Skip to main content

ယုံကြည်စိတ်ချရဆုံးမဟာမိတ်မှသည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .

မိုးမြင့်

ယနေ့ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်းတွေ အခြေခံကအစ အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို တွေ့ရသည်။ ဗဟိုချက်မတွေ ပြောင်းနေသည်။ အနောက်မှ အရှေ့သို့ လည်းကောင်း၊ အနောက်မှ အရှေ့ပစိဖိတ်သို့လည်းကောင်း အရွေ့များကို တွေ့မြင်နေ ရသည်။ ထိုသို့ တိုးတက်ပြောင်းလဲနေမှုများကို ရုရှားနိုင်ငံ ပရီမော်စကီဒေသ၊ ဗလာဒီဗော့စတော့၌ ကျင်းပသော (၇) ကြိမ်မြောက် Eastern Economic Forum တွင် အကဲဖြတ်ခွင့်ရခဲ့ကြသည်။

နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ ငွေကြေးကဏ္ဍများတွင် နိုင်ငံကြီးအချို့၏ လက်ဝါးကြီး အုပ်လိုမှုနှင့် ရန်လိုသည့်ပဋိပက္ခများကြောင့် ဖြစ်လာရသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များကို ဖြေရှင်းနိုင်ရန် " The path to a multi- polar world" ဗဟုဝန်ရိုးဆုံ ကမ္ဘာကြီးဆီ လှမ်းမည့်ခြေလှမ်းများကို ရုရှားနှင့် တရုတ်တို့က ဦးဆောင်လှမ်းလာကြရာမှာ မြန်မာနိုင်ငံ သည်လည်း အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်လာပြီဖြစ်သည်ကို ၅-၉-၂၀၂၂ ရက်မှ ၈-၉-၂၀၂၂ ရက်အထိ လေးရက်ကြာကျင်းပခဲ့သော EEF အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် မျက်ဝါးထင်ထင် တွေ့လိုက်ရသောအခါ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ရော ဒေသတွင်းနှင့်ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက်ပါ တာဝန်သိ တာဝန်ရှိသည့် နိုင်ငံတွင် နေထိုင်ရသည့် ပြည်သူများအနေဖြင့် ဂုဏ်ယူမိပါသည်။

Multi-polar world အရွေ့အတွက် gateway တစ်ခုဖြစ်လာနေ

ပြန်ကြည့်လျှင် ကမ္ဘာကြီးမှာ အတ္တတွေက ကြီးစိုးနေသည်။ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် မငြိမ်းချမ်းဟု ဆိုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ နှင့် ယူကရိန်းစစ် double crisis ကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ လမ်းချော်နေပြီး ဆင်းရဲမှု၊ ငတ်မွတ်မှု တသီတတန်းကြီး နှင့် ရင်မောစရာအတိဖြစ်သည်။

ဘေးပယောဂဖန်တီးမှုများနှင့် မပြီးနိုင်အောင် ဆွဲဆန့်ထားခြင်းခံနေရသည့် စစ်ပွဲများက ပေးနေသော လက်ငင်းအကျိုးပေး ဆိုးကျိုးများကို ကမ္ဘာ့လူသားများ ခါးစည်းခံနေရသည်။ ပြီးခဲ့သည့်ရက်က သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရသည်။ ရုရှား၊ တူရကီနှင့် ကုလသမဂ္ဂတို့ ညှိနှိုင်းအစီအစဉ်ဖြင့် အငတ်ဘေးကျရောက်တော့မည့် လူသားများအတွက် ယူကရိန်း ဆိပ်ကမ်းများမှတစ်ဆင့် ပို့လိုက်သည့် စားနပ်ရိက္ခာတင်သင်္ဘောများကို အီးယူနိုင်ငံအချို့က လူသားချင်းစာနာထောက်ထားမှုကျင့်ဝတ်ကို ချိုးဖောက်ပြီး လက်ဝါးကြီးအုပ်ဖြတ်ယူ လိုက်သည့် သတင်းဖြစ်သည်။

ထိုကဲ့သို့သော အနိုင်ကျင့်ခံရမှုများနှင့် ဆင်းရဲမွဲတေမှုများကို ဖြေရှင်းပေးနိုင်မည့် ဖွံ့ဖြိုးမှုဆီ ဦးတည်နေသည့် ဤဖိုရမ်ကြီးသည် multi- polar world အရွေ့တစ်ခုအတွက် ဝင်ပေါက်ထွက်ပေါက် gateway တစ်ခုဖြစ်လာနေပါကြောင်း နိုင်ငံအများစုမှ ပါဝင် တက်ရောက်သူ (၇၄ ရာခိုင်နှုန်း)က အသိအမှတ်ပြုအားကိုးလာကြသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတကာ ပလက်ဖောင်းတစ်ခုဖြစ်လာနေသည့် EEF 2022

