Skip to main content

အနာဂတ်၌ ပိုမိုအရေးပါလာမည့် စားနပ်ရိက္ခာလုံခြုံရေး (Food Security)

ဝဏ္ဏ (TGI)

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၏ ခန်းမကြီးမှာ ခမ်းနားထည်ဝါလှသည်။ ခန်းမကြီး၏ ခမ်းနားထည်ဝါမှုကို အခမ်းအနား တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu အစရှိသည့် နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်တက်ရောက်ခြင်းက ပိုမို၍ ထည်ဝါစေခဲ့သည်။ ထိုထိုသော နိုင်ငံ့ခေါင်းဆောင်များသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်တက်ရောက်သည်ဖြစ်၍ အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကားဟု ဆိုရလောက်အောင်ပင် တင့်တယ်လွန်းသည်ဟု ထင်မြင်မိသည်။

အစည်းအဝေးအစတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတက ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိကာလ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်မှုစွမ်းအားတိုးတက် ကောင်းမွန်လာစေရေး ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန်များတွင် အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆင့်မြှင့်တင်ထားသည့် ဆိပ်ကမ်းကြီး ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးသည်။ တိုးတက်ပြီး နိုင်ငံဖြစ်သည့်အတွက် သူ၏ဆွေးနွေးမှုမှာ နိုင်ငံအပေါ်မူတည်၍ ဆောင်ရွက်နိုင်မှုများကို ဝံ့ဝံ့ကြွားကြွားရှိလှသည်။

အိမ်ရှင်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံက ဆွေးနွေးရသည်။ သံတမန်ကျင့်ဝတ်အရ အိမ်ရှင်နိုင်ငံမှ ဆွေးနွေးမှုအပြီးတွင် Protocol အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆွေးနွေးခွင့်ရသည်ကပင် ရုရှားနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု ရင့်ကျက်ခြင်းကို ပြသည်။

မြန်မာနိုင်ငံ၏အရေးပါမှု

“စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးသည်။ ဆွေးနွေးသည့် ခေါင်းစဉ်တွင် အပိုင်းနှစ်ပိုင်းပါ၍ အမိမြန်မာနိုင်ငံမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အပေါ်ထားရှိသည့် စိတ်စေတနာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ စတင်ဆွေးနွေးမှုတွင် လူသားများ၏ ရှင်သန်ခွင့်အတွက် စွမ်းအင် (Energy) ကို အစားအသောက်မှ ရရှိခြင်းဖြစ်၍ စားနပ်ရိက္ခာလုံခြုံမှုရှိရေး (Food Security) မှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ဖြစ်သည်ဟု နှိုးဆော်သံဖြင့် စသည်။ သတိမမူ၊ ဂူမမြင် ဟူသော မြန်မာစကားပုံတစ်ခုကို သတိရမိသည်။ အရေးကြီးဆုံးအရာကို သတိမူလျှင် မြူတောင်မြင်မိစေရန် နှိုးဆော်ခြင်းဖြင့် စသည်ဟု နားလည်မိသည်။ ယခင်ကာလများက စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့မှုနှင့် ခေတ်ကာလအလိုက် ပြောင်းလဲလာမှုကိုလည်း သတိပြုမိရန် ဆိုသည်။ ကမ္ဘာ့နိုင်ငံများအလိုက် ပြည်တွင်းတွင် မထုတ်လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာမှ ဝယ်ယူတင်သွင်းမှုများကြောင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံမှု (Food Security) အပေါ် လွှမ်းမိုးလာသည်ဟု တွေ့ရှိချက်ကိုလည်း ထည့်သွင်းဆွေးနွေးသည်။ လတ်တလော ကမ္ဘာအဝန်းရင်ဆိုင်နေရသည့် ကိစ္စကို ဆွေးနွေးသည်ဖြစ်၍ ငြင်းဆိုဖွယ်စကား ထွက်လာရန်မရှိသည့် ဆွေးနွေးမှုဟု ထင်မြင်မိသည်။

