မြန်မာ့စာတတ်မြောက်မှု နည်းလမ်းမှသည် ကမ္ဘာ့ကလေးများ အသက်ရှင်ရေးဆီသို့ ......
ဒေါက်တာမောင်သင်း
နိုင်ငံတကာစာတတ်မြောက်ရေး ကြိုးပမ်းမှုသည် ၁၉၆၅ခုနှစ် စက်တင်ဘာလ ၈ရက်နေ့မှစ၍ ၁၂ရက်တိုင်တိုင် အီရန်နိုင်ငံ တီဟီရန်မြို့တွင် “ကမ္ဘာ့စာတတ်မြောက်ရေး ကွန်ဂရက် (World Literacy Congress)” ကြီး တစ်ရပ်ကျင်းပခဲ့ရာမှ စတင်ခဲ့ပါသည်။ ထိုပထမဦးဆုံး စာမတတ်သူ ပပျောက်ရေး ကမ္ဘာ့ညီလာခံကြီး ကျင်းပသည့်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ်စက်တင်ဘာလ ၈ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့”ဟု ၁၉၆၆ ခုနှစ်တွင် ကျင်းပခဲ့သော ယူနက်စကို အထွေထွေညီလာခံကြီးက ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ယူနက်စကို အဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာ စာတတ်မြောက်ရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွင် ပါဝင်လှုပ်ရှားခဲ့ပေသည်။ တကယ်တော့ ထို့အဖွဲ့ဝင်မဖြစ်မီ ကိုယ့်ထီးကိုယ့်နန်းဖြင့် တင့်တင့်တယ်တယ်နေကတည်းကပင် မြန်မာလူမျိုးတို့၏ စာတတ်မြောက်ရေးကို ကြိုးပမ်းမှုသည် ထင်ရှားခဲ့ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် “စာမတတ်လျှင်အကန်း” ဟူသည့် အဆိုတစ်ရပ်ကို လက်ခံကျင့်သုံးပြီး စာပေတတ်မြောက်မှုကို ကြိုးပမ်းခဲ့၍ ခေတ်အဆက်ဆက် စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ကြောင်း လေ့လာတွေ့ရှိရပေသည်။ ယနေ့ခေတ်တိုင်အောင် မြန်မာ့စာတတ်မြောက်ရေး လုပ်ငန်းစဉ်သည် ရှင်သန်လျက်ရှိနေပါသည်။
မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ စာတတ်မြောက်ရေး ကြိုးပမ်းမှု
(က) စာတတ်မြောက်မှု အစောဆုံးမှတ်တမ်း
၁၉၄၇ ခုနှစ် ယူနက်စကို၏အစီရင်ခံစာတွင် “မြန်မာနိုင်ငံ စာတတ်မြောက်မှုနှင့်ပတ်သက်၍ အစောဆုံးမှတ်တမ်းမှာ ခရစ်နှစ် ၁၅၆၀ ပြည့်နှစ် ပဲခူးသို့ လာရောက်သည့် ခရီးသွားတစ်ဦးက ရေးသားထားမှုတွင် တွေ့ရှိရကြောင်း၊ ထိုမှတ်တမ်း၌ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြန်မာတို့သည် ယောကျ်ားကလေးများအား မြန်မာဘုန်းတော်ကြီးကျောင်းများသို့ စာသင်ကြားရန် စေလွှတ်လျက်ရှိသည့် အလေ့အကျင့်ကောင်းတစ်ရပ်ရှိကြောင်း၊ ထိုဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် ယနေ့တိုင်လည်း သင်ကြားပေးလျက်ရှိသဖြင့် မြန်မာ့ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးတွင် အခြေခံပြီး ဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးကြောင့် မြန်မာတို့ စာတတ်မြောက်မှုနှုန်းသည် သိသိသာသာ မြင့်မားနေကြောင်း” ဟူ၍ ရေးသားထားမှုက ကိုယ့်ထီးကိုယ့်နန်းနှင့် အုပ်စိုးစဉ်အချိန်ကပင် မြန်မာတို့သည်ဘုန်းတော်ကြီးကျောင်းများ၏ ကျေးဇူးကြောင့် စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ကြောင်းကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပေသည်။