ရုရှားနိုင်ငံ၌ ကျင်းပခဲ့သော EEF 2022 ဖိုရမ်သည် စွမ်းအင်အကျပ်အတည်း၊ စားနပ်ရိက္ခာ အကျပ်အတည်းဆိုက်နေသော ကမ္ဘာကြီးအတွက် ဖြေဆေးတစ်ခုဟု မြင်ပါသည်။ အချို့ ဒေဝါလီခံနေရသည့် နိုင်ငံတချို့အတွက် ကယ်တင်ရှင် အားဆေးတစ်ခုနှယ် အားကိုးမိ ပါသည်။ ဖိုရမ်ကို လက်ခံကျင်းပသော ရုရှားနိုင်ငံနှင့်အတူ အရေးယူပိတ်ဆို့မှုများနှင့် ဖိအား မျိုးစုံကို ရင်ဆိုင်နေရသော မြန်မာ၊ အီရန်၊ ဘီလာရုစ် စသည့်နိုင်ငံများ ပူးပေါင်းပါဝင်လာခွင့် ရရှိလာကြပြီဖြစ်သည်။

အိမ်ရှင်နိုင်ငံ၏ အရှေ့ဖျားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရှပစိဖိတ်ဒေသနိုင်ငံများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်များကြောင့် စိန်ခေါ်မှုများကြားက မက်ခရိုဒေသကြီး၏အရေးပါမှုမှာ ပို၍သိသာထင်ရှားလာပါသည်။ မက်ခရိုဟုတင်စား ထိုက်သည်က ရူဘယ်လ် ၂ ဒသမ ၇ ထရီလီယံတန် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ပေါင်း ၂၇၂၉ ခု နှင့်အတူ ၎င်းတို့ထဲမှ ၅၂၅ ခုမှာ ယခုအခါ စတင်အသက်ဝင်နေ၍ ဖြစ်ပါသည်။ ဖိုရမ်က စာချုပ်ချုပ်ဆိုမှု ၂၉၀ ကျော်ကို ချုပ်ဆိုနိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု သိရပါသည်။

ကိုဗစ်ကို ကောင်းစွာထိန်းချုပ်ပြီးမှ ပထမဆုံးကျင်းပခဲ့သော ဤကမ္ဘာ့ EEF ဖိုရမ်ကြီးတွင် ဧည့်သည် ၇၀၀၀ ကျော်၊ နိုင်ငံ ၆၈ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များ၊ ကမ္ဘာတစ်ဝန်း ကုမ္ပဏီပေါင်း ၇၀၀ က လုပ်ငန်းရှင် ၁၇၀၀ ခန့် ပါဝင်တက်ရောက် ဆွေးနွေးကြခြင်းဖြင့် ကမ္ဘာ့စီးပွားရေး လှုပ်ရှားမှုများ၏ ဗဟိုချက်မ သို့မဟုတ် နိုင်ငံတကာ ပလက်ဖောင်း တစ်ခု သဖွယ် မြင်တွေ့နေရပြီဖြစ်ပါသည်။

ယုံကြည်မှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ထင်ဟပ်နေသည့်ဖိုရမ်

တရုတ်၊ မြန်မာ၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ အာမေးနီးယန်းနှင့် တောင်ကိုရီးယားနိုင်ငံတို့က အတောင့်တင့်ဆုံးသော ကိုယ်စားလှယ်များဖြင့် တက်ရောက်လာခဲ့ခြင်းသည် ဖိုရမ်အပေါ် ယုံကြည်မှုကို ထင်ဟပ်စေပြီး ပူးပေါင်းဆောင်ရွက်လိုမှုများကို ပို၍တိုးတက်စေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အပါအဝင် နိုင်ငံအစိုးရအဖွဲ့များမှ အဆင့်မြင့်ဆုံး အကြီးအကဲ ၁၅ ဦး ပါဝင်တက်ရောက် လာကြပြီး အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ်ဝန်ကြီးချုပ်များက ဗီဒီယိုမှတစ်ဆင့် နှုတ်ခွန်း ဆက်သကြသည်ကို တွေ့ရသည်။

ဖိုရမ်တွင် အဓိကမဏ္ဍိုင်ခြောက်ခုကို  အဓိကထား ဆွေးနွေးခဲ့ကြသည်။ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှုတွင် ရုရှားနိုင်ငံက မည်သည့်နေရာက ပါဝင်နေပါသလဲ၊ လုပ်သားအင်အားစု ကြီးကို ကမ္ဘာပေါ်မှာ ဘယ်လိုဖြန့်ခွဲကြမလဲ ၊ ငွေကြေးဈေးကွက်နှင့် လူသားများ၏ ဘဝ အရည်အသွေးများကို ဘယ်လိုဖန်တီးယူကြမလဲ၊ ခရီးသွားကဏ္ဍ၊ နိုင်ငံတိုင်းအတွက် ပေါ်ပေါက်လာမည့် ကိုယ်ပိုင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် စာသင်ခန်းများမှာ ရုရှားမျိုးချစ် လူငယ်များ မွေးထုတ်ပေးနိုင်ရေးစသည့် ကဏ္ဍများကို စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်။

