Skip to main content

ရုရှားနိုင်ငံထုတ်လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာစစ်ဘက်နှင့် နည်းပညာဖိုရမ်

ထက်မြတ်

(ယမန်နေ့မှအဆက်)

ခြေလျင်တပ်ဖွဲ့သုံးစစ်လက်နက်ပစ္စည်းများ

အမြင်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ARMY 2022 ဖိုရမ်က တင့်တွေကိုပဲဦးစားပေး ပြသတယ်ဆိုသော်ငြားလည်း တကယ်တမ်းမှာ အမျိုးမျိုးသော သံချပ်ကာယာဉ်များကို အကန့်အသတ်ရှိတဲ့ နေရာလေးတစ်ခုမှာ ရှားရှားပါးပါး တွေ့မြင်ရတာ ဖြစ်ပါတယ်။

အူရယ်ဗာဂွန်ဇာဗော့က အဆင့်အမြင့်ဆုံးသော သံချပ်ကာယာဉ်ဖြစ်တဲ့ Armata စနစ်ပေါ်မှာ တည်ဆောက်ထားတဲ့ T-14 MBT၊ T-90MS MBT နဲ့ BMPT-72 တင့်ပစ်ကူ ပေးယာဉ်တို့ကို ARMY 2022 မှာ ထည့်သွင်းပြသခဲ့ပါတယ်။

T-90MS က T-90 အမျိုးအစားထဲမှာ နောက်ဆုံးပေါ်တင့်ဖြစ်ပြီး တာဂေးမြို့မှာထုတ်လုပ် တဲ့ တိုးတက်မှုအရှိဆုံးသော သံချပ်ကာယာဉ်များအတွက် နောက်ထပ်စံနမူနာပြ တစ်ခုဖြစ်ပါတယ်။ အဆင့်မြှင့်တင်မှုကိုတော့ အဆင့်အားလုံးမှာ လုပ်ဆောင်ထားတာ ဖြစ်တဲ့အတွက် T-90MS ကို လုံးဝအသစ်ဖြစ်တဲ့ တိုက်ယာဉ်တစ်စင်းအဖြစ် မှတ်ယူနိုင်ပါတယ်။ သူ့မှာဆုံလည်အသစ်၊ အဆင့်မြှင့်တင်ထားတဲ့ စက်စွမ်းအားနဲ့ ဂီယာစနစ်များ အပြင် ကိုယ်ထည်တို့ပါဝင်ကာ သံချပ်ကာ အကာအကွယ်ပေးနိုင်မှုကိုလည်း အဆင့်မြှင့်ထားပါတယ်။

သူ့မှာပါဝင်တဲ့ အလိုအလျောက် လက်နက်စခန်းကိုတော့ သေနတ်သမားအတွက် ဘက်ပေါင်းစုံ မြင်ရတဲ့မြင်ကွင်းနဲ့ တိုက်ယာဉ်မှူးအတွက် မြင်ကွင်းကျယ်မြင်ကွင်းတို့ကိုလည်း ပေါင်းစပ် တပ်ဆင်ပေးထားပါတယ်။ ဒီအတွက်ကြောင့် တိုက် ယာဉ်မှူးအနေနဲ့ ပတ်ဝန်းကျင် အခြေအနေများနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များစွာကို ရရှိနိုင်ရုံသာမကဘဲ တိုက်ယာဉ်ရဲ့ လက်နက်စနစ်များကိုလည်း အကောင်းဆုံးထိန်းချုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ အလိုအလျောက်လက်နက်စခန်းက အသစ်တည်ဆောက်ထားတဲ့ ယာဉ်များအပြင် ပြီးခဲ့တဲ့နှစ်တွေမှာ အဆင့်မြှင့်တင်ထုတ်လုပ်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်မှုအတွက်လည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

