs) သည် အရေး ပါသောကဏ္ဍတစ်ရပ်ဖြစ်သဖြင့် DMOs များနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
အလုံးစုံပါဝင်နိုင်သော ခရီးစဉ်ဒေသတစ်ခု (Tourism For All) ဖြစ်စေရေး
ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါအလွန် ကာလဖြစ်သည်နှင့်အညီ ခရီးသွားများအတွက် သတင်း အချက်အလက်များ လွယ်ကူချောမွေ့စွာ ရှာဖွေရရှိနိုင်ရေးအတွက် ဒစ်ဂျစ်တယ် နည်းပညာကို ချန်လှပ်မထားဘဲ အလေးပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ ဖိုရမ်များ၊ အခမ်းအနားများတွင်လည်း မြန်မာနိုင်ငံ၏ ခရီးသွားပြခန်း များအား ဆက်လက်ပြသသွားရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံအား အလုံးစုံပါဝင်နိုင်သော ခရီးစဉ်ဒေသတစ်ခု (Tourism For All) ဖြစ်စေရေးအတွက် အဟန့်အတားမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ကို ပိုမိုအလေးပေးဆောင်ရွက်လျက်ရှိပါသေးသည်။ ထပ်လောင်းအနေဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွားများ၏ အမူအကျင့်များ၊ မျှော်မှန်းချက်များ ပြောင်းလဲလာနိုင်သည်နှင့်အညီ ခရီးသွားများအကြား ရေပန်းစားနိုင်မည့် ခရီးသွားလုပ်ငန်းအမျိုးအစားများကို လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားရန်လည်း လိုအပ်ပါသည်။
ဥပမာအနေဖြင့် ခရီးသွားများသည် ကပ်ရောဂါကာလတွင် မိမိတို့နေထိုင်ရာ အရပ်ဒေသတွင် အချိန်ကာလကြာရှည်စွာ နေထိုင်ခဲ့ရသည့်အတွက် အဆိုပါဒေသများမှ လွတ်မြောက်လိုစိတ် စိတ်အားထက်သန် လျက်ရှိရာ ကျေးလက်ဒေသများ၊ သဘာဝ၏ ပင်ကိုအလှတရားများကို ထိတွေ့လိုစိတ်များ ပေါ်ပေါက်လာနိုင်သဖြင့် ကျေးလက်ဒေသများတွင် လူထုအခြေပြုခရီးသွား လုပ်ငန်း (Community Based Tourism - CBT)၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများတွင် သွားရောက်လေ့လာသည့် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း (Agri-Tourism)၊ သဘာဝကို ချစ်မြတ်နိုး သူများအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism) စသည်ဖြင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်၍ မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ကိုက်ညီသည့် ခရီးသွားလုပ်ငန်း အမျိုးအစားများကို ဦးစားပေးရွေးချယ် ဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းတွင် ရေရှည်တည်တံ့ခိုင်မြဲ၍ ပိုမိုခံနိုင်ရည်ရှိသော ခရီးသွားဧည့်သည်များကို လာရောက်လည်ပတ်စေရန် အလွန်ပင် ဆွဲဆောင်နိုင်သည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာမည်မှာ ဧကန်အမှန် ဖြစ်ပေလိမ့်မည်။ ခရီးသွားလုပ်ငန်းကို ကဏ္ဍစုံ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်၍ ပြည်တွင်းခရီးသွားလုပ်ငန်း၊ ထိုမှတစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာခရီးသွား လုပ်ငန်းအထိ ပြန်လည်ထိုးဖောက် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဤသို့ဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်နိုးထ၍ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူမှုအကျိုးစီးပွားကို များစွာအထောက်အကူပြုနိုင်ရန် မျှော်လင့်ရင်း . . . ။
“ခရီးသွားများ၊ ခရီးသွားလုပ်ငန်းများမှသည် ပြည်သူဆီသို့”။