Skip to main content

အလှတွင် အယဉ်ဆင့် တင့်လှပါသည်

ဝဏ္ဏ (TGI)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Irkutsk ပြည်နယ် Irkutsk မြို့တွင် ခေတ္တရောက်ရှိ တည်းခိုနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလ ၈ ရက် နံနက်စောပိုင်းမှစတင်၍ အသက်ဝင်လှုပ်ရှားနေသည်။ ယမန်နေ့ညက အိပ်စက်နားနေချိန်မှာ နောက်ကျသည့်တိုင် လန်းဆန်းတက်ကြွမှုက အပြည့်ရှိနေသည်။ နိုင်ငံ့အကြီးအကဲဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ယနေ့လေ့လာရေးခရီးစဉ်ကို နံနက်ပိုင်းမှပင် စတင်မည်ဖြစ်ပြီး Irkutsk ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန်ရှိသူများက လေ့လာရေးခရီးစဉ်အား လိုက်ပါရှင်းလင်းတင်ပြမည်ဖြစ်သည်။

Robot များကို အသုံးပြု

ဦးစွာသွားရောက်လေ့လာသည့် နေရာမှာ လေယာဉ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant ဖြစ်ပြီး စက်ရုံသို့ရောက်ရှိစဉ် Irkutsk Aviation Plant- IrkutskCorporation Branch မှ အထွေထွေ ညွှန်ကြားရေးမှူးချုပ် Mr. Veprev Aleksey Alexandrovich နှင့်အဖွဲ့ဝင်များက ကြိုဆိုကြသည်။ စက်ရုံမှာ MC-21 300 ခရီးသည်တင်လေယာဉ်များ တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖြစ်သည့်အတွက် ကြီးမားလှသလို အစိတ်အပိုင်းများစွာအတွက် Sector များကလည်း မနည်းလှ။ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုမှုအဖြစ် အစိတ်အပိုင်းအလိုက် Sector များခွဲခြား၍ Robotic System များ၊ Automatic Machine များ အသုံးပြုတပ်ဆင်နေမှု၊ ထိုမှတစ်ဆင့် လေယာဉ်၏ကိုယ်ထည်ပိုင်း၊ တောင်ပံပိုင်း၊ အင်ဂျင်ပိုင်းများကို အဆင့်ဆင့် တပ်ဆင်နေမှုများကို လုပ်ငန်းတစ်ခုချင်းအလိုက် လိုက်လံရှင်းလင်းတင်ပြသည်။ လူ၏ ကိုယ်ကာယအားကို အသုံးပြုခြင်းထက် Robotic များ၊ Automatic Machine များကို အများဆုံး အသုံးပြုထားသဖြင့် အချိန်ကုန်လူပန်း မဖြစ်စေရန်နှင့် တိကျသေသပ်မှုရစေရန်တို့ကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်သည်ကို လေ့လာသိရှိရသည်။ လူသားများ၏စွမ်းရည်ဖြင့် ထုတ်လုပ်ထားသည့် စက်ပစ္စည်းများ Robot များကို အသုံးပြု၍ လူသားများ သက်သာမှုရစေရန် ဆောင်ရွက်ထားနိုင်မှုက လူ့စွမ်းအားအရင်းအမြစ်၏ အရေးပါပုံကို ဖော်ပြနေဟန်ရှိသည်။

လေယာဉ်ခေါင်းခန်းအတွင်း ထိန်းချုပ်မှုစနစ်များ၊ အတွင်းပိုင်းအပြင်အဆင်များကို အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု၊ ထုတ်လုပ်ပြီးလေယာဉ်၏ စွမ်းဆောင် ရည်နှင့် ကြံ့ခိုင်မှုအခြေအနေတို့ကို စမ်းသပ်စစ်ဆေးလျက်ရှိသည့် အခြေအနေများကိုလည်း လိုက်လံကြည့်ရှု လေ့လာကြသေးသည်။ ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Irkutsk Aviation Plant မှ ထုတ်လုပ်သည့် လေယာဉ်၇၀၀၀ ကျော်ကိုလည်း ဤသည့်စနစ်များဖြင့်ပင် စစ်ဆေး၊ စမ်းသပ်ခဲ့ကြောင်းခေတ်နှင့်အညီ ပစ္စည်းကိရိယာများ အဆင့်မြင့်လာသည်မှအပ လုပ်ငန်းစဉ်ကို တိတိကျကျ ဆောင်ရွက်ခဲ့ကြောင်း၊ အထွေထွေ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။ အကြီးအကဲ၏ မေးမြန်းမှုအပေါ် ဖြေကြားတင်ပြမှုဖြစ်၍ အထောက်အထား၊ အကိုးအကားများပါသည်။

