Skip to main content

ပညာရည်မြင့်မားရေးမှသည် ဒီမိုကရေစီနှင့် အနာဂတ်နိုင်ငံတော်ဆီသို့

ကျော်တေဇ(ဥက္ကလာ)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နေထိုင်ကြသော နိုင်ငံသားတိုင်းသည် ကိုယ့်နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်တွင်ထည်ဝါသော နိုင်ငံတော်ကြီးတစ်ခု ဖြစ်စေချင်ကြသည်မှာ နိုင်ငံသားတိုင်း၏ ရင်တွင်းဆန္ဒတစ်ခုပင်ဖြစ်သည်။ ထို့အတွက် စာရေးသူတို့ အမိမြန်မာနိုင်ငံတော်ကြီး၏ ပညာရည်မြင့်မားရေးကို အထူးအလေးထား ဆောင်ရွက်နေသည့် သတင်းကောင်းများကို မျှဝေပေးလိုပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးနှင့် ဒီမိုကရေစီ၊ ပညာရေးနှင့် အနာဂတ် နိုင်ငံတော်အတွက် အတိုဆုံးနှင့် အထိမိဆုံး အမှာစကားကို ပြောကြားခဲ့ဖူးသည်။ ထိုသည်ကား အနာဂတ်နိုင်ငံတော်မှာ ကျွန်တော်တို့သွားချင်တဲ့ ဒီမိုကရေစီဟာ ပညာတတ်တွေ ပေါကြွယ်ဝမှသာ ဒီမိုကရေစီဆိုတာလည်း အဓိပ္ပာယ်ရှိမှာ။ တိုင်းပြည် တိုးတက်ဖို့ဆိုတာကလည်း ပညာတတ်တွေရှိမှပဲ စိတ်ချရလိမ့်မယ်။

ဒါကြောင့် ပညာရေးဟာ တိုင်းပြည်တိုးတက်ရေးအတွက်ရော၊ ဒီမိုကရေစီအရေးအတွက်ရော တိုင်းပြည်အတွက် အဓိကကျတာကို တွေ့ရပါတယ်။ ပညာရေးမူဝါဒဟာ မဖြစ်မနေချမှတ်ပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို သွားတွေ့ပါတယ်ဟု ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂)တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တစိမ့်စိမ့်တွေးလိုက်တိုင်း တန်ဖိုးရှိပါပေသည်ဟူသော ယုံကြည်ချက်က အတွင်တွင်ထင်ဟပ်လာခဲ့ပေသည်။ မြန်မာ့ပညာရေးဟု အစချီလိုက်သည်နှင့် စာရေးသူ၏အတွေးတို့သည် မြန်မာ့ပညာရေး၏ သမိုင်းအဆက်ဆက်ဆီသို့ ပျံ့လွင့်သွားလေတော့သည်။

ပညာရေး၏ အတိတ်သမိုင်းအစ

မြန်မာ့ပညာရေး၏ အတိတ်သမိုင်းအစသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မွေးဖွားခဲ့ခြင်းပင်ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဟူသည် ဗုဒ္ဓဝါဒကို အခြေခံထားသည်။ ထိုမှသည် မြန်မာ့ပညာရေးသည် မြန်မာ့သမိုင်းခေတ်အဆက်ဆက် ဒွန်တွဲဖြစ်တည်လာလေ၏။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် ဗုဒ္ဓဘာသာနှင့် နိုင်ငံရေး၊ ဗုဒ္ဓဘာသာနှင့် မျိုးချစ်စိတ်၊ ဗုဒ္ဓဘာသာနှင့် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ဗုဒ္ဓဘာသာနှင့် လွတ်လပ်ရေးတိုက်ပွဲ၊ ဗုဒ္ဓဘာသာနှင့် အနုပညာ၊ ဗုဒ္ဓဘာသာနှင့် ပညာရေးတိုးတက်မှု သမိုင်းစဉ်များသည် အမိနိုင်ငံတော်၏ သမိုင်းကြောင်းတွင် ဒွန်တွဲဖြစ်တည် လာခဲ့လေ၏။ ပုဂံခေတ်ဟူသည်ကား မြန်မာနိုင်ငံဟု အုတ်မြစ်ချခဲ့သော ခေတ်တစ်ခေတ် ဖြစ်သည်။