ပါဝင်ဆွေးနွေးသူအများစုက နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်တစ်ခုကို တည်ဆောက်ပြီး နိမ့်ကျနေသော စီးပွားရေးဖွံ့ဖြိုးမှုဆီ လှမ်းမျှော်နိုင်မည့် ဗဟုဝင်ရိုးတန်း ကမ္ဘာကြီးတစ်ခုဆီသို့ အလျင်အမြန် ကူးပြောင်းလိုနေကြသည်။ ထိုသို့ကူးပြောင်းနိုင်မှလည်း စီးပွားရေးစစ်ပွဲများ၊ အချုပ်အခြာအာဏာ ယိုယွင်းမှုများမှ ကာကွယ်နိုင်မည်ဖြစ်သည်ကို အားလုံးက နားလည် သဘောပေါက်ကြသည်။ သို့သော် စီးပွားရေးအရ အပြိုင်အဆိုင်ရှိရန်ကိုတော့ အားပေးထား သည်ကို တွေ့ရသည်။

ရင်းနှီးသော ဆက်ဆံရေးမှတစ်ဆင့် ယုံကြည်စိတ်ချ ရသော မဟာမိတ်အဖြစ်သို့

EEF ဆိုသော အခွင့်အလမ်းကောင်းတစ်ခုက ရုရှားနိုင်ငံကြီး၏ ယုံကြည်စိတ်ချရဆုံးသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို အားအင်အသစ်များ မွေးဖွားပေးခဲ့ပြန်ပါပြီ။ ပို၍ပို၍ ရင်းနှီးသော ဆက်ဆံရေးမှတစ်ဆင့် အရင်းနှီးဆုံးသော မဟာမိတ်အဖြစ် ရပ်တည်မှု ခိုင်မာလာခြင်းပင်ဖြစ်သည်။ စစ်ဘက်၊ အရပ်ဘက်နယ်ပယ်စုံတွင် အခြေခံ အဆောက်အအုံ များ၊ နည်းပညာရင်းနှီးမြှုပ်နှံမှုများ ယခုထက်တိုးပွားလာမည်ဖြစ်ပါသည်။ ကမ်းလွန် နည်း ပညာ တူးဖော်မှုနည်းပညာများ၊ အကြီးစားစက်မှုလုပ်ငန်းများအပါအဝင် နျူကလီးယား နည်းပညာများကို ရယူနိုင်စွမ်းရှိလာပါတော့မည်။ ထိုနည်းပညာများမှတစ်ဆင့် အမိနိုင်ငံ၏ ပေါများကြွယ်ဝသော ရေနံ၊ ဓာတ်ငွေ့၊ သံ၊ သတ္တု သယံဇာတများကို လက်တွေ့ထုတ်ယူ နိုင်စွမ်းအား မြင့်မားလာတော့မည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများလာလျှင် မြန်မာနိုင်ငံက လူငယ်လုပ်သားများ ပြည်ပကိုထွက်၍ အလုပ်သွားလုပ်မှုများလည်း လျော့ပါးလာမည်ဟု တွေးမိပါသည်။ အခွင့်အလမ်းကို ထိထိရောက်ရောက် ဆုပ်ကိုင်နိုင်ပါက ဈေးသက်သာသော မြန်မာလူငယ်လုပ်သားများစွာကို အိမ်နီးချင်း ထိုင်းတို့၊ မလေးရှားတို့က လွယ်လွယ်နှင့် ခေါင်းပုံဖြတ်၍ မရနိုင်တော့ဟု မျှော်တွေးမိပါသေးသည်။

ပထဝီနိုင်ငံရေး စီးပွားရေးအရ ဆုံမှတ်သဖွယ် အချက်အချာကျရာမြန်မာ

မြန်မာနှင့် ရုရှားနိုင်ငံတို့ ခိုင်မာသော မဟာမိတ်တည်ဆောက်ခြင်းက သက်ဆိုင်ရာ နိုင်ငံများအပြင် မြန်မာနိုင်ငံပါဝင်သော ဒေသတွင်းအဖွဲ့အစည်းများနှင့် နိုင်ငံများအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုများရှိသည်ဟု မြင်ကြပါသည်။ ဤတွင်ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး သဘောများပါ ပါဝင်လာသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ အတွက်ရော အာရှ-ပစိဖိတ်ဒေသကြီးတစ်ခုလုံးအတွက်ပါ အရေးပါသော နိုင်ငံဖြစ်သည်။