BMPT-72 ကတော့ အနားပေးလိုက်ပြီဖြစ်တဲ့ T-72 တင့်များကို စွမ်းဆောင်ရည်မြင့် တိုက်ယာဉ်အဖြစ် ပြောင်းလဲမယ့် စိတ်ကူးအပေါ်မှာ အခြေခံထားတာပါ။ ဒီအတွက်ကြောင့် တစ်ခေတ်တစ်ခါက အများဆုံးထုတ်လုပ်ထားတဲ့ T-72 တင့်တွေကို အသုံးပြုနေတဲ့ နိုင်ငံပေါင်း ၅၀ နီးပါးအနေနဲ့ သူတို့ရဲ့ ကြည်းတပ်တွေကို ဈေးကြီးတဲ့သံချပ်ကာယာဉ် အသစ်တွေမဝယ်စေဘဲ ခေတ်အမီဆုံး စွမ်းဆောင်ရည်မြင့်သော၊ လှုပ်ရှားသွားလာနိုင်စွမ်း ရှိသော၊ အမြင့်မားဆုံးကာကွယ်မှုကို ပေးနိုင်စွမ်းရှိသော တပ်ဖွဲ့အဖြစ်သို့ အဆင့်မြှင့်တင်ရာမှာ လျင်လျင်မြန်မြန်နဲ့ ကုန်ကျစရိတ်နည်းစွာ ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်ရေးအလုပ်ရုံနဲ့ လိုအပ်တဲ့ပစ္စည်းပစ္စယများရှိတယ်ဆိုရင် T-72 တင့်တွေကို BMPT-72 တင့်များအဖြစ် အဆင့်မြှင့်တင်ပြောင်းလဲမှုကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံအတွင်းမှာပင် လုပ်ဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။

High Precision Systems ကုမ္ပဏီက မြေပြင်နဲ့ ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်နိုင်ရေးအတွက် ရည်ရွယ်ပြီး လှိုင်းနှုန်းဖိဖျက်မှုကို ခံနိုင်ရည်ရှိတဲ့ လေဆာအလင်းတန်း ထိန်းချုပ်ရေးစနစ်ပါ ရွေ့လျား နေ့/ည တိကျပဲ့ထိန်းတာဝေးပစ် ဒုံးကျည်စနစ်ဖြစ်တဲ့ Kornet-EM ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိရောက်မှုအကွာအဝေးက ၁၀ ကီလိုမီတာရှိပြီး ပစ်မှတ်နှစ်ခုကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်ပါ တယ်။

ဒါ့အပြင် အဲဒီကုမ္ပဏီက Planshet-M-IR ရွေ့လျားအလိုအလျောက်ပစ် သေနတ်/ စိန်ပြောင်း/MRL ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကိုလည်း ပြသခဲ့ ပါသေးတယ်။ အဲဒီစနစ်က ရုရှားနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များအားလုံးနဲ့ ကိုက်ညီမှုရှိတဲ့ စနစ်ဖြစ်ပေမယ့် တခြားထိန်းချုပ်ရေးစနစ်များနဲ့လည်း ပေါင်းစပ်နိုင်ပါသေးတယ်။

Kalashnikov Concern ကုမ္ပဏီက တိုက်ပွဲဝင်နဲ့ အရပ်ဘက်သုံး နောက်ဆုံးပေါ် လက်နက်ငယ်များ၊ ဒုံးကျည်နဲ့ အမြောက်လက်နက်များအပြင် အထူးစစ်လက်နက်ပစ္စည်းများ၊ မောင်းသူမဲ့လေယာဉ်များ ကို ARMY 2022 မှာပါဝင်ပြသခဲ့ပါတယ်။ အဲဒီဖိုရမ် အတွင်းမှာ AK-308 ချေမှုန်းရေးရိုင်ဖယ်၊ Chukavin လက်ဖြောင့်ရိုင်ဖယ်၊ PPK-20 Kalashnikov စက် သေနတ်လေးနဲ့ AK-12 ချေမှုန်းရေးရိုင်ဖယ် အဆင့်မြှင့်ပုံစံတို့အကြောင်းကို တင်ပြခဲ့ပါတယ်။