နိုင်ငံကြီးတစ်ခု၏ ငွေကြေးက လုပ်ဆောင်နေခြင်း

စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသည့် သွင်းအားစုများဟု ခေါ်ဆိုသည့်လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထောက်အကူပြုပစ္စည်းများကို ရောင်းဝယ်ရာတွင် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ၍ ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုလာမှု၊ အကျိုးဆက်အဖြစ် နိုင်ငံငယ်များက နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များ၌ နိုင်ငံကြီးများ၏ ဩဇာကို လွန်ဆန်နိုင်မှုမရှိ ဖြစ်လာမှုတို့ကို ထည့်သွင်းဆွေးနွေးသည်။ ယခင်ကာလများတွင် နိုင်ငံတစ်နိုင်ငံအား ကျူးကျော်ရန်အတွက် Missionary (သာသနာပြုများ စေလွှတ်ခြင်း)၊ Military (စစ်အင်အားအသုံးပြုခြင်း)၊ Merchant (ကုန်သည်များ စေလွှတ်ခြင်း) စသည်တို့ဖြင့် ဆောင်ရွက်သည်။ ယခုခေတ်ကာလဖြစ်စဉ် ဖြစ်ရပ်များအရ Money (ငွေကြေး) က အဓိကနေရာသို့ ရောက်လာလေသလားဟု တွေးထင်မိသည်။ ထိုထက် ပိုမိုသည်က နိုင်ငံကြီးတစ်ခု၏ ငွေကြေးက လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဖြေရှင်းရန် နည်းလမ်းမရှိပါပြီလောဟု မေးဖွယ်ရှိသည်။

ထိုမေးဖွယ်အတွက် အဖြေစကားကို အကြီးအကဲ၏ ထပ်ဆင့်ဆွေးနွေးမှုတွင်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတွင် ဒေါ်လာအစားထိုး အဖြစ်ရူဘယ်၊ ယွမ်၊ ရူပီးအစရှိသည့် ငွေကြေးများကို အသုံးပြုနိုင်သည်။ ၎င်းအပြင် တိုက်ရိုက်ကုန်စည်ဖလှယ်မှုစနစ် (Barter System) ကိုလည်း အသုံးပြုနိုင်သည်ဟု ဆွေးနွေးသည်။ ရလာမည့် အကျိုးကျေးဇူးအနေဖြင့် နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အင်အားကြီးမိတ်ဆွေနိုင်ငံများအနေဖြင့် ဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံကြောင်း ဆွေးနွေးသည်။ တစ်ယောက်အားဖြင့် ယူသော်မရ၊ အများအားဖြင့် ယူသော်ရမည်ဟု ညွှန်းဆိုခြင်းပင်ဖြစ်သည်။ နိုင်ငံကြီးများ၏ ငွေကြေးအရ အနိုင်ကျင့်ခံနေရမှုကို မိမိတို့တစ်နိုင်ငံတည်းသာ လွတ်မြောက်ရန်မဟုတ်။ နိုင်ငံငယ်များ အားလုံးအတွက် ကိုယ်စားပြု တိုက်တွန်းချက်၊ မေတ္တာရပ်ခံချက်ဟုလည်း နားလည်မိသည်။ အကြီးအကဲ၏ စာနာနားလည်မှု၊ စေတနာတရားကို လှစ်ဟပြသည့် ဆွေးနွေးချက်ဟုလည်း ထင်မြင်မိသည်။

