Skip to main content

ငြိမ်းချမ်းသောရည်ရွယ်ချက်နဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှာ ရုရှားကနည်းပညာနဲ့ ဆောက်လုပ်သွားမှာဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်

ဦးမိုးဟိန်း (သူရိယနေဝန်း)

သတင်းအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ သွားရောက်ခဲ့သည်။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ တက်ရောက် ပါဝင်ဆွေးနွေးခြင်း၊ ဗလာဒီဗော့စတော့ခ်မြို့၌ လေ့လာခြင်း၊ Republic of Buryatia ပြည်နယ် Ulan – Ude မြို့၌ လေ့လာခြင်း၊ Amur ပြည်နယ် Blagoveshchensk မြို့ရှိ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခြင်း၊ Irkutsk မြို့၌ လေယာဉ် ထုတ်လုပ်ရေးစက်ရုံအပါအဝင် လှည့်လည်ကြည့်ရှုလေ့လာခြင်း စသည်ဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိသည့် ခရီးစဉ်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သို့ဖြစ်၍ အဆိုပါ ခရီးစဉ်နှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ရပါသည် -

(ယမန်နေ့မှ အဆက်)

ဒေါက်တာနေဇင်လတ်

နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရုရှားနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ခြုံငုံပြောရမယ်ဆိုရင် အောင်မြင်ပြီး မှတ်တိုင်တစ်ခု ဖြစ်စေတဲ့ ခရီးစဉ်လို့ ပြောရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေ၊ တပ်မတော်ရဲ့ တာဝန်ကြီးမားမှုတွေ၊ လုံခြုံရေး၊ စီးပွားရေး၊ နိုင်ငံတကာဖိအား၊ အကြမ်းဖက် ကိစ္စတွေကို နိုင်ငံတကာသိအောင် သံရေးတမန်ရေး စကားလုံးတွေနဲ့ ချပြသွားနိုင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးကို ထပ်ဆင့်တိုးတက်တည်ဆောက်နိုင်ခဲ့ပြီး အနာဂတ် ပူးပေါင်းတည်ဆောက်ရေးမှာ Comprehensive Cooperation ဆိုတဲ့ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအထိ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်အနေနဲ့ တည်ဆောက်နိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို့ မြင်ပါတယ်။ နိုင်ငံအတွက် အကျိုးများတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ပြောကြားလိုပါတယ်။

ဦးကျော်ကျော်လှိုင် ( SMART )

စာရေးဆရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်မိန့်ခွန်းပြောကြား ဆွေးနွေးတယ်။ ရုရှားဖက်ဒရေရှင်းနိုင်ငံသမ္မတ H.E Vladimir Vladimirovich Putin နဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ကဏ္ဍအလိုက် တွေ့ဆုံဆွေးနွေးမှုတွေကို ဆောင်ရွက်နိုင်ခဲ့သလို Buryatia ပြည်နယ်၊ Irkutsk ပြည်နယ်အစိုးရ အဖွဲ့တို့မှ အကြီးအကဲတွေနဲ့လည်း တွေ့ဆုံဆွေးနွေး နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။

အမြော်အမြင်ကြီးမားမှုကို ဖော်ပြနေ

အထူးသဖြင့် ဒီအောင်မြင်တဲ့ ခရီးစဉ်ဟာ ၂၀၂၃ ခုနှစ်မှာ ကျရောက် မယ့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်ကိုလည်း များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်လျှပ်စစ်ကဏ္ဍအတွက် အလွန်အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးနဲ့ ပတ်သက်ပြီး Rosatom State Corporation အမှုဆောင် အရာရှိချုပ်နဲ့ တွေ့ဆုံဆွေးနိုင်ခဲ့သလို အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ရဲ့ အထွေထွေ ညွှန်ကြားရေးမှူးချုပ်နဲ့လည်း ဆွေးနွေးခဲ့ပြီး သဘောတူညီမှုတွေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ တာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမြော်အမြင် Vision ကြီးမားမှုကို ဖော်ပြနေပါတယ်။