(ခ) အင်္ဂလန်ထက် စာတတ်မြောက်မှုနှုန်းမြင့်သည့် မြန်မာနိုင်ငံ
စစ်ပြီးခေတ်နှင့်လွတ်လပ်ရေးအစဦးကာလ မြန်မာနိုင်ငံအစိုးရ၏ “(၈) နှစ်တာ ပညာရေးအစီရင်ခံစာ (၁၉၄၇-၄၈ မှ ၁၉၅၄-၅၅ ခုနှစ်ထိ)” တွင် မြန်မာနိုင်ငံ သုတေသနအသင်းကို ဦးစီးတည်ထောင်ခဲ့သည့် မစ္စတာ ဖာနီဘယ် (Mr. J.S. Furnivall) သည် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှင့်ပတ်သက်၍ ၁၉၃၁ ခုနှစ်တွင် အောက်ပါအတိုင်း ရေးသားခဲ့သည်ဟု ဖော်ပြခဲ့ပါသည် -
“၁၈၃၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကော်မရှင်နာမင်းကြီးက မြန်မာနိုင်ငံအောက်ပိုင်း၏ ပညာရေးနှင့်ပတ်သက်၍ အစီရင်ခံခဲ့သည်မှာ မြန်မာတိုင်းလိုလို စာရေး၊ စာဖတ်တတ်မြောက်ကြပါသည်။ သေချာသည့်အချက်တစ်ချက်မှာ မြန်မာတို့၏စာရေး၊ စာဖတ်တတ်မြောက်မှုနှုန်းသည် အင်္ဂလန်နိုင်ငံသားတို့ထက် များစွာသာလွန်နေသည့် အချက်ပင်ဖြစ်ပါသည်။”
၁၈၃၁ ခုနှစ်သည် မြန်မာ့သမိုင်းတွင် ကုန်းဘောင် ခေတ်နှောင်းပိုင်းဖြစ်၍ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင် အောက်မြန်မာပြည်ဖြစ်သည့် တနင်္သာရီနှင့် ရခိုင်တို့ကို အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီးဖြစ်ပါသည်။ ၁၈၃၁ ခုနှစ် အစီရင်ခံစာကို ရေးသားသူမှာ အင်္ဂလိပ်အစိုးရ၏ ပထမဦးဆုံး မြန်မာနိုင်ငံတော်ဆိုင်ရာ ကော်မရှင်နာမင်းကြီး ဖြစ်ပါသည်။ ၁၉၃၁ ခုနှစ်တွင် စာတမ်းတင်သွင်းသူ မစ္စတာ ဖာနီဘယ်သည်လည်း ဗြိတိသျှလူမျိုးဖြစ်ပြီး ယခင်က အင်္ဂလိပ်ပဋိညာဉ်ခံ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်၍ အဆိုပါ ဗြိတိသျှ လူမျိုးနှစ်ဦး၏ မှတ်တမ်းတွင် “မြန်မာ့စာတတ်မြောက်မှုနှုန်း အလွန်မြင့်မားသည်” ဟု ရေးသားထားခြင်းက မြန်မာတို့၏ ကုန်းဘောင်ခေတ်စာတတ်မြောက်မှုနှုန်း မြင့်မားမှုသမိုင်းကို ပြဆိုနေခြင်း ဖြစ်ပါသည်။
(ဂ) မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူများပါ
လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်မှာ ဦးနုဖြစ်ပါသည်။ သူ၏ နိုင်ငံတော်တည်ဆောက်ရေးအတွက် ထင်ရှားသောစကားမှာ “နိုင်ငံတော်ကို ဖိုးသုညတွေနှင့် တည်ဆောက်၍ မအောင်မြင်နိုင်” ဟူ၍ပင် ဖြစ်ပါသည်။ သို့ဖြစ်၍ လွတ်လပ်ရေးရသည့်နှစ်မှာပင် “လူထုပညာအက်ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၉ ခုနှစ်တွင် “လူထုပညာရေးကောင်စီ” ကို ဖွဲ့စည်းခဲ့ပြီး
