Skip to main content

ကိုဗစ်-၁၉ စတုတ္ထလှိုင်းနှင့် ပေါ့ဆ၍မရသည့် တစ်ကျော့ပြန် အိုမီခရွန်

ခင်ရတနာ

ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်တဲ့ သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိလိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြု လူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက် ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက် အလက်တွေအရ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉၉ ဦး တွေ့ရှိခဲ့ပြီး အဲဒီနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၆၇ ရာခိုင်နှုန်းလို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်က အတည်ပြုလူနာသစ် ၂၀၄ ဦး (၁ ဒသမ ၈ ရာခိုင်နှုန်း)၊ စက်တင်ဘာ ၁၁ ရက်က အတည်ပြုလူနာသစ် ၁၈၉ ဦး (၂ ဒသမ ၀၂ ရာခိုင် နှုန်း)၊ စက်တင်ဘာ ၁၀ ရက်က အတည်ပြုလူနာသစ် ၂၆၂ ဦး (၂ ဒသမ ၄၃ ရာခိုင်နှုန်း) စသည်ဖြင့် ပိုးတွေ့သူအရေအတွက် ပြန်လည်မြင့်တက်လာနေပါတယ်။

မိမိတို့နိုင်ငံမှာ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းဖြစ်တဲ့ အိုမီခရွန်ရောဂါဖြစ်ပွားတာက စတုတ္ထလှိုင်းအစ ၂၀၂၂ ဇန်နဝါရီလကုန်ပိုင်းလောက်က ဖြစ်ပါတယ်။ ပြည်ပကနေ ဝင်ရောက်လာသူတွေ၊ ပြည်တွင်းကူးစက်ခံရသူတွေကို ယခုနှစ် ဖေဖော်ဝါရီမှာ အများဆုံးတွေ့ရှိခဲ့ရပြီး မတ်လကနေစတင်လို့ တစ်စတစ်စ ပြန်လည်ကျဆင်းလာခဲ့ရာကနေ ဇူလိုင်လကုန်ပိုင်းအထိ ရောဂါထိန်းချုပ်လာနိုင်ခဲ့တာကြောင့် ကူးစက်မှုနှုန်းဟာ ၀ ဒသမ ၆၄ ရာခိုင်နှုန်းထိကို ကျဆင်းလာခဲ့ပါတယ်။ သို့သော်လည်း ဩဂုတ်လအတွင်းကနေ စတင်ပြီး ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာခဲ့ကာ စက်တင်ဘာ ၁၃ ရက် အထိဆိုရင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ အရေအတွက်က စတုတ္ထလှိုင်းစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်ကနေ စတင်ရေတွက်မယ်ဆိုပါက လူဦးရေရှစ်သောင်းကျော်ခဲ့ပြီး သေဆုံးသူမှာ ၁၃၃ ဦးအထိ ရှိလာပါတယ်။

ကူးစက်မြန်အိုမီခရွန်

အိုမီခရွန်ကတော့ ကိုဗစ်-၁၉ ရဲ့မျိုးရိုးဗီဇကွဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အိုမီခရွန်ကူးစက်ခံရနိုင်ပါတယ်။ အခြားမျိုးရိုးဗီဇကွဲတွေထက် လျင်လျင်မြန်မြန် ကူးစက်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အိုမီခရွန်ဟာ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်တဲ့ ကိုဗစ်-၁၉ အခြေအနေကနေ ပြင်းထန်တဲ့ ဖျားနာခြင်းတွေ၊ အသက်သေဆုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေးမထိုးနှံရသူတွေမှာ ဖြစ်ပွားဖို့ရော၊ကုသဖို့ရော ခက်ခဲပြီး အသက်သေဆုံးနိုင်ပါတယ်။ ဒါကြောင့် အိုမီခရွန်က မပြင်းထန်ဘူးလို့ဆိုရင်တောင် ကိုယ်ခံအားနည်းသူတွေ၊ ကာကွယ်ဆေးမထိုးနှံသူတွေနဲ့ ရောဂါအခံရှိသူတွေအဖို့တော့ အသက်သေဆုံးနိုင်တယ်ဆိုတာကို မေ့လျော့ပေါ့ဆထားလို့ မရဘူးဆိုတာ နေ့စဉ်ထုတ်ပြန်ချက်တွေအရ သတိပြုနိုင်ပါတယ်။