ဒီနှစ်ရဲ့စစ်လက်နက်ပစ္စည်းများပြပွဲမှာ အဓိက ပြသသွားတာတွေကတော့ အထူးတပ်ဖွဲ့များ အသုံးပြုတဲ့ လက်နက်စနစ်အမျိုးမျိုးဖြစ်ပါတယ်။ အဲဒီထဲမှာ ကျည်ကာအင်္ကျီနဲ့ ကာကွယ်ထားတဲ့ လှုပ်ရှားပစ်မှတ်နဲ့ သံချပ်ကာမဟုတ်တဲ့ ယာဉ်ပေါ်ကပစ်မှတ်ကို မီးညွန့်မထွက်၊ အသံမထွက်စေဘဲ ချေမှုန်းနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ VSS အထူးထုတ် အသံတိတ်ရိုင်ဖယ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ SR.3M အပေါ့စားအဆင့်မြင့် ချေမှုန်းရေးရိုင်ဖယ်၊ မီတာ ၁၀၀ အတွင်းရှိ ကျည်ကာအင်္ကျီ ဒါမှမဟုတ် စစ်သုံးသံမဏိဦးထုပ်ကို ဖောက်ထွင်းမှုနဲ့အတူ လှုပ်ရှားပစ်မှတ်များကို ကောင်းစွာ ချေမှုန်းနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ပစ္စတိုတစ်မျိုးဖြစ်တဲ့ SR.1M၊ Lobaev နဲ့ ORSIS တာဝေးပစ်ရိုင်ဖယ် အမျိုးမျိုးတို့ ပါဝင်ပါတယ်။

Rosoboronexport အနေနဲ့ PTKM-1R စမတ် တင့်ဖျက်မိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ PTKM-1R တင့်ဖျက်မိုင်းက သံချပ်ကာယာဉ်များကို ရွေးချယ် ပြီး ချေမှုန်းနိုင်စွမ်း ရှိပါတယ်။ ဒီလိုရွေးချယ်နိုင်ဖို့အတွက် တခြားသောနည်းလမ်းတွေနဲ့ မတူတာက သတ်မှတ်ထားတဲ့ ပတ်ပတ်လည်ရှိ ဆူညံသံတွေနဲ့ မြေပြင်တုန်ခါမှုတွေကိုသိရှိခြင်း နည်းလမ်းအသုံးပြု ထားတာပါ။

ရေတပ်သုံးလက်နက်များ

တိုက်ခိုက်ရေးနဲ့ကာကွယ်ရေးစနစ်များအမျိုးမျိုးကိုလည်း ARMY 2022 ရဲ့ ရေတပ်သုံးလက်နက်များကဏ္ဍမှာ ပြသခဲ့ပါတယ်။ အဓိကကတော့ Tactical Missile Weapons ကော်ပိုရေးရှင်းနဲ့ Almaz-Antey ကော်ပိုရေးရှင်းတို့က ထုတ်လုပ်တဲ့ လက်နက်များ ဖြစ်ပါတယ်။

KTRV ကတင်ပြတဲ့ UGST ဘက်စုံသုံး ပင်လယ် နက်ပစ်မှတ်တိုက်ခိုက်ရေးတော်ပီဒိုဆိုရင် သူ့ကို ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများမှာ တပ်ဆင်ထားတဲ့ ၅၃၃ မီလီမီတာ တော်ပီဒိုပစ်လွှတ်ပေါက်ကနေ ပစ်လွှတ်နိုင်ပါတယ်။ UGST တော်ပီဒိုရဲ့သူမတူတဲ့ လုပ်ဆောင်မှုတစ်ခုက မော်ဂျူးပုံစံဒီဇိုင်းဖြစ်ပြီး အဆင့်အမျိုးမျိုးကို စိတ်ကြိုက်ဖန်တီးနိုင်တာ ကြောင့် ဘယ်လိုရေတပ်စနစ်သုံး လက်နက်စနစ်တွေနဲ့မဆို အမြန်ဆုံးပေါင်းစပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ထိရောက်မှုအကွာအဝေးက ကီလိုမီတာ ၅၀ ရှိပါတယ်။