ပုဂံခေတ်ပညာရေးတွင် လောကီ၊ လောကုတ္တရာ ပညာနှစ်မျိုးကို သင်ကြားပေးခဲ့သည်ဟု သမိုင်းသုတေသီတို့က ရှာဖွေပြုစုရေးသားခဲ့မှုများကို စာရေးသူ လေ့လာမိခဲ့သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ်မှ ၁၂၈၇ ခုနှစ်အထိ ဘုန်းတော်ကြီးသင်ပညာရေးဖြစ်ပြီး အတွေးအခေါ်ပညာရှင် သင်ကြားပြသသူတို့မှာ ယေဘုယျအားဖြင့် ရဟန်းတော်များဖြစ်ပြီး ထိုရဟန်းတော်များ၏ ဩဝါဒဖြင့် ပညာရေးမူဝါဒချမှတ်သူများသည် ဘုရင်(မင်း)တို့သာဖြစ်ခဲ့သည်ကို သမိုင်းစဉ်များက သက်သေတည်ထားပြီးလည်းဖြစ်သည်။ ထိုသည်ကား ပုဂံခေတ် မြန်မာ့ပညာရေး အကျဉ်းပင်။

မြန်မာ့ပညာရေးသည် ဘုန်းတော်ကြီးကျောင်း ပညာရေးအဖြစ်နှင့်ပင် ပင်းယခေတ်သို့ တိုင်ခဲ့ပြန်ပါပြီ။ ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိဆိုလျှင် ခရစ်နှစ် ၁၂၈၇ ခုနှစ်မှ ၁၇၅၂ ခုနှစ်အထိဟုဆိုရမည်။ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်တစ်လျှောက်တွင် နိုင်ငံတော်ကိုဦးဆောင်သူ သာသနာစာပေဦးဆောင်သူတို့၏ အရည်အသွေးနှင့် နိုင်ငံတော်၏ အခြေအနေများအရ စာပေထွန်းကားမှု အတက်အကျ ရှိခဲ့သည်ဟု သမိုင်းပညာရှင်များက ပြုစုမှတ်တမ်းတင်ခဲ့သည်လည်းရှိသည်။ ထို့အတူ ပညာရေးသဘောတရားရည်မှန်းချက်နှင့် သင်ရိုးများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း ဆိုထားသည်။ ပင်းယ၊ စစ်ကိုင်းခေတ်များတွင် မြန်မာ့ပညာသင်ကြားရေး၌ ဂါမဝါသီ(ပွဲကျောင်း)များက တာဝန်ယူလာခဲ့၏။ ဘာသာရေးစာပေသက်သက်သာမက အသက်မွေးဝမ်းကျောင်း အတတ်ပညာများ၊ ကျမ်းဂန်များ၊ လက်မှုအတတ်ပညာများ၊ ဆေး၊ ဗေဒင်သေနင်္ဂဗျူဟာကျမ်း စသောကျမ်းများအပြင် စစ်ရေးစစ်ရာ အတတ်ပညာများကိုပါ သင်ကြားပေးခဲ့သည်ဟု သမိုင်းက ဆိုထားပြန်သည်။ ထိုခေတ်ကျောင်းများရှိ စာသင်သားတို့မှာ မင်းညီမင်းသားများအပြင် ပြည်သူပြည်သားများ၏ သားသမီးများပါ တက်ရောက်ကြသည်ကိုလည်း သမိုင်းမှတ်တမ်းများကို တွေ့ရပြန်သည်။ ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိ ဘုန်းတော်ကြီးကျောင်း ပညာရေးကဏ္ဍသည် မြန်မာစာပေလောကတွင် ကြီးကျယ်ထင်ရှားသော စာပေခေတ်ကြီးတစ်ခေတ်ဖြစ်ခဲ့ပြီး စာပေအတတ်ပညာများအပြင် စာသင်သားဖြစ်သူ မင်းညီမင်းသား တိုင်းသူပြည်သားများအတွက် လိမ္မာရေးခြားရှိစေရန် စာရိတ္တမဏ္ဍိုင်ကိုလည်း သွန်သင်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပြန်ပါသည်။ ထိုသည်ကား ပင်းယခေတ်မှ ညောင်ရမ်းခေတ်အထိ မြန်မာ့ပညာရေးခရီး၏ အကျဉ်းဟု ဆိုရမည်။