ရှင်းလင်းတင်ပြ

နိုင်ငံတော်အကြီးအကဲ၏ စုံစမ်းမေးမြန်းမှု၊ အထွေထွေညွှန်ကြားရေးမှူးချုပ်က အသေးစိတ် ရှင်းလင်းတင်ပြမှုမှာ ထပ်မံလေ့လာသည့်နေရာအရောက်တွင် ရည်ရွယ်ရင်းကို သိရသည်။ မြန်မာ့တပ်မတော်(လေ)အတွက် ထုတ်လုပ်လျက်ရှိသည့် SU-30 တိုက်ခိုက်ရေး လေယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုကို ကြည့်ရှုလေ့လာသည့် နေရာအတွက် ကြိုတင်မေးမြန်းခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အတွက် တပ်ဆင်ထုတ်လုပ်နေသည့် လေယာဉ်များ၏ စွမ်းဆောင်ရည်ပြည့်ဝနေစေရေး၊ ကြံ့ခိုင်ရည်ကောင်းမွန်ရေးတို့အတွက် ကြိုတင်မေးခွန်းထုတ်ခဲ့ခြင်းဟု သဘောပေါက်မိသည်။ အထွေထွေညွှန်ကြားရေးမှူးချုပ်ကလည်း အကြီးအကဲ၏ ရည်ရွယ်ချက်ပါသည့် မေးခွန်းအတွက် ထုတ်လုပ်ပြီး SU-30 လေယာဉ်များကို လေ့ကျင့်စမ်းသပ်နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထိုသို့ ရှင်းလင်းတင်ပြသည့်တိုင် အကြီးအကဲအနေဖြင့် မေးခွန်းများက ကျန်သေးသည်။ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်သည့် တိုက်လေယာဉ်များကို အမြင့်မားဆုံးသော စွမ်းဆောင်ရည်၊ အခိုင်မာဆုံးသော ကြံ့ခိုင်မှု၊ စိတ်ချရသည့် လုံခြုံမှု စသည်ဖြင့် ပြည့်ဝနေစေလိုသည့် အကြီးအကဲ၏ဆန္ဒမှာ မေးခွန်းများတွင် သိသာသည်။ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကလည်း အကြီးအကဲ၏ မေးခွန်းများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြကြသည်။ စက်ရုံအတွင်း လေ့လာမှုနှင့် ရှင်းလင်းတင်ပြမှုများအပြီးတွင် နိုင်ငံ့အကြီးအကဲနှင့် အထွေထွေညွှန်ကြားရေးမှူးချုပ်တို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဆက်လက်လေ့လာသည့် Irkutsk Regional Children's Clinical Hospital သို့ ရောက်ရှိစဉ် ဆေးရုံ၏အကြီးအကဲ Mr. Kozolv Yuri Andreevich နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ဆေးရုံရှိ အစည်းအဝေးခန်းမအတွင်း ဖိတ်ခေါ်သည့် အစည်းအဝေးခန်းမအတွင်းတွင် ဆေးရုံအကြီးအကဲက ဆေးရုံအတွင်း ကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ ဆေးရုံအား ၂ နှစ်အတွင်း ခုတင်-၄၀၀ဆံ့အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကို Video Presentation များဖြင့် တင်ပြသည်။ ၎င်းအပြင် ဆေးရုံအား အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးချိန်တွင် ဖြစ်ပေါ်လာမည့် ပုံရိပ်အခြေအနေအား VR နည်းပညာဖြင့်ပါ ရှင်းလင်းတင်ပြ၍ သူ၏တင်ပြမှုကို အဆုံးသတ်သည်။ တင်ပြသူအပြီးတွင် အကြီးအကဲ၏ သိရှိလိုသည်များကို မေးမြန်းမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခြင်းတို့ ဆောင်ရွက်သည်။ မေးမြန်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုတို့တွင် မိမိတို့နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်ကလေးများ ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ပေးနိုင်ရန်ဟူသော စကားရပ်ဖြင့် ကလေးသူငယ်များအပေါ် ထားရှိသည့် စိတ်စေတနာကိုပြသည်။ အဆောက်အဦ အဆင့်မြှင့်တင်ခြင်းကိုပင် ကလေးတွေအတွက် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဟု ချီးကျူးရင်း ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခြင်းကို ဆောင်ရွက်သည်။