“အသုံးလုံး” သင်တန်းကို စတင်ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် “ဘဝသစ်ပညာရေးစီမံကိန်း” ကို ချမှတ်ကာ ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။
ဤကာလတွင် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများသို့ လာရောက်လေ့လာသည့် သတင်းထောက် Ronald Stead က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ယူနက်စကိုဌာနချုပ်သို့ “Burma wants to Learn (မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူများပါ)” ဟူသည့် အစီရင်ခံစာကို ရေးသားပေးပို့ခဲ့ပါသည်။ ထိုအစီရင် ခံစာတွင် “တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် စာတတ်မြောက်မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ၃၆ရာခိုင်နှုန်းရှိနေ ရခြင်း၏အခြေခံအကြောင်းတရားမှာ လူဦးရေ ၁၉ သန်းခန့်ရှိသည့် မြန်မာနိုင်ငံ၌ လူ ၁၀ ဦးတွင် ရှစ်ဦးက ဗုဒ္ဓဘာသာ ဖြစ်နေကြောင်း ဖြစ်ပါသည်” ဟု ဖော်ပြထားရာ ဘုန်းတော်ကြီးကျောင်းများက စာရေး၊ စာဖတ်သင်ပေးခြင်းကြောင့်သာဖြစ်ကြောင်း မြင်မိပါသည်။
ထို့အပြင် “မြန်မာတို့သည် သင်ယူလိုစိတ်ရှိသူများပါ” ဟု ခေါင်းစဉ်တပ်၍ ယူနက်စကိုသို့ အစီရင်ခံစာ တင်သွင်းရခြင်းမှာ ပြည်တွင်းသောင်းကျန်းမှုများ ပြည့်နေသည့် လွတ်လပ်ရေးရပြီးခါစ အချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့အနေဖြင့် အထက်ဖော်ပြပါ လူထုပညာအက်ဥပဒေပြဋ္ဌာန်းခြင်း၊ လူထုပညာရေး ကောင်စီဖွဲ့စည်းခြင်းနှင့် “ဘဝသစ်ပညာရေးစီမံကိန်း” ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုကို တွေ့ရှိရပြီး လက်တွေ့ဆောင်ရွက်နေမှုတို့ကြောင့် ရည်ညွှန်းခဲ့ဟန် တူပါသည်။
ကုန်းဘောင်ခေတ်နှောင်းကာလ ၁၈၃၁ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းကျော် စာတတ်မြောက်ရာမှ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်တွင် ၃၆ ရာခိုင်နှုန်းသာ မြန်မာများ စာတတ်မြောက်ခဲ့ရခြင်းသည် သမိုင်း၏ ဆိုးမွေဟုသာ ကျွန်တော်တို့ သင်ခန်းစာယူခဲ့ကြကာ စာတတ်မြောက်မှုနှုန်း မြင့်မားလာအောင် ပြန်လည် ကြိုးပမ်းခဲ့ကြပေသည်။ ၁၉၅၁ ခုနှစ်တွင် ပညာရေး ပြဿနာများကို မြန်မာနိုင်ငံတွင် လေ့လာခဲ့သည့် ယူနက်စကို ပညာရေးမစ်ရှင်အဖွဲ့၏ အစီရင်ခံစာတွင် “မြန်မာနိုင်ငံ တိုးတက်ကြီးပွားရေးသည် ပညာရေးကောင်းမွန်မှုအပေါ်တွင် အမှီသဟဲပြုနေကြောင်း