ကုန်းဘောင်ခေတ်သို့တိုင်ခဲ့ပြန်

ထိုမှသည် မြန်မာ့ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးဖြင့် ကုန်းဘောင်ခေတ်သို့ တိုင်ခဲ့ပြန်ပါပြီ။ ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိဟု ဆိုရမည်။ ကုန်းဘောင်ခေတ်သည် မြန်မာတို့အတွက် အတွေ့အကြုံစုံလင်လှသော ခေတ်ဟုဆိုထားသည်။ မင်းတုန်းမင်းကြီးသည် စစ်ပွဲများကြားတွင် စစ်ပြေငြိမ်းမှုများကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသို့ ပညာတော်သင်များစေလွှတ်ခြင်း၊ နိုင်ငံခြားသို့ သံအဖွဲ့များစေလွှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့၏။ အလျဉ်းသင့်၍ မင်းတုန်းမင်းကြီး၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဘုန်းတော်ကြီးသင် ပညာရေးနှင့်ယှဉ်ကာ တင်ပြလိုပါသေးသည်။ မင်းတုန်းမင်းကြီးသည် ငယ်စဉ်အခါကပင် မောင်လွင်ဘဝဖြင့် မဟာဇောတိကာရာမတိုက် ရတနာစံကျောင်းတော်တွင် သီတင်းသုံးတော်မူသော စံကျောင်းဆရာတော် ဦးစန္ဒိမာထံတွင် ပညာသင်ကြားခဲ့သည်။ ဆရာတော်က မောင်လွင်အား ပညာသင်ကြားပေးရုံသာမက မင်းတုန်းမင်းဟူသော နိုင်ငံ့ခေါင်းဆောင်မင်းတစ်ပါး ဖြစ်တော်မူသည်အထိ သွန်သင်ဆုံးမ နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုသည်ကား မြန်မာ့ပညာရေးသမိုင်းထဲက သမိုင်းတစ်ခုဟု ဆိုရပေမည်။ ထိုခေတ်တွင်လည်း ကျမ်းဂန်များအပြင် ဆေးအတတ်၊ နက္ခတ်အတတ်၊ ဗေဒင်အတတ်နှင့် လောကဓာတ်ပညာရပ်တို့ကို သင်ကြားပေးခဲ့သည်ဟု လေ့လာခဲ့ရပါသည်။ ထင်ရှားသော စာဆိုတော်ကြီးများ များစွာပေါ်ထွက်ခဲ့သလို ပုံနှိပ်စက်များ ပေါ်ပေါက်ခဲ့သည်အထိ တိုးတက်ခဲ့ပေ၏။ မြန်မာမင်းများခေတ်မှ စတင်ပေါ်ပေါက်ခဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ဗုဒ္ဓသာသနာကိုအခြေခံသော ပညာရေးမှသည် စာပေ၊ အနုပညာ၊ ဗိသုကာနှင့် အတတ်ပညာများစွာအပြင် အသိပညာရပ်များရရှိခြင်းတို့ဖြင့် ပြည်သူ ပြည်သားများနှင့် နိုင်ငံတော်ကို ကောင်းကျိုးပြုခဲ့သည်။