အနာဂတ်မှာ အိမ်နီးချင်းအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့လည်း ချစ်ကြည်ရင်းနှီးခင်မင်မှုတွေ ပိုမိုခိုင်မြဲအောင် တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဦးမိုးဟိန်း

သူရိယနေဝန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့အာဏာကို တာဝန်ယူပြီးနောက်ပိုင်း ဒါဟာ သုံးကြိမ်မြောက်သွားတာဖြစ်ပါတယ်။ အခုတတိယအကြိမ်က နိုင်ငံတော်ဝန်ကြီးချုပ်အတွက်ရော၊ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက်ရော အောင်ပွဲရခဲ့တာဖြစ်ပါတယ်။ ရေနံ၊ စက်သုံးဆီ၊ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်မှုစတဲ့ကဏ္ဍတွေ အပါအဝင် နိုင်ငံတော်အကျိုးစီးပွားအတွက်၊ နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် သဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ရုရှားနိုင်ငံပိုင် Sputnik ရုပ်သံလိုင်းနဲ့ မြဝတီရုပ်သံလိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

စက်သုံးဆီပြတ်လပ်မှုဆိုတာက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် လိုအပ်နေတဲ့ စက်သုံးဆီကဏ္ဍအတွက်လည်း ရုရှားကနေ စက်သုံးဆီ၊ လောင်စာဆီတွေ တင်သွင်းနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာအစိုးရက စက်သုံးဆီကဏ္ဍကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့နိုင်ငံလို့တောင် ပြောလို့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အင်ဒိုနီးရှား ပြည်သူတွေ ဆန္ဒပြနေကြပါတယ်။ အင်ဒိုနီးရှားဆိုတာ ရေနံထုတ်လုပ် တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလိုနိုင်ငံမှာတောင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေတယ်ဆိုတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက် တယ်ဆိုတာ ဆန်းကြယ်တယ်လို့ ဆိုလို့မရပါဘူး။

သို့သော် ဒီကိစ္စကို ပြေလည်ဖို့၊ စက်သုံးဆီကို နည်းလမ်းမျိုးစုံနဲ့ တင်သွင်းဖို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်တွေက ကြိုးပမ်းနေပြီဖြစ်ပါတယ်။ ဒီတော့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုတွေကို အနှေးနဲ့အမြန် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး ဆေးသိပ္ပံပညာနဲ့ပတ်သက်ပြီး အဆင့်မြင့်မဟာဘွဲ့၊ ဆရာဝန်တွေ၊ ဆေးကျောင်းသား တွေကို ရုရှားမှာရှိတဲ့ ဆေးတက္ကသိုလ် တွေကို ပညာတော်သင်စေလွှတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာကာသ သိပ္ပံနည်းပညာနဲ့ပတ်သက်ပြီး ပညာတော်သင်စေလွှတ်နိုင်ဖို့၊ မြန်မာ အာကာသ ယာဉ်မှူးတွေ မကြာခင် မြန်မာ့အလံကိုကိုင်ပြီး အာကာသထဲမှာ ခြေချနိုင်ဖို့ ရောင်နီသန်းလာပြီ ဖြစ်ပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး

ငြိမ်းချမ်းသောရည်ရွယ်ချက်နဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှာ ရုရှားက နည်းပညာနဲ့ ဆောက်လုပ်သွားမှာဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မြင်တွေ့ရတော့ မှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ရုရှားနိုင်ငံရဲ့ အကူအညီနဲ့ ဖြည့်စွမ်းနိုင်တော့မှာဖြစ်ပါတယ်။ ဒါလည်း ဝမ်းသာစရာ ဖြစ်ပါတယ်။