ပညာရေးနယ်ပယ်သို့ လေ့လာရေးခရီးဆက်

ဆေးရုံအတွင်း ထပ်မံတိုးချဲ့ဆောက်လုပ်မည့် ဆေးရုံနေရာကိုကြည့်ရှုအပြီး ခွဲစိတ်ကုသဆောင်သို့ လေ့လာသည်။ ဆေးရုံအကြီးအကဲက ခွဲစိတ်ဆောင်အတွင်း Robotic Technology အသုံးပြု ခွဲစိတ်ကုသနိုင်မှုနှင့် စက်ကိရိယာများ၏ စွမ်းဆောင်ရည်များကို ရှင်းလင်းတင်ပြပြီး စမ်းသပ်ခွဲစိတ်မှုတစ်ခုကို သရုပ်ပြခွဲစိတ်ပြသည်။ ခွဲစိတ်မှုအား Robotic Technology နှင့် စက်ကိရိယာများ အသုံးပြုခွဲစိတ်ခြင်း အောင်မြင်စွာ ပြီးမြောက်ခြင်းအဖြစ် အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြီး အကြီးအကဲက ဆေးရုံအကြီးအကဲအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်သည်။ ကလေးဆေးရုံလေ့လာမှုအပြီးတွင် စက်တင်ဘာ ၁၁ ရက်နေ့၏ အဆုံးသတ် လေ့လာရေးခရီးစဉ်အဖြစ် အကြီးအကဲဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ပညာရေးနယ်ပယ်သို့ လေ့လာရေးခရီးဆက်သည်။

သွားရောက်သည့်နေရာမှာ အမှတ် (၁၄)အခြေခံပညာ အလယ်တန်းကျောင်း MBOU Zakharovkaya Secondary School Moscow ဖြစ်သည်။ ကျောင်းသို့ရောက်ရှိစဉ် Irkutsk ပြည်နယ်အစိုးရ အဖွဲ့ပညာရေးဝန်ကြီး Maxim Alexandrovich Parfenov ၊ ကျောင်းအုပ်ကြီး Ms. Lyudmila Leonidovna Tuchkova နှင့် ကျောင်းတာဝန်ခံများက ကြိုဆိုနှုတ်ဆက်ကြသည်။ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုရာတွင် မူလတန်းကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေမှု အခြေအနေများကို စတင်လေ့လာသည်။ ကလေးသူငယ်များ စာသင်ကြားမှုတွင် စိတ်ပါဝင်စားမှုရှိစေရန်၊ လွယ်ကူ ရှင်းလင်းစွာဖြင့် ဘာသာရပ်များအား နားလည်တတ်ကျွမ်းစေရန် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများ အသုံးပြုသင်ကြားနေမှုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျောင်းအုပ်ကြီးကလည်း အသေးစိတ်ရှင်းလင်းတင်ပြမှုကြောင့်လည်း ဖြစ်မည်ထင်သည်။ အကြီးအကဲက မူလတန်းအရွယ်ကလေးငယ်များ၏ သင်ကြားမှုတွင် လိုအပ်မှုအချို့ကို အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များကို ရှင်းပြသည်။ ပညာရေးနယ်ပယ်အတွက် အကြီးအကဲ၏ မျှော်မှန်းချက်ကိုလည်း ထည့်သွင်း ပြောကြားအပြီးတွင် ကျောင်းအတွင်းရှိ စာကြည့်တိုက်များကို လေ့လာသည်။ အသက်အပိုင်းအခြားအလိုက်၊ ပညာအရည်အချင်းအလိုက် စာကြည့်တိုက်များကို ခွဲခြားထားမှုမှာ စနစ်ကျလှသည်။ ကျောင်းအတွင်းရှိ ကလေးကစားကွင်းအား ကြည့်ရှုပြီးချိန်အထိ ကျောင်းအုပ်ကြီးက လိုက်လံရှင်းလင်းပြသသည်။ အကြီးအကဲ၏ ပညာရေးအား စိတ်ပါဝင်စားမှုကို ကျောင်းအုပ်ကြီးလည်း အကဲခတ်မိသည်ဖြစ်ရာ ရှင်းလင်းတင်ပြမှုများမှာ ပြည့်စုံလှသည်။ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုမှုအပြီးတွင် အကြီးအကဲ၏ပညာရေးနှင့် ပတ်သက်သည့် မေးခွန်းအချို့ကို မေးမြန်းပြီး ပညာရည်အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးသည်။