အစိုးရကတထစ်ချ အသိအမှတ်ပြုထား၏။ တိုင်းသူပြည်သားတို့၏ အလိုဆန္ဒအတိုင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ထားကာ ပညာသင်ကြားရေး စီမံကိန်းများ ရေးဆွဲလျက် ဆောင်ရွက်ပေးရန် သန္နိဋ္ဌာန်ချထားသော အစိုးရအား ဤယူနက်စကို ပညာရေးမစ်ရှင်အဖွဲ့က ချီးကျူးပါ၏” ဟု ဖော်ပြထားခြင်းက မြန်မာများ စာတတ်မြောက်မှုနှုန်း မြင့်မားအောင် လွတ်လပ်ရေးခေတ်ဦးကပင် ကြိုးပမ်းနေကြောင်း လေ့လာတွေ့ရှိရပေသည်။
(ဃ) ဘတ်ဂျက်မလိုပါ၊ ခွင့်ပြုချက်သာလိုသည့် စီမံကိန်း
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီး လှဟန်အား ပညာရေးအထူးအရာရှိ ဆရာကြီးဦးသံဗျင်က တွေ့ဆုံခွင့်တောင်း၍ မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေး ဆောင်ရွက်မည့်အစီအစဉ်ကို တင်ပြခဲ့ပါသည်။ ဗိုလ်မှူးကြီးလှဟန်က “ကောင်းလိုက်တဲ့စီမံချက်ပါ ဆရာကြီး၊ ဒါပေမဲ့ ဒီနှစ်မှာ ဘတ်ဂျက်ထဲ မထည့်ထားတဲ့အတွက် နောက်နှစ်မှ ဆောင်ရွက်ရလိမ့်မယ်ထင်တယ်” ဟု ဖြေကြားရာ ဆရာကြီးက “တာဝန်ခံကြီးခင်ဗျာ ကျွန်တော်ဘတ်ဂျက်မလိုပါ၊ တာဝန်ခံကြီးရဲ့ ခွင့်ပြုချက်သာ လိုပါတယ်ခင်ဗျာ” ဟု ပြောကြားခဲ့ပါသည်။
(င) လူထုလှုပ်ရှားမှုစီမံကိန်း
ပညာရေးတာဝန်ခံက “ဒါဆို ဘယ်လိုဆောင်ရွက်မှာလဲ ဆရာကြီး” ဟု မေးမြန်းရာ “ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပါမည်” ဟု ဆရာကြီးက ဆောင်ရွက်မည့်အစီအစဉ်ကို အကျဉ်းချုံး ပြောပြရာ “ဘတ်ဂျက်မလိုဘဲ ဆောင်ရွက်နိုင်လျှင် ဆောင်ရွက်ပါခင်ဗျာ၊ ခွင့်ပြုပါသည် ဆရာကြီး” ဟု ပညာရေးတာဝန်ခံက ပြန်လည်ပြောကြားခဲ့ပါသည်။ ဉာဏ်ပြေးသည့် ပညာရေးပညာရှင်ကြီးနှင့် အမြော်အမြင်ကြီးသည့် ပညာရေးတာဝန်ခံတို့၏ ထိုနေ့လုပ်ရပ်လေးသည် မြန်မာမှသည် ကမ္ဘာတစ်လွှားသို့ ယနေ့တိုင် ခရီးဆက်နေကြောင်းကို ဆက်လက် ဖော်ပြသွားပါမည်။
ဘတ်ဂျက်သည် အဓိကမဟုတ်၊ ဉာဏ်ပညာနှင့် စေတနာကသာအဓိကဖြစ်ကြောင်း မြန်မာ့ပညာရေး သမိုင်းတွင် ကမ္ပည်းမော်ကွန်းထိုးခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ယူနက်စကို အစီအစဉ်ဖြင့် စေတနာ့ဝန်ထမ်းစာတတ်မြောက်ရေး လှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ် နွေရာသီ ကာလများတွင် ကံဘဲ့ဆရာအတတ်သင် သိပ္ပံကျောင်းမှ ကျောင်းသားလေးဦး၏ စေတနာလုပ်အားဖြင့် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာတွင် စတင် စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ၁၉၆၉ ခုနှစ်တွင် စီမံကိန်းမြို့နယ်များကို သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ စာတတ်မြောက်မှု၏ ထူးခြားချက်အနေဖြင့် နိုင်ငံတော်မှ ဘတ်ဂျက်လုံးဝကျခံခဲ့ခြင်း မရှိခဲ့ပါ။ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသများမှ ကျခံသုံးစွဲရပါသည်။ ထို့အပြင်-