ဒါ့အပြင် အိုမီခရွန်က သူ့ရဲ့ပြုမူပုံပေါ်မူတည်ပြီး ဗီဇပြောင်းလဲမှုများစွာ သက်ရောက်နိုင်တဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ ဗိုင်းရပ်စ်မျိုးကွဲတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုမီခရွန်မျိုးစိတ်ကွဲ BA.4 နဲ့ BA.5 တို့ကို အများဆုံးတွေ့ရပါတယ်။ မြန်မာနိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေမှာလည်း လူနာအရေအတွက် သိသိသာသာ များပြားနေတာကို တွေ့ရှိရပြီး နယ်စပ်ဂိတ်အချို့၊ ဝင်ပေါက် ထွက်ပေါက်အချို့ ပိတ်တာ၊ ကိုဗစ်စင်တာတွေ ပြန်ဖွင့်တာတွေကိုလည်း ပြန်လည်လုပ်ဆောင်ထားကြတဲ့အပြင် စာသင်ကျောင်းတွေအနေနဲ့ လိုအပ်လာရင် အွန်လိုင်းကနေ သင်ကြားနိုင်စေဖို့ စီမံနေကြတဲ့ သတင်းတွေကိုလည်း တွေ့ရှိရပါတယ်။

ကူးစက်မှုနှုန်းတက်လာ

တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူဦးရေများအနက် ရန်ကုန်တိုင်းဒေသကြီးက ပထမအများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က ဒုတိယတွေ့ရှိမှု အများဆုံး၊ မန္တလေးတိုင်းဒေသကြီးက တတိယတွေ့ရှိမှု အများဆုံးဖြစ်ပါတယ်။ အိုမီခရွန်ကူးစက်ပုံက အရင် ကိုဗစ်-၁၉၊ ဒယ်လ်တာ တို့ ကူးစက်သလိုပါပဲ။ ရောဂါပိုးရှိသူနှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံတွေးအစအနတွေ၊ ရောဂါပိုးရှိသူကိုင်တွယ်ထားတဲ့ ပစ္စည်းတွေ၊ အများသုံးဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ အများသုံး အသုံးအဆောင်တွေ၊ ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရကတော့ အိုမီခရွန်က ကူးစက်မှုနှုန်းအမြန်ဆုံး ကိုဗစ်-၁၉ မျိုးကွဲဖြစ်ပေမယ့် သေဆုံးမှုနှုန်း၊ ရောဂါပြင်းထန်မှုနှုန်းနည်းမယ်လို့ ယူဆကြပါတယ်။ သို့သော်လည်း ကာကွယ်ဆေး မထိုးထားသူ၊ ကိုဗစ်ဖြစ်ဖူးထားသူနဲ့ အသက်ကြီးရင့်သူ၊ ရောဂါအခံရှိသူတွေ အဖို့ကတော့ သေဆုံးနှုန်း လျော့ကျသွားနိုင်မှာ မဟုတ်ပါဘူး။ မိမိတို့နိုင်ငံမှာ စက်တင်ဘာ ၁၃ရက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်းက ၆၁၇၃၅၅ ဦးရှိနေပြီး ယနေ့အထိ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ အရေအတွက်ကတော့ ၁၉၄၄၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံရန် လိုအပ်