နောက်ပြီး စားနပ်ရိက္ခာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံလယ်ယာ ကဏ္ဍကထွက်တဲ့သီးနှံတွေကို ရုရှားနိုင်ငံက ဝယ်ယူမှာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အဆင့်မြင့် နည်းပညာတွေကို ရုရှားက ကူညီပေးသွားမှာဖြစ်ပါတယ်။ အခြားကဏ္ဍတွေမှာလည်း ရုရှားနိုင်ငံက ပညာရှင်တွေ၊ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်တွေ လာရောက်ပြီး အသိပညာတွေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်ခါမှမကြားဖူးတဲ့ အာကာသထဲကို မြန်မာအာကာသယာဉ်မှူးတွေ ခြေချနိုင်တော့မယ့် အခွင့်အရေးတွေ၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မယ့် နျူကလီးယားဓာတ်ပေါင်းဖိုလို ပေါ်ပေါက်လာ တော့မယ်ဆိုတာတွေ၊ ဒီလိုအိပ်မက်တောင် တစ်ခါမှမမြင်မက်ခဲ့ဖူးတာ တွေက မကြာခင်မြင်တွေ့ရတော့မယ် ဆိုတော့ ဒီစွမ်းဆောင်ချက်က နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးစွမ်းရည်၊ သံတမန်စွမ်းရည်၊ နိုင်ငံတကာဆက်ဆံရေးစွမ်းရည်ပါရှိတယ်ဆိုတာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အရာရာမှာ ခေတ်နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံရဲ့ ဘက်စုံ လိုအပ်ချက်တွေ၊ လျှပ်စစ်၊ စွမ်းအင်စတဲ့ အခက်အခဲတွေကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ အချိန်မှာတောင် နိုင်ငံတော် ဝန်ကြီးချုပ်နဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ပြည်သူတွေရဲ့ အခက်အခဲကို ပြေလည်အောင် ကျားကုတ်ကျားခဲ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်ဆိုတာ ပေါ်လွင်ထင်ရှားတဲ့အတွက် ကျွန်တော်ကတော့ အထူးကျေးဇူးတင်ပါ တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခြေအနေနဲ့ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး တိုင်းပြည်နဲ့ မြန်မာလူထုအတွက်ကို ဒီလို စွမ်းဆောင်နိုင်ခဲ့တာ အလွန်ဂုဏ်ယူပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အခက်အခဲတွေအားလုံးကို ကျော်ဖြတ် နိုင်တော့မယ်။ ဒါကြောင့် ဒီခရီးက အင်မတန်ဂုဏ်ယူဖို့ကောင်းတယ်လို့ ပြောကြားလိုပါတယ်။

ဦးအောင်မင်း (စာတည်းမှူးချုပ် MHT News)

ကျွန်တော်တို့နိုင်ငံက ၁၉၈၈ ခုနှစ်နောက်ပိုင်းကတည်းက အထီးကျန်ဆန်ခဲ့ရတယ်။ ဒါကလည်း နိုင်ငံရေးအခြေအနေကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မြန်မာ့နိုင်ငံရေးထဲ သွတ်သွင်းချင်တာနဲ့ ကျွန်တော်တို့ တိုင်းပြည်က ပြန်ပေးဆွဲခံရသလို ဖြစ်ခဲ့ရတယ်။ တစ်ဖက် ကလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အချိန်အထိ တိုင်းပြည်ကို တာဝန်ယူခဲ့တဲ့ တပ်မတော် ခေါင်းဆောင်တွေက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တိုင်းပြည်တိုးတက်အောင် ကြိုးစား ခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က တရုတ်နိုင်ငံနဲ့ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးကို ထူထောင်ဖို့ ကြိုးစားခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ အနောက်အုပ်စုတွေနဲ့ အဆင်ပြေ တယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တော့ ဒီလို သံတမန်ဆက်ဆံရေးတွေက ပိုပြီးကောင်းလာတယ်။

ဒါပေမယ့် မြန်မာနိုင်ငံပြည်တွင်းရေးမှာ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူလိုက်ပြီးတဲ့ နောက်မှာ ကျွန်တော်တို့နိုင်ငံကို Isolate ပြန်လုပ်လိုက်တယ်။ ဒီလိုလုပ်လိုက်တဲ့အပြင် ကိုဗစ်နဲ့ ပတ်သက်တဲ့ ရိုက်ခတ်မှုတွေက ကမ္ဘာတစ်ဝန်း အခက်အခဲတွေ ရှိနေချိန်မှာ ကျွန်တော်တို့ တိုင်းပြည်က မိအေးနှစ်ခါနာဆိုသလို ကိုဗစ်ဒဏ်လည်း ခံရတယ်၊ နိုင်ငံရေးနဲ့ပတ်သက် ပြီးတော့လည်း ပိတ်ဆို့မှုကို ခံရတယ်။

ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံကို တာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ အရင်တုန်း ကတည်းကရှိခဲ့တဲ့ ရုရှားနိုင်ငံနဲ့ဆက်ဆံရေးကို ပိုပြီးခိုင်မြဲအောင်၊ ပိုပြီးရှေ့ရောက်အောင် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ တိုင်းပြည်အတွက် ကံကောင်းတယ် လို့လည်း ပြောလို့ရတယ်။

အကျိုးရှိတဲ့ခရီးစဉ်

နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံကိုသွားတာ သုံးခေါက်မြောက်ဖြစ်ပါတယ်။ ဒုတိယအကြိမ် တုန်းက ဝန်ကြီးဌာနအတော်များများက တကယ့်အလုပ်လုပ်နိုင်တဲ့ ဝန်ကြီးတွေကိုလည်း ခေါ်သွား ခဲ့နိုင်ပြီး ရုရှားနိုင်ငံရဲ့ သက်ဆိုင်ရာကဏ္ဍတွေက အဆင့်မြင့်အရာရှိကြီး တွေနဲ့ တွေ့ဆုံနိုင်ခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးရှိမယ့် ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့တယ်။ ဒီလိုလက်ငင်း အကျိုးရအောင် အနာဂတ်အတွက်လည်း ဖောင်ဒေးရှင်းချပေးနိုင်ခဲ့တာဖြစ်လို့ အကျိုးရှိတဲ့ ခရီးစဉ်လို့ ပြောရမှာဖြစ်ပါတယ်။

 

အနုမြူစွမ်းအင်နဲ့ ဆေးဝါးထုတ်လုပ်တာ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တယ်ဆိုတာ ကျွန်တော်တို့က စာထဲမှာပဲ ဖတ်ဖူးတာပါ။ ကျွန်တော်တို့ နိုင်ငံအတွက် ကြိုးစားနေတာတော့ သိတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်တဲ့အခြေအနေမျိုးမှာ ဒီလိုစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တယ်ဆိုတာ ဒီခရီးစဉ်ရဲ့ အောင်မြင်မှုလို့လည်း ပြောလို့ရပါတယ်။

တစ်ကမ္ဘာလုံးမှာ စီးပွားပျက်ကပ်တွေဖြစ်နေတယ်။ အဓိကအားဖြင့် လောင်စာနဲ့ပတ်သက်လို့ တစ်ကမ္ဘာလုံးက ခြိမ်းခြောက်ခံနေ ရတဲ့အချိန်မျိုးမှာ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လောင်စာဆီနဲ့ပတ်သက်ပြီး ကူညီပေးမယ်၊ ရောင်းချပေးမယ်လို့ ဒီခရီးစဉ်မှာ ခိုင်မာတဲ့ ကတိထပ်ပြီးပေးတယ်ဆိုတော့ ဒါဟာဒီခရီးစဉ်ရဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

နောက်ပြီး ရုရှားနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေး ထုတ်ကုန်တွေ ထုတ်သလို စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်း တွေလည်း ထုတ်တယ်။ နည်းပညာတွေ ကြွယ်ဝတယ်။ နည်းပညာတွေ အကူအညီပေးဖို့ သဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တယ်ဆိုတော့ ဒီတစ်ခေါက် ခရီးစဉ်က ကျွန်တော်တို့နိုင်ငံအတွက် အများကြီး အကျိုးရှိပါတယ်။ ရုရှားသမ္မတနဲ့ သီးသန့် တွေ့ဆုံနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်တွေ ပြောခွင့်ရမယ်။ မြန်မာနဲ့ရုရှား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခွင့်ရမယ်။ ဒါကြောင့်ဒီခရီးစဉ်က မြန်မာနိုင်ငံအတွက် လက်ငင်းရော ရေရှည်အတွက်ပါ အကျိုးကျေးဇူးများစွာရရှိတယ်လို့ ပြောကြားလိုပါတယ်။