(၁) စီမံကိန်းမြို့နယ် ဒေသရွေးချယ်သတ်မှတ်ခြင်း ၊
(၂) စေတနာ့ဝန်ထမ်းလုပ်ငန်းဖြစ်ခြင်း၊
(၃) ဒေသခံပြည်သူများနှင့် တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်း၊
(၄) စီမံကိန်းမြို့နယ်များတွင် နှစ်လုံးပေါက် သင်ကြားရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(၅) လူထုလှုပ်ရှားမှုလုပ်ငန်းအဖြစ် တက်ကြွစွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
စည်းရုံးလှုပ်ရှားရေးကို နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ ပို့စကတ်များ၊ ရင်ထိုးတံဆိပ်များ၊ အလံငယ်များ၊ ယပ်တောင်၊ လွယ်အိတ်၊ ဦးထုပ်၊ သော့ချိတ်များ စသည်ဖြင့် ပြုလုပ်ကာ ရန်ပုံငွေရှာခဲ့ကြပါသည်။ သင်ကြားရေး အထောက်အကူပစ္စည်းများဖြစ်သည့် မြေဖြူ၊ ကျောက်သင်ပုန်း၊ ကျောက်တံ၊ ဗလာစာအုပ်၊ ဖယောင်းတိုင်၊ မီးအိမ် စသည်တို့ကို ပြည်သူများက လှူဒါန်းခဲ့ကြပါသည်။ ပန်းချီ၊ ပိုစတာ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ သီချင်း၊ သတင်းစဉ်၊ ရုပ်ရှင် (အထင်ရှားဆုံးမှာ ဆရာကြီးဦးသုခ၏ မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်ကို အခြေခံထားသည့် “ဘယ်သူပြိုင်လို့လှပါတော့နိုင်” ဖြစ်ပါသည်) ရပ်ရွာ အငြိမ့်ဇာတ်သဘင်၊ ဆိုင်း၊ တီးဝိုင်း စသည်တို့ကို အသုံးပြု၍ စည်းရုံးခဲ့ကြပါသည်။
ထိုစဉ်ကာလ တက္ကသိုလ်၊ ကောလိပ်သိပ္ပံ ကျောင်းများမှ ကျောင်းသားကျောင်းသူများကလည်း နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း သက်ဆိုင်ရာ စာတတ်မြောက်ရေး မြို့နယ်များသို့ သွားရောက် လုပ်အားပေးခဲ့ကြရာ ၁၉၆၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ “စေတနာလုပ်အားပေးဆရာ” ၈၈၃၉၇၆ ဦး ရှိခဲ့ပေသည်။ သူတို့သည် ပြည်သူနှင့် တစ်သားတည်းနေထိုင်ကာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ဘတ်ဂျက်မလိုသည့် မြန်မာ့စာတတ်မြောက်ရေး စီမံကိန်း၏ အောင်မြင်မှု
နိုင်ငံတကာ စာတတ်မြောက်ရေး အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်သည့်ကာလ ၁၉၆၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ သက်ကြီးစာတတ် မြောက်သူဦးရေ ၂၀၀၃၈၄၇ဦး ရှိခဲ့ပါသည်။ တိုင်း/ပြည်နယ်လုံးကျွတ် စာတတ်မြောက်မှု ခြောက်ခုရှိပြီး မြို့နယ်ပေါင်း ၂၄၇ မြို့နယ်တွင် မြို့နယ်လုံးကျွတ် စာတတ်မြောက်ခဲ့ပေသည်။ ဆရာကြီး ဦးသောင်းထွဋ် က ၁၉၈၄ ခုနှစ်တွင် အနောက်ဘာလင်၌ ကျင်းပသည့် စာတတ်မြောက်ရေးညီလာခံသို့ “Burmese Way to Literacy” စာတမ်းကို တင်သွင်းရာ ဘတ်ဂျက်မလိုသည့် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု၊ စာတတ်မြောက်ရေး လှုပ်ရှားမှုကို အထူးအံ့ဩခဲ့ကြပါသည်။ ကမ္ဘာကလည်း သိသွားကြပါသည်။