PAKET-E/NK ဆိုတာ ရုရှားနိုင်ငံထုတ်ရေငုပ်သင်္ဘောဖျက်စနစ်ဖြစ်ပြီး သူ့မှာတိုက်ခိုက်ရေးစနစ်နဲ့ ခုခံကာကွယ်ရေးစနစ်တို့ ပေါင်းစပ်ပါဝင်ပါတယ်။ စစ်ရေယာဉ်အနီး အနားမှာရှိတဲ့ ရေငုပ်သင်္ဘောများကိုဖျက်ဆီးဖို့နဲ့ စစ်ရေယာဉ်ဆီကို ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုကိုဖျက်ဆီးဖို့အတွက် သူ့ကိုဒီဇိုင်းရေးဆွဲထားတာပါ။ သူ့မှာထိန်းချုပ်ရေး စနစ်တစ်ခု၊ ဆိုနာစနစ်တစ်ခု၊ အသေးစားအပူငွေ့ရှာတော်ပီဒိုများ၊ တော်ပီဒိုဖျက် လက်နက်များနဲ့အတူ အလုံးပုံစံ လောင်ချာနှစ်ခု ပါဝင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည် များကြောင့် သူ့အနေနဲ့ စစ်သင်္ဘောကိုတိုက်ခိုက် လာတဲ့ ရေငုပ်သင်္ဘောနဲ့ တော်ပီဒိုများကို ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ သူ့ရဲ့အရွယ်အစားကသေးငယ် လွန်းတာကြောင့် သူ့ကိုသင်္ဘောများမှာဖြစ်စေ၊ တခြားစစ်ရေယာဉ်များမှာဖြစ်စေ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

Shtil-1 သင်္ဘောအခြေပြုချန်နယ်ပေါင်းစုံတာလတ် SAM စနစ်ကိုတော့ Almaz-Antey ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့တာပါ။ သူကရေတပ်အုပ်စုများ ဒါမှမဟုတ် သတ်မှတ်အဝန်း အဝိုင်းအတွင်းရှိ စစ်သင်္ဘောများအပြင် အဲဒီစနစ်ကို တင်ဆောင်ထားတဲ့ သင်္ဘောများကို သင်္ဘောဖျက်ဒုံးကျည်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လှေများနဲ့ သင်္ဘောများရဲ့ တိုက်ခိုက်မှုကနေ ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။ သူ့ရဲ့ပုံစံက ပုံသေမဟုတ်ဘဲ ပြောင်းလဲနိုင်စွမ်းရှိတဲ့အတွက် ပစ်မှတ်နှစ်ခုမှသည် ၁၂ ခုအထိကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ မော်ဂျူးပုံစံနဲ့ သူ့မှာပါဝင်တဲ့ ကိရိယာအစုစုတို့ကြောင့် SAM စနစ်ကို ရှင်သန်နိုင်စွမ်းအမြင့်ဆုံးဖြစ်စေပြီး ပြုပြင်ထိန်းသိမ်းမှုနဲ့ စစ်ဆင်ရေးအသုံးပြုမှုတို့ကို သက်သာ စေပါတယ်။ ပြပွဲမှာတော့ Shtil-1 SAM စနစ်ကို ပုံစံငယ်နဲ့သာ သရုပ်ပြသခဲ့တာပါ။