လာမည့်အနာဂတ်တွင် စတင်ဆောင်ရွက်ရန် ကျန်ရှိ

မြန်မာ့စကားပုံတစ်ခုရှိသည့် “အစကောင်းမှ အနှောင်းသေချာသည်” ဆိုသော စကားပုံဖြစ်ပြီး ထိုစကားပုံကို အကြီးအကဲ တိတိကျကျပုံဖော်လိုမှုကို မြင်ရသည်။ အဆင့်မြင့်ပညာအဆင့်အတွက် အဓိကအကျဆုံးသော အခြေခံပညာအဆင့်မှ ပြည့်စုံကောင်းမွန်နေရန် လိုအပ်သည်ကို သဘောပေါက်မိသည်။ ထိုအတွက်လည်း လှည့်လည်ကြည့်ရှု လေ့လာခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်ရေးအတွက် မေးမြန်း ဆွေးနွေးနေခြင်းဖြစ်သည်ဟု ယုံကြည်မိသည်။ ဆွေးနွေးမှုအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးပြီး စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ခရီးစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးမှု၊ အစည်းအဝေးတက်ရောက်မှု၊ လှည့်လည်ကြည့်ရှုလေ့လာမှု အစရှိသည့် ပြုဖွယ်ကိစ္စမှန်သမျှတို့ကို အဆုံးသတ်သည်။ ခရီးစဉ်တစ်ခုအနေဖြင့် ပြီးဆုံးခြင်းသို့ တိုင်ခဲ့သော်လည်း လာမည့်အနာဂတ်တွင်ကား လုပ်ဆောင်ဖွယ်ကိစ္စ၊ ပူးပေါင်းဆောင်ရွက်ရမည့် နယ်ပယ်များမှာ အရှိန်အဟုန်မြှင့်တင်ရန်၊ စတင် ဆောင်ရွက်ရန်စသည်ဖြင့် ကျန်ရှိနေပေလိမ့်မည်။

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့ လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသည်။ အမိမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Igor Ivanovich Kobzev နှင့် တာဝန် ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်တို့က လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်အကြီးအကဲ ပြန်လည်ရောက်ရှိ

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ၏ နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန်မှာ ညနေစောင်းကာလ ဖြစ်သည်။ နေပြည်တော်တပ်မတော် လေဆိပ်သို့ အထူးလေယာဉ် ဆင်းသက်ချိန်တွင် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများက ကြိုဆိုကြသည်။ ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ ဒုတိယအကြီးအကဲ Mr. Pavel A. KLABUKOV ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergei KURCHENKO တို့ကလည်း ကြိုဆိုသည်။

တာဝန်ရှိသူများက ကြိုဆိုမှုအပြင် ထူးခြားချက်များကို လေယာဉ်မှအဆင်းတွင်ပင် စတင်မြင်တွေ့ရသည်။ တိုင်းရင်းသား၊ တိုင်းရင်းသူ သားငယ်၊ သမီးငယ်များက ဂုဏ်ပြုပန်းစည်းကမ်း၍ ကြိုဆိုသည်။ တာဝန်ရှိသူများကစီစဉ် ဆောင်ရွက်ထားသည့် ကြိုဆိုမှုမဟုတ်။ ခွင့်ပြုချက်တောင်းခံ၍ အကြီးအကဲ၏ ခရီးစဉ် ပြန်လည်ရောက်ရှိမှုကို ကြိုဆိုခြင်းဖြစ်သည်။ ပန်းစည်းကမ်းကြိုဆိုမှုတွင် မကသေး။ ရိုးရာအကအလှအဖွဲ့များကလည်း တီးမှုတ်ကခုန်၍ ကြိုဆိုသည်။ အကြီးအကဲ၏ ခရီးစဉ်တစ်လျှောက်တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးမှု၊ ဖိုရမ်တွင် တက်ရောက်ဆွေးနွေးမှု၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှုသည့် တွေ့ဆုံဆွေးနွေးမှု၊ လေ့လာမှုစသည့် လှုပ်ရှားမှုများကို သိမြင်ထားကြသည်။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် ရလဒ်ကောင်းများကို ယူဆောင်လာနိုင်သည်ကို ခံစားမိကြသည်။ ဤနှယ်သော အကြောင်းရင်းခံများကြောင့်ပင် ပြည်သူလူထု၏ ရင်တွင်း စိတ်ဆန္ဒအခံဖြင့် ယခုလိုလာရောက် ကြိုဆိုခြင်းဖြစ်သည်။ မိမိ၏ ကြိုးစားဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ လာရောက်ကြိုဆိုခြင်းအတွက် အကြီးအကဲမှာလည်း ကြည်နူးပျော်ရွှင်နေသည်ကို မြင်တွေ့ရသည်။