နှောင်းတစ်ခေတ်အတွက် အစကောင်းခဲ့

မြန်မာ့ပညာရေးသမိုင်းတွင် မြန်မာ့ဘုန်းတော် ကြီးသင်ပညာရေးကျောင်းသည် နှောင်းတစ်ခေတ်အတွက် အစကောင်းခဲ့သည့် မြန်မာ့ပညာရေး အခြေခံ အဆောက်အအုံကြီးတစ်ခုဟု တင်စားရမည်။ ထိုဘုန်းတော်ကြီးသင်ပညာရေးကြောင့် သမိုင်းအဆက်ဆက် မင်းမြတ်များစွာ ပေါ်ထွက်ခဲ့သည်။ ကျမ်းဂန်ပညာရှင်များစွာ ပေါ်ထွက်ခဲ့သည်။ စာဆိုတော်အကျော်အမော်များစွာ ပေါ်ထွက်ခဲ့သည်။ စာပေအနုပညာရှင်များစွာ ပေါ်ထွက်ခဲ့ဖူးသည်။ တစ်ဝမ်းတစ်ခါးလှဖို့အပြင် ခေတ်အဆက်ဆက် နိုင်ငံတော်ကို အထောက်အကူပြုနိုင်မည့် လက်မှုအတတ်ပညာရှင်များလည်း ပေါ်ထွန်းခဲ့သည်။ ခေတ်အလိုက် မျိုးဆက်သစ် လူငယ်များအား ဘာသာ၊ သာသနာကို ကြည်ညိုလေးစားပြီး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ရိုသေတတ်သော၊ မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်ပြသနေသော မြန်မာပြည် သားများဖြစ်တည်လာခဲ့သည်အထိ မြန်မာ့ဘုန်းတော်ကြီး ပညာရေးစနစ်ကြီးက ဆောင်ကြဉ်းထုဆစ် ပေးနိုင်ခဲ့သည်။ ဗုဒ္ဓဘာသာကောင်းများ မွေးဖွားပေးနိုင်ခဲ့သလို မြန်မာလူမျိုးတို့၏ စာရိတ္တယဉ်ကျေးမှု မဏ္ဍိုင်ကြီးကိုလည်း ခိုင်ခိုင်မာမာတည်ဆောက် ပေးနိုင်ခဲ့သည်။ ထိုသို့ပေါ်ထွန်းခဲ့သော အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ မင်းကောင်းမင်းမြတ်များကပင် တစ်ဖန်ပြန်၍ နိုင်ငံတော်အသီးသီးကို ကောင်းကျိုးပြု ထုဆစ်သွားကြပြန်သည်။ ထိုသည်ကား ပညာရေးရေချိန် မြင့်တက်မှုမှသည် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ခဲ့သည်။ ပညာရည်မြင့်မားသော လူသားအရင်းအမြစ်ကောင်းများမှသည် နိုင်ငံတော်တိုးတက်ရေးကို ပြန်လည် အထောက်အကူပြုခဲ့သည်ဟူသော သော့ချက်ကို မြန်မာ့ပညာရေး သမိုင်းဦးကပင် ညွှန်းဆိုပြသထား၏။

ကိုလိုနီခေတ်ပညာရေး

ခေတ်များအလီလီ ပြောင်းလဲလာသလို မြန်မာ့ပညာရေးသမိုင်းသည်လည်း ဒွန်တွဲကပ်ပါလာခဲ့သည်။ ခေတ်ကာလသည်ကား တိုင်းတစ်ပါး အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ရသည့်ခေတ် ကိုလိုနီခေတ်ပညာရေးဟု ဆိုထားသည်။ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့တွင် တစ်ရစ်ပြီးတစ်ရစ် သိမ်းပိုက်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် ဗြိတိသျှတို့က ပညာရေးဌာနကို ဖွဲ့စည်းခဲ့၏။ ထိုနည်းတူ ကာလရှည်စွာ အုပ်ချုပ်နိုင်မည့် အုပ်ချုပ်မှုစနစ်ကိုလည်း ရေးဆွဲခဲ့ကြသည်။ ကိုလိုနီခေတ် ပညာရေးဟူသည် ဗြိတိသျှတို့၏ ခြားနားခြင်းမူဝါဒနှင့် ကျွန်ပညာရေးမူဝါဒသက်သက် ချမှတ်ကျင့်သုံးခဲ့သည်ဟု မြန်မာ့သမိုင်း ပညာရှင်များက တစ်ထစ်ချမှတ်တမ်းထားရှိခဲ့သည်။ ထို့ကြောင့်ပင်လျှင် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားသပိတ်မှသည် အမျိုးသားပညာရေးလှုပ်ရှားမှုဟုဆိုကာ ကိုလိုနီပညာရေးစနစ်ကို တွန်းလှန်ဖယ်ရှား ပစ်ခဲ့ကြသည်။

ကိုလိုနီပညာရေးစနစ် ကြားကာလများတွင် ဘုန်းတော်ကြီးသင်ပညာရေးသည် အနောက်တိုင်းပညာရေး၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းစဉ်များနှင့် ကိုလိုနီပညာရေး မူဝါဒစနစ်များဖြင့် စိန်ခေါ်မှုအသွင်များစွာကို ရင်ဆိုင်ခဲ့ရ၏။ လွတ်လပ်ရေးရပြီးစ ခေတ်များတွင် ယခင်ကျင့်သုံးခဲ့သည့် အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာစာသင်ကျောင်းနှင့် တိုင်းရင်းသား-မြန်မာစာသင်ကျောင်းဟု မခွဲခြားတော့ဘဲ နိုင်ငံတော်အစိုးရကျောင်း တစ်မျိုးတည်း ဖြစ်လာသည်။ ထိုမှသည် မြန်မာဟူသည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ကျောင်းများနှင့် ကိုယ်ပိုင်ပညာရေး တစ်ခေတ်ပိုင်ဆိုင်ခဲ့သည်ဟု အကျဉ်းချုံး ရတော့မည်။ ထိုမှတက္ကသိုလ်ပညာရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ယခင်ကျင့်သုံးခဲ့သော အထွေ‌ထွေပညာရေးအစား အခြေခံပညာရေး ပြုပြင်ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံပညာရေး ဥပဒေသစ်များ ရေးဆွဲခြင်းတို့ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်။ ထိုမှသည် ဦးတည်ချက် (၁၂)ရပ်ရှိ လူမှုရေးဦးတည်ချက် (၄)ရပ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော မူဝါဒတစ်ရပ်အဖြစ် ထင်ထင်ရှားရှား တွေ့မြင်လာကာ လက်တွေ့ပညာရေးနယ်ပယ်အထိ အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်။ ထိုအချက်ကို ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင်လည်း တွေ့နိုင်ပေသည်။

မြန်မာ့ပညာရေး၏ မျှော်မှန်းချက်သည် မျက်မှောက်ခေတ်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကိုရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်ဖြစ်ပြီး ပညာရေးဆောင်ပုဒ်မှာ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဟု စာရေးသူ လေ့လာခဲ့ဖူးသည်။ ထိုမျှော်မှန်းချက်နှင့် ဆောင်ပုဒ်သည် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာ့ဒီမိုကရေစီ၏ အတောက်ပဆုံးအနာဂတ်တို့နှင့်အတူ ရွှေရောင်ဝင်း၍ တွေ့မြင်ရမည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သတိချပ်သင့်

နိုင်ငံတစ်နိုင်ငံ၏ လက်ရှိလူဦးရေနှင့် ပညာတတ်လူဦးရေကွာဟမှုသည် ထိုနိုင်ငံအတွက် ကြီးစွာသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း နိုင်ငံသားတိုင်း၊ နိုင်ငံသားမိဘတိုင်း သတိချပ်သင့်ပေသည်။ ထို့ကြောင့် နိုင်ငံ့ပညာရေးမူဝါဒများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကာ အစိုးရအဖွဲ့ဝင်များနှင့် ပြုပြင်ချမှတ် ပြင်ဆင်ခြင်းများကို စတင်အကောင်ထည်ဖော်နေပြီဖြစ်၏။ သင်ကြားပေးမည့် ဆရာ ဆရာမများ ကဏ္ဍဘက်ကိုလည်း ဆောင်ရွက်ပေးသင့်သည့် facilities ပိုင်းဆိုင်ရာများအတွက် စီစဉ်ဆောင်ရွက်ပေးဦးမည်ဟုလည်း နေ့စဉ်ထုတ် မြဝတီသတင်းစာပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှတ်တမ်းသတင်းများတွင် ဖတ်ရှုရပါသဖြင့် နိုင်ငံ့အကြီးအကဲတစ်ယောက်၏ ပညာရေးအပေါ်ထားရှိသော စိတ်ရင်းစေတနာ၊ ကောင်းမွန်အောင်မြင်စွာ တိုးတက်စေလိုမှု၊ အလေးထား ဆောင်ရွက်ပေးနေမှုများအတွက် လေးစားဂုဏ်ယူမိပါတော့သည်။ နိုင်ငံတော်တွင် ပညာရည်မြင့်မားသော လူသား အရင်းအမြစ်ကောင်းများ မွေးဖွားလာဖို့သည် နိုင်ငံ့ခေါင်းဆောင်ကောင်း၊ နိုင်ငံ့အစိုးရကောင်း၊ နိုင်ငံ့ဆရာဆရာမကောင်း၊ မိဘကောင်းများနှင့် သားသမီးကောင်းများမှာ အခြေခံအုတ်မြစ် ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်ကောင်းသည် အစိုးရအဖွဲ့ဝင်ကောင်းများဖြင့် ပညာရေးစနစ် ကောင်းများကို ခေတ်အဆက်ဆက်မူဝါဒ ချမှတ်သွားကြမည်။ ဆရာ ဆရာမကောင်းများက သင်ကြားမှုစနစ်ကောင်းများဖြင့် မြန်မာ့ပညာရေး၏ အနာဂတ်နှင့် မျိုးဆက်သစ် ပညာတတ်များကို မွေးထုတ်ပုံဖော်သွားရမည်။ မိဘကောင်းများက မိမိတို့သားသမီးများ၏ ပညာရေးအရှိန်ကို မျက်ခြည်မပြတ်စောင့်ကြည့်၍ ထောက်ပံ့ပေးနေရမည်။ ကျောင်းသားလူငယ်များကလည်း ကျောင်းစာနှင့် မိမိဘဝကို ထပ်တူထပ်မျှ ကြိုးစားသင်ယူပုံဖော်ရင်း ကိုယ်တိုင်ကိုယ်ကျ မိမိအနာဂတ်ကို လှပအောင် ခြယ်မှုန်းကြရမည်။ ထိုသို့နိုင်ငံ့ခေါင်းဆောင်ကောင်း၊ အစိုးရကောင်းများ၊ ဆရာ ဆရာမကောင်းများ၊ မိဘကောင်းများနှင့် ကျောင်းသားကောင်းများ၏ စုပေါင်းအားဖြင့် နိုင်ငံတော်ကောင်းတစ်ခုကို ထုဆစ်ပုံဖော်သွားကြရမည်။

ဘုန်းတော်ကြီးပညာရေးမှ စတင်ခဲ့သော မြန်မာ့ပညာရေးခေတ်ဦးတွင် ခေတ်အဆက်ဆက် နိုင်ငံတော်များကို ကောင်းကျိုးပြုနိုင်ခဲ့သော ပညာရှင်အမြောက်အမြားကို စာပေနှင့်လက်တွေ့ နယ်ပယ်အသီးသီးရှိ ပညာရပ်များတွင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။ မြန်မာ့မြေပေါ်တွင် မြန်မာ့ပညာရေးသည် အရှိန်အဝါ လင်းလက်နေဆဲ ဖြစ်သည်။ ပိုမိုတောက်ပရန်သာ အနာဂတ် မျိုးဆက်သစ်များက ကြိုးစားသွားကြရမည်။ ညွှန်းဆိုခဲ့သော ပညာရေးသမိုင်းကြောင်းကောင်းများသည် မျိုးဆက်သစ်တို့အားလုံးအတွက် အားတက်စရာ၊ ဂုဏ်ယူ ဖွယ်ရာမှတ်တမ်းများပင် ဖြစ်သည်။

သို့တည်းကြောင့် စာရေးသူတို့ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးသည် ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် မွေးဖွားရေးကို အစဉ်တစိုက် ဦးတည်နေရပေမည်။ ပညာရည်မြင့်မားရေး ပကတိတရားမှတစ်ဆင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဟူသည့် ပန်းတိုင်ဆီသို့ လက်တွဲပူးပေါင်း လျှောက်လှမ်းသွားကြရမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံးတို့၏ ခိုင်မာသောတွဲလက်များကို မဏ္ဍိုင်ပြုလျက် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးမှသည် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်ကြီးဆီသို့ လျှောက်လှမ်းသွားကြပါစို့ဟုသာ တိုက်တွန်းရေးသားလိုက်ရပါသည်။        ။