စားနပ်ရိက္ခာပြုန်းတီးမှု ထောက်ပြဆွေးနွေး

နိုင်ငံတစ်နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအား ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ချက်များ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို သင့်တင့်သောဈေးဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်ပါက စားနပ်ရိက္ခာ ပြည့်စုံကုံလုံသောနိုင်ငံအဖြစ် သတ်မှတ်နိုင်မှုများကိုလည်း ဆွေးနွေးသည်။ ယင်းသို့ ပြည့်စုံကုံလုံမှု၏ အခြားတစ်ဖက်တွင် စားနပ်ရိက္ခာလုံခြုံရေးအပေါ် စိန်ခေါ်မှုများဖြစ်သည့် လူဦးရေ တိုးတက်လာမှု၊ စားနပ်ရိက္ခာလိုအပ်ချက် (Demand) မြင့်တက်လာမှု၊ ဈေးနှုန်းပြောင်းလဲမှု၊ စိုက်ပျိုးသီးနှံမျိုးစိတ်များ ရှားပါးလာမှု၊ ပျောက်ကွယ်သွားမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ရေနှင့် စိုက်ပျိုးမြေ ရှားပါးလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာပြုန်းတီးမှု၊ ဖြုန်းတီးမှု စသည့် အကြောင်းတရားများကိုလည်း သတိပြုနိုင်ရန် ထောက်ပြဆွေးနွေးသည်။ သတိမူကမြူကိုပင် မြင်နိုင်သဖြင့် အသေးစိတ်သတိမူမိရန် ထောက်ပြခြင်းသည် စေတနာအရင်းခံစိတ်ကြောင့်ဟုပင် ထင်မြင်မိသည်။

ကမ္ဘာ့လူဦးရေတိုးတက်မှု၊ သက်တမ်းတိုးမြင့်လာမှုတို့အရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၈.၅ ဘီလီယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉.၇၃ ဘီလီယံ၊ ၂၁၀၀ ပြည့်နှစ်တွင် ၁၀.၄ ဘီလီယံအထိ တိုးတက်လာမည်ဟု သုတေသီများ၊ ပညာရှင်များက ခန့်မှန်းထားမှု၊ တိုးတက်လာသည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်မှု (Demand) လည်း တိုးတက်လာမည် ဖြစ်ကြောင်းကိုလည်း ဆွေးနွေးသည်။ စားနပ်ရိက္ခာလိုအပ်မှု (Demand) မြင့်တက်လာသည်နှင့်အမျှ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဂျုံ စသည့် အခြေခံစားကုန်များ၊ ဆီနှင့် ဆီထွက်သီးနှံ၊ အသားနှင့် အသားထွက်ကုန်၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသီးအနှံများ စသည်တို့၏ ဝယ်လိုအားလည်း သိသာစွာ တိုးတက်လာမည်ကို လေးလေးနက်နက် ဆွေးနွေးသည်။ ကုန်စည်ရောင်းဝယ်မှုများတွင် ထုတ်လုပ်မှု (Supply) နှင့် လိုအပ်မှု (Demand) တို့မှာ ပြောင်းပြန်အချိုးကျလေ့ရှိသည်ဟု ဆိုကြသည်။ အခြားကုန်စည်များအတွက် ပြောင်းပြန်အချိုးကျခြင်းမှာ လူသားမျိုးနွယ်စုကို ကြီးမားသော ရိုက်ခတ်မှု မရှိနိုင်သော်လည်း စားနပ်ရိက္ခာတွင် ယင်းသို့ ပြောင်းပြန်အချိုးကျခြင်းမှာ ရလဒ်ဆိုးကိုသာ ထွက်ပေါ်နိုင်သည်ကို သတိပြုမိရန် လိုအပ်သည်။ ဤသည်ကို အကြီးအကဲက သတိပြုမိရန် ထောက်ပြဆွေးနွေးမှုက အဖိုးတန်လှသည်။