ARMY 2022 ဖိုရမ်အတွင်း ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီနဲ့ Marine Instrum-entation ကော်ပိုရေးရှင်းတို့ကြား ၂၀၂၂-၂၀၂၇ ခုနှစ်အတွင်း ပြင်ပဈေးကွက်မှာ ရေတပ်သုံးလက်နက် ပစ္စည်းတွေကို ကြော်ငြာဖို့ ပူးတွဲဆောင်ရွက်ရေး အစီအစဉ်တစ်ခုကို လက်မှတ်ထိုးလိုက်နိုင်ပါတယ်။

“ကမ္ဘာ့လက်နက်ဈေးကွက်မှာ ရေပန်းစားနေတဲ့ အနေအထားနောက်ကိုလိုက်တဲ့အနေနဲ့ မိမိတို့ကြားမှာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာအစီအစဉ်ကို အလေးအနက်ထား လုပ်ဆောင်ခဲ့ပါတယ်။ သဘောတူထားတဲ့အစီအစဉ်အရ Rosoboronexport အနေနဲ့ ရေတပ်စနစ်တွေမှာ ရုရှားနိုင်ငံသုံး စစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်တင်အသုံးပြုဖို့နဲ့ နိုင်ငံရဲ့သင်္ဘောကျင်းတွေမှာ တည်ဆောက်မှုတွေလုပ်ဖို့အတွက် ပြည်ပမိတ်ဖက်နိုင်ငံများကို ကမ်းလှမ်းသွားမှာပါ။ ဒါ့အပြင် မိမိတို့အနေနဲ့ နောက်ဆုံးပေါ် ရုရှားစစ်လက်နက်ပစ္စည်းတွေအပေါ် မူတည်ပြီး ရေတပ်သုံး စစ်လက်နက်ပစ္စည်းတွေကို ပူးတွဲဖန်တီးထုတ်လုပ်မှု ပုံစံအမျိုးမျိုးကိုလည်း တိုးမြှင့်သွားမှာဖြစ်ပါတယ်” လို့ Roso-boronexport မှ ညွှန်ကြားရေးမှူးချုပ် အလက်ဇန်းဒါးမီခိက ပြောပါတယ်။

လက်မှတ်ထိုးထားတဲ့အစီအစဉ်က Bal-E နဲ့ Rubezh-ME ကမ်းရိုးတန်းကာကွယ်ရေးဒုံးကျည် စနစ်တွေ၊ အမျိုးမျိုးသော ကမ်းရိုးတန်းရေပြင်နဲ့ ဝေဟင်ကင်းထောက်ရေဒါများ၊ တိုက်ပွဲစီမံခန့်ခွဲမှုစနစ်များ၊ ထိန်းချုပ်ရေးနဲ့ အချက်အလက်ဖလှယ်ရေး စနစ်များ၊ သင်္ဘောတင်ရေဒါများ၊ ဆိုနာနဲ့မီးသတ်ပစ္စည်းများအပြင် သင်္ဘောများနဲ့ ရေငုပ်သင်္ဘော စစ်သည်သင်တန်းဆရာများကို နိုင်ငံတကာဈေးကွက်မှာ ပိုမိုအသုံးပြုရေး တိုးမြှင့်လုပ်ဆောင်သွားဖို့ကို ရည်ရွယ်ထားတာဖြစ်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေး

ရုရှားကာကွယ်ရေးပစ္စည်းပြပွဲမှာ လေကြောင်းရန်ကာကွယ်ရေး စနစ်အမျိုးမျိုးကိုလည်း ခင်းကျင်းပြသခဲ့ပါသေးတယ်။ ဒီလိုခင်းကျင်းပြသမှုကြောင့် အထူးသဖြင့် ရုရှားဟာ ဒီအပိုင်းမှာများစွာသော အတွေ့အကြုံများနဲ့ စွမ်းရည်များ ရှိတယ်ဆိုတာကို သိသာထင်ရှားစွာ တွေ့မြင်ရပါတယ်။