သို့ပါ၍
(က) ၁၉၇၁ ခုနှစ်တွင် “နိုင်ငံတကာစာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် ယူနက်စကိုက ချီးမြှင့်သည့် မိုဟာမက်ရေဇာ ပါလဗီရ်ဆု (The Mohammad Reza Pahlavi Prize)” နှင့်
(ခ) ၁၉၈၃ ခုနှစ်တွင် “နိုင်ငံတကာစာတတ်မြောက်ရေး၊ သက်ကြီးဖတ်စာများ၊ စာစဉ်များအတွက် ယူနက်စကိုမှ နိုမာဆိုဆု (Norma Prize)” တို့ကို ဆွတ်ခူးရရှိခဲ့ပေသည်။
မြန်မာ့ ဦးသံဗျင်မှသည် ကမ္ဘာတစ်လွှားမှ ယူနီဆက် နိုင်ငံများဆီသို့
မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းသည် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု လုပ်ငန်းလောက်တွင်သာ ရပ်မနေခဲ့ပါ။ ကမ္ဘာတစ်လွှားသို့ ဆက်လက်ချီတက်ခဲ့ပေသည်။ ထိုလုပ်ငန်းအစတွင် ပညာရေးတာဝန်ခံမှာ ဗိုလ်မှူးကြီး လှဟန်ဖြစ်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဒေါက်တာညီညီက လွှဲပြောင်းတာဝန်ယူခဲ့သဖြင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းများတွင် ပါဝင်တာဝန်ယူခဲ့ရပေသည်။
ဆရာကြီး ဒေါက်တာညီညီသည် ပြည်တွင်းတာဝန်ထမ်းဆောင်မှုမှ အငြိမ်းစားယူပြီးနောက် “ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)” တွင် ညွှန်ကြားရေးမှူးအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထိုတာဝန် ထမ်းဆောင်နေစဉ်အတွင်း မြန်မာဦးသံဗျင်၏ စေတနာ့ဝန်ထမ်းနှင့် လူထုလှုပ်ရှားမှုနည်းလမ်းကို ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့တွင် လက်တွေ့အသုံးပြုခဲ့ပါသည်။ တစ်နှစ်အောက်ကလေးများအား ကာကွယ်ဆေး ခြောက်မျိုးကို နှစ်စဉ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပေသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် ယခင်က တစ်ကမ္ဘာလုံးတွင် တစ်နှစ်အောက်ကလေးများ ၁၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ရာမှ ငါးနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် တစ်နှစ်အောက်ကလေးများ ၈၀ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သဖြင့် တစ်နှစ်မပြည့်မီ တစ်ကမ္ဘာလုံးတွင် ကလေးများသန်းနှင့်ချီ၍ သေဆုံးမှုနှုန်း လျော့နည်းလာခဲ့ပါသည်။