အာဆီယံနိုင်ငံများမှ ဆန်စပါး မက်ထရစ် တန် ၁၉၁ သန်းကျော် ထုတ်လုပ်

ဆွေးနွေးမှုအား ခေါင်းစဉ်နှင့်ညီစွာ ဆက်လက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ပထဝီဖြစ်တည်မှုအရ သမုဒ္ဒရာကြီးနှစ်ခုအား ဆက်သွယ်ပေါင်းကူးရာတွင် အချက်အချာကျပြီး အင်ဒို-ပစိဖိတ်ဒေသတွင် အရေးပါသောနေရာတွင် ပါဝင်နေမှု၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းရှိသည့် နိုင်ငံများအဖြစ် ရပ်တည်နေမှုတို့ကို ဆွေးနွေးသည်။ အာဆီယံနိုင်ငံများမှ ၂၀၂၀ ပြည့်နှစ်အတွင်း ဆန်စပါး မက်ထရစ်တန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန် ၄၅ သန်းကျော်၊ ကြံ မက်ထရစ်တန် ၁၄၄ သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန် ၇၉ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှုကိုလည်း ရှင်းလင်းဆွေးနွေးသည်။ ထိုသို့ ထုတ်လုပ်နိုင်မှုများအရ ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိမှု၊ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံအထိရှိခဲ့မှု၊ အာဆီယံ ဒေသတွင်းကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၅၅၀ ဘီလီယံသာရှိ၍ အာဆီယံ ပြင်ပကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၂ထရီလီယံကျော်အထိ ရှိမှုတို့ကိုလည်း ဆွေးနွေးသည်။ ဆွေးနွေးမှုတွင် အားလုံးက သတိပြုမိရန် လိုအပ်သည့် အဓိကအချက်ကို ကိန်းဂဏန်းများအဖြစ်ဖြင့် ဆွေးနွေးသွားသည်ဟု ထင်သည်။ အာဆီယံဒေသကို ဩဇာဖြန့်ကြက်လိုသော နိုင်ငံများမှ ငွေကြေးလက်နက်ဖြင့် အသုံးချလုပ်ဆောင်နေမှုကို စားနပ်ရိက္ခာသည် အာဆီယံတွင်ရှိသည်ဟု ဆိုချင်သည်လားမသိ။ စားနပ်ရိက္ခာကို လက်နက်အဖြစ် အသုံးမပြုသည့်တိုင် ငယ်သာငယ်သည် အစွယ်နှင့်ဟု ဆိုလိုသည်ဟု မှန်းဆမိသည်။

ထိုထက်ပိုသည်ဟု ယူဆဖွယ်ရာ ဆွေးနွေးချက်မှာ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ၏ စိုက်ပျိုးနိုင်မှုဧရိယာ အနေဖြင့် ၂၃ သန်းကျော်မျှရှိသည်ကို ထည့်သွင်းဆွေးနွေးသည်။ အာဆီယံ ၁၀ နိုင်ငံ၏ စိုက်ပျိုးမြေမှာ စုစုပေါင်း ဟက်တာ ၁၃၉ သန်းဟု ဆိုသော်လည်း ညွှန်းခဲ့သည့် ၃ နိုင်ငံမှာ ဆန်စိုက်ပျိုးသည့် ဧရိယာဟု ဆွေးနွေးမှုတွင် ထည့်သွင်းသည်။ တည်ရှိပြီးဖြစ်သည့် စိုက်ပျိုးမြေများတွင် ဆန်စပါးစိုက်ပျိုးမှုကို ရာသီမရွေး ဆောင်ရွက်နိုင်ရန်အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းသည်။

အခြေခံစားနပ်ရိက္ခာထုတ်လုပ်သည့် ပင်မနိုင်ငံအဖြစ် ရပ်တည်

မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် စိုက်ပျိုးမြေ၊ သဘာဝသစ်တောဧရိယာများ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများ စသည့် သဘာဝအရင်းအမြစ်ကောင်းများ ပိုင်ဆိုင်မှု၊ နိုင်ငံ၏ စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်း ကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို စိုက်ပျိုး၍ ဆန်၊ ပဲနှင့် ပြောင်းတို့ကို တင်ပို့ရောင်းချမှု စသည်ဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေကို ဆက်လက်ဆွေးနွေးသည်။ စိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံရန် လိုအပ်ပြီး အဓိကအားဖြင့် မြေဩဇာနှင့် ဒီဇယ်ဆီ လိုအပ်ကြောင်း၊ မိတ်ဆွေနိုင်ငံများမှ ၎င်း ၂ ချက်ကို ကူညီဆောင်ရွက်ပေးနိုင်ပါက စိုက်ပျိုးထုတ်လုပ်မှုကို နှစ်ဆခန့် တိုးမြှင့်နိုင်ပြီး စားနပ်ရိက္ခာ လုံခြုံမှု (Food Security) ကို များစွာ အထောက်အကူပြုနိုင်ကြောင်း ဆွေးနွေးသည်။