သဟဇာတမျှမှုက မင်္ဂလာရှိ

နိုင်ငံတော်အကြီးအကဲအား ကြိုဆိုသူများ၏ စီမံထားမှုမှာဤမျှနှင့်ပင် မပြီးဆုံးသေး။ လေယာဉ်အဆင်းမှ အစချီ၍ VIP ခန်းမဆောင်၊ ၎င်းမှသည် တပ်မတော်လေဆိပ်အဝိုင်း၊ ဆက်၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝိုင်းအထိ စီတန်းကြိုဆိုကြသည်။ ကိုယ်စီတိုင်း လက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဝါ၊ စိမ်း၊ နီနှင့် ကြယ်ဖြူပါ အလံကိုကိုင်သည်။ “(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါ၏” “ကမ္ဘာ့အလယ် မြန်မာ့ဂုဏ်ဝင့်ထည်စေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အထူးပင်ကျေးဇူးတင်ပါသည်။” “အမိမြန်မာနိုင်ငံတော်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကြိုးစားမှုများအား လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါသည်၊၊” “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအောင်မြင်ပါစေ” “ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါသည်” “ရုရှား-မြန်မာ ချစ်ကြည်ရေးထာဝရ အဓွန့်ရှည်တည်မြဲပါစေ” ဟူသည့် ဗီနိုင်းစာသားများ၊ အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့သည့်ပုံရိပ်များ ပါဝင်သည့်ရုပ်ပုံများကိုလည်း ကိုင်ဆောင်ကြသည်။ ထိုမျှပင်မကသေး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ကြွေးကြော်သံများကိုလည်း သံပြိုင်ညီညီအော်ဟစ်ကြွေးကြော်၍ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အကြီးအကဲကလည်း ကားမှန်ကိုချ၍ လက်ပြကာ အပြုံးဖြင့် တုံ့ပြန်နှုတ်ဆက်သည်။ အကြီးအကဲက စေတနာအရင်းခံဖြင့် ကြိုးစားအားထုတ်သည်။ ကြိုဆိုသူများက စေတနာစိတ်ဖြင့်ဆောင်ရွက် ကြိုးပမ်းမှုကို မေတ္တာစိတ်ဖြင့် ကမ်းလင့်သည်။ အပေးအယူ သဟဇာတမျှမှုက မင်္ဂလာရှိပါဘိ။

ပန်းကိုလို၍ အပင်ပျိုးခဲ့သည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ကားပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အကြီးအကဲ၏ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့မှုများကား မနည်းလှသလို အတူလိုက်ပါသွားခဲ့သည့် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကား များပြားလှသည်။ ပန်းကိုလို၍ အပင်ပျိုးခဲ့သည်။ အပင်သန်ရန်အတွက် မြေဆီဩဇာများလည်း ဖြည့်သွင်းခဲ့ကြသည်။ ဆက်လက်ရှင်သန်ရန်အတွက်လည်း ခွန်အားများရှိသည်။ ခွန်အားနှင့် စွမ်းရည်များကိုလည်း အသုံးချ ကြိုးပမ်းကြမည်ကို ယုံကြည်မိသည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဟု စကားပုံရှိသည်။ တစ်လံမကသော ကြိုးပမ်းခဲ့မှုအဖြစ် ခရီးစဉ်လှုပ်ရှားမှုများတွင် ပုံဖော်နိုင်ခဲ့ပြီဖြစ်သည်။ အနာဂတ်မြန်မာနိုင်ငံ၏ မဝေးသည့် အောင်မြင်ပန်းတိုင် လှမ်းကိုင်နိုင်တော့မည်ဟု ယုံကြည်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။။