ဆရာကြီး ဒေါက်တာညီညီအား ချီးကျူးခဲ့ကြပါသည်။ စာရေးသူ လေ့လာမိသလောက် တင်ပြရလျှင် လူထုလှုပ်ရှားမှုတွင် ကမ္ဘာတစ်ဝန်းလုံးတွင် လုပ်အားခ ပေးချေရခြင်းများ မရှိခဲ့ပါ။ စေတနာ့ ဝန်ထမ်းလုပ်ငန်းသည် အခမဲ့ဖြစ်ပါသည်။ ထိုစရိတ်သက်သာမှုကို ယူနီဆက်အနေဖြင့် ဆေးဝါးထုတ်လုပ်ရာတွင် ပိုမိုသုံးစွဲနိုင်ခြင်း၊ လူထုလူတန်းစား အလွှာပေါင်းစုံ (အလုပ်သမား၊ လယ်သမား၊ စာပေ၊ ဂီတ၊ အနုပညာရှင်၊ တီဗွီ၊ သတင်းစာ၊ မီဒီယာသမားများ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ စီးပွားရေးသမားများ၊ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံတော်၏ တရားဝင် လက်နက်ကိုင်ကာကွယ်ရေး ဝန်ထမ်းများ စသည်ဖြင့်) လှုံ့ဆော်မှု၊ စည်းရုံးမှုတို့ကြောင့် တစ်နှစ်အောက် ကလေးများ၏ မိဘများ ကျန်းမာရေးအသိ မြင့်မားလာကာ မိမိတို့၏ကလေးများ အသက်ရှင်သန်ရေးအတွက် မဖြစ်မနေ ပါဝင်လာခြင်းတို့ကြောင့် ဖြစ်ပေသည်။
ပညာရေး အဟောသိကံနှုန်း လျှော့ချရေးနှင့် မြန်မာ့စာတတ်မြောက်မှုနည်းလမ်း
စာရေးသူသည် ကြေးမုံသတင်းစာတွင် (၂၂- ၂၃.၈.၂၀၂၂) ရက်နေ့တွင် “ပညာရေး ယိုပေါက်ကို ပြည်သူ့အားဖြင့် ပိတ်ပင်တားဆီးရေး” ဟူသည့် ဆောင်းပါးရေးသား၍ ပါဝင်သင့်သည့် လူထုလူတန်းစား အသီးသီးကို လှုံ့ဆော်ခဲ့ပါသည်။ ထိုသို့ လှုံ့ဆော်နေရုံဖြင့်လည်း မပြီးသေးပါဟု မြင်မိပါသည်။ အထက်ဖော်ပြပါ အလွန်အောင်မြင်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုကဲ့သို့ စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု အသွင်ဖြင့် “ဘတ်ဂျက်မလို၊ ပြည်သူလူထုပါဝင်မှုသာလိုသည်” ဆိုသည့် အမြင်ဖြင့် စမ်းသပ်မြို့နယ်များသတ်မှတ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလသို့ ရောက်ရှိနေပြီဟု မြင်မိပါသည်။
နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်သည့် ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ အနုပညာရှင်ပေါင်းစုံ၊ မီဒီယာအစုံအလင်၊ စေတနာရှင်ပြည်သူများ၊ လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်ခဲ့လျှင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်လွှားတွင်လည်း အောင်မြင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်လက်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီ ဖြစ်ပါသည်။ သို့မှသာ အခြေခံပညာမပြီးဆုံးဘဲ အရွယ်မတိုင်မီ ကျောင်းထွက်ခဲ့ရသည့် ကျောင်းနေအရွယ် ၈၁ ရာခိုင်နှုန်းသည် ကျောင်းပြီးဆုံးသည်အထိ တက်ရောက်နိုင်လိမ့်ကြမည်မှာ မလွဲပါဟု ယုံကြည်မိပါသည်။
ဂုဏ်ပြုပူဇော်အပ်ပါသည်