ဆွေးနွေးမှုတွင် နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွား၊ ၎င်းမှသည် နိုင်ငံတော်၊ နိုင်ငံတော်မှသည် ကမ္ဘာတစ်ဝန်းအထိ လွှမ်းခြုံသည်ကို သတိပြုမိသည်။ စားနပ်ရိက္ခာ၏ ကနဦး လယ်၊ ယာ၊ ကိုင်း၊ ကျွန်းမှသည် ကမ္ဘာတစ်ဝန်းရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိရေးအထိ ဦးတည်သည်ကပင် ဆွေးနွေးမှု၏ အသက်ဟု ဆိုနိုင်သည်။ အမိမြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စားနပ်ရိက္ခာ ဖူလုံခဲ့မှု၊ စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ပြီး အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မနိုင်ငံအဖြစ် ရပ်တည်ခဲ့မှုများကိုလည်း အစဉ်အလာကောင်းသည့် နိုင်ငံဟု ညွှန်းဆို၍ ဆွေးနွေးသည်။ မိမိနိုင်ငံ၏ဂုဏ်ရှိန် ဝင့်ထည်မှုအတွက် အကြီးအကဲ၏ ဆွေးနွေးမှုမှာ ဂုဏ်ယူအားရဟန် အပြည့်ပါသည်။

ခေါင်းစဉ်၏ ပထမအပိုင်းဟု ဆိုနိုင်သည့် စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့်ပတ်သက်၍ အကြီးအကဲ၏ ဆွေးနွေးချက်မှာ မဟာဗျူဟာမြောက်သည့် ဆွေးနွေးချက်ဟု ဆိုနိုင်သည်။ ကမ္ဘာနှင့်အဝန်း ကာလအလိုက် တိုးတက်လာမည့် လူဦးရေနှင့် စားနပ်ရိက္ခာလိုအပ်မှု (Demand) တိုးတက်လာနိုင်မှု၊ အမိမြန်မာနိုင်ငံမှ ကမ္ဘာတစ်ဝန်းအတွက် စားနပ်ရိက္ခာလုံခြုံရေး (Food Security) အတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသမှ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံ ရေး (Food Security) အတွက် အားဖြည့်ဆောင်ရွက်ပေးနိုင်မှုတို့ကို အများမြင်သာအောင် ဆွေးနွေးခဲ့သည်။

လက်ရှိ အမိမြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ရှေ့သို့ လှမ်းချီလျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် လယ်၊ ယာ၊ ကိုင်း၊ ကျွန်းအစရှိသည့် စိုက်ပျိုးမြေ စုစုပေါင်းမှာ ဧက ၃၃ သန်းကျော်အထိရှိပြီး ၎င်းစိုက်ပျိုးမြေများတွင် စပါး၊ ပြောင်း၊ နှမ်း၊ ပဲ စသည့် သီးနှံများကို အဓိကထား စိုက်ပျိုးလျက်ရှိသည်။ အခြားသီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့်အပြင် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ကြံ၊ ဝါ အစရှိသည့် သီးနှံမျိုးစုံတို့ကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။ စိုက်ပျိုးမြေဧရိယာ၏ အများစုတွင် စပါးစိုက်ပျိုးမှုကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ရာသီအလိုက် စိုက်ပျိုးနိုင်မှုအနေဖြင့် မိုးစပါးဧက ၁၅.၀၀၈ သန်းနှင့် နွေစပါးဧက ၂.၄၂၀ သန်းခန့်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည်။ စပါးထွက်ရှိမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ စပါးတင်း သန်းပေါင်း ၁၃၁၅ သန်းခန့် ထုတ်လုပ်လျက်ရှိရာ ပြည်တွင်းစားသုံးမှုအနေဖြင့် လုံလောက်ရုံသာမက ပြည်ပနိုင်ငံများသို့ ဆန်အဖြစ် တင်ပို့ရောင်းချခြင်းကို ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ်အတွင်း တန် ၁.၈ သန်းကျော်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် (Mini Budget) အတွင်း တန်ချိန် ၁.၃ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း စပါးထုတ်လုပ်မှု ပိုမိုမြှင့်တင်၍ ထွက်ရှိလာသည့် ဆန်များကို တင်ပို့ရောင်းချခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှု (Food Security) ကို ကောင်းစွာ ပံ့ပိုးဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။