မြန်မာနိုင်ငံမှာ စတုတ္ထလှိုင်းကာလအစ ဇန်နဝါရီလကုန်ပိုင်းကနေ ယခုအချိန်အထိ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများရဲ့ ဆေးထိုးနှံမှု အခြေအနေတွေအပေါ် ဆန်းစစ်ချက်တွေအရ ရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံမှု လုံးဝမရှိဘဲ ဖြစ်ပွားသူတွေ အားလုံးရဲ့ ၁၆ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားသူတွေ ဖြစ်ကြပါတယ်။ ဖြစ်ပွားသူတွေ အားလုံးရဲ့ ၄ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့် ထိုးနှံကြသူတွေဖြစ်ပြီး ၀ ဒသမ ၁ ရာခိုင်နှုန်းကတော့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပါပဲ။ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူတွေအနက် ကာကွယ်ဆေးမထိုးရသေးသူက ၈၄ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်ပြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြသူတွေ ဖြစ်ပါတယ်။ သေဆုံးသူများအနက် ၁ ဒသမ ၅ ရာခိုင်နှုန်းကတော့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးသူများပဲ ဖြစ်ပါတယ်။ ဆန်းစစ်ချက်တွေအရ ကာကွယ်ဆေးထိုးနှံထားသူတွေက ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေကို လျှော့ချနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး မထိုးရသေးသူတွေက အမြန်ဆုံးထိုးနှံကြဖို့ လိုအပ်ပြီး နှစ်ကြိမ်ပြည့်မြောက်သူတွေအနေနဲ့လည်း ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေက မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရမှာပါ။

ပူးပေါင်းကာကွယ်ပါ

ကိုဗစ်-၁၉ ရောဂါက တစ်ကြိမ်မက ထပ်မံဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အိုမီခရွန်က ကူးစက်လွယ်ကာ ခုခံအားစနစ်ကို ကျော်လွှားနိုင်တဲ့အတွက် ကိုဗစ်-၁၉ ဖြစ်ဖူးသူတွေကလည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ အရင်လိုလက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနဲ့ ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိလာရင် ဒါမှမဟုတ် ကူးစက်ခံရပြီလို့ သံသယရှိပြီဆိုတာနဲ့ စစ်ဆေးအတည်ပြုဖို့နဲ့ သီးသန့်ခွဲခြားနေထိုင်ကြပါလို့ သတိပေးလိုပါတယ်။

လူအများစုဝေးရာနေရာတွေဖြစ်တဲ့ ရုံး၊ ဈေး၊ လေဆိပ်၊ ကားဂိတ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦများနဲ့ ဘိုးဘွားရိပ်သာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံ/ဆေးခန်းများ စတဲ့နေရာများသို့ သွားလာရာတွင် ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း လိုက်နာပေးကြရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနအသီးသီးကလည်း ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် နေထိုင်ကြဖို့ ပညာပေးလုပ်ငန်းတွေ အရှိန်မြှင့်နေကြသလို လိုက်နာဆောင်ရွက်ကြဖို့ စီမံဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါတယ်။

မိမိတို့နိုင်ငံက ကိုဗစ်-၁၉ ရဲ့ဖြစ်ပွားမှုလှိုင်း အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ကြပြီးပါပြီ။ လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့အတွက် နိုင်ငံတော်က ကြိုးပမ်းဖြည့်ဆည်းခဲ့သလို အခြားသော ကုသရေးဆိုင်ရာ လိုအပ်ချက်တွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကိုလည်း ပြတ်လပ်မှုမရှိ၊ လိုအပ်မှု မရှိအောင် စီမံဆောင်ရွက်ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးသူ ဆရာဝန်၊ သူနာပြုများရဲ့ ကူညီဖေးမမှုနဲ့အတူ ပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်၊ စည်းကမ်းချက်များအပေါ် တိကျစွာလိုက်နာမှုတွေကြောင့် တစ်ကျော့ပြန် ကိုဗစ်-၁၉ ကိုလည်း မကြာမီကာလအတွင်းမှာပင် အကောင်းဆုံးကျော်ဖြတ်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။    ။