အာရှတိုက်၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းကို အလွယ်တကူ ဝင်ထွက်နိုင်သော ဆုံမှတ်တွင် ရှိသည်။ အိန္ဒိယအတွက် အရှေ့တောင်အာရှထွက်ပေါက်နှင့် တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာသို့ ဘင်္ဂလားပင်လယ်အော် ဝင်ပေါက်တွင်ရှိနေသော ရခိုင်ကမ်းရိုးတန်းသည် အလွန် အရေးပါပြီး အချက်အချာကျသည်။ တရုတ်၏ OBOR ပတ်လမ်း ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံစီမံကိန်းတွင် မြန်မာနိုင်ငံ၏ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းများ ပါဝင် ပတ်သက်နေသည်ကို အားလုံးကသတိပြုမိကြသည်။ ပစိဖိတ်သမုဒ္ဒရာကို ဖောက်ထွက်နိုင် သည့် ကပ္ပလီပင်လယ်ထွက်ပေါက်ရှိရာ တနင်္သာရီကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်းဖြင့် အရေးပါသော ကမ်းရိုးတန်းနှစ်ခုရှိနေခြင်းက မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အားသာချက် များအဖြစ် ပုံဖော်နေသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်၊ အခြား အရှေ့တောင်အာရှနိုင်ငံများအတွက် စင်္ကြံလမ်းကြောင်းတစ်ခုတည်းတွင် ရပ်တည်နေ သည်ဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးအတွက် ပထဝီသဘောတရား အခြေခံများက သက်ဆိုင်ရာနိုင်ငံများ၏ မဟာဗျူဟာအကျိုးစီးပွားကို ဖော်ဆောင်ပါသည်။ “ကျွဲကူးရေပါ”၊ “ရေမြင့် ကြာတင့်” ဆိုသလို မိတ်ဆွေကောင်းတို့ မဟာမိတ်တို့မည်သည် ကောင်းမွန်သော အကျိုးကိုသာ ဖြစ်ထွန်းစေပါသည်။ မိမိအတွက်ရော ဒေသတွင်းနိုင်ငံများအတွက်ပါ ဖြစ်သည်။ စွမ်းအင် အကျပ်အတည်းကာလတွင် ရေနံနှင့် စွမ်းအင်ကိုပိုင်ဆိုင်သော နိုင်ငံကြီးတစ်နိုင်ငံနှင့် မဟာမိတ်ဖြစ်မှုသည် ရေနံလိုအပ်ချက်နှင့် ရင်ဆိုင်နေရသော ဒေသတွင်းစွမ်းအင်ပြဿနာကို ရေရှည်ဖြေရှင်းနိုင်ရေး အကျိုးဖြစ်ထွန်းစေပါလိမ့်မည်။ ဆိုလိုသည်မှာ ရေနံလောင်စာ သယ်ယူဆက်သွယ်မှု လမ်းကြောင်းများ ပိုမိုကောင်းမွန်လာပြီး ယခုထက်လုံခြုံစိတ်ချ ထိရောက်သည့်ဘက်သို့ ဦးတည်နိုင်မည့် အနေအထားတစ်ခုအထိ ရောက်ရှိသွားနိုင်ခြင်းကို ဆိုလိုပါသည်။

အချုပ်အားဖြင့်တော့ ရုရှားနိုင်ငံနှင့် အာရှပစိဖိတ်ရပ်ဝန်းနိုင်ငံများအကြား စီးပွားရေး အပါအဝင် နယ်ပယ်စုံမှ ရလဒ်ကောင်းများကို EEF ဖိုရမ်က သယ်ဆောင်ပေး တော့မည်ဖြစ်ပါသည်။ အမိမြေပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာကို ပိုင်ပိုင်နိုင်နိုင် ကာကွယ်စောင့်ရှောက်လျက် နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ပိုမိုဆောင်ကြဉ်းပေးနိုင်တော့မည်ဟု ယုံကြည်မိပါသည်။

အထူးသဖြင့် သားစဉ်မျိုးဆက်တစ်လျှောက် မျိုးဆက်သစ်များအတွက် မြော်မြင်ထားသည် ဆိုလျှင်လည်း မမှားပါ။ မဝေးတော့သော အနာဂတ်တစ်ခုတွင် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ အသက်တမျှအရေးကြီးသည့် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးမှတစ်ဆင့် မဲခေါင်နှင့် အရှေ့တောင်အာရှအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ တာဝန်သိ၊ တာဝန်ရှိ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပိုမို၍အထောက်အကူပြု နိုင်တော့မည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။