ဤသည်မှာ “ဘတ်ဂျက်မလို၊ ခွင့်ပြုချက်သာလိုသည့် မြန်မာ့စာတတ်မြောက်ရေး ခေတ်သစ်နည်းလမ်း” သည် မြန်မာများအား “စာမတတ်လျှင်အကန်းဘဝ” မှ လွတ်မြောက်စေသည်သာမက တစ်နှစ်အောက် ကမ္ဘာ့ကလေးသူငယ်များနှစ်စဉ် သန်းနှင့်ချီ၍ သေဆုံးမှုနှုန်း လျော့နည်းလာကာ ကျန်းမာကြံ့ခိုင် သန်စွမ်းစွာဖြင့် အသက်ရှင်ခွင့်၊ ကြီးထွားခွင့်ရလာခဲ့ပေသည်။
မြန်မာ့စာတတ်မြောက်ရေးလုပ်ငန်းစဉ်သည် ယူနက်စကိုနှင့် ပူးပေါင်း၍ ယနေ့တိုင်အောင် ရှင်သန် လှုပ်ရှားနေဆဲ ဖြစ်သကဲ့သို့ ယူနီဆက်ကလည်း လူထုပူးပေါင်းပါဝင်မှု နည်းလမ်းကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပါသည်။
ဤသို့လျှင် “မြန်မာ့အကန်းများ မရှိစေရန်” တစ်နည်းအားဖြင့် “ပညာအလင်းဘဝဖြင့် အသက်ရှင်သူ မြန်မာများ” ဖြစ်ထွန်းလာအောင် ကြိုးပမ်းခဲ့သည့် ကွယ်လွန်သူ မြန်မာ့ပညာရေးပညာရှင် ဆရာကြီး ဦးသံဗျင်၊ ထိုကာလတွင် ဝိုင်းဝန်းဦးဆောင်ခဲ့ကြသည့် ဗိုလ်မှူးကြီးလှဟန်၊ ယနေ့သက်တော်ရှည် မြန်မာ့ပညာရေးပညာရှင် ဒေါက်တာသန်းဦး၊ ဆရာကြီး ဦးသောင်းထွဋ် (ကွယ်လွန်)၊ မြို့နယ်ပေါင်း၂၄၇ မြို့နယ်တွင် ပါဝင်လှုပ်ရှား အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါသော စေတနာ့ဝန်ထမ်း တက္ကသိုလ်ကောလိပ်များမှ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ စေတနာရှင် မိဘပြည်သူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာကြီး ဦးသံဗျင်၏ စေတနာ့ဝန်ထမ်း လူထုလှုပ်ရှားမှု နည်းလမ်းကို ဆက်လက်အသုံးပြုပြီး ကမ္ဘာ့ကလေးများ နှစ်စဉ်သန်းနှင့်ချီ၍ သေဆုံးမှုမှ ကင်းဝေးအောင် စွမ်းဆောင်ခဲ့ပြီး “မြန်မာ့ဦးသံဗျင်၏ နည်းလမ်း” ကို ကမ္ဘာသို့ ဖြန့်ဝေပေးခဲ့သည့် ကွယ်လွန်သူ ဆရာကြီး ဒေါက်တာညီညီနှင့် မြန်မာဘုန်းတော်ကြီးသင် ပညာရေးဖြင့် မြန်မာတို့အား စာပေတတ်မြောက်စေရေးနှင့် အခမဲ့ပညာရေးကို ခေတ်သမိုင်း အဆက်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့တိုင်လည်း ဆက်လက်သင်ကြားပေးနေကြပါသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတော် အရှင်မြတ်များ၏ ကျေးဇူးဂုဏ်ကို ပူဇော်လျက် ရေးသားလိုက်ရပါသည်။ ။
ကျမ်းကိုး
(၁) ဒေါက်တာသန်းဦး (၂၀၁၇)ပညာရေး ဆောင်းပါးပေါင်းချုပ်
(၂) ဦးသောင်းထွဋ် (၂၀၁၅) မြန်မာ့ပညာရှုခင်း (ဒုတိယအကြိမ်)
(၃) ဒေါက်တာညီညီ(၂၀၁၅) တက္ကသိုလ် ပြုပြင်ပြောင်းလဲရေး
(၄) Octennaial Report on Education in Burma (1956) Gov. Printing Press
(၅) ဦးဘသင် (၁၉၅၈) ယူနက်စကိုမစ်ရှင်အဖွဲ့၏ ၁၉၅၁ ခုနှစ် အစီရင်ခံစာ၊ အစိုးရပုံနှိပ်တိုက်