ARMY 2022 မှာ Almaz-Antey က Viking ရွေ့လျား SAM စနစ်မှ မော်ဂျူလာပုံစံ ပစ်မှတ်ရှာရေဒါ စနစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီစနစ်ကို 9S38E မော်ဂျူလာပစ်မှတ်ရှာရေဒါ၊ 9A317ME TELAR၊ 9A316ME နဲ့ 9A383E TEL တို့မှာ မြင်တွေ့နိုင်ပါ တယ်။ Viking စနစ်က လက်ရှိထုတ်လုပ် အသုံးပြုနေပြီဖြစ်တဲ့အပြင် ထွက်ပေါ်လာဖို့ တာဆူနေတဲ့ ကိုယ်ပျောက်နည်းပညာ အသုံးပြု တည်ဆောက်ထားတဲ့ လေယာဉ်များ အပါအဝင် နည်းဗျူဟာ မြောက်နဲ့မဟာဗျူဟာမြောက်လေယာဉ်များ၊ အနိမ့်ပျံဒုံးကျည်များ၊ ရဟတ်ယာဉ်များ၊ ကင်းထောက်နှင့် တိုက်ခိုက်ရေးပစ္စည်းအမျိုးမျိုး၊ မောင်းသူမဲ့ လေယာဉ်များ၊ မြေပြင်နဲ့ ရေပြင်ပစ်မှတ်များကို တိုက်ခိုက် ချေမှုန်းနိုင်စွမ်းရှိပါတယ်လို့ ကော်ပိုရေးရှင်းက ပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ Viking က လှိုင်းနှုန်းဖိဖျက်မှုအားကြီးတဲ့ ပတ်ဝန်းကျင်နဲ့တုံ့ပြန် ပစ်ခတ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာပါ ကောင်းစွာ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့အမြင့်ဆုံးစစ်ဆင် နိုင်မှုအကွာအဝေး ကတော့ ၆၅ ကီလိုမီတာပါ။

Sosna အလိုအလျောက်ပစ်တာတို SAM စနစ်ရဲ့ ပုံသေတိုက်ခိုက်ရေးအခန်းကိုလည်း ဖိုရမ်မှာ သရုပ်ပြသခဲ့ပါသေးတယ်။ အနိမ့်ပျံဒုံးကျည်များနဲ့ ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်များ အပါအဝင် လေကြောင်းမှ ခြိမ်းခြောက်မှုအားလုံးနီးပါးကို တုံ့ပြန်နိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ ဒီစနစ်က Sosna-R မြန်နှုန်းမြင့်တိကျဒုံးကျည် ၁၂ စင်းကို အသုံးပြုထားပါတယ်။ ဒီဒုံးကျည်များက အလေးချိန် ပေါ့ပါးတဲ့အတွက် SAM စနစ်မှ သယ်ယူပို့ဆောင် ရေး/ကျည်ထိုးယာဉ်လိုအပ်မှုကို ဖယ်ရှားနိုင်ပါတယ်။ Sosna ကို အမျိုးမျိုးသော ယာဉ်ကိုယ်ထည် များပေါ်မှာ တပ်ဆင်နိုင်ပြီး မော်ဂျူလာပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

တာဝေးလေကြောင်းရန် ကာကွယ်ရေးစနစ် ကဏ္ဍမှာဆိုရင် Almaz-Antey က နောက်ဆုံးပေါ် Antey-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် စနစ် (ADMS) ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ လေကို ခွဲပြီးပျံသန်းလာတဲ့ဝေဟင်ပစ်မှတ်ကို ကီလိုမီတာ ၃၈၀ အကွာကနေ ပစ်ချနိုင်စွမ်းရှိပါတယ်။

High Precision Systems က နာမည်ကျော် Pantsir-S1 SPAAGM စနစ်အပြင် အသစ်ဖြစ်တဲ့ Verba MANPADS စနစ်ကိုလည်း ဧည့်ပရိသတ်များကို ပြသခဲ့ပါသေးတယ်။ အဲဒီစနစ်က ခေတ်မီလှိုင်းနှုန်း ဖိဖျက်မှုပုံစံများကို ခံနိုင်ရည်ရှိပြီး၊ ပစ်လွှတ်ပြီး နောက်ပြန် လှည့်ကြည့်စရာမလိုတဲ့ လုပ်ငန်းအခြေခံသဘောတရားကိုလည်း အသုံးပြုထားပါတယ်။ ဒါ့အပြင် အပူထုတ်လွှတ်မှုနည်းပါးတဲ့ပစ်မှတ်များကိုလည်း ကောင်းစွာချေမှုန်းနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ စစ်ဆင်နိုင်မှုအကွာအဝေးကတော့ ၆ ကီလိုမီတာပါ။

မောင်းသူမဲ့လေယာဉ်များကို တုံ့ပြန်ပစ်ချနိုင်ရေးအတွက် ဒီဇိုင်းရေးဆွဲထားတဲ့ အထူးအီလက်ထရွန် နစ်စစ်ဆင်ရေးစနစ်များ ကဏ္ဍမှာလည်း လက်နက်အသစ်များကို ထုတ်ဖော်ပြသခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်အတွက် အသစ်အဆန်းဖြစ်တာကတော့ RB-504A-E စနစ်ဖြစ်ပြီး Rosoboronexport က ထုတ်ပြခဲ့တာပါ။ သူက တာတိုနဲ့ တာလတ်သွား မောင်းသူမဲ့လေယာဉ်များကို အသက်မဲ့စေနိုင်စွမ်း ရှိပါတယ်။

အသေးစားမောင်းသူမဲ့လေယာဉ်များကို တုံ့ပြန်နိုင်ရေးအတွက် ဖန်တီးထားတဲ့ Repellent-Patrol ရွေ့လျားအီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်က အဲဒီမောင်းသူမဲ့လေယာဉ်တွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးကို ဖိဖျက်နိုင်ကာ မောင်းသူမဲ့ လေယာဉ်အုပ်လိုက် ပျံသန်းမှုများကို ကောင်းစွာဟန့်တားနိုင်စွမ်းရှိပါတယ်။ မောင်းသူမဲ့လေယာဉ် ဆက်သွယ်ရေးလမ်းကြောင်း ထောက်လှမ်းသိရှိမှု ပမာဏကတော့ ၂၅ ကီလိုမီတာ ဖြစ်ပါတယ်။ Repellent Patrol က မောင်းသူမဲ့လေယာဉ်များကို ထောက်လှမ်းသိရှိ တုံ့ပြန်နိုင်စွမ်းများကို တိုးမြှင့်ထားပြီး ရွေ့လျားပုံစံနဲ့သော် လည်းကောင်း၊ အထိုင်ပုံစံနဲ့ သော်လည်းကောင်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။ အခုပြပွဲမှာပြသခဲ့တာကတော့ ယာဉ်တင်ပုံစံပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံရေးကစားပွဲမှာ အနောက်အုပ်စုရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရတယ်လို့ အနောက်အုပ်စုမီဒီယာများက ရေးသားဖော်ပြမှုတွေ လုပ်နေပေမယ့်လည်း ယခုကျင်းပနိုင်ခဲ့တဲ့ ARMY 2022 ဖိုရမ်က ရုရှားနိုင်ငံရဲ့ အင်အားအစစ်အမှန် တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ပြသခွင့်ရလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ထုတ်ဖော်ပြသလိုက်သမျှသော စစ်လက်နက်ပစ္စည်း အများစုကလည်း အသစ်အဆန်းကြီးများသာ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံဟာ ဘယ်သူတွေက ဘာတွေပဲ ပြောနေပါစေ၊ သူလုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်ဆောင်ပြီး ထိပ်တန်းနေရာကို တက်လှမ်းလာနိုင်ခဲ့တယ်ဆိုတာ ARMY 2022 က သက်